ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

အသေဖြောင့်ခဲ့သော သားကောင်းတို့အမေ
နာရေးကူညီမှုအသင်း – ရန်ကုန်
သြဂုတ် ၈၊ ၂၀၁၃

 

ပင်ကိုယ်ဓလေ့အရ မြန်မာလူမျိုးတို့သည် မိဘကျေးဇူး၊ တစ်ပါးသူ၏ကျေးဇူးတရားတို့ကို လွန်စွာမှ သိတတ်ကြသူများဖြစ်သည်။ ထို့အတူပင် ဘိုးဘွားမိဘတို့သည် ၄င်းတို့၏ သားသမီး၊ မြေးမြစ်များအား မွေးဖွားချိန်မှစ၍ ထိုသားသမီးမြေးမြစ်တို့အလယ်တွင် ကြီးမားသောမျှော်လင့်ချက် ရည်ရွယ်ချက်များ ထားရှိခဲ့ကြသည်ကို တွေ့မြင်ရသည်။ ထိုထက်ပို၍ဆိုရသော် မိမိတို့အိုမင်းမစွမ်း အသက်အရွယ်ကြီးရင့် လာသောအခါတွင် ငါတို့၏သားသမီးများသည် ၄င်းတို့အတွက် အားကိုးအားထားပြုစရာ အရိပ်အကာ များအဖြစ် တဖန်ပြန်၍ အကျိုးပြုကြလိမ့်မည်ဟု ယုံကြည်ကြသလို ကွယ်လွန်သွားခဲ့သော် ကျန်ရစ်သူ သားသမီးတို့အလယ်တွင် ယုံကြည်ချက် မျှော်လင့်ချက်တို့ ထားခဲ့ကြသည်။ သားသမီးတို့သည်လည်း မည်မျှပင်ဆင်းရဲစေကာမူ ကုသိုလ်ကောင်းမှု ပြုလုပ်သည့်အခါတိုင်း မိဘတို့အတွက် ရည်စူးတတ် ကြသည်ကို ချစ်စရာမြန်မာ့ဓလေ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုပြယုဂ်အဖြစ် တွေ့မြင်နိုင်ကြပါသည်။ အဆိုပါ မိဘကျေးဇူးအား ကျေးဇူးဆပ်သည့်အနေဖြင့် ကွယ်လွန်သူ မိခင်ကြီးအတွက် ရည်စူးကာ လှူဒါန်းသော အလှူပွဲကလေးအား အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးနှင့် အခြားသော လူမှုကိစ္စအဝဝတို့အား ကူညီဆောင်ရွက်ပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ကျင်းပ ပြုလုပ်ခဲ့ပါတော့သည်။

၁၂.၇.၂ဝ၁၃ ရက်နေ့ နံနက်(ဝ၅းဝ၅)နာရီ အချိန်ခန့်က ကွယ်လွန်သွားခဲ့သော မိခင်ကြီး ဒေါ်ခင်ခင်ရီ(၈ဝ)နှစ် (တောင်သာမြို့နယ်၊ ကျောက်ကာကျေးရွာ)အားရည်စူး၍ ၄.၈.၂ဝ၁၃ ရက်နေ့တွင် ကျန်ရစ်သူမိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူမှုအကျိုးပြု ပရဟိတတာဝန်များ ထမ်းဆောင် နေကြသော စေတနာ ဝန်ထမ်းအသင်းသူ/သားများ၊ ဝန်ထမ်းများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းသို့ လာရောက်၍ ဆေးကုသမှုခံယူကြသော လူနာများ၊ သုခအလင်းပညာဒါနတွင် လာရောက်၍ ပညာနို့ရည်သောက်စို့နေလျှက်ရှိကြသော ကျောင်းသူ/သားများ သင်တန်းသား/သူများအားလုံး၏ နံနက်စာနှင့်နေ့လည်စာ စုစုပေါင်းလူ(၅ဝဝ)ဦးစာအတွက် (ခြောက်သိန်းခြောက်သောင်း)တန်ဖိုးရှိ အဟာရဒါနများကို လှူဒါန်းခဲ့သလို အသင်းသူ/သားများ၊ ဝန်ထမ်းများနှင့် ကျောင်းသား/သူများအတွက် ငွေကျပ်(၂ဝ) သိန်း(၁)သောင်း တန်ဖိုးရှိမိုးကာ အင်္ကျင်္ီအထည်(၆၅ဝ)အား လာရောက်လှူဒါန်းခဲ့သည်။ အသင်းသူ/သားတို့အား လှူဒါန်းထားသော မိုးကာအကျီင်္ိတို့ကို အသင်း/သားသူများမှ ပြန်လည်၍ ရေဘေး၊ မီးဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ်တို့ ကျရောက်သောနေရာဒေသများသို့ ပြန်လည်၍ လှူဒါန်းပေးခဲ့သည်။ (၂၈.၇.၂ဝ၁၃)ရက်နေ့တွင်လည်း ကွယ်လွန်သူ ဒေါ်ခင်ခင်ရီ၏ သားဖြစ်သူ ဦးနေအောင်+ ဒေါ်ခင်မိုးညွန့်၊ သား ကောင်းနေလှိုင်း မိသားစုမှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများအတွက် သုံးစွဲကူညီ ဆောင်ရွက်ပေးနိုင်ရန် အလှူငွေကျပ် (သိန်းတစ်ရာ)နှင့် အသင်း၏ ဝန်ထမ်းစုစုပေါင်း (တစ်ရာ့သုံးဦး)အတွက် တစ်ဦးလျှင် ချီးမြှင့်ငွေကျပ်(တစ်သောင်းနှုန်း)ဖြင့် (ဆယ်သိန်းသုံးသောင်း)အား၎င်း လှူဒါန်းခဲ့ပါတော့သည်။ ဒေါ်ခင်ခင်ရီ၏ ရုပ်အလောင်းအား နေအိမ်တွင် ထားရှိနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (Cool Box)ဖြင့်ထားရှိ ကူညီပေးခဲ့သလို (၁၄.၇.၂ဝ၁၃)ရက်နေ့တွင် နေအိမ်မှ ရေဝေးသုဿန် သို့ပို့ဆောင် မီးသင်္ဂြိုလ်ရာ တွင်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဦးကျော်သူကိုယ်တိုင် အထူးနိဗ္ဗာန်ယာဉ် မောင်းနှင်ကာပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။

 

 

ထိုကဲ့သို့ မိခင်ကြီးဒေါ်ခင်ခင်ရီ (၈ဝ)နှစ်(ကျောက်ကာကျေးရွာ၊ တောင်သာမြို့)အားရည်စူး၍ ကျန်ရစ်သူမိသားစုများမှ လှူဒါန်းခဲ့သော အလျှံပယ်အစားအသောက်ကောင်းများ၏ အဟာရဒါနသည် ၄င်း၊ အမိုးအကာအင်္ကျီများ လှူဒါန်းရသော အမိုးအကာနှင့်တူသောအရိပ်ခိုနိုင်သော အမိုးအကာတို့၏ ဒါနသည်၎င်း၊ အများပြည်သူတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးတို့တွင် အသုံးပြုရန် လှူဒါန်းခဲ့သော အလှူငွေတို့၏ ဒါနတို့သည်၎င်း၊ မိခင်ကြီး ဒေါ်ခင်ခင်ရီ မကွယ်လွန်မီ ပြုလုပ်ခဲ့သော ဘုရား၊ ရဟန်း၊ သိမ်ကျောင်းနှင့် ပစ္စည်း(၄ပါး)တို့အား စေတနာသဒ္ဒါထက်သန်စွာ လှူဒါန်းခဲ့သော ကောင်းမှုကုသိုလ်အစုစုတို့၏ ကောင်းမှုအဟုန်တို့ကြောင့် လူ့သက်တမ်းတွင် သက်တမ်းစေ့နေနိုင်ခဲ့သလို ကွယ်လွန်ပြီးချိန်တွင်လည်း သားသမီးများ၏ ကောင်းမှုတို့ကြောင့် ကောင်းမြတ်သောဘုံဘဝမှတဆင့် သာ၍မြင့်မြတ်သော ဘုံဘဝတွင် ခံစားစံစားနိုင်မည်မှာ အမှန်ဖြစ်ပါတော့သည်။ ထို့ကြောင့် မိဘကျေးဇူး အား အထူးဆပ်သည့်အနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုရေးအကျိုးပြုလုပ်ငန်းများအတွက် လိုအပ်သော  ငွေကြေးနှင့် ပစ္စည်းများ အဟာရဒါနများ လှူဒါန်းခဲ့သော ကျန်ရစ်သူ မိသားစုတို့၏ အလှူဒါနတို့အား “အသေဖြောင့်ခဲ့သော သားကောင်းတို့အမေ” ဟူ၍ ခေါင်းစဉ်တပ်ကာ မှတ်တမ်းတင် လိုက်ရပါတော့သည်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts