ရဲရင့်သက်ဇွဲ

Ye Yint Thet Zwe – Poem

ဖိုးချိုရေ ….. ငွေရတုတွေကြားက ငါတို့မှာသာ …….
ရဲရင့်သက်ဇွဲ
သြဂုတ် ၈၊ ၂၀၁၃


ဝေးကွာခြင်းရဲ့ အတွင်းက
သတိရတမ်းတခြင်းဝေဒနာ
ဘယ်အရာနဲ့ များ ကုစားရမလဲ … ဖိုးချို
တသက်တာဝေးကွာခဲ့ရတဲ့
နှစ်ကာလများဟာ
ခေတ်ပျက်အမှောင်ထု လောကဓံကြားမှာ
အခြေတည်ခဲ့ကြတာ မဟုတ်လား ဖိုးချို
မင်းက နရသိန်ထဲရောက်သည့်တိုင်
ယုံကြည်ချက်အလံကို ခိုင်ခိုင်မြဲမြဲစိုက်ထူ
ငါ့မှာလဲ သူစိမ်းတို့ မြေပေါ်မှာ
မရဏမင်းရဲ့  သိမ်ဖျင်းတဲ့အမိန့် သံကို
ဖိဆန်တော်လှန်နေတဲ့ကြားက
မသေခင်တခေါက်လောက်တော့
ပြန်ဆုံနိုင်ဦးမယ်ထင်ခဲ့မိတယ် ….. ဖိုးချို
အခုတော့…
တောခွေးတွေရဲ့  အုပ်စုဖွဲ့  အုပ်စိုးမှုကို
ရိုက်ချိုးချေဖျက်
မတရားတဲ့ အမိန့် အာဏာဟူသမျှ
တော်လှန်ခဲ့ခြင်းရဲ့ အစ
လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်တာကာလက
လှုပ်ရှားမှုတွေ သတိရနေပြန်သေးတယ် …. ဖိုးချို
၈၈၈၈အရေးတော်ပုံကြီးအတွင်း
သင်္ကန်းကျွန်းရဲစခန်းရှေ့  ပြစ်ခတ်မှုမှာ
မျက်နှာတချမ်းပွင့်သွားတဲ့ ကျောင်းသားအလောင်း
ဘတ်စကားခေါင်မိုးပေါ်က
ဂျိုင်းထောက်နဲ့ ဘုန်းတော်အိုကြီးတပါး
ကျောက်ကုန်းကိုဖြတ် ရန်ကင်းတိုက်တန်းဝင်
(မင်းအခေါ် လက်ခုတ်ကုန်း)
အဲဒီကနေ စက်မှု ၁ ၀င်းနံဘေးကနေ
ကမ္ဘာအေးဘုရားလမ်း အတိုင်းချီတက်
နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ မှာခဏရပ်ကြတော့
တဘက်က ဗားကရာချောက်ကြီးကို ငေးကြည့်ရင်း
ဖဆပလ  ဆိုရှယ်လစ် ကွန်မြူနစ်တို့ အကွဲအပြဲ
သမိုင်းကြောင်း မင်းပြန်ပြောင်းပြောပြနေတုန်း
တောင်ကုန်းလေးပေါ်ကနေ အဘိုးအဘွားများ
ပြစ်ချလိုက်တဲ့ ပိတ်အနီစလေးများ
တယုတယကောက်ယူချည်နှောင်
ကျောင်းသားအလောင်းကိုသယ်ဆောင်
ရွှေတိဂုံဘုရားခြေတော်ရင်းဆီချီတက်ခဲ့ပြီ ….
ငါတို့ ရှေ့ ကလူတအုပ်
အဲဒီအနောက်က ကျောင်းသာအလောင်းနဲ့ ငါတို့ 
ရွှေဂုံတိုင်ဘတ်စကားမှတ်တိုင်ဘေးလမ်းအတိုင်း
ဒန်အိုးစက်အလွန်မှာ ကျီးတအုပ်ပြိုဆင်းသံလို
စက်သေနပ်သံအကြားမှာ
မင်းရဲ့ လျင်မြန်တဲ့လှုပ်ရှားမှုမှာ ငါဟာ
အံ့သြမှင်သက်နေရင်းနဲ့ မင်းဆွဲခေါ်ရာ
အနီးအနားအိမ်တွေက ၀ှက်ပေးရာနေရာမှာ
ပုန်းခိုနေကြရင်း စစ်ဖိနပ်သံ အော်သံ ဟစ်သံ
ရိုက်သံ နှက်သံ ငိုသံ ရှိုက်သံ ငရဲပွက်သံတွေ
တိုးတိတ်သွားပြီးနောက် ရောက်လာတဲ့
အမှောင်ထုကြားမှာ မင်းနဲ့ ငါ ဖိနပ်မပါပဲ
အိမ်ပြန်ခဲ့ရတယ်….မဟုတ်လား  ဖိုးချို
အခုတော့ … မင်းက သံသရာလမ်းကိုထွက်ခွါ
ငါတို့ မှာသာ တမ်းတမှုမီးလျှံမှာ
အကြိမ်ကြိမ်လောင်ကျွမ်းလို့  ….
ဖိုးချိုရေ…
ခရိုနီတို့ နဲ့ ဝေး၇ာ
ညီညွတ်မှုကိုတည်ဆောက်၇င်းနဲ့ 
မညီမညွတ်ဖြစ်နေသူများနဲ့ ဝေးရာ
ပြောင်းလဲမှုတွေ ဖေါ်ဆောင်နေပါတယ်ဆိုပြီး
မပြောင်းလဲတဲ့ အာဏာမက်မောသူများနဲ့ ဝေးရာ
အတိုက်အခံတွေဟာ အတိုက်အခံမလုပ်ပဲ
ရေငုံနှုတ်ပိတ် မတိုက်မခံသူများနဲ့ ဝေးရာ
ဒီမြေကမ္ဘာကနေ မင်းထွက်သွားခဲ့တာကို
ဘုရားသခင် ကောင်းချီးပေးတော်မူမှာပါ …..
ဘုရားသခင်ကောင်းချီးပေးသနားတော်မူပါ …..
                                   (အာမဲင်န်)
xxxxxxxxxxx

● ကိုမင်းဟန်(ခ) ဗမင်းသစ် (ခ) ဖိုးချို၏ ကိုယ်ရေးအကျဉ်း
ကိုမင်းဟန်ကို အဖ ယမုံနာဦးဘိုးဟန်၊အမိ ဒေါ်မြင့်မြင့်တို့မှ ၄.၉.၁၉၆၄ ခုနှစ်တွင် ရန်ကုန်မြို့၌ဖွားမြင်ခဲ့သည်။အ.မ.က(၁၈)တာမွေ၊ အ.ထ.က(၃)တာမွေတို့တွင်ပညာသင်ကြားခဲ့သည်။၁၉၈၄ခုနှစ်တွင် ဒေါ်ခင်မာအေးနှင့် အိမ်ထောင်ကျပြီး သားမျိုးဟန်၊ ဖြိုးဟန် တို့ဖွားမြင်ခဲ့သည်။ဂီတပဒေသာမဂ္ဂဇင်းတွင်အယ်ဒီတာအဖွဲ့ဝင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ (ရ၅) ကျပ်တန်ငွေစက္ကူ အရေးအခင်းမှစ၍ လူထုလုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်။ ဘုန်းမော်အရေးအခင်း၊၈၈၈၈ လူထုလုပ်ရှားမှုများဖြစ်ပေါ်လာရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံတွင် ဗမာနိုင်ငံလုံးဆိုင်ရာဒီမိုကရေစီတပ်ဦး(ဗဒတ)၊ ကို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖွဲ့စည်းပြီးလူထုဆန္နပြပွဲများတွင်ဦးဆောင်လုပ်ရှားခဲ့သည်။ကျာင်းသားလူငယ်သွေးစည်းညီညွတ်ရေးကော်မတီတွင်လည်းဦးဆောင်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။ 

၁၉၈၉ ခုနှစ်တွင် မာနယ်ပလော သို့ရောက်ရှိပြီး ABSDF မှလုပ်ဖေါ်ကိုင်ဘက်များ ၊တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးရန်ကုန်ခရိုင်ပျောက်ကြားတာဝန်ခံအဖြစ် တာဝန်ပေးအပ်ြခင်းခံရသည်။ ၁၉၉၀ နှောင်းပိုင်းတွင်နေအိမ်အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်ရန် အစီအစဉ်ဖြစ်သည့်ပင့်ကူနီ စစ်ဆင်ရေးကိုဦးဆောင်ခဲ့သည်။ ရေကူးထပ်ဆင့်အ သံလွင့်စက်ရုံ အားလောင်ချာဖြင့်ပစ်ခတ်ခဲ့ပြီး ၁၆.၁.၁၉၉၁ တွင်နေအိမ်တွင်အဖမ်းဆီးခံရသည်။ ၇.၃.၁၉၉၁တွင် နိုင်ငံတော်ပုန်ကန်မှု ၁၂၂/၁ အပါအ၀င် ပုဒ်မများဖြင့်သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်။ ၁၉၉၄တွင်တောင်ငူထောင်သို့ ပြောင်းရွေ့ခံခဲ့ရပြီး ထောင်ငူထောင်တွင် ထောင်တွင်းနောက်မှု(၇) နှစ်တိုးခဲ့ပြီး သရက်ထောင်သို့ပြောင်းရွေ့ခြင်းခံခဲ့ရသည်။ 

သရက်ထောင်မှ ၁၂.၁၀.၂၀၁၁ နေ့တွင် လွတ်မြောက်ခဲ့သည်။ အကျဉ်းထောင်အတွင်း (၂၁) နှစ်ခန့် နေထိုင်ခဲ့ရသည်။ လွတ်မြောက် လာပြီးနောက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွင် လုပ်ငန်းကော်မတီဝင်တစ်ဦးအဖြစ် နိုင်ငံရေးတာဝန်များကိုယခု ကွယ်လွန်ချိန်အ ထိ ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် အမှတ် ၁၃၈၂၊ရာဇသင်္ကြန်လမ်း၊ (၇၀)ရပ်ကွက်၊ ဒဂုံမြို့သစ်တောင်ပိုင်းတွင်မိသားစုနှင့်အတူ နေထိုင်ခဲ့ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts