Maung Yit Memories Portraits

Maung Yit – Farewell to Min Lu

အယ်ဒီတာ့လက်ရေး (၂၆)
ဒေ၀တာမြို့တော်မှ ကြိုဆိုပါသည်
မောင်ရစ်၊ သြဂုတ် ၁၅၊ ၂၀၁၃
စာရေးဆရာ မင်းလူ ကွယ်လွန်သွားပြီလို့ ကြားသိရလိုက်တော့ အကောင်းကြိုက်လွန်းတဲ့ သေမင်းကို “ဖြေး ဖြေး” လို့ ပြေးပြောလိုက်ချင်မိတယ်။ ခုနင်ကလေးတင်ပဲ ဆရာမောင်ဝံသကို ခေါ်သွားလို့ သူနောက်ဆုံးအိပ်သွားတဲ့ ခုတင်လေးတောင် နွေးနွေးလေးရှိသေးတယ်၊ အဲသည်တဆေးရုံထဲက ဆရာမင်းလူကိုပါ တပါတည်း စောင့်ခေါ်သွားသလို ဖြစ်နေတာပေါ့။ သရော်စာရေးသူ ဆရာမောင်ထင်ရဲ့ ကိုဒေါင်းစာကို ကိုးကားပြီး ပြောရရင်တော့ “မင်းလူကား ကွယ်လေပြီ၊ မင်းလူ သက်တော်ရာကျော် ရှည်ပါစေသတည်း …”လို့ ရေရွတ်ရတော့မလိုပါ။ သို့သော်လည်း အဲသည်ဆေးရုံက လူနာတွေ ကြားကုန်ရင် စိတ်တွေ ပူကုန်ကြမှာလည်း စိုးရသေးတယ်နော်။ သေမင်းကိုယ်တိုင် အဲသည်ဆေးရုံထဲက မဆင်းသေးရင် လူနာရှင်တွေတော့ ဆေးရုံပြောင်းပြေးရတော့မလို ဖြစ်ကုန်မှာ စိုးရတာကိုးလေ။
ဟာသဉာဏ်၊ သရော်သံနဲ့ မေတ္တာစိတ်ရှိသူ စာရေးဆရာတယောက်မို့ အို၊ နာ၊ သေ နမိတ်ကြီးတွေကိုတော့ ရယ်သွမ်းသွေးနိုင်သူ ဆရာတယောက်ကတော့ သူဖွဲ့ဆိုတည်ဆောက်ခဲ့တဲ့ သူ့ချစ်သူတွေရှိရာ ဒေ၀တာမြို့တော်ကို ထွက်သွားပါပြီ။ ကင်ဆာရောဂါသည် ၃ ယောက် တဆေးရုံထဲမှာ ဆုံတော့ သူက ကင်ဆာသမဂ္ဂတောင် ထောင်လိုက်သေးတယ် ပြောတယ်။ ‘ဆရာမောင်ဝံသက နာယက၊ ကြည်စိုးထွန်းက ဥက္ကဌ၊ သူကတော့ အတွင်းရေးမှူးနေရာကို ယူမယ် …’  လို့ ရယ်နိုင်တဲ့သူပါ။ အခုလောက်ဆိုရင် ဒေ၀တာမြို့တော်ကိုသွားတဲ့ ကူးတို့လမ်းမကြီးပေါ်မှာ ဟိုးရှေ့က သွားနှင့်သူ ဆရာမောင်ဝံသကို “ဟိုးထား ဆရာရေ … ကျနော်ကိုလည်း စောင့်ပါဦး” လို့ တကြော်ကြော်ခေါ်ပြီး ခပ်သုတ်သုတ်လေး လျောက်နေလိမ့်မလားလို့ ၀ိုးတ၀ါး တွေးနေမိတယ်။
ဒေ၀တာမြို့တော်မှာတော့  ဆရာကျီဆယ်နောက်ပြောင်ခဲ့သူ စာရေးဆရာ၊ သရော်စာဆရာကြီးတွေက ပန်းတွေခင်းလို့ ဆရာ့ကို ကြိုဆိုနေလိမ့်မယ်လို့ မြင်ယောင်မိတယ်။ ဆရာမောင်ထင်၊ ဆရာသော်တာဆွေ၊ ဆရာမကြီး ခင်မျိုးချစ်တို့တွေက “အေးအေး … ဟိုကာတွန်းဆရာတွေ လူုပြက်တွေ ခေါ်မလာနဲ့” လို့ ပြောနေလိမ့်မလား၊ ဆရာသာဓုနဲ့ ရောက်နှင့်နေသူ ဆရာသုမောင်၊ ဆရာမောင်ဝဏ္ဏ၊ ကိုအာယုတို့ကလည်း သူတို့မိသားစုသန်းကောင်စာရင်းကို ပြန်စစ်ကြည့်ရင်း “မင်းတယောက်တည်းလားကွ” ဆိုပြီး ကြိုနေကြလိမ့်မည်လားလို့ တွေးမိပါတယ်။
မိုးမခမှာက စာနယ်ဇင်းနယ်ပယ်ထဲက ကိုယ်ချစ်ခင်လေးစားရပါသော ဆရာတွေ၊ မိတ်ဆွေတွေအတွက် အမြဲတမ်း အမှတ်တရတွေ၊ ဆုတောင်းတွေ ရေးရ တင်ဆက်ရတဲ့ နေရာတခုအဖြစ် လူသိများကြတယ်။ ခုနင်ကလေးတင် ဆရာမောင်ဝံသအတွက် နှုတ်ဆက်မှတ်တမ်းတွေ၊ အမှတ်တရစာတွေ တင်နေတုန်း၊ တင်နေဆဲ ရှိသေးတယ်။ ကိုငြိမ်းချမ်းအေးက ဗမာပြည်သူတွေချစ်တဲ့ ဂီတပညာရှင်တွေအကြောင်း ရုပ်ပုံလွှာတွေ ပြင်ဆင်နေတုန်း ရှိသေးတယ်။ ဆရာမင်းလူအတွက်ကတော့ နှုတ်ဆက်စကားရေးဖို့အတွက် ဆုံးရှုံးမှုတွေက များလွန်လွန်းတော့ အင်အားတွေ ကုန်ခန်းပြီး အရုပ်ကြိုးပြတ်ခံစားနေရတဲ့ကြားက အားတင်းပြီး ရေးရတာ ဖြစ်ပါတယ်။
ကျနော်တို့က ဆရာရဲ့ စာတွေ ကဗျာတွေနဲ့ ကြီးပြင်းလာကြသူတွေ၊ ချစ်တတ်လာကြသူတွေလို့ ပြောရင် ရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ကျော် ၃၀ နီးပါးက အချစ်ဝတ္တုတွေ အချစ်ကဗျာတွေမှာ သာမန် ချစ်ကွဲညား သီချင်းလေးဆိုလိုက်၊ မျက်ရည်လေးကျလိုက်၊ အိပ်မက်ခန်းတွေထဲ ပြေးလွှားလိုက်နဲ့ ဆယ်ကျော်သက်တွေကို ဖမ်းစားတဲ့ ပြုစားတဲ့ စာရေးသူတဦးမဟုတ်ဘဲ လူသားဆန်တဲ့ ဘ၀တွေနဲ့ အချစ်ဇာတ်လမ်းတွေကို ရေးသားခဲ့တဲ့ ‘မင်းလူ’ပါ။ တက္ကသိုလ်ထဲကို ကိုယ်ပိုင်ကားကြီးစီးပြီး ဒေါက်ဖိနပ် ကြွကြွရွရွလေးနဲ့ အင်ယားကန်ဘောင်က ဗူးသီးကျော်ဆိုင် ဟာသတွေ ပြောရင်း တသောသောလုပ်ပြီး ထိုင်နေတဲ့ ဇာတ်ကောင်တွေထက် ကိုယ့်ဖာသာ ထမင်းဘူးလေးထုတ်၊ ဘတ်စကားတိုးစီး၊ တွန်းတွန်းတိုက်တိုက် အပြေးလျောက်၊ ဦးချစ်လဘက်ရည်ဆိုင်မှာ ကဗျာစပ်ရင်း၊ စာဖတ်ရင်း ကျောင်းတက်နေတဲ့ ဇာတ်ကောင်တွေကို သရုပ်ဖော်ပြနိုင်တဲ့ စာရေးဆရာ ဖြစ်ပါတယ်။
ချစ်တယ် ဆိုတာ ဘာလဲ။ ကျောင်းသွားဖော် သူငယ်ချင်းတွေဆိုတာ ဘယ်လိုလဲ။ ဘ၀မှာ ရွေးချယ်ရတယ်ဆိုတာ ဘာလဲ။ ကိုယ်ယုံကြည်ရာ၊ မှန်ကန်ရာကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် ရပ်တည်ရတယ်ဆိုတာ ဘာလဲ။ ဂုဏ်တွေ ဒြပ်တွေ ရာထူးတွေ၊ ချမ်းသာ ဆင်းရဲတွေ၊ ငွေကြေး၊ ပစ္စည်းဥစ္စာတွေကို မစားရ ၀ခမန်း ဖွဲ့ပြီးတော့ သာမန်လူတန်းစားတွေ လူငယ်တွေနဲ့ မနီးစပ်တာတွေနဲ့ စာတွေဖွဲ့မယ့်အစား လူသားတွေကြားထဲက တွယ်တာမှု၊ သံယောဇဉ်၊ ချစ်မေတ္တာတွေ၊ အပြန်အလှန် သဘောထားအမြင်တွေကို ဖွဲ့ဆိုပြပြီး ကိုယ့်ဘ၀၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်ချစ်သူတွေကို မြင်အောင်၊ ချစ်လာအောင် ရေးသားနိုင်တဲ့ အချစ်စာရေးဆရာတဦး ဖြစ်ပါတယ်။
သာမန် ရုပ်ရှင်တွေ၊ သာမန်ဝတ္တုတွေမှာဆိုရင် ဇာတ်လမ်းမှာ ဇာတ်လိုက်ရယ် ဇာတ်ရံတွေရယ်ပဲ ရှိတယ်ဆိုတဲ့ အမြင်တွေ၊ ပုံသွင်းမှုတွေကနေ ဇာတ်လမ်းတွေမှာ ဇာတ်ကောင်တွေအားလုံးဟာ ဇာတ်လိုက်တွေချည်းပဲလို့ သက်ဝင်ပုံဖော်ပြနိုင်ခဲ့ပါတယ်။ ဥပမာ ၀င်းဦးကဇာတ်လိုက်ဆို၊ ဘေးကအကောင်တွေအားလုံးဟာ သန်းဖေလေးလို ဇာတ်ရံလူပြက်တွေ၊ အံ့ကျော်လို ဇာတ်ရံလူကြမ်းတွေ မဟုတ်စေရဘူး။ ဥပမာ ခင်သန်းနုက ဇာတ်လိုက်ဆို၊ မသန်းရွှေက ဇာတ်ရံလူပြက်၊ ဒေါ်မေနွဲ့က ဇာတ်ရံလူကြမ်းလိုမျိုးတွေ မဟုတ်ဘူး။ ဒီလိုမျိုး မြန်မာ့ရိုးရာလိုဖြစ်နေတဲ့ လှေနံဒါးထစ်ဇာတ်အိမ် ဖွဲ့ဆိုမှုတွေကနေ ဆရာဇာတ်လမ်းတွေ၊ ဆရာ့ဇာတ်ကောင်တွေက လွတ်မြောက်မှု၊ လွတ်လပ်မှုတွေ ရှိခဲ့တယ်။ အဲသည်ကနေ ကျနော်တို့လူငယ်တွေကို အင်အားတွေ ရှင်သန်မှုတွေနဲ့ မြင်ကွင်းကျယ်တွေ ပေးခဲ့တယ်လို့ ဆိုချင်ပါတယ်။
လူသားတွေကို ချစ်ခင်တတ်၊ မေတ္တာထားတတ်၊ ခွင့်လွှတ်သရော်တတ်သူ စာရေးဆရာဟာ ကိုယ်ယုံကြည်ရာကို ရပ်တည်စွမ်းသူ၊ စွန့်လွှတ်အနစ်နာခံဝံသူလို ဇာတ်ကောင်မျိုးတွေနဲ့ “ခုနှစ်စင်အလွမ်း”လို ၀တ္ထုမျိုး ရေးခဲ့တယ်။ ၁၉၈၉မှာ ဗမာပြည်ကြီး ငါးပါးမှောက်နေတာကို “ဘာတွေဖြစ်ကုန်ကြပြီလဲ” ဆိုတဲ့ မြေအောက်ကဗျာနဲ့ သရော်တော်လှန်ခဲ့ဖူးတယ်။ အဲသည်အတွက် စစ်အစိုးရက အိမ်တိုင်ရာရောက် လာရောက် ဖမ်းဆီးတော့လည်း ပြေးလွှားတိမ်းရှောင်ခြင်းမရှိ ရဲဝံရင်ဆိုင်သူ ဇာတ်ကောင်တဦးပါပဲ။ သူ့ကို ထောက်လှမ်းရေးက ခေါင်းစွပ်ကြီးစွပ်ပြီး ဖမ်းခေါ်သွားမယ်ဆိုတော့ သူက အသင့်ချုပ်ထားတဲ့ သန့်စင်လျော်ဖွတ်ထားတဲ့ ကိုယ်ပိုင်ခေါင်းစွပ်ကိုတောင် ထုတ်ပေးပြီး ခင်ဗျားတို့ခေါင်းစွပ်ကြီးက နံလွန်းလို့ဆိုပြီးတောင် ပြောထွက်ရဲတဲ့ တကယ့်လူ့လောကထဲက လူသားဇာတ်လိုက်တဦးပါ။
ဆရာ့ကို ဆရာချစ်တဲ့အိမ်သူက ‘မျိုးချစ်ကြီး” လို့ နံမယ်ပေးထားတယ်လို့ ကျနော့်အိမ်က ပြောပြခဲ့တယ်။ ပြည်ပခရီးတွေမသွားဘူး။ ဗမာပြည်မှာပဲ နေထိုင် ရှင်သန်တယ်။ မတတ်သာလို့သာ နိုင်ငံရပ်ခြားမှာ တကြိမ်တခါ ဆေးကုထွက်ခဲ့တယ်လို့ ဆိုတယ်။ မျိုးချစ်ကြီးဟာ သူချစ်တဲ့ဆီကနေ သူချစ်တဲ့ စာရေးဆရာတွေ၊ အနုပညာသည်တွေ နေထိုင်ရာ နတ်တို့မြို့တော်၊ ဒေ၀တာမြို့တော်ကိုတော့ ဒီတခါမှာ အပြီးအပိုင် ထွက်ခွာသွားပြီလို့ ဆိုရတော့မှာပေါ့နော်။
ဗမာပြည်သူတွေဟာ ဆရာ့ဇာတ်ကောင်တွေ၊ ဆရာ့ဇာတ်လိုက်တွေချည်းပဲ။ ဆရာ့ဝတ္တုတွေ ဆရာ့စာတွေဟာ ဗမာပြည်ကြီးရဲ့ ကြေးမုံပြင်ကြီးပါပဲ။ မဆလတပါတီ အာဏာရှင်အောက်မှာ ပြည်သူ့ဆိုင်က ပေးတဲ့ ဆန်၊ ဆီ၊ ဆား ကုန်ဝယ်စာအုပ်ထပ်ပြီး ၀ယ်စားခဲ့ရတာ၊ လူတိုင်းမှာ သမဆိုင်က ထုတ်ပေးတဲ့ အနားပြာ ရှပ်ဖြူတွေ၊ ဆေးဆိုးပန်းရိုက် အင်္ကျီတွေ၊ အစတွေ ၀ယ်ရ ချုပ်ရတာတွေ၊ လက်ပတ်နာရီဆိုလို့ ထိုင်းနယ်စပ်က ဖြတ်ဝင်တဲ့ ကွာဇ်နာရီတွေ အကြောင်း၊ စစ်အစိုးရလက်ထက်က ဂိတ်ကြေးတွေ၊ တက္ကစီကားတွေ၊ လာဘ်ပေးရတာတွေ၊ ကမောက်ကမတွေကို လေသံအေးအေးနဲ့ သရုပ်ဖော်နိုင်ခဲ့တာတွေဟာ ပြန်စာဖွဲ့လို့မကုန်အောင် များပါတယ် ဆရာရယ်။
“ကျနော်၏ကဗျာများတွင် သစ္စာမဲ့သူကို ရှုံချပြီး သစ္စာရှိသူ၊ ရိုးသားသူကို ဂုဏ်ပြုချီးကျူးထားပါသည်။ ချစ်သူအပေါ်သစ္စာရှိသောသူသည် တိုင်းပြည်အပေါ်တွင်လည်း သစ္စာရှိလိမ့်မည်ဟု ကျနော်ယုံကြည်ပါသည် …” လို့ ဆရာ့ကဗျာစာအုပ်မှာ အမှာရေးသားထားသလို ဆရာဟာ ကျနော်တို့အတွက် သစ္စာရှိတဲ့ ချစ်သူပါ။ ဗမာပြည်ကြီးနဲ့ ဗမာပြည်သူတွေကလည်း ဆရာ့ဇာတ်ကောင်တွေလိုပဲ ဆရာ့ကို သစ္စာရှိစွာ ချစ်ခင်ကြမှာ မလွဲပါဘူး။
ဆရာရေ … မျက်ရည်တွေကြားထဲက ရယ်မောစရာလေးနဲ့ပဲ နှုတ်ဆက်လိုက်ပါတော့မယ်။
စစ်အာဏာရှင်တွေလက်ချက်နဲ့ ကျဆုံးသွားတဲ့ ဒီချုပ်က ၉၀ရွေးကောက်ပွဲအမတ်၊ ခရမ်းမြို့နယ်က ဦးတင်မောင်ဝင်း အသုဘမှာ ဇနီးဖြစ်တဲ့ ဒေါ်ကြူကြူက ယပ်တောင်စာလေး ဒီလိုရေးပြီး ကမ်းဖူးတယ်။
“လူကို သတ်တာ ကင်ဆာတဲ့လား …
ကင်ဆာ ကျဆုံးပါစေ …” တဲ့
ဆရာ့က ဒေ၀တာမြို့တော်ကို မသွားခင်လေးမှာ ကင်ဆာသမဂ္ဂထောင်ပြီး အတွင်းရေးမှူးလုပ်သွားခဲ့တာ ဆိုတော့၊ ကင်ဆာကျဆုံးပါစေလို့ လက်သီးလက်မောင်းတန်း အော်ဖို့တောင် ခပ်ခက်ခက်ဖြစ်နေပြီလေ။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ်တဲ့ သစ္စာတရားများဖြင့် သီးပွင့်နေသော စာရေးဆရာများရဲ့ ဒေ၀တာမြို့တော်မှာ ဆရာလည်း အဲသည်သမဂ္ဂကြီး ဆက်လက်ထူထောင်နေမှာ မဟုတ်တော့ဘူးဆိုတာ သေချာပါတယ်။ ကျနော်တို့တတွေ ပြည်သူတွေကတော့ ဘယ်လိုပဲဖြစ်ဖြစ် ‘ကင်ဆာ ကျဆုံးပါစေ’ လို့ ရေရွတ်ပြီးတော့ ဆရာ့ကို ဂါရ၀ပြု နှုတ်ဆက်လိုက်ပါတယ်။
“စာရေးဆရာ မင်းလူကား ကွယ်လေပြီ၊ စာရေးဆရာ မင်းလူ သက်တော်ရာကျော် ရှည်ပါစေသတည်း …” ။   
(Photo – Yu Ya Facebook)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts