Memories

Maung Tun Lwin (Weather) – Saya Maung Wuntha

ဆရာမောင်ဝံသအတွက် အလွမ်းပြေ
(အမေဆုံးတုံးကလို ခံစားရပါတယ်)
မောင်ထွန်းလွင်(မိုးလေ၀သ)၊ သြဂုတ် ၁၂၊ ၂၀၁၃

“ဆရာမောင်ဝံသတော့ ညကဆုံးသွားရှာပြီတဲ့..ဆရာ”။ ဒီသတင်းကို ကျွန်တော် ကြားသိလိုက် ရတော့ ကျွန်တော်က မအူပင်ကို လယ်သမားတွေအတွက် ဟောပြောပွဲ တစ်ခုဟောပေးဖို့ ရောက်နေတုံး ဖြစ်ပါတယ်။ ရန်ကုန်ကလိုက်လာတဲ့ ဂျာနယ်တိုက် တစ်ခုက ဂျာနယ်လစ်ကလေးမလေး တစ်ဦးက ကျွန်တော့်ကို အသိပေးပြောလိုက် တာ ဖြစ်ပါတယ်။ မှန်တာပြောရရင် ကျွန်တော် ဒီသတင်းကို ကြားလိုက်ရတော့ အံ့သြ မသွားခဲ့တဲ့အပြင် တုန်လည်းမတုန်လှုပ်သွားခဲ့ပါဘူး။ ဒါပေမယ့် အလွန် အားငယ်သွား မိပါတယ်။ ၀မ်းလည်းနည်းသွားမိတယ်။ ဆရာမကြီးဒေါ်ဒေ၀ီသန့်စင် ရဲ့ပြောပြချက် အရ ဆရာဆေးရုံတက်ရတယ်ဆိုကတည်းက ရောဂါရဲ့အခြေအနေကိုသိလိုက်ရတော့ ဒီကိစ္စကို ကြိုတင် တွက်ဆထားပြီးသား.. ကြိုတင် နှလုံးသွင်း ထားပြီးသား.. ပြောရ ရင်တော့ ဒီသတင်းမကြာခင် ကြားရတော့မယ် ဆိုတာ တွက်ဆ ထားပြီးသားမို့သာ မထူးဆန်း၊ မအံ့ကြ၊ မတုန်လှုပ်ခဲ့ရပေမယ့်၊ ဒီသတင်းကို တကယ်ကြားလိုက် ရတော့ ပြောရရင်တော့ ကျွန်တော့်အမေ ကွယ်လွန်တုံးကလိုဘဲ ခံစားလိုက်ရပါတယ်။ အဲဒါကတော့ “သွားပြီ” ဆိုတဲ့အသိနဲ့ ဘ၀မှာ အားကိုးမဲ့သလို အားငယ် သွားရတဲ့ ကြေကွဲမှုမျိုးပါဘဲ။ 

တကယ်တော့ ကျွန်တော့်အမေ ၁၉၈၂ ခုနှစ်မှာကွယ်လွန်တော့ အမေဟာ အိပ်ယာထက်မှာ လဲနေတဲ့အနေအထားမျိုးမှာပါ။ သူ့ကိုယ်သူတောင်မထူနိုင်၊ မထနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့တာပါ။ တကယ်တော့ ကျွန်တော်တို့အပေါ်မှာ အမေဟာ ရုပ်ပိုင်းဆိုင်ရာအရ ဘာမှမကာကွယ် မကူညီ မစောင့်ရှောက်နှိုင်တော့ ပါဘူး။ ဒါပေမယ့် အမေ့ရဲ့အရိပ်က ကျွန်တော်တို့အပေါ်မှာ တစ်သက်လုံး၊ လွှမ်းမိုးလွန်းလှတယ်။ တစ်သက်လုံး အမေကပြုစု စောင့်ရှောက်လာလေတော့ အမေ့ပုံရိပ်က လွှမ်းမိုးလွန်းလှတယ်။ အမေ့အရိပ်ကို ခိုလှုံရတာ လုံခြုံလှပါတယ်။ အမေရှိရင်အားရှိနေတယ်။ အမေ့အသံက ခွန်အားတွေ ဖြစ်နေစေပါတယ်။ အမေရှိနေတာ ဘ၀အခက်အခဲတွေ၊ ဘ၀ရဲ့ရုန်းကန်မှုတွေကိုရင်ဆိုင်ဖို့ သတ္တိတွေပြည့်နေစေတယ်။ တကမ္ဘာလုံးက ဆန့်ကျင်နေကြပါစေ။ ငါ့နောက်မှာ အမေဟာ အမြဲရှိနေတယ်ဆိုတဲ့ ခွန်အားမျိုးတွေ၊ ယုံကြည်မှုမျိုးတွေကို ရနေစေပါတယ်။

အဲဒီအမေ… ကွယ်လွန်သွားတော့ အဲဒီခွန်အာေးတွ၊ ယုံကြည်မှုတွေ။ သတ္တိတွေ အားလုံး…အားလုံး… ကုန်ဆုံးသွားရသလို ခံစားရပြီး အားငယ်သွားရတဲ့ခံစားရမှုမျိုးကို ကျွန်တော်ခံစားလိုက်ရတယ်။ ဒါအမေဆုံးတုံးကပါ။ 

အံ့သြစရာကောင်းတာက ဆရာမောင်ဝံသကွယ်လွန်တဲ့သတင်းကြားရတော့ ကျွန်တော် အဲဒီလို ခံစားရမှုမျိုး ခံစားလာရတယ်။ တကယ်တော့ ဆရာဟာ ကျွန်တော်တို့တွေအများစုရဲ့ ဒီမိုကရေစီ နိုင်ငံတော်၊ လူအခွင့်အရေး၊ လူ့တန်ဖိုး စတဲ့စတဲ့ လူမှုတော်လှန်ရေးလုပ်ငန်းတွေမှာ ကလောင်တစ်ချောင်း ကို မြဲမြဲစွဲ ကိုင်ပြီး ရှေ့တန်းကတိုက်ပွဲကို ဦးဆောင်တိုက်ပွဲဝင်နေတဲ့ ပြည်သူ့ဘက်တော်သား အမှန်တရားဘက်ကရဲရင့်ပြတ်သားစွာနဲ့ မမှန်တာတွေကို ဖွင့်ဟဝေဘန် ရေးသားပြီး တိုက်ပွဲဝင်ပေးနေတဲ့ သတင်းစာဆရာကြီးတစ်ဦးပါ။ ကျွန်တော်သိမှီလိုက်တဲ့ သတင်းစာ ဆရာကြီး လူထု(ဦး)စိန်ဝင်းနဲ့ ဆရာမောင်ဝံသဟာ ကျွန်တော် အလွန်လေးစားရတဲ့ သတင်းစာ ဆရာကြီးနှစ်ဦးဖြစ်ပါတယ်။ 

အခုတော့ ဒီဆရာကြီး(၂)ဦးလုံး ကွယ်လွန်ခဲ့ကြရပါပြီ။ နိုင်ငံအတွက် အလွန်ကြီးမားတဲ့ ဆု့းရှုံးမှုကြီး တစ်ရပ်ပါ။ အထူးသဖြင့် ပြည်သူလူထုအတွက် အဖိုးမဖြတ်နှိုင်တဲ့ ဆုံးရှုံးမှုကြီးပါ။ မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် မပြီးဆုံးသေးတဲ့ ခရီးရှည်ကြီးမှာ ဆရာတို့ရဲ့ လူထုအပေါ်မှာ ကာကွယ်စောင့်ရှောက်မှုတွေ၊ ဦးဆောင်မှုတွေ၊ တိုက်ပွဲဝင်မှုတွေရဲ့ ပုံရိပ်တွေဟာ သမိုင်းဝင်ခဲ့ပါပြီ။ လောကဓမ္မတာ အရ လူသာကွယ်ပျောက်ခဲ့ပေမယ့် ဆရာနှစ်ဦးရဲ့ လုပ်ဆောင်ချက်တွေက သမိုင်းစာမျက်နှာမှာ အထင်အရှား ကျန်ရစ်ခဲ့ပါပြီ။

အခုလိုဆရာမောင်ဝံသ ကွယ်လွန်သွားခဲ့ရခြင်း ဟာ ကျွန်တော့်အတွက်တော့ အမေကွယ်လွန် တုံးကလို ခံစားရမိပါတယ်ဗျာ။

သြော်..ကျွန်တော်တို့လို ခြောက်ဆယ်တန်းအရွယ်တွေဟာ နေ့စဉ်ကြုံတွေ့နေကြရတဲ့ ဘ၀ရဲ့ ထိတ်လန့်တှုန်လှုပ်စရာတွေကို တည်တည်ငြိမ်ငြိမ်နဲ့ လက်ခံနှိုင်အောင် နေ့စဉ် ကြိုးစားနေကြရတဲ့ ကိစ္စတွေထဲမှာ ဆရာမောင်ဝံသရဲ့ ကွယ်လွန်ခြင်းသတင်းကို တည်တည်ငြိမ်ငြိမ်လက်ခံနှိုင်အောင် ကြိုးစားရတာဟာ ကျွန်တော့အတွက်တော့ အခက်ခဲအပင်ပန်းဆုံး ပါဘဲဗျာ။

မောင်ထွန်းလွင်(မိုးလေ၀သ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts