ရဲရင့်သက်ဇွဲ

Ye Yint Thet Zwe – Poem

ကျိန်စာတွေနဲ့  ငွေရတုတဲ့လား
ရဲရင့်သက်ဇွဲ
သြဂုတ် ၅၊၂၀၁၃


မှတ်မှတ်ရရ 
အဲဒီညက 
ကြယ်တွေကြွေလိုက်တာ 
ကမ္ဘာပျက် မပျက်တော့ မသိဘူး 
ဗမာပြည်ပျက်သွားတာတော့ အသေအချာပဲ ၊ 
မျက်စိတမှိတ် လျှပ်တပျက်မှာ 
နှစ်ဆယ့်ငါးနှစ်တဲ့ 
ယုံနိုင်စရာတောင်မရှိဘူး 
အသက်ပေးသွားသူ စစ်စစ်တွေရဲ့  ရှေ့ မှောက်မှာ 
သူရဲကောင်းယောင်ဆောင်သူတွေရဲ့  
အကြိမ်ကြိမ်အခါခါ သေခြင်းပြဇာတ်ဟာ 
ကိုယ်ကျိုးစီးပွားတွေနဲ့  လျှမ်းလျှမ်းတောက်လို့  ၊ 
ဘယ်သူက ဘယ်သူ့ ကို 
အပြစ်တင်မှာတဲ့လဲ 
ငါ့စကားနွားရ နှစ်ကာလများက 
ပေတရာပေါ်မှ သွေးစီးချောင်းများနဲ့  
သစ္စာဆို တိုင်တည်မှုများကို 
ဥပက္ခာပြုထားခဲ့မှတော့ 
သစ္စာဖောက်တတ်သူများဟာ 
ခြေနှစ်ချောင်းထောင်အိပ်တတ်တဲ့ 
တစ်တီးတူးများနဲ့ ထပ်တူထပ်မျှသာပ ၊ 
ည ည မြေကြီးကို ထ ထ စမ်းတတ်တဲ့ 
မျောက်များနဲ့  ထပ်တူထပ်မျှသာပ ၊ 
သွားလေသူရဲဘော်အပေါင်းတို့ ရဲ့  
ရာဇ၀င်တွင်ရစ်အောင် ထုဆစ်ခဲ့တဲ့ 
ရှစ်လေးလုံးဟာ သွေးစက်လက်နဲ့  
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်ကို 
အမြင့်မားဆုံးလွှင့်ထူရင်း 
နှစ်ဆယ့်ငါးနှစ်ကို ဖြတ်သန်း 
သင်တို့ ရဲ့  လားရာနဲ့  လာရာလမ်းက 
တော်လှန်ရေး ခရီးဆုံးပန်းတိုင်ကို 
မျှော်မှန်းနေတုန်းပဲဆိုတာ 
ငါတို့  ယုံတယ် ၊ 
ယုံကြည်ချက်နဲ့  သင်တို့ တင်ပေးခဲ့တဲ့ 
ငါတို့ ပုခုံးပေါ်ကတာဝန်များ 
မကျေပွန်ခဲ့လေသမျှ 
နှစ်ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်ကာလဟာ 
ငါတို့ အတွက်တော့ ကျိန်စာတွေသာဖြစ်တယ် ၊ 
ငါတို့ အတွက်တော့ ကျိန်စာတွေသာဖြစ်တယ် ၊ 
 အဲဒီ ကျိန်စာတွေကို ကျေပျက်စေဖို့  
 ငါတို့ ခေတ်မှာ စစ်အာဏာရှင်စနစ် ကျဆုံးစေရမယ် ၊ 
 ငါတို့ ခေတ်မှာ စစ်အာဏာရှင်စနစ် ပျက်သုဉ်းစေရမယ် ၊
 ငါတို့ ခေတ်မှာ ဒီမိုကရေစီနိုင်ငံတော်သစ် 
ပေါ်ထွန်းစေရမယ် ၊ 
ရှစ်လေးလုံးစိတ်ဓါတ် 
ကမ္ဘာတည်သရွေ့  အဓွန့် ရှည်စေသောဝ် ။
မှတ်ချက်။
ကိုယ်တိုင်ရေးကဗျာဖြစ်ပါသည်။
Ye yint
Kangaskontiontie 11,F42
90240 oulu,  Finland

Yeyint1@live.com

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts