Uncategorized

Witt Hmoe (Former Staff) – Articles

တကယ်လုပ်မဲ့ဥပဒေလား၊ နောက်ကြောင်းပြန်လိုသူများရဲစနက်လား (မျိုးစောင့်ဥပဒေကဲ့သို့လား)
ဝတ်မှုန် (၀န်ထမ်းဟောင်းတစ်ဦး)
သြဂုတ် ၅၊ ၂၀၁၃


မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံခြားရင်းနှီးမှုတွေ၊ ပြည်တွင်းရင်းနှီးမှုတွေ အလွန်များပြားလာတဲ့အချိန်မှာ မဖွံ့ဖြိုးတဲ့နိုင်ငံများထုံးစံအတိုင်း ခြစားမှုတွေ၊ လက်ဝါးကြီးအုပ်အရင်းရှင်၊ ငွေရှင်များက နည်းမျိုးစုံနဲ့ အမြတ်ရအောင် (တနည်းအားဖြင့်၊ ၀ိသမစီးပွားရေးများ) အပြင်းအထန် လုပ်ကိုင်ကြပါတယ်။ အမေရိကန်၊ဂျပန်နဲ့ဥရောပနိုင်ငံများနဲ့ စင်ကာပူနိုင်ငံမှာ ရင်းနှီးမြှတ်နှံသူတွေအတွက် သယံဇာတ ထုတ်လုပ်ရောင်းချသော ကုန်ထုတ်လုပ်မှုများဖြစ်ပါသည်။ နောက်ပိုင်းတွင် ကုန်ထုတ်လုပ်ငန်းများအနက် လယ်ယာ၊စားသောက်ကုန် စက်ရုံများစွာ ပေါ်လာပါမည်။ ထိုစက်ရုံများအတွက် လျှပ်စစ်၊လောင်စာဆီ လုပ်ငန်းများ၊ ယန္တရား၊ယာဉ်များနှင့် စက်ပစ္စည်းမျိုးစုံ ပြည်ပမှရောက်ရှိလာမည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် အမေရိကန်နိုင်ငံမှ ရောင်းမစွန်စက်ပစ္စည်းများကို ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ် စသည်တို့၏ ချေးငွေဖြင့် (ချေးငွေယူလျှင်၊ ထိုစက်မယူမနေရ) နှောင်ကြိုးချေးငွေများကြောင့် ခေတ်မှီသော်လည်း၊ ဈေးကြီး၊ စီးပွားတွက်ချေမကိုက်သည့် စက်ရုံများစွာ ဗီယက်နမ်သို့ စုပုံသွားခဲ့ခြင်း (Dump into Vietnam) ဖြစ်ရပ်ကို ဗီယက်နမ်လူမျိုးများ မကျေနပ်နိုင်ပါ။ သို့သော် အစိုးရကိုယ်တိုင်က စီးပွားရေးလုပ်ရာတွင် နိုင်ငံခြားအတွေ့အကြုံမရှိသူများ ဆုံးဖြတ်၊ စာချုပ်လက်မှတ်ထိုးနေသရွေ့ ထိုကဲ့သို့ တိုင်းပြည်ငွေကို သုံးဖြုန်းပစ်ခြင်းများစွာ ရှိနေဦးမည်ဖြစ်သည်။ 
ယခု မြန်မာပြည် တိုင်းပြည်ပြန်လည်တည်ဆောက်ရာတွင် အင်ဂျင်နီယာများသည် နံပါတ်(၁) အဖြစ် မှန်ကန်သောရင်းနှီးမြှတ်နှံမှု စက်ပစ္စည်းများဖြစ်ရန် ပစ္စည်းရွေးချယ်ရမည်။ တပ်ဆင်၊ဆောက်လုပ်ရမည်၊ ကုန်ထုတ်လုပ်ရမည်၊ စက်များကို ပြုပြင်ထိန်းသိမ်းရပေမည်။ ထို့ကြောင့် မြန်မာပြည်တွင်းသို့ အစုတ်ပလုပ်တုတ် စက်များ ရောက်မလာစေရန် ကာကွယ်သင့်သလို၊ ဘယ်သူမှမသုံးတတ်သော နောက်ဆုံးပေါ်စက်များ (ဥပမာ.. ဧရာမ၊နေရောင်ခြည်ဓါတ်အားစက်ရုံမျိုး) ၀င်မလာရန်လည်း လိုပါသည်။ အစုတ်ပလုပ်တုတ် စက်ရုံများဖြင့် ကုန်ထုတ်လုပ်ပါက အစုတ်ပလုပ်တုတ် ကုန်ပစ္စည်းများသာ ရမည်ဖြစ်သည်။ အကောင်းစား၊နောက်ဆုံးပေါ်စက်များကို သုံးပါက ပျက်လျှင်ပြင်စရိတ်ကြီးလှသည့်အပြင်၊ စက်ထုတ်လုပ်သူက အသစ်ပြန်လဲပါ..ဆိုပါက ပက်လက်လန်လဲကျရန်သာရှိပါသည်။ ကျပ်၅သောင်းတန် Nokia ဖုန်းဝယ်သုံမလား၊ ကျပ်သိန်း၂၀တန် Sumsung 4G နောက်ဆုံးပေါ်ဝယ်သုံးမည်လား..၊ မိမိဘတ်ဂျတ်၊ အသိပညာနှင့်ယှဉ်ပြီး ဆုံးဖြတ်ရပါမည်။ 
ယခု အင်ဂျင်နီယာ ဥပဒေပေါ်လာသောကြောင့် ၀မ်းသာမှုနှင့်ဝမ်းနည်းမှု ခံစားချက်၂ခု ဖြစ်လာပါသည်။ 
ဝမ်းသာမှု
ယခင်က အင်ဂျင်နီယာဘွဲ့မရပဲ၊ လူပိန်းများက ကန်ထရိုက်များလုပ်ကြသည်။ စက်ပစ္စည်းများထုတ်ကြသည်။ စက်ရုံမှုများလုပ်ကြသည်။ ကျွန်တော် မြန်မာပြည်တွင်ဝန်ထမ်းဖြစ်စဉ်က စက်ရုံမှုး ၁၀၀ ရှိလျှင်၊ ရန်ကုန်စက်မှုတက္ကသိုလ်မှ ဘွဲ့ရ၊ နိုင်ငံခြားပြန်၊ လုပ်သက်၂၀နှစ်အထက် စက်ရုံမှုး တယောက်တလေသာ တွေ့ရပါသည်။ ဘုမသိ၊ဘမသိ လူများပဲ စက်ရုံမှုး၊ ဒု-စက်ရုံမှုးအလုပ်များကို လုပ်နေကြပါသည်။ ယခုလည်း ထိုအတိုင်းနီးပါးရှိနေသည်။ ထိုအားနည်းချက်ကို တကယ်ပဲပြုပြင်တော့မှာလား…ဟု စဉ်းစားက ၀မ်းသာမိပါသည်။ 
ဝမ်းနည်းမှု
ယခု မြန်မာပြည်ပြုပြင်ပြောင်းလဲမှုတွင် နိုင်ငံခြားကုမဏီများစွာ ငွေအလုံးအရင်းနှင့် ၀င်လာပါသည်။ အဆင့်မြင့်နည်းပညာများ လုံးဝ၊ လုံးဝ ဝင်မလာပါ။ မြန်မာပြည်တွင် အဆင့်မြင့်နည်းပညာများ ဥပမာ၊ အင်စီ (Integrated Circuit  IC) ထုတ်နိုင်သည့် စက်ရုံမလုပ်နိုင်ပါ။ ထိုင်း၊မလေးရှား၊စင်ကာပူ၊အင်ဒိုနီးရှာ နိုင်ငံများတွင် အဆင့်နိုမ့် IC များကို ထုတ်နိုင်ပါသည်။ သူတို့တွင် 4M Men, Material, Method, Money ..၄မျိုး အခြေခံ Infra Structure အစိုးရက လုပ်ပေးထားပြီဖြစ်သည်။ အဆင့်မြင့် နည်းပညာစက်ရုံများ ရင်းနှီးမှုမလုပ်သေးသော်လည်း ဒေါ်လာ ဘီလျှံနှင့်ချီသော အဆင့်နိုမ့်ရင်းနှီးမြှတ်နှံမှုများ လာနေကြပါသည်။ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးယာဉ်၊သင်္ဘောများ၊ သယံဇာတလုပ်ငန်းအတွက် စက်ပစ္စည်းများ၊ လယ်ယာ၊သစ်၊သာငါး ထွက်ကုန်များအတွက် အစိမ်းလိုက်နိုင်ငံခြားမရောင်းချပဲ ကုန်ချောထုတ်မည့် စားသောက်ကုန်စက်ရုံများ Process Industry စသည်တို့ တရှိန်ထိုးဝင်လာတော့မည် ဖြစ်သည်။ 
ပုဂ္ဂလိက ရင်နှီးမြှတ်နှံမှု စက်ရုံများအတွက် သိပ်စိတ်ပူစရာမရှိ၊ သူတို့ပိုက်ဆံနှင့်လုပ်သောကြောင့် ဖြုန်းတီး၊ ခြစားစရာအကြောင်းမရှိပါ။ နိုင်ငံတော်အစိုးရငွေဖြင့် လုပ်ကိုင်ရာတွင် စက်မှုရင်းနှီးမြှတ်နှံသည် အလွန်ကြီးမားသော တိုင်းပြည်ဘဏ္ဍာကို သုံးရမည်။ နိုင်ငံတော်အစိုးရ ရင်းနှီးမြှတ်နှံ၊ဖက်စပ်လုပ်ငန်းတွင် လက်ဝါးကြီးအုပ်သည့် လူတန်းစားတစ်ခု ဖန်တီးလိုက်သလို၊ ခြအကြီးစား အုပ်စုတစ်ခု ဖြစ်လာပြီလားဟု ၀မ်းနည်းမိပါသည်။
စာတွေ့နှင့်လက်တွေ့
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်က အညမညအတွေးခေါ်နှင့်၊ သာယာဝပြောသောလူဘောင်သစ်သို့ ချီတက်မည့် စာရွက်ပေါ်ရေးသား ချက်များ အလွန်ကောင်း ပါသည်။ ထို့အတူ န.အ.ဖ ခေတ်တွင်လည်း ထုတ်သမျှစာအုပ်များတွင် ရေးထားသော ဒို့အရေးတာဝန်များမှာ အလွန်ကောင်းပါသည်။ သို့သော် လက်တွေ့တွင် မဖြစ်နိုင်သောကြောင့် အနှစ်၅၀အတွင်း မြန်မာပြည်သည် ချွတ်ခြုံကျသွားပြီး၊ ဦးနေ၀င်းလက်ထက်တွင် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ LDC ဖြစ်သွားသည်။ ဦးသန်းရွှေလက်ထက်တွင် ရှိသမျှထုတ်ရောင်းရာတွင် လူဦးရေ၆သန်းခန့်ကို ပြည်ပသို့ ထုတ်ရောင်းချခြင်းမှာ အလွန်ရှက်ဖွယ်ဖြစ်ခဲ့သည်။  ပြည်ပသို့ ထုတ်ရောင်းချခံထားရသော ဆင်းရဲသားများအား ပြန်ခေါ်ရန် အစီစဉ်ရှိပါသလား။ LDC မှလွတ်ရန် အစီအစဉ်ရှိပါသလား။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ပါက ပိုက်ဆံချည်းရှာနေ၍မရပါ။ 
န.အ.ဖ အစိုးရတက်လာပြီး၊ ကျွန်လူသားများ ထုတ်ရောင်းချသည့် တိုင်းပြည်အစီအစဉ်တွင် ဈေးကွက်ကောင်းပစ္စည်းများဖြစ်သော ကျွန်တော်တို့ အင်ဂျင်နီယာများ စတင်ရောင်းချခံရသည်။ ကိုယ့်ကိုယ်ကို ရောင်းစားခံရသည်ဟု မထင်ပါ။ ငါ့အစွမ်း၊ ငါ့ပညာနဲ့ နိုင်ငံခြားထွက်လုပ်ရတယ် ဟု ဘ၀င်မြင့်၊ ဒေါ်လာစားပြီး၊ စင်ကာပူကျွန်းစုလေးတွင် အောက်ဆုံးအဆင့်၊ ခြေထောက်နှင့်ထိုးပြခိုင်းခံရသော ခေတ်သစ်ကျွန်ဘဝသို့ အင်ဂျင်နီယာအလုပ်များဖြင့် စတင်ထွက်လာကြသည်။ နောက်တော့ အင်ဂျင်မနီယာသူများစွာ ထွက်လာကြရာ၊ ထိုင်းနှင့်မလေးရှားတွင် သူတို့နိုင်ငံသားများမလုပ်သည့် 3D .. Dangerous, Dirty, နောက် D တစ်လုံး အလုပ်မျိုး သန်းပေါင်းများစွာ ပျော်ပျော်ကြီးလာလုပ်ကြသည်။ ပိုက်ဆံရသောကြောင့် မလေး၊ ထိုင်းရဲများ ကြွက်၊ ရွှေဂေါင်းပြောင်များကို ပေးကမ်း၊ပုန်းရှောင် လုပ်ကိုင်ကြရသည်။ (ယခု ပြည်တွင်းရှိ စစ်သားများကိုပေးစရာမလိုတော့ပဲ၊ ရဲအရှာရှိများကို ပေးကမ်းနေရပြီဟု ဆိုသည်)။ ကျွန်တော်ပြည်ပနိုင်ငံတွင် ၂၀နှစ်ရှာဖွေရသော ငွေကြေး လခစားအလုပ်ပင်လျှင် ဒေါ်လာသန်းနှင့်ချီပြီးရခဲ့သည်။ စနစ်တကျ မသုံးစွဲ၊ မရင်းနှီးနိုင်သောကြောင့် အနှစ်၂၀ကျော် ကြာသော်လည်း ကျွန်ုပ် နှစ်၂၀ကျော် ပြည်ပတွင်ရှာဖွေရရှိသော ဒေါ်လာတစ်သန်းကျော်ငွေမှာ စားသောက်၊ သုံးပစ်လိုက်သည့်ထဲ ပါသွားသည်။ လူမွှေးပြောင်သင့်သလောက်မပြောင်ပါ။ 
အင်ဂျင်နီယာများ ဥပဒေထွက်လာခြင်းအတွက် … ဥပဒေကို ဖတ်ကြည့်ရာ မဆိုးလှပါ။ လူ၆၀ဖြင့် ဖွဲ့စည်းမည် ဟုဆိုသည်။ မည်သူများ ပါမည်နည်း ဆိုသည်မှာ အရေးကြီးဆုံးအချက်ဖြစ်သည်။ 
တတ်ကြွမ်းသူများကို မြေတောင်မြှောက်ရန်၊ လူငယ်သွေးသစ်နှင့်အစိုးရအလုပ်မလုပ်တော့သည့် နှစ်ပေါင်းများစွာ အင်ဂျင်နီယာအလုပ်၊ဦးခေါင်းဆံမြေ့ထမ်းရွက်ခဲ့သော အင်ဂျင်နီယာအိုကြီးများ ယခုဥပဒေအရ၊ အင်ဂျင်နီယာ ဆိုတဲ့လက်မှတ်ရဖို့ လျှောက်လွှာတင်ရဦးမည့်ပုံ ဖြစ်နေပါသည်။ တပ်ကြပ်ကနေ၊ ဗိုလ်ကြီး၊ ဗိုလ်မှုးတွေအထိ လျှောက်ရဦးမည် ဖြစ်သောကြောင့် နိုင်ငံခြားတွင် အနှစ်၂၀၊ ၃၀ ဦးခေါင်းဆံမြေ့ ထမ်းရွက်သူများအတွက ပြည်ပတွင် ပရိုဖက်ရှင်နယ်ဖြစ်သော်လည်း၊ ဥပဒေအရ မြန်မာပြည်တွင် ပရိုဖက်ရှင်နယ် မဖြစ်နိုင်တော့သကဲ့သို့ ဖြစ်နေပါသည်။ ပြည်ပရောက် တတ်သိပညာရှင်များ ပြန်လာကြပါ ..အပြောသာရှိသော သင်္ကြန်အမြှောက်ကဲ့သို့ ဖြစ်နေသလား..ဟု စဉ်းစားနေမိသည်။
နိဂုံး
.န.အ.ထ လက်ထက်က ဥပဒေများ ဒလဟောထုတ်ပြီး၊ ဘယ်သူမှမလိုက်နာနိုင်၊ လူတိုင်း ဖမ်းပြီးထောင်ထဲ ဆွဲစိနိုင်သော ဥပဒေမျာ (ဥပမာ၊ ဧည့်စာရင်းဥပဒေ၊ ခရီးထွားထောက်ခံစာ၊ အကျင့်စာရိတ္တမကောင်းသူထံမှ သွားယူရသော အကျင့်စရိတ္တကောင်းကြောင်းထောက်ခံစား…) စသည်တို့ ပေါ်ပေါက်လာခဲ့သည်။ ထိုဥပဒေများ အသုံးချပြီး အုပ်ချုပ်သူက အာဏာဖြင့်အုပ်ချုပ်သည်။ ပြည်သူပြည်သားများကလည်း ထိုဥပဒေအတိုင်း ပေးကမ်း၊ ထောက်ခံစာယူပြီး ခေါက်ရိုးကျိုးနေသည်။ ယခု အစိုးရသစ်ခေတ်တွင် ဥပဒေများထုတ်ကာ စနစ်သစ်ဖြင့် လူသစ်များက အုပ်ချုပ်ပါသည်။ ခြစားမှုများမှာ ရှိနေရမည်ဖြစ်သည်။ တရုပ်ပြည်ကဲ့သို့ သုတ်သင်၊ ပိုင်ဆိုင်မှုသိမ်း မလုပ်နိုင်သေးပါ။ အနောက်နိုင်ငံများကဲ့သို့ အစိုးရပြင်ပ အဖွဲ့အစည်းများ စွမ်းအားမထက်မြက်သောကြောင့် Political Corruption (ဥပဒေ-ဘောင်ဝင်အောင်လုပ်စားမှု) ရှိနေဦးမည်ဖြစ်သည်။ 
အရေးကြီးဆုံးမှာ ပါဝင်သောလူများ၏ နောက်ကြောင်းရာဇ၀င်ဖြစ်သည်။ ကြက်မှာအရိုး ..ဆိုသော  မြန်မာစကားပုံရှိသည်။ အင်ဂျင်နီယာဥပဒေမှာ ပြည်သူအတွက်လား၊ လက်ဝါးကြီးအုပ်ငွေရှင်များအတွက်လား..? ယခုခေတ်တွင် ပညာတတ်၊ သူဌေးများက လက်ဝါးကြီးအုပ်ငွေရှင်များဖြစ်နေသည်။ အစိုးရအရာရှိကြီး တ၀က်ကျော် ဖိုးပါကြီးများ ဖြစ်နေသည်။ အလုပ်ကြိုးစားသူ အစိုးရအရာရှိကြီးများမှာ အင်ဂျင်နီယာဥပဒေရေးဆွဲရသည်။ အကောင်ထည်ဖေါ်သည့် ငွေကြေးရွှင်သည့်အဖွဲ့တွင် (UMFCCI, MIA, FDI, ရင်းနှီးမြှတ်နှံကော်မတီ .. etc.) ထိုဖိုးပါကြီးများသာ အုပ်ချုပ်မှုလွယ်ကူအောင် ခန့်ထားရသည်။  ကာ/လုံ အဖွဲ့တွင်လည်း ၁၁ယောက်မှ ၉ယောက်က ဒီ စစ်ဗိုလ်အမျိုးနွယ်ပဲ၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့မှာလဲ ၁၁ယောက်မှာ ၉ယောက်က ဒီစစ်ဗိုလ်အမျိုးနွယ်ပဲ .. ဟု ပြောကြသည်။ ယခု အင်ဂျင်နီယာအဖွဲ့တွင် ဘယ်သူများလာမည်နည်း ဆိုသည်မှာ အလွန်အရေးကြီးလှသည်။ မြန်မာပြည်တွင် အသင်းအဖွဲ့များ မလုပ်ရဲကြသေးပါ။ လုပ်လျှင်လဲ စီးပွားရေးတွက်ခြေကိုက်သော လုပ်ငန်းများ ဥပမာ၊ မြန်မာအင်ဂျင်နီယာအသင်း၊ ကွန်ပြူတာအသင်း စသည်တို့တွင် ဖိုးပါကြီးများသာ အုပ်ချုပ်နေကြသည်။ ခရိုနီများ၊ မိုနိုပိုလီများကို မယှဉ်နိုင်ကြပါ။
4M .. စနစ်အရဆိုလျှင် နံပါတ်တစ် အရေးကြီးဆုံးမှာ လူ (Men) ဖြစ်သည်။ ငွေသည် နံပါတ်၎အဆင့်တွင်သာ ရှိသည်။ ငွေကိုဦးစားပေး စီးပွားလုပ်သူသည် ကျဆုံးစမြဲဖြစ်သော်လည်း လက်ရှိမြန်မာပြည်တွင် အာဏာပြီးလျှင် ငွေသည် ဒုတိယဖြစ်နေသည်။ အရည်ချင်းရှိသူများ ချောင်ထိုးခံဆဲပင်ဖြစ်သည်။ ယခု အင်ဂျင်နီယာဥပဒေအတွက် လူ၆၀တွင် အရေးပါသည့်လူမှာ ၁၀ဦးမရှိပါ။  ထို ၁၀ဦးခန့်သည် မည်သူများနည်း?  ဖိုးပါကြီး၊ ခရိုနီ၊ မိုနိုပိုလီများကို ဖယ်ထုတ်ကာ၊ လူငယ်တတ်သိပညာရှင်၊ စီးပွား Entrepreneurs များအတွက် လမ်းဖွင့်ပေးသော ဥပဒေဖြစ်ပါစေ ဟု မျှော်လင့်ပါကြောင်း။   
Ref: (download link)

Myanmar Engineering Bill , Aug 2013  (1MB)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts