Memories Ni Ni Mar

ကြုံရ ဘုံဘ၀(၃) – Ni Ni Mar

ကြုံရ ဘုံဘ၀(၃)


နီနီမာ၊ အောက်တိုဘာ ၂၆၊ ၂၀၁၃ 

(သူ့ဖေစ့်ဘွတ်က ယူပါတယ်)
                    နောက်တနေ့       ၂၀၀၇  အောက်တိုဘာ (၁၇)ရက် .. မနက်  အာရုံတက်ပါပြီ..။  မှုံပျပျ  အလင်းရောင်လေး အောက်မှာ ကျမတို့  အချုပ်ခန်းနဲ့  ကပ်ရပ် ကွက်လပ်မှာ  ရဲတပ်သားတွေ အတုံးအရုံး အိပ်နေကြတာကို မြင်ရတယ်.။ခဏကြာတော့  ရဲ တယောက်က  သူတို့ကို လာနှိုးတယ်..။နှိုးပုံလေးက  သင်းပါတယ်..။အဆဲအဆို လေးတွေ နဲ့ ပါ..။ဖေဖေ  ပြောဖူးတဲ့   စကားတခွန်းကို  သွားသတိရပါတယ်..။သူတို့ (၉၀ )ပြည့်နှစ် ပြည်သူ့ကိုယ်စားလှယ်တွေ  ကို   ပေါင်းတည်နားက တပ်မ(၆၆)  အင်းမစစ်တပ်ကို  ခဏခဏ ခေါ်ထားတဲ့  အချိန်တုံးက  အကြောင်းလေးပါ..။ကိုယ့်အိမ်ကိုယ့်ယာ မဟုတ်တာတွေ အစားအနေ ဆင်းရဲတာတွေ ကို  ခံနိုင်တယ်..။စစ်သားတွေ ရဲသားတွေ ရဲ့   သူတို့ အချင်းချင်း  ရိုးရိုး စကားပြောလဲ  ဆဲဆို ပြောနေသံတွေ ကြားထဲမှာ  နေရတာ  နားမချမ်းသာဘူး..ဆိုတာပါ..။အခုလဲ  မျက်စိနှစ်လုံးပွင့်ကတည်းက
ဆဲဆို ရေရွတ်သံတွေ နဲ့  မိုးမွှန်နေပါတယ်..။

ကျမ   ပရိတ်ကြီး(၁၁) သုတ်ကို အသံကျယ်ကျယ်  ထွက် ပြီး  ရွတ်လိုက်တယ်..။အဲဒီတော့မှ  ဆဲသံတွေ တိတ်သွားတယ်..။သူတို့က ကျမတို့  ရှိနေမှန်းသိလို့   ဆဲဆိုနေတာ  မဟုတ်လောက်ဘူး..။  အကျင့်ပါနေတဲ့  စရိုက် တွေ ပဲ ဖြစ်လိမ့်မယ်..။ခနနေတော့ရဲသားလေး တယောက်က
အချုပ်ခန်း  သစ်သားတိုင်ကြီးတွေ  နားကပ်လာတယ်..။

          သေချာကြည့်ပြီးတော့မှ“ဟယ်…ဆရာမ..။ဒီထဲ  ဘယ်လို လုပ်  ရောက်နေတာလဲ ” လို့  မေးတယ်..။ ကျမတပည့်လေး တယောက်ပါ..။သူတကယ်ပဲ မသိတာလား..သိရက်နဲ့ မသိချင်ယောင်ဆောင်  မေးတာလားတော့ ကျမမသိပါ..။သစ်သားတိုင်ကြီးတွေ ကြားက  သူ့မျက်လုံးမှာ မျက်ရည်တွေ ၀ဲနေတာကိုတော့  မြင်လိုက် ရတယ်..။ကျမကကိုယ်လုပ်စရာ ရှိတာ လုပ်ပါ..လို့  ပြုံးပြီး ပြောလိုက်တယ်..။ဒါပေမဲ့  သူကပဲ   ကျမတို့လိုနေတဲ့ ကြမ်းခင်းဖို့   ပလတ်စတစ်  စတွေ   ကျမတို့အိမ်ကို  သွားယူ ပေးတယ်..။
              အဲဒီနေ့  မနက်ပိုင်းမှာ ကျမ ကျန်းမာရေး အတွက်  အပြင်ခနထွက်ခွင့်ရတယ်.. ။လိုက်ပို့တဲ့  တာဝန်ကျ  ရဲသားကြီးက “ဆရာမမိုလို့  ပို့ တာပါ.. .။တခါတည်း ကိစ္စ  ၀ိစ္စ ပြီးအောင် လုပ်ပါ..။နောက်တခါ
အပြင်ထွက် ဖို့  မလွယ်ဘူး” လို့  ပြောပြီး  ရဲတန်းလျားက သူ့မိသားစု နေအိမ်ကို  လိုက်ပို့ပါတယ်..။ကျမ ခင်ပွန်းကတော့  အချုပ်ခန်းထဲမှာပဲ  နေခဲ့ ရတယ်..။အောက်ကို ဆင်းဆင်းချင်း   ကျမတို့ အိမ်ဘေးအိမ်က
မောင်ဝမ်းကွဲ လေးကို  တွေ့ လိုက်ရတယ်.။အိမ်မှာ ကျန်ခဲ့ တဲ့  ဖေဖေနဲ့  သားလေး အကြောင်း   ကမန်းကတန်းေ မးပြီး   ကျမတို့ အတွက်  စိတ်မပူဖို့    မှာရပါတယ်..။မောင်ဝမ်းကွဲ  လေးက …အမတို့ မနက်စာ အတွက်  ထမင်းသုတ်လာပို့ မယ်  ပြောပြီး  ပြန်သွားပါတယ်..။ကျမတို့  ရဲတန်းလျား အိမ်ဘက်ကနေ  ပြန်လာတော့ အချုပ်ခန်း  အောက်ထပ်မှာ ကျမ အမျိုးသားရဲ့  ဦးလေး  ကို  တွေ့ ရပါတယ်.။ ဦးလေးက   ကျမတို့ကို ညက ဘာတွေ  စစ်လဲ..။ဘာမှု နဲ့  ဆွဲတယ် . ပြောလဲ …လို့မေးလို့ ..။ကျမ က  ညက  အခြေအနေ  တချို့ ကို   ပြန်ပြောပြပါတယ်.။ညက  စခန်းမှူးကို  ကျမမေးခဲ့ တယ်..။ကျမတို့ကို  ဘာ့ အတွက်  ဖမ်းတာလဲ..။ဘာပုဒ်မနဲ့  ဆွဲ တာလဲ..လို့  မေးတော့..။ပုဒ်မ (၅၀၅)(ခ) နဲ့  တရားစွဲမယ်လို့   ပြောတဲ့  အကြောင်း  ဦးလေးကို  ပြောပြနေတုံး..တာဝန်ကျ ရဲတယောက်က   ဆက်မပြောဖို့  တားပြီး ကျမကို  အပေါ်ထပ် အချုပ်ခန်းကို ပြန်ပို့လိုက်  ပါတယ်..။
       အပေါ်ထပ်  ရော က်တော့    ကျမသူငယ်ချင်း  ရဲအရာရှိဟောင်း အချုပ်သားကြီး နိုးနေပါပြီ..။ကျမ
ခင်ပွန်းနဲ့ လည်း သိကျွမ်းသူမို့   စကားလက်ဆုံကျနေပါတယ်..။ကျမတို့ အဖမ်းခံရတဲ့  ကိစ္စနဲ့  ပတ်သက်ပြီး
ပြောနေတာပါ..။သူက  အမှုထဲက  ကျမ ကို  လွတ်အောင် ရုန်းထွက်ဖို့ ပြောပါတယ်..။လင်မယားနှစ်ယောက် စလုံးကျရင်  နစ်နာတယ်..။ကျမက မိန်းမသားလဲ ဖြစ်လို့   ထောင်မကျအောင် ရုန်းထွက်ပါတဲ့ ..။သူစကားကေ စတနာ ဘယ်လောက် ပါမပါ..သူပဲ အသိဆုံးနေမှာပါ..။

ကျမက
“ ကျမတို့ကို ဖမ်းထားတာကိုက အပြစ်မရှိပဲ ဖမ်းထားတာ..။လွှတ်ရင် နှစ်ယောက်စလုံး လွှတ်ရမယ်..။အခုလဲ  မတရားဖမ်းထားတာမှန်း  လူတိုင်းသိတယ်..။နောက်ပြီး    ညက ရဲတွေ      စစ်တုန်းကလည်း  ကျမတို့က  အမှန်အတိုင်းပဲ ဖြေထားတာ..။ဘာတခုမှ လိမ်ဖြေထားတာ မရှိဘူး..။သူတို့တွေတောင်     လမ်းပေါ်တက်ပြီးေ အ်ာခွင့်ရှိတဲ့  နေရာမှာ ကျမတို့က  ကိုယ့်အိမ်ရှေ့ ပရ၀ုဏ်မှာ ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်တာ..။ဘာအပြစ်မှ မရှိဘူး..။နေပါဦး..ကျမကို  ဘယ်လိုရုန်းထွက် ခိုင်းတာလဲ” လို့  မေးတော့..သူက

  “ကျမ မသိပါဘူး ပေါ့..။ကျမ ယောက်ျား ပဲ  ဆန္ဒဖော်ထုတ်တာပါလို့  ပြောပေါ့..။နောက်ပြီး  ရဲစစ်ချက်က သက်သေ မ၀င်ဘူး..။တရားရုံးစစ်ချက်ကပဲ အတည်..” လို့   ပြောပါတယ်..။

ကျမ  ပြုံးလိုက်မိတယ်..။
“ ကျေးဇူးတင်ပါတယ်..။ကျမတို့ နှစ်ယောက်စလုံး  ကိုယ့်ဆန္ဒကိုယ် ဖော်ထုတ်တာ..။ဘာအပြစ်မှ မရှိဘူး..။ကြံဖန် အပြစ်ရှာချင်လည်း  ရှာ..။အတိုက်အခံ နိုင်ငံရေးမိသားစုကမို့   ကျမတို့ကို ကြံဖန် ဖမ်းချင်လည်း ဖမ်းပေတော့..။ကျမတို့က  ကိုယ်ပိုင် ယုံကြည်ချက်တွေ  နဲ့   ရပ်တည်နေတာ..။ခုတမျိုး
တော်ကြာ တမျိုး ပြောပြီး  လိမ်နေတဲ့  သူတွေ မဟုတ်ဘူး..။အမှန်တရားအတိုင်းပဲ ဆက်ရင်ဆိုင်သွားပါမယ်”

        ခနကြာတော့   အဲဒီ သူငယ်ချင်း ရဲအရာရှိဟောင်း အချုပ်သားရဲ့   သားကလေးက သူ့အဖေကို  လာတွေ့ ပါတယ်..။သူ့အဖေနဲ့  တွေ့ တော့..ကလေးက ကြူကြူ ပါအောင် ငိုပါတယ်..။သူတို့ သားအဖရဲ့  လွမ်းခန်းက ကျမတို့လင်မယားကို စိတ်ထိခိုက်စေပါတယ်..။ကျမတို့ သားလေးကို ကျမတို့ နှစ်ယောက်စလုံး  သတိရ သွားမိတာပါပဲ..။ချက်ချင်းပဲ ကျမတို့  ဖာသာ ပြန်ထိန်းလိုက်နိုင်ပါတယ်..။

        နေ့လည် (၂)နာရီ လောက်မှာ  ကျမတို့ကို   တရားရုံးသွားဖို့  ဆိုပြီး တံခါးဖွင့်ခေါ်ပါတယ်.။အောက်ထပ်ကို ရောက်တော့  ရန်ကုန်ကနေ  ရောက်လာတဲ့  ကျမ ညီမလေးမယုနဲ့  ဦးလေးကို  တွေ့ လိုက်ရတယ်..။ညီမလေးက အိမ်အတွက်  ဘာမှ မပူနဲ့ ..။ဆန်စက်က အလုပ်သမားတွေကိုလဲ သူသွားပြီးအားပေးထားပြီးပြီ.။  မမတို့   ယုံကြည်ချက် အတိုင်းသာ  ဆက်လုပ်လို့   အားပေးပါတယ်..။တကယ်တော့  ညီမလေးမှာလည်း  စာမေးပွဲဖြေလက်စ သားလေးတယောက်ကို  သူ့အဖေနဲ့ ထားခဲ့ ပြီး ..အလုပ်အကိုင် စီးပွါးရေးတွေကို ထားခဲ့ ပြီး..၄နှစ်ရွယ် သားငယ်လေးကို  ခေါ်ပြီး  ကျမတို့ အရေးကြောင့် ပြေးလာခဲ့ ရရှာပါ..။

ကျမလဲ   ညီမလေးကို  မြင်လို့  သူ့ကို  အားနာနာနဲ့ ပဲ..အတော့်ကို လည်း  အားရှိသွားပါတယ်..။ကျန်တဲ့  ညီအမတွေကလည်း အဝေးရောက်နေတဲ့သူနဲ့   တက္ကသိုလ်ဆရာမတဦးနဲ့  ဆိုတော့  သူပဲ  လာရတာပေါ့..။နောက်ရက်တွေမှာတော့ တက္ကသိုလ်ဆရာမ  ဖြစ်တဲ့   မမကြီးတယောက် လဲ  ကျောင်းကနေ  လိုက်လာပါတယ်..။သူ့ကို.. နောက်ပိုင်း  နယ်ပြောင်းခံရတာတွေ…အလုပ်မှာ အခက်အခဲ ဖြစ်ရတာတွေ ရှိလာတော့  ကျမစိတ်ထဲမှာ ကိုယ့်ပယောဂကြောင့်များလားလို့   တွေးပြီး  အမြဲ စိတ်မကောင်းဖြစ်ရပါတယ်..။
                ၂နာရီခွဲလောက်မှာ..ကျမတို့ကို တရားရုံးကို  ကားတစီးနဲ့  ခေါ်သွားပါတယ်..။တရားခွင်မှာ ကျမတို့ လင်မယားထိုင်နေတုန်း  ရဲစခန်းမှူးနဲ့   ရဲစုံထောက်တွေလား..ထောက်လှမ်းရေးတွေလား မသိတဲ့  သူတွေက ၀င်လိုက်
် ထွက်လိုက်နဲ့  ယောက်ယက်ခတ်နေတယ်..။
            ခနကြာတော့  တရားသူကြီးက  ရုတ်တရက်  ရောက်လာတယ်..။သူ့စားပွဲ ခုံကနေ  ကျမတို့ကို မကြည့်ပဲ ခေါင်းငုံ့ ပြီး  လက်ထဲက  စာရွက်တရွက်ကို  ပဲ  ဖတ်ပြီး ဆင်းသွားပါတယ်..။သူ ဘာတွေ ဖတ်သွားတယ်  ဆိုတာကိုတောင် မနဲလိုက်နားထောင်ရတယ်..။နောက်ဆုံး နားလည်လိုက်ရတာကတော့
ကျမတို့ကို  ရမန်ကြီး တပါတ် ထပ်ချုပ်ဖို့..လာမဲ့  အောက်တိုဘာ (၃၀)ရက်နေ့ကို  ရုံးချိန်းလာဖို့  ..ဆိုတာပဲ
သိလိုက်တယ်..။ကျမ  ခင်ပွန်းဆီက“ လုပ်ထားပေါ့ကွာ..” ဆိုတဲ့  အသံနဲ့  အတူ..စကားသံတွေ အများကြီး ထွက်လာပါတယ်..။ဘာတွေ မှန်းတော့ကျမ မမှတ်မိတော့ပါဘူး..။မတရား ဘူး..ဆိုတဲ့  စကားတော့  ပါတယ် ထင်ပါတယ်..။ကျမ ရုတ်တရက် သတိရသွားတာက  ကျမတို့ကို  ဥပဒေကြောင်းအရ အကာအကွယ် ပေးဖို့  ရှေ့ နေ  လိုတယ်..။ကျမ စခန်းမှူးကို ပြောလိုက်တယ်..။
                     “ ကျမတို့…ရှေ့ နေငှားမယ်..။ရှေ့ နေငှားဖို့ စီစဉ်ပေးပါ”
စခန်းမှူးက “ နောက်ရုံးချိန်းကျရင် စီစဉ်ပေးပါ့မယ် ” တဲ့ ..။ကျမ ခင်ပွန်းကတော့..
                     “ဟေ့..ဘာရှေ့ နေမှ  မငှားဘူး..။တို့ဖာသာ လျှောက်လဲမယ် ”လို့  ပြောလိုက်ပါတယ်..။
     အဲဒီနောက်တော့  ညနေ (၃)နာရီကျော်ကျော် လောက်မှာ  ကျမတို့  လင်မယားကို  ပေါင်းတည်ထောင်ထဲ ပို့လိုက်ပါတယ်..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts