Nyein Chan Aye Op-Ed

Nyein Chan Aye – Uprising and Next Generation

အရေးတော်ပုံ တခု ရဲ့ အနှစ်သာရ (သို့မဟုတ်) လက်ဆင့်ကမ်း သမိုင်းအမွေ

ငြိမ်းချမ်းအေး၊ သြဂုတ် ၈၊ ၂၀၁၃

အဝေးက ရေးရမယ့်သူ …

‘ဗမာ့အရေးကို အဝေးက ကြည့်နေသူများ’ လို့ တခုခု ရေးတိုင်း သမုတ်ခံနေကျ ဖြစ်တော့ ဒီ ရှစ်လေးလုံး နှစ်ပတ်လည် အတွက် ရေးဖို့ စဉ်းစားရတယ်။  အထူးသဖြင့် ဒီလို သမိုင်းတန်ဖိုးကြီးတဲ့ ရက်စွဲတွေ မှာ ကိုယ့် စာတပုဒ်ကြောင့် ဖတ်မိသူတချို့၊ အထူးသဖြင့် ပါဝင်လှုပ်ရှားခဲ့သူတွေ၊ အထူး အထူးသဖြင့် ကျဆုံးခဲ့သူတွေရဲ့ မိသားစုဝင်တွေ (ဖတ်မိခဲ့ရင်) စိတ်အနှောင့်အယှက် မဖြစ်စေချင်ဘူး။ 

ဒါပေမယ့် တခုခု ရေးဖို့ လှုံ့ဆော်ပေးနေသလို ဖြစ်စေတဲ့ ဆက်စပ် သတင်းတွေကလည်း ဆက်တိုက် တက်လာခဲ့တယ်။

ရှစ်လေးလုံး နှစ်ပတ်လည် အတွက် ရေးမယ်ဆိုတော့ ဘာကို ရေးမလဲ။

ဒီပဲယင်း ဆောင်းပါး ကလို နီရူဒါ ရဲ့ ‘ပန်းခြံတွင်း၌ သေဆုံးရသူများ’ ကဗျာရွတ်ပြီး ‘တရားမျှတမှု’ ကိုပဲ တောင်းဆိုမလား။  ဒီ ခံယူချက်၊ သဘောဟာ ဗမာ့သမိုင်းရဲ့ သွေးစွန်းတဲ့ ရက်စွဲတိုင်းအတွက် အတူတူပဲ ဖြစ်ပေမယ့် အခု အခါမှာ ထပ် မဆိုချင်ဘူး။  အထူးသဖြင့် ‘တရားမျှတမှု ဒုလ္လဘတရား’ ခေတ်ကြီးမှာ ထပ်မဆိုချင်ဘူး။

အဖ တိုင်းပြည်ကို သွေးဖြင့် ပေကျံစေခဲ့သူတွေကို အပြစ်မပေးနိုင်ရင်တောင် ခွင့်လွှတ်၊ ကျေအေး၊ သင်ပုန်းချေ နိုင်ဖို့ တရားဝင် ဝန်ချတောင်းပန်မှု ကိုပဲ ထပ် တောင်းဆိုမလား။  ဒီမိုကရေစီ သမား ဆိုသူတွေက အာဏာရှင် လေသံထွက်၊ စစ်အာဏာရှင်ဟောင်းတွေက ဒီမိုကရေစီ တရားဟောနေတဲ့ ကလိမ်ခြုံ တွေ အရှင်မွေး၊ နေ့ချင်းကြီးပြီး ‘ပြည်သူ့ဒီမိုကရေစီ’ က အသေမွေးခဲ့တဲ့၊ တမွန်းတည့် မက ခေတ်တိုင်း ကောင်းစားနေသူတွေ ကောင်းစားမြဲ ဖြစ်လျက် ရှိနေတဲ့ ဒီလို ခေတ်မျိုးမှာ၊ အထူးသဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး ဆိုတဲ့ စကားလုံး လှလှတွေရဲ့ အောက်မှာ ဘီလူးစည်း၊ လူ့စည်း မထားနိုင် မသူတော်တွေနဲ့ ‘အရာရာ’ ပလူးပလဲ နေပြနိုင်ခြင်းဟာ နိုင်ငံရေး ပရိယာယ် ဖြစ်နေတဲ့ ခေတ်ကြီးမှာ ‘တောင်းပန်ခြင်း အနုပညာ’ ရဲ့ ရင့်ကျက်ပြည့်ဝမှု သဘောကို ထပ် မဆိုချင်ဘူး။

စစ်ကျွန် သက်ဆိုးရှည်ဖို့၊ စစ်ဖိနပ် အောက် ပုံစံပြောင်း ဒူးထောက်ဖို့ အရေးကို လူပေါင်းများစွာရဲ့ ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ စတေးပြီး (၂၅) နှစ် စီမံကိန်း ချ ခဲ့ရတဲ့ ကြေကွဲ၊ နာကြည်း၊ ခံပြင်းဖွယ် ‘တော်လှန်ရေး လမ်းကြောင်း သွေဖီခဲ့မှုကြီး’ အကြောင်းကို ပြောမလား။  အများညီလို့ ‘ဤကို ကျွဲဖတ်’ နေကြတဲ့ ခေတ်မှာ ဒီကိစ္စ ဆိုဖို့  ‘ကျင့်ဝတ်တာဝန်’ ရှိတာ မှန်ပေမယ့် ရှစ်လေးလုံး နှစ်ပတ်လည်လို ကျဆုံးခဲ့သူ နောင်တော်၊ အမတော် တွေကို ဂုဏ်ပြု အမှတ်ရ အောက်မေ့ ရမယ့် အချိန် မှာ ဒီအကြောင်းလည်း ဇောင်းပေး မဆိုချင်ဘူး။

ဆိုတော့ ဘာကို ရေးမလဲ။

ရေးသမျှ ကို အမြင်မကြည် နိုင်၊ နားခါးတတ်ကာ ‘အဆိုးမြင်ဝါဒီ’ ဟု တံဆိပ်ကပ်ချင် သူများကတော့ “ဘာ မှ မရေးရင် အကောင်းဆုံးပါပဲ” လို့ ဆိုချင်ကြမယ် ထင်တယ်။  မတတ်နိုင်ပါ။  အော်စကာဝိုင်းလ်ဒ် ရဲ့ စကားပဲ ငှား ဆိုရပါမယ်။ 

“ပြောသည်ထက် ပိုဆိုးသည့် ကိစ္စတစ်ခုမှာ ထိုအကြောင်းကို လုံးဝမပြောဘဲ နေ နေခြင်း ဖြစ်တယ်။”

အသက်၊ သွေး၊ ချွေး၊ ဘဝ စတေးခဲ့ရသူတွေ ကို အောက်မေ့ ဂုဏ်ပြုရုံ နဲ့ မပြီးဘဲ သူတို့ စတေးခဲ့ရ ကျိုးနပ်အောင် နိုင်သလောက်တော့ အသံထွက်ရပါမယ်။

နောက်က လိုက်လာတဲ့ နီကြောင်ကြောင် မျိုးဆက် …

ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည် လို့ ဆိုလိုက်ရင် စိတ်ထဲ အမြဲ မြင်ယောင် နေတဲ့ နှစ်ပတ်လည် တခု ရှိတယ်။  အဲဒါကတော့ (၁၉) နှစ်ပြည့် ၂၀၀၇ ပွဲ ပါပဲ။  ခြောက်ထပ်ကြီး က သာသနာ့ သိပံ္ပကျောင်းတိုက်မှာ လုပ်ခဲ့တယ်။  အဲဒီအချိန်တုန်းက အပြင်မှာ ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေ ရဲ့ စကားတွေ၊ အပြောတွေ၊ အမူအရာတွေကို အခုအချိန်မှာ ပြန်မြင်ယောင်မိတယ်။  ပါဝင်လှုပ်ရှားခဲ့တဲ့ လူငယ် မျိုးဆက်သစ်တွေရဲ့ ရဲရင့် တက်ကြွမှုကိုလည်း အသိအမှတ်ပြုမိတယ်။  သာသနာ့သိပံ္ပ ကျောင်းထိုင် ဆရာတော်လည်း ပျံလွန်တော်မူခဲ့ပြီ။  ကျောင်းတိုက်လည်း အဲဒီပွဲတွေ အပြီး သိပ်မကြာဘူး စစ်အစိုးရ က ပိတ်လိုက်တယ်။  ဒါတွေက သမိုင်းတွေ ဖြစ်သွားပြီ။  မှတ်ကျောက်တင် ခံနိုင်၊ မခံနိုင် ဆိုတာမျိုးဟာ သမိုင်းဖြစ်မှ သိရတာမျိုး။

“…နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ

ဒီလိုအနေအထားမှာ

သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်

မသေမရှင် သူငယ်ချင်းတွေနဲ့

သေချင်ယောင်ဆောင်နေတဲ့ သူငယ်ချင်းတို့ ရေ

ဒို့ နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို

ဒို့ ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ…။”

(ကဗျာ ဆရာ လှသန်း (၁၉၆၃ – ၂၀၁၁) (ကြည်မောင်သန်း) ၏

‘သူငယ်ချင်း အပျင်းပြေဖတ်ဖို့’ ကဗျာ မှ)

အဲဒီ နှစ်ပတ်လည် ပွဲ အပြီး ဖြစ်ပျက်ခဲ့တဲ့ ဗမာ့ သမိုင်းဝင် ဖြစ်ရပ်တွေဟာ ‘ဆံပင်ရှည်ထား၊ ခေါင်းလောင်းဘောင်းဘီဝတ်၊ ဗီယက်နမ်စစ်ကိုဆန့်ကျင်တဲ့ မျိုးဆက်’ ကနေ ‘ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ ကြိုက်တတ်တဲ့ ဆံပင်နီကြောင်ကြောင် မျိုးဆက်’ ကို လက်ဆင့်ကမ်း အမွေပေးခဲ့မှု ဖြစ်တယ်။  ဆံပင်ရှည်ထားရင်းနဲ့ တော်လှန်ခဲ့ရတဲ့ စနစ်ဆိုး တခုဟာ ကံမကောင်း၊ အကြောင်းမလှစွာနဲ့ Hip Hop သီချင်းဆို ဆံပင် ထောင်၊ နီကြောင်ကြောင် အရောင်ဆိုးကြတဲ့ ခေတ်အထိ သက်ဆိုးရှည်ခဲ့ရတယ်။  ဒီလိုနဲ့ စကားပြောရင် သီချင်းဆိုသလို ပြောပြီး သီချင်းဆိုရင် စကားပြောသလို ဆိုတတ်တဲ့ လူကြီးဆိုသူများ မျက်စိစပါးမွှေးစူးစရာ မျိုးဆက်က ဘောင်းဘီရှည်၊ စကတ်တို၊ ဆံပင်ထောင်၊ ဆံပင်ဆိုး လူငယ်လေးတွေဟာ ကျလာတဲ့ သမိုင်းပေး တာဝန်ကို ထမ်းရင်း လမ်းပေါ်ထွက်ကာ စနစ်ဆိုးကို တော်လှန်ခဲ့ရပြန်တယ်။  ရွှေဝါရောင်တော်လှန်ရေးကြီးရဲ့ ဦးဆောင် သံဃာတွေကို ဝန်းရံ အာဏာရှင်ကို ဆန့်ကျင်ခဲ့ရပြန်တယ်။

တနည်းအားဖြင့် ၈၈ မျိုးဆက် ကနေ ၂၀၀၇ မျိုးဆက် ကို ပြောင်း ခေတ်ဝန်ကို ဆက်ထမ်း ခေတ်လမ်းကို ဆက်လျှောက်ခဲ့ကြရတယ်။

ဒီ အချက်ဟာ အခု မြင်နေရတဲ့ ဗမာ့ဒီမိုကရစီ အပြာင်းအလဲလို့ အကောင်းမြင် ဆိုနေကြရတဲ့ ပြုပြင်ပြောင်းလဲမှုတွေရဲ့ လက်ငင်းအကြောင်း (Immediate Cause) လည်းဖြစ်တယ်။

ဒီလို ၆၂၊ ၇၄၊ ၇၅၊ ၇၆၊ ၈၈၊ ၂၀၀၇ မျိုးဆက် အဆက်ဆက်ဟာ အနာဂတ်မျိုးဆက်သစ် အတွက် သမိုင်းအမွေကောင်း အဖြစ် တိုင်းပြည်မှာ ‘တရားမျှတမှု၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး’ ဒီမိုကရေစီ တရားတွေ ထွန်းကား၊ စည်ပင်၊ ရှင်သန်စေဖို့ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကြိုးစားခဲ့ကြတယ်။  အဆုံးတိုင် အောင်မြင်မှုတော့ မရခဲ့ကြဘူး။  ဒါပေမယ့် ဒီလို မျိုးဆက်ဟောင်းတွေ အဆက်ဆက် ပေးခဲ့တဲ့ သမိုင်းအသိ၊ သမိုင်းအမွေ၊ သမိုင်းမှတ်တိုင် စစ်အာဏာရှင်စနစ်ဆိုး ကို မဆုတ်မနစ် ဆန့်ကျင်မှု နဲ့ ရပ်တည်ချက် ခိုင်မာမှုဟာ ခေတ်အဆက်ဆက် က မျိုးဆက်သစ်တိုင်း အတွက် အတုယူစရာ၊ အမွေခံချင်စရာ ‘စိတ်ဓာတ်လက်ဆင့်ကမ်းမှု’ ကောင်းတခု ဖြစ်ခဲ့ရတယ်။  ဒီလို ပုခုံးပြောင်း တာဝန်ယူလိုမှု ဖြစ်ပေါ်လာခြင်းဟာ ခေတ်က တောင်းဆိုလို့၊ လိုအပ်လို့ ဆိုတာ အပြင် နောင်တော် မျိုးဆက်ဟောင်းတွေရဲ့ အတွေးအခေါ်၊ ရပ်တည်ချက်၊ စိတ်ဓာတ် ခိုင်မာမှု ကို ကြည်ညို၊ လေးစား၊ အားကျ၊ အတုယူမှု ဆိုတဲ့ အချက်ကလည်း အဓိက ကျတယ်။

‘အတွေးအခေါ်၊ ရပ်တည်ချက်၊ စိတ်ဓာတ်’ မှန်ကန်၊ ခိုင်မာမှု ရှိခြင်း ဟာ မျိုးဆက်တိုင်းအတွက် ‘အသက်’ ပဲ ဖြစ်တယ်။

ကမ္ဘာ့ နိုင်ငံ အသီးသီးက ကိုလိုနီခေတ် လွတ်လပ်ရေး လှုပ်ရှားမှုတွေ၊  အာဏာရှင် စနစ် တော်လှန်ရေးတွေကို ကြည့်ရင် ‘ခေတ်ပညာတတ် ကျောင်းသားလူငယ်များ’ ဆိုတဲ့ အခန်းကဏ္ဍ ဟာ အမြဲ အရေးပါခဲ့သလို သူတို့ဟာ အများအားဖြင့် ရပ်တည်ချက်လည်း မှန်ခဲ့တယ်။

ဗမာ့ သမိုင်းကို ပြန်ကြည့်ပါ။  ပုခုံးပြောင်း လက်ဆင့်ကမ်းလာခဲ့ကြရတဲ့ နိုင်ငံရေး မျိုးဆက်တွေထဲက ကျောင်းသား နိုင်ငံရေး အင်အားစု ရဲ့ ကျောင်းသား သမိုင်း ဟာ ဘယ်တုန်းကမှ မရိုင်းခဲ့ဖူးပါ။

ကိုလိုနီ ကျွန်ဘဝ လွတ်မြောက်ရေးခေတ် ဒိုင်အာခီ၊ ၉၁ ဌာန နဲ့ လူကြီး နိုင်ငံရေး သမား များ ငြင်းခုံ ကောင်းပြီး ငါးထောင်စားနေချိန်၊ တွဲရေးလား၊ ခွဲရေးလား နဲ့ ‘ကျွန်’ နဲ့ ‘ဒါသ’ အတူတူချည်းပဲကို အရေးလုပ် ‘ဗျာ’ များနေချိန် မှာ သူခိုးကြီး ငတက်ပြား စကားလုံး ‘လှံနဲ့ ထိုးသတ်တာလည်း မကြိုက်၊ သံလျက်နဲ့ ခုတ်သတ်တာလည်း မကြိုက်၊ သတိုးမင်းဖျား ဘေးက မိဖုရားခေါင်ကြီး စောဥမ္မာ ကိုသာ ကြိုက်သည်’ သဘော အတိုင်း ‘လုံးဝလွတ်လပ်ရေး’ လမ်းကြောင်းကို ရဲရဲဝံ့ဝံ့ နဲ့ တောင်းဆိုခဲ့တဲ့ သခင်ဘသောင်း လမ်းစဉ် ကို ယုံယုံကြည်ကြည် လိုက်ခဲ့၊ တကယ် အကောင်ထည် ဖော် ခဲ့တာဟာ သခင်နု၊ သခင်ဘဟိန်း၊ သခင်အောင်ဆန်း အစရှိတဲ့ အဲဒီခေတ် ကျောင်းသား လူငယ်မျိုးဆက် ဖြစ်တယ်။

၁၉၆၂ ဆိုရှယ်လစ် အမည်ခံ ခေတ်ပြောင်းတော်လှန်ရေးကြီး ဟု ပုံဖျက် စစ်အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်ကို လူကြီး နိုင်ငံရေး သမား ဝါရင့် များ အငိုက်မိသွားချိန်၊ တချို့ ‘ခွေးကတက်’ က လိုက်ဖို့ ပြင်ဆင်ချိန်၊ တချို့ ‘ပေါင်းစားဖို့’ ကြံစည်နေချိန်မှာ ရဲရဲဝံ့ဝံ့ စတင် ဆန့်ကျင်၊ ကန့်ကွက် ခဲ့တာကလည်း ကိုသက်၊ ကိုဗဆွေလေး အစရှိတဲ့ ဗကသ၊ တကသ ကျောင်းသားလူငယ် မျိုးဆက်ပဲ ဖြစ်တယ်။

ဒီလို ရပ်တည်ချက် မှန်ခြင်း၊ စိတ်ဓာတ် ခိုင်မာခြင်း ဆိုတာတွေ ဟာ ခေတ်အဆက်ဆက် အတွက် ပုခုံးပြောင်း လက်ဆင့်ကမ်း တာဝန်ယူ စေဖို့ ဖြစ်စေတဲ့ ‘ကောင်းမွေ’ တွေ ဖြစ်တယ်။

ဒါဟာ တော်လှန်ရေး ရည်မှန်းချက် အပြီးပြတ် မအောင်မြင် ခဲ့စေဦး စံနမူနာပြု အတုယူ အမွေခံထိုက်တဲ့ အချက် ဖြစ်တယ်။  ပြင်သစ်တော်လှန်ရေးကြီးဟာ အာဏာရှင် ဧကရာဇ် တပါးကို မွေးဖွားပေးခဲ့တာ မှန်ပေမယ့် တော်လှန်ရေးကြီးရဲ့ အခြေခံ အနှစ်သာရ ‘လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ ညီအကိုရင်းပမာ သွေးစည်းညီညွတ်မှု ရှိခြင်း / Liberté, Égalité, Fraternité / Liberty, Equality, Fraternity (brotherhood)’ ဆိုတဲ့ အတွင်း အသား သဘာ ဟာ ခေတ်အဆက် ဆက် ကမ္ဘာ့ အနှံ့အပြား က တော်လှန်ရေးတွေကို အကျိုး သက်ရောက်စေခဲ့တယ်။

ဒီ သဘောပဲ အတွင်း သဘော မှန်ကန်၊ ရပ်တည်ချက် မှန်ကန်တဲ့ ဗမာ့သမိုင်းက ခေတ်အဆက်ဆက် အရေးတော်ပုံတွေဟာလည်း နောင် အနာဂတ် မျိုးဆက်အတွက် စံ မူစရာ သမိုင်း အမွေ တွေ ဖြစ်တယ်။

နှစ်ပတ်လည်များရဲ့ အနှစ်သာရ

ဒီသဘောကို သိမြင်ခြင်းဟာ ၆၂၊ ၇၄၊ ၇၅၊ ၇၆၊ ၈၈၊ ၂၀၀၇ အစရှိတဲ့ တော်လှန်ရေး မှတ်တိုင်တွေ၊ ဗမာ့ သမိုင်း သွေးစွန်းမှုတွေ၊ စစ်အာဏာရှင်တွေရဲ့ မပြောင်းလဲတဲ့ ရက်စက်၊ ယုတ်မာ၊ ရိုင်းစိုင်း ခဲ့မှု တွေကို ပြန်လည် ဖော်ထုတ်ရင်း ကျဆုံးခဲ့သူ၊ ပါဝင်ခဲ့သူ နောင်တော်တွေကို ဂုဏ်ပြုခြင်း၊ အမှတ်တရပြုခြင်း၊ နှစ်ပတ်လည် လုပ်နေရခြင်း ရဲ့ အဓိက အနှစ်သာရလည်း ဖြစ်တယ်။  အတွင်း သဘော မပါ၊ အနှစ်သာရ ကင်းမဲ့၊ ရပ်တည်ချက် မမှန်၊ ဖောက်ပြန်၊ စိတ်ဓာတ် ပျက်ပြား မှောက်မှား ဝေဝါး သူ (သို့) သမိုင်းဖြစ်စဉ် တွေကို နှစ်ပတ်လည် လုပ်လေ့ မရှိပါ။  အမှတ်တရ မပြုကြပါ။  အကြောင်းက သမိုင်းတာဝန် ပုခုံးပြောင်း လက်ဆင့်ကမ်း အမွေခံထိုက်မှု ဆိုတဲ့ အနှစ်သာရ သဘော မရှိလို့ ဖြစ်တယ်။

သဘော နီးစပ်တဲ့ ဖက်ဆစ် ဂျပန်ခေတ်က ရတဲ အတုအယောင် လွတ်လပ်ရေးနေ့ နဲ့ ၁၉၄၈ လွတ်လပ်ရေး နေ့ ကို ပဲ ယှဉ်ကြည့်ပါ။  ဘယ်နေ့ကို သမိုင်းမှာ အမှတ်တရ ပြု နှစ်ပတ်လည် လုပ် ဂုဏ်ပြု သလဲ၊ ဘာကြောင့်လဲ ဆိုတာ ရှင်းပါတယ်။

အတုအယောင် ဆိုတာမျိုးကို အမှတ်တရ လုပ် ဂုဏ် မပြုကြသလို သမိုင်းမှာလည်း မှတ်ကျောက်တင် မခံပါ။

အလားတူပဲ အမှတ်တရလုပ်၊ ဂုဏ်ပြု သင့်တာကို နှစ်ပတ်လည် လုပ် အမှတ်တရပြုကြပြီ ဆိုရင်လည်း အတွင်း အနှစ်သဘော အတုအယောင် မဟုတ်တဲ့၊ မှတ်ကျောက်တင် ခံနိုင်တဲ့ စစ်မှန်မှု၊ ရပ်တည်ချက် မှန်ကန်မှု၊ မဖောက်ပြန်မှု၊ စိတ်ဓာတ် ခိုင်မာမှု တို့ကို နောင်လာ နောင်သား အမွေခံ ထိုက် ဖို့ ဖော်ထုတ် ခြင်းကသာ အနှစ်သာရ အဓိက အလုပ် ဖြစ်တယ်။  

ဒါ ဟာ အခု ရှစ်လေးလုံး နှစ်ပတ်လည် လုပ်ခြင်း ရဲ့ အဓိက သဘောပဲ ဖြစ်တယ်။

တဖန် မပြီးဆုံးသေးတဲ့ တော်လှန်ရေး ကို နောင်မျိုးဆက် ပုခုံးထမ်း ဆက်လက် တာဝန်ယူလိုစိတ် ဖြစ်စေဖို့ရာမှာလည်း လက်ရှိ မျိုးဆက် နဲ့ ဖြစ်စဉ်၊ ဖြစ်ရပ်တွေဟာ နောင်မှာ သမိုင်း မှတ်ကျောက်တင် ခံနိုင်ဖို့ အတွက် အတုအယောင် မဟုတ် ခိုင်မာတဲ့ စိတ်ဓာတ်၊ မှန်ကန်တဲ့ ရပ်တည်ချက် ဖြစ်ဖို့ လိုတယ်။

ခု အတုအယောင် ဒီမိုကရေစီ လမ်းကြောင်း ကို လျှောက်နေတဲ့ လွှတ်တော်နိုင်ငံရေး ဗဟိုပြု နိုင်ငံရေး ခေတ်စနစ်သစ် မှာ ကိုယ်တိုင် ပါဝင်နေတဲ့၊ သို့မဟုတ် ဘေးက ထောက်ခံ၊ ဝန်းရံနေတဲ့ ဒီမိုကရေး အင်အားစု၊ တက်ကြွလှုပ်ရှားသူ မျိုးဆက် အစုံ အုပ်စု အသီးသီး ရှိကြတယ်။

ဒီအထဲမှာ ရေရှည် ရပ်တည်ချက် မှန်ကန်တဲ့ သူ၊ အုပ်စု က အနာဂတ် သမိုင်းမှာ မှတ်ကျောက်တင် ခံနိုင်မှာ ဖြစ်တယ်။  အတိတ် သမိုင်း၊ လုပ်ရပ် နဲ့ ဘုန်းတော်ဘွဲ့တွေဟာ မျက်မှောက်ခေတ် မှာ အရာရောက်နိုင်သေးပေမယ့် တော်လှန်ရေး မအောင်မြင်ခင် လမ်းစဉ် လုပ်ရပ် မှားရင်၊ ရပ်တည်ချက် မမှန်ကန်ရင်၊ အတွေးအခေါ် စံလွဲရင်၊ အလွဲသုံးစား လုပ်ရင် နောင် အနာဂတ်မှာ မှတ်ကျောက်တင် ခံနိုင်မှာ မဟုတ်ပါ။

ခု လက်ရှိ လှုပ်ရှားနေတဲ့ အင်အားစု အသီးသီးမှာ ခေတ် အဆက်ဆက် မရိုင်းခဲ့တဲ့ သမိုင်း ရှိတဲ့ ဗကသ ကျောင်းသား လူငယ် အင်အားစု ဟာ လတ်တလော တိုင်းပြည်ရဲ့ အရေးကြီး ဖြစ်ရပ်တိုင်းအတွက်၊ အာဏာရှင် စစ်အုပ်စု ရဲ့ ဖိနှိပ်မှုတိုင်းအတွက် ရပ်တည်ခဲ့တဲ့ ဘက်တွေ၊ ထုတ်ဖော်ခဲ့တဲ့ သဘောထားတွေကို ကြည့်ရင် သမိုင်း မှတ်ကျောက်တင် ခံနိုင်ဖို့ အကောင်းဆုံး အလားအလာ ရှိတယ်။  ၂၀၀၇ မျိုးဆက် က နေ စ ခဲ့တဲ့ ဒီ မျိုးဆက် သစ် လူငယ်တွေ အတွက် ဂုဏ်ယူမိတယ်။  မျှော်လင့်တယ်။

ခေတ် အဆက်ဆက် မျိုးဆက်တွေပြောင်း၊ လူတွေ၊ ခေါင်းဆောင်တွေ ပြောင်းပြီး ပြည်သူလူထု မှာ မစားရ ဝခမန်း ‘ဆင်ဟဝှာ ခွေးမျှော် ဇာတ်ခင်း’ နေရတာ များပြီ ဖြစ်ပေမယ့် တော်လှန်ရေး အလုံးစုံ မပြီးသေးသမျှတော့ ဒီလို မျိုးဆက်သစ်ထဲက လူငယ်တွေ ရပ်တည်ချက် မှန်နေခြင်းဟာ ဂုဏ်ယူရမယ့်၊ ဝမ်းသာ ရမယ့် ကိစ္စ ဖြစ်တယ်။

လက်ရှိ ၈၈ မျိုးဆက် အပါအဝင် လူကြီး နိုင်ငံရေး သမား များ ဒီရပ်တည်ချက် မှန်ကန်ခြင်း အရေးကို အလေးအနက် သတိပြု ဆင်ခြင်၊ စဉ်းစားဖို့ လိုသလို ဖောက်လှဲဖောက်ပြန်မှု ကင်း၊ ရပ်တည်ချက်မှန်၊ စိတ်ဓာတ် ခိုင်မာနေဆဲ လူငယ်တွေ ကို ပြန်လည် အတု ယူ ဖို့ ‘Reverse Learning’ လုပ်ဖို့ လည်း လိုတယ်။  ဦးဆောင် ဝန်းရံ ကာကွယ် ပေးဖို့လည်း လိုတယ်။

ခွေးဋီကာဖွဲ့ လား ကျွန်ဇာတ်ခင်းမှာလား

လက်ရှိ နိုင်ငံရေး လမ်းကြောင်းဟာ စစ်အုပ်စု ရဲ့ ဖြားယောင်း သွေးဆောင်မှုတွေ၊ သွေးထိုးမှုတွေ၊ လာဘ်လာဘတွေ၊ လူမှုရေး အမည်ခံ မက်လုံးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ စတဲ့ ထောင်ခြောက်၊ ဆူးငြောင့်ခလုတ်တွေ အပြည့် ရှိနေတယ်။  ဒီအချိန်ဟာ ရိက္ခာ နဲ့ သိက္ခာ အပြင်းအထန် စစ်ခင်းနေရတဲ့ အနေအထားမျိုး ဖြစ်တယ်။  ကိုယ့် ဖြတ်သန်းခဲ့မှုကို ရောင်းမစားမိစေဖို့ အလေးအနက်ထား ဂရုပြုရမယ့် မာယာများလှတဲ့ ကာလကြီးတခု ဖြစ်တယ်။  ရပ်တည်ချက် ပျက်ပြားစေမယ့် ကမ်းလှမ်းမှုတွေကို ပုံစံအမျိုးမျိုးနဲ့ တည်ရှိနေတယ်။  လူတချို့လည်း ‘ပါ’ သွားနေပြီ။  လူအများလည်း ‘ယောင်’ နေကြပြီ။

“…ငွေငါးထောင် အစာဒုလ္လဘရယ်ကြောင့်

ပြည်အားတောင် မဖြုန်သပရယ်လို့

မဟာသူပုန်ထခဲ့တဲ့ အရေးတတ်တွေ

အမွေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး

(အရီးစိမ်းကြီးရယ်)

ခွေးအငတ် မပြေတပြေတွေမှာဖြင့်

ကိုက်စရာအရိုး…”

ဆိုသလို ဒိုင်အာခီ ခေတ် ကိုယ်တော်မှိုင်းကြီးက ‘ခွေးဋီကာ’ ဖွဲ့ သလို ဖွဲ့ ရမယ့် ခေတ် ဖြစ်နေပြီ။

‘ကျွန်’ နဲ့ ‘ဒါသ’ အတူတူ ဆိုတာ ကွဲကွဲပြားပြား သိမြင် တတ်ရမယ့် ကာလလည်း ဖြစ်တယ်။  စစ်အာဏာရှင်များရဲ့ ခြေစုံ အနင်းခံရတဲ့ ဘဝကနေ အခု တဘက်တည်းပဲ နင်းခံရတာ ကောင်းတာပေါ့၊ နှစ်ချက်ထောင်းထက် တချက် ထောင်း က သက်သာတောပေါ့ ဆိုတဲ့ တော်လှန်ရေး မီးယပ်စွဲ၊ ဈေးပေါင်ကျိုး စကားတွေ၊ အတွေးအခေါ်တွေကို ဖုတ်ကြည်းသင်္ဂြိုဟ် တိုက်ဖျက်ရမယ့် အချိန်တခုလည်း ဖြစ်တယ်။

ပထမ ဆိုခဲ့တဲ့ သိက္ခာ ကိစ္စ ထိန်းနိုင်ရင်၊ ဒုတိယ ဆိုခဲ့တဲ့ နိုင်ငံရေး ရပ်တည်ချက် မှန်ခဲ့ရင် ထိန်းနိုင်သူ၊ မှန်ကန်သူဟာ နောင်မှ သမိုင်းမှတ်ကျောက်တင် ခံနိုင်မှာပဲ ဖြစ်တယ်။

ဒီလို ‘သိက္ခာ’ နဲ့ ‘လမ်းစဉ်’ မှန်ကန်အောင် ပြုခြင်း တခုတည်းကသာ ရှစ်လေးလုံး အရေးတော်ပုံကြီး အပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် ဆန့်ကျင့် တော်လှန်ရာမှာ တောတွင်း၊ ထောင်တွင်း၊ လမ်းပေါ် ကျဆုံးခဲ့တဲ့ နောင်တော်၊ အမတော် များကို ဂုဏ်ပြုရာ ရောက်မယ်။  သူတို့ ကို အလေးဂရုပြု အမှတ်တရ ရှိမှု မှန်ကန်မယ်။  သူတို့ စတေးခဲ့ရ ကျိုးနပ်မယ်။  တော်လှန်ရေး ‘အဆုံးသတ်တိုက်ပွဲ’ လည်း အောင်မြင်ဖို့ ပိုနီးစပ်မယ်။  ဆိုခဲ့သလို အနာဂတ် မျိုးဆက်သစ် အတွက်လည်း ‘အမွေကောင်း’ ကျန်ရစ်မယ်။

ဒီ ရှစ်လေးလုံး နှစ်ပတ်လည် ဆောင်းပါးကို နိဂုံးမချုပ်ခင် သတိပြု၊ ဆင်ခြင် စရာ သမိုင်း အဖြစ်အပျက် ကလေး တခု နဲ့ နှိုင်းယှဉ် ဆိုပြရင်း စစ်အုပ်စု အလိုတော်ရိ၊ စစ်အာဏာရှင် နောက်မြီးဆွဲ အုပ်စု (၄) စု အကြောင်း တင်ပြချင်တယ်။

အင်္ဂလိပ် ခေတ် ဆရာစံ ကို ဖမ်း ရုံးတင်တော့ ဆရာစံဘက်ကနေ ဒေါက်တာဘမော်၊ သခင်မြ၊ သခင်စိန် တို့က ရှေ့နေ လိုက်ပေးတယ်။  ရုံးမှာ အမှုလိုက်ပေးတဲ့ ရှေ့နေတွေက ဆရာစံ ကို အဲဒီခေတ် ထုံးစံ တရားခံ ကို နှိမ်ပြီး ‘င’ တပ် ခေါ်တဲ့ အတိုင်း ‘ငစံ’ လို့  မခေါ်ဘဲ ‘ဆရာစံ’ လို့ ခေါ်ဝေါ် တော့ မြန်မာလူမျိုး အစစ် တရားသူကြီးမင်းဘုရား က မျက်မာန်တော် ရှသတဲ့။  ဒီအကြောင်းကို ဒေါက်တာဘမော် က သခင်ဘသောင်း ကို ပြန်ပြောရင်း အခုလို မှတ်ချ ပြုဖူးတယ်။

‘ဒီမှာ သခင်ဘသောင်းရဲ့ ကျုပ်တို့ မြန်မာတွေကိုက မကောင်းတာဗျ..။’

အလားတူပဲ မျက်မှောက်ခေတ်မှာလည်း မိမိ တော်လှန်ရေး အင်အားစု၊ ဒီမိုကရေစီ အင်အားစု အတွင်းမှာပဲ အသားထဲက လောက်ထွက်မှုတွေ ဒုနဲ့ဒေး ရှိနေတယ်။

ပြည်သူလူထုရဲ့ ရန်သူ၊ ဒီမိုကရေစီ ရဲ့ ရန်သူ၊ စစ်အုပ်စု နောက်မြီးဆွဲ အလိုတော်ရိ အဖြစ် ဗမာ့ မျက်မှောက်ခေတ် နိုင်ငံရေး ဇာတ်ကွက်ကြီးအတွင်း အသုံးတော်ခံနေတဲ့ အုပ်စု အသီးသီးမှာ

၁) ‘အန္တောဇာတကျွန်’ လို စစ်အုပ်စု၊ အာဏာရှင် လက်သပ်မွေးထားတဲ့ ‘ငယ်မွေးခြံပေါက်စစ်ကျွန်’ တွေ ရှိတယ်။

၂) ‘ကရမရာနီကကျွန်’ လို သုံ့ပန်းပြုခံရလို့ အာဏာရှင် အလိုတော်ရိ ရတဲ့ သူတွေ ရှိတယ်။

၃) ‘သယံဒါယကျွန်’ လို ကိုယ်တိုင် ကိုက စစ်ကျွန်စော်နံပြီး လိုလိုလားလား စစ်ကျွန်ခံချင်နေတဲ့ ‘မေတ္တာရိစစ်ကျွန်’ တွေ ရှိတယ်။

(၄) ‘ဓနတ္တိကကျွန်’ လို လာဘ်လာဘ၊ ငွေကြေး၊ ဥစ္စာ၊ ရပိုင်ခွင့် ရလို့ ခွေးလို မိမိသခင်ကို ကာကွယ်စောင့်ရှောက် ချီးမြှောက်နေရတဲ့ သခင်အားရ ကျွန်ဒဏ်ဝ ‘ငွေဝယ်စစ်ကျွန်’ တွေ ရှိတယ်။

ဒီလို စစ်အာဏာရှင်တွေရဲ့၊ စစ်အုပ်စုရဲ့ ဒေါက်တိုင်  စစ်ကျွန်တွေထဲမှာ အဆိုးတကာ့ အဆိုးဆုံးကတော့ နံပါတ် (၃) နဲ့ (၄) စစ်ကျွန်တွေ ဖြစ်တဲ့ စစ်အုပ်စု အကျိုးကို အခမဲ့ကူလီထမ်းခြင်း လုပ်နေတဲ့ ‘မေတ္တာရိစစ်ကျွန်’ နဲ သိက္ခာ ကို ရိက္ခာ နဲ့  လဲ နေတဲ့ ‘ငွေဝယ်စစ်ကျွန်’ အုပ်စု နှစ်မျိုး ပဲ ဖြစ်တယ်။  ဆရာစံ ဖြစ်စဉ်က တရားသူကြီးဟာ ဒီ နံပါတ် (၃) နဲ့ (၄) ကျွန် အမျိုးအစားဝင် ဖြစ်တယ်။

လက်ရှိ နိုင်ငံရေး အင်အားစု များ၊ ဒီမိုကရေစီ အရေး လှုပ်ရှားသူများ ဒီ စစ်ကျွန်လေးမျိုး ထဲ၊ အထူးသဖြင့် နံပါတ် (၃)၊ (၄) အုပ်စု ထဲ ပါနေပြီလားဆိုတာကို ဒီလို ၈၈၈၈ နှစ်ပတ်လည် လို သမိုင်း တန်ဖိုးကြီးတဲ့၊ တော်လှန်ရေး အတွက် လူ အမြောက်အများ အသက်၊ ဘဝ စတေး ခဲ့ရတဲ့ အချိန်မှာ မိမိဘာသာ မိမိ ပြန်လည် ဆန်းစစ် ဝေဖန်သင့်တယ်။  ဒါမှသာ နှစ်ပတ်လည် လုပ်ရကျိုး နပ်မယ်။  ကျဆုံးသွားတဲ့ ရဲဘော်တွေကို အမှန်တကယ် ဂုဏ်ပြုရာရောက်မယ်။  ဒီမိုကရေစီ အနာဂတ် ခရီးလမ်း အတွက်လည်း ပို ကောင်းစေမယ်။  အနာဂတ်မျိုးဆက် အတွက်လည်း အတုယူ စရာ သမိုင်း မှတ်ကျောက်တင်ခံနိုင်မယ့် အလုပ်၊ လမ်းစဉ် နဲ့ မှန်ကန်တဲ့ ရပ်တည်မှု၊ ခိုင်မာတဲ့ စိတ်ဓာတ် သမိုင်းအမွေ ကျန်ရစ်မယ်။

နိဂုံးချုပ်ရရင် နှစ်တွေဟာ ရူးသလို၊ ပေါသလို နဲ့ ကုန်သွားဦးမှာ ဖြစ်တယ်။  ဒီလိုအနေအထားမှာ သေသွားတဲ့ ရဲဘော် နောင်တော်တွေ ကို သတိရတယ်။  မသေမရှင် ဖြစ်နေတဲ့ ရဲဘော် နောင်တော်တွေနဲ့ သေချင်ယောင်ဆောင်နေတဲ့ ရဲဘော်တွေကို ပြောချင်တယ်။  ဒို့ နောက်က ဆံပင် ဘာအရောင်ဖြစ်မယ်မှန်း မသိတဲ့ မျိုးဆက်သစ် အတွက် လက်ဆင့်ကမ်း သမိုင်းအမွေ အဖြစ် ခိုင်မာတဲ့ စိတ်ဓာတ် နဲ့ မှန်ကန်တဲ့ ရပ်တည်ချက် ပြုကြရအောင်ပါ။

ငြိမ်းချမ်းအေး

၀၇ ၊ သြဂုတ် ၊ ၂၀၁၃

(Photo –  ၁၉ ၈၈ စက်တင်ဘာ ၁၈ ၊ စစ်တပ်က အာဏာသိမ်းတော့ ပစ်သတ်ခြင်းခံရတဲ့ လက်နက်မဲ့ ကျောင်းသားလူငယ်များရဲ့ ဓာတ်ပုံ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts