Uncategorized

Ko Marky (88 Generation) – Essay

ကျနော်နှင့် မျိုးမင်းဇော် 
ကိုမာကီ (၈၈မျိုးဆက်)
သြဂုတ် ၁၅၊ ၂၀၁၃


သူ့မျက်နှာက အမြဲတမ်းလိုလို ပြုံးချိုချို။ နေထိုင်ဝတ်စားပုံကလည်း ဘယ်တော့မဆို သေသေသပ်သပ်၊ စမတ်ကျကျ။ ဒါပေမဲ့ လူပုံစံက ခပ်ချောချော ဖြူနွဲ့နွဲ့မို့ဆိုပြီး ခပ်ပျော့ပျော့လို့ ထင်ရင်တော့မှားမယ်။ နိုင်ငံရေးသဘောထားခံယူချက် ခိုင်မာပြင်းထန်တယ်။ စိတ်ဓာတ်က သံမဏိစိတ်ဓာတ်။ အဲဒါ ကျောင်းသားခေါင်းဆောင် မျိုးမင်းဇော်။
၁၉၉၅ခုနှစ်။ ကျနော်က ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာအဓိက ပထမနှစ်ကျောင်းသားကြီးတစ်ယောက်။ အဲဒီ့ကာလက အီးမေဂျာကို ရောက်လာကြတာဟာ စာဂျပိုးတွေ၊ စာတော်တဲ့သူတွေများပါတယ်။ မျိုးမင်းဇော်ကလည်း ကျနော်နဲ့တစ်တန်းထဲ (E-2)က အခန်းဖော်ပေါ့။ ဒါပေမယ့် မျိုးမင်းဇော်က ကျနော့်ထက် အသက်(၁ဝ)နှစ်ငယ်ပါတယ်။ အဲဒီ့ကာလက (ဒေါ်အောင်ဆန်း စုကြည် ပြန်လည်မလွတ်မြောက်မီအချိန်အထိ)နိုင်ငံရေးလှုပ်ရှားမှုတွေ လုံးဝနီးပါးပျောက်ကွယ်နေတယ်။ နဝတစစ်အစိုးရအတွက် အားအကောင်းဆုံးအချိန်ဖြစ်နေတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားအများစုမှာကိုပဲ အကြောက်တရားတွေကြီးစိုးနေတယ်။ ကျောင်းကဲန်တင်းမှာ သူငယ်ချင်းတွေစုထိုင်ကြရင်း နိုင်ငံရေးအကြောင်း စကားစရောက်သွားရင်ကိုပဲ စကားလမ်းကြောင်းလွှဲ တာနဲ့ကြုံရ၊ စကားဝိုင်းက ထသွားတာနဲ့ကြုံရ။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ပြည်သူတွေအရှေ့ကနေ အမြဲတမ်းဦးဆောင်မှု အခန်းကဏ္ဍမှာရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းတော်သားများကို အားမလိုအားမရဖြစ်နေမိတာအမှန်ပါပဲ။
အဲဒီ့ကာလ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ လူမှုရေး၊နိုင်ငံရေးအခမ်းအနားတွေ ကျင်းပလေ့ရှိပါတယ်။ ပိတ်ဆို့တားဆီးမှုတွေ ထုနဲ့ထည်နဲ့ရှိနေချိန်မှာ ရနိုင်သလောက် ကြိုးစားပြီးထိုးဖောက်ကြတာပါ။ ၁၉၉၅ခုနှစ်၊သီတင်းကျွတ်လပြည့် နေ့မှာ အစဉ်လာရှိနိုင်ငံရေးသမားကြီးတွေကို ဂါရဝပြုကန်တော့ပွဲကနေ စတာပါပဲ။ ရဲဘော်သုံးကျိတ်ဝင်ဗိုလ်မှုးအောင်ကအစ၊ ဆရာကြီးမင်းသုဝဏ်တို့အလယ်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့အဆုံးပေါ့။ မြန်မာ့နိုင်ငံရေးအပေါ်မှာ တစ်နည်း နည်းနဲ့ ကျေးဇူးရှိခဲ့သူတွေကို ဂါရဝပြုကန်တော့ကြတာပါ။ အဲဒီ့ပွဲတွေမှာပဲ မျိုးမင်းဇော်ကို ကျနော်စတင်သတိထားခဲ့မိတာပါ။ ကျောင်းသားတွေ ဒီလောက်နိုင်ငံရေးနဲ့ဝေးနေကြချိန်မှာ မျိုးမင်းဇော်က တက်တက်ကြွကြွ၊သတ္တိရှိရှိနဲ့ ခြံထဲအထိလာရဲတာကို ကျနော်ကအံ့သြဝမ်းသာနေတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားဆိုပေမယ့် နိုင်ငံရေးနဲ့ပတ်သက်လို့ ငထုံငအတွေက အများသား။ “ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီ” ဆိုတော့”ဘယ်တုန်းက အဖမ်းခံနေရလို့လဲ” ဆိုတဲ့သူနဲ့၊”ဟင် သူက ရှိသေးလို့လား။ နိုင်ငံ ခြားကို ပြန်သွားပြီမဟုတ်လား” လို့ ဆိုတဲ့သူနဲ့။ ဘယ်လောက်ထိလဲဆို တက္ကသိုလ်ရိပ်သာလမ်းမပေါ်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့မှာ စနေ၊တနင်္ဂနွေ အပတ်စဉ်တရားပွဲရှိတာကို လုံးဝမသိတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေမှ အများကြီး။ အဲလို အခြေအနေမှာ မျိုးမင်းဇော်ကို ခြံထဲကအခမ်းအနားတွေမှာတွေ့ရတော့ ကျနော်အံ့သြဝမ်းသာမိတာအမှန်ပဲ။
ဒီလိုနဲ့ ကျနော်တို့ စုဖွဲ့ထားပြီးဖြစ်တဲ့ Democratic Association of Youth and Student (DAYS) ဆိုတဲ့အဖွဲ့လေးထဲမှာ မျိုးမင်းဇော် ပါဝင်လာတယ်။ ကျနော်တို့နဲ့အတူ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်ခဲ့တယ်။ ကျောင်းထဲမှာ စာတွေဝေကြ၊ စာတွေကပ်ကြ ပေါ့။ အဲဒီ့အချိန်က ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာလို့နိုင်ငံရေးမျှော်လင့်ချက်တွေ ပြန်လည်နိုးကြားလာတာ ကလွဲရင်၊ နဝတစစ်အစိုးရရဲ့ဖိနှိပ်မှုက ပြင်းထန်တင်းကျပ်နေဆဲကာလ။မိတ္တူကူးပေးရဲတဲ့ဆိုင်၊စာကူးစက်နဲ့ ကူးပေးရဲတဲ့ဆိုင်တောင်။ မရှိသလောက်။ သူတို့ဆိုင်တွေရဲ့မြင်သာတဲ့နေရာမှာ ချိတ်ဆွဲထားတဲ့ “နိုင်ငံရေးစာရွက်၊စာတန်းများ လက်မခံပါ”ဆိုတဲ့ကြေငြာကို လက်ညှိုးထိုးပြတဲ့ဆိုင်ပဲများတယ်။ နောက်ဆုံးတော့ ကိုယ့်ဘာသာပဲ စာကူးစက်တစ်လုံး စုဝယ်ကြရပါတယ်။ ပုံမှန်ရန်ပုံငွေအတွက် လည်းတစ်ပတ်ကို တစ်ယောက်(၂ဝဝ)ကျပ်စီထည့်ကြရတာပါ။ ကိုယ့်မိဘပေးတဲ့မုန့်ဖိုး၊ ကိုယ့်လုပ်အားခတွေနဲ့ပဲ နိုင်ငံရေးလုပ်ခဲ့ ကြတာပါ။ဘယ်ကအထောက်အပံ့မှ မရပါဘူး။ ယူရကောင်းမှန်းလည်း မသိကြ။ ယူလည်း မယူရဲ့ခဲ့ကြပါဘူး။ မျိုးမင်းဇော်ဆိုရင် အဲဒီ့အချိန်က ရပ်ကွက်ထဲမှာ ရေပိုက်နဲ့ရေလိုက်ထည့်ပေးရတဲ့အလုပ် လုပ်ပါတယ်။သူ့မိသားစုရဲ့ အလုပ်ပါပဲ။ အဲဒီ့အတွက် သတ်မှတ်ထားတဲ့လုပ်အားခ သူရပါတယ်။ အဲဒီ့လုပ်အားခထဲကနေပဲ သူရန်ပုံငွေထည့်ဝင်ပါတယ်။ ကျနော်တို့ ကြေညာချက်တွေ ထုတ် ဖြစ်ကြတဲ့အခါ၊ RC 2 ထဲမှာသာမက၊ Main ထဲမှာပါ စာသွားဝေကြ၊ ကပ်ကြပါတယ်။ ကျနော်တို့သူငယ်ချင်းတွေ (၈) ယောက်၊ သို့မဟုတ် (၁ဝ) ယောက်လောက်ပါလေ့ရှိပါတယ်။ ဒီလိုအခါမျိုးမှာ မျိုးမင်းဇော်က အလွန်တည်ငြိမ်ပါတယ်။ သူများတွေက စာသာ ဝေနေရတယ် ဘယ်သူကများ၊ ဘယ်ထောင့်ကနေ ထွက်ဖမ်းမလဲ ဆိုတာမျိုးနဲ့ ကျီးကြည့်၊ကြောင်ကြည့်ပေါ့။ မျိုးမင်းဇော်ကတော့ အေးဆေးပဲ။ အန္တရာယ်ရှိတဲ့အလုပ်တစ်ခုကို လုပ်နေတာနဲ့တောင်မတူဘူး။ လမ်းဘေးမှာ ကလေးလူငယ်လေးတွေ ကျူရှင်စာရွက် ဝေနေတဲ့အတိုင်းပဲ။ သူ့မျက်နှာမှာ ဘာအကြောက်တရားမကှိုမရှိတာ။ ငြိမ်းချမ်းကြည်လင်လို့။ 
၁၉၉၆ခုနှစ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့(ကိုဖုန်းမော်နှစ်ပတ်လည်နေ့)မှာတော့ လှုပ်ရှားမှုတစ်ခုလုပ်ဖို့ ကျနော်တို့ ကြိုးစား ခဲ့ကြပါတယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ ဖဲပြားလေးတွေ ရင်မှာထိုးပြီး ကျောင်းထဲမှာလှည့်လည်ကြမယ်ပေါ့။ မင်္ဂလာ ဈေးမှာ အနက်ရောင်ပိတ်စဝယ်။ ဖဲပြားဖြစ်ဖို့ကတော့ မျိုးမင်းဇော်ရဲ့ အစ်မတွေက တာဝန်ယူချုပ်လုပ်ပေးကြပါတယ်။ သူ့အစ်မတွေက အခု ဂွတ္တလစ်၊ အာဇာနည်လမ်းအဆုံးမှာရှိတဲ့”သူရိန်စတိုး”နေရာ၊ အရင်အိမ်ဟောင်းလေးမှာ စက်ချုပ်ဆိုင်ဖွင့်ထားတာလို့ထင်ပါ တယ်။ ကျနော်တို့သာ တစ်စုံတစ်ခုဖြစ်ရင်တော့ သူ့အစ်မတွေပါ အဖမ်းခံရမှာအသေချာပါပဲ။ မတ်လ(၁၃)ရက်နေ့မနက်မှာ ကျနော် တို့အဖွဲ့ ထဲက မြန်မာစာမေဂျာသမားတွေက ကျူတိုရီရယ်ရှိတော့ သူတို့မြန်မာစာအခန်းမှာပဲ စုရပ်လုပ်ဖြစ်ခဲ့ကြတယ်။ သူတို့ကျုတိုရီရယ်ပြီး တာနဲ့ ရင်ထိုးတွေထိုးပြီး ကျောင်းထဲမှာ လှည့်ဖို့လုပ်ကြတယ်။ ဒါပေမဲ့ ကျနော်တို့တောင် အခန်းထဲကမထွက်ရသေးပါဘူး။ ဆရာတွေ နဲ့ ကျောင်းကလုံခြုံရေးဝန်ထမ်းတွေရောက်ချလာပြီး ကျနော့်ကိုသီးခြားခေါ်ထုတ်တယ်။ အဆောင်တွေအလယ်လောက်မှာ ယာယီ တဲထိုးပြီး ရုံးခန်းဖွင့်ထားတဲ့ လုံခြုံရေးစခန်းကိုခေါ်သွားတယ်။ ကျနော်တို့ အီးမေဂျာက ဌာနခွဲမှူး ကထိကဆရာမကြီးလည်း ရှိနေ တယ်။ ကျနော့်ကို အမျိုးမျိုးဖျောင်းဖျပြီး ရင်ထိုးဖြုတ်ပေးဖို့ပြောတယ်။ ကျနော်ဘာသာတော့ လုံးဝဖြုတ်မပေးနိုင်ဘူးဆိုတော့၊ သူတို့ ဘာသာ တောင်းတောင်းပန်ပန်နဲ့ဖြုတ်ယူထားလိုက်ကြတယ်။ ပြီးတော့ အိမ်ပြန်ခိုင်းတယ်။ “ဆရာမကြီးတို့ကျောင်းက လက်မခံရင် တော့ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်က အခမ်းအနားကိုသွားမှာ”ဆိုတော့ “သွားချင်လည်းသွားပါသားရယ်။ ကျောင်းထဲ မှာဆိုရင်တော့ ဆရာမကြီးတို့မှာ တာဝန်ရှိနေလို့ပါ “တဲ့။ ကျနော် လုံခြုံရေးစခန်းက ပြန်ထွက်လာတော့ ခပ်လှမ်းလှမ်း ကနေ ဝိုင်းကြည့်နေကြတဲ့ သူငယ်ချင်းတွေက လက်ခုပ်တီးပြီးကြိုကြတယ်။ မျိုးမင်းဇော်က နောက်ထပ်ဖဲပြားလေးတစ်ခု ထပ်ထိုးပေးတယ်။ ပြီးတော့ ကျနော်တို့တတွေ ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာကျင်းပမယ့်၊ လူ့အခွင့်အရေးနေ့ကိုသွားကြတယ်။ နောက်(၃) ရက်အ ကြာ၊ တံတားနီနေ့မှာလည်း ကျနော်တို့တတွေစုပြီး အင်းယားကန်ဘောင်ပေါ်သွားခဲ့ကြပါသေးတယ်။ ဂစ်တာတွေတီးပြီး နိုင်ငံရေး သီချင်းတွေ ဆိုခဲ့ကြတယ်။ အတက်ကြွဆုံးကတော့ မျိုးမင်းဇော်ပါပဲ။ ထောက်လှမ်းရေးတွေ ဝိုင်းဝိုင်းလည်နေပေမယ့် ဘယ်သူမှ မမှုခဲ့ကြပါဘူး။ 
မေလထဲ အရောက်မှာတော့ ကျနော်တို့တတွေ တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားခဲ့ကြ ပါတယ်။ အမှန်ဆိုရင် ကျနော်တို့အနေနဲ့ နိုင်ငံရေးကို အဲလောက်အထိ အရှိန်မြှင့်ဖို့၊ ခပ်သွက်သွက်လှမ်းဖို့ အစီအစဉ်မရှိပါဘူး။ အခု နှစ်မှာမှ တက္ကသိုလ်အတန်းက (၄)လကနေ (၆)လ ဖြစ်လာတာ။ မူလအစီစဉ်တိုင်းဆိုရင်၊ အခုနှစ်မှာ စည်းရုံးရေးကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ ရှေ့နှစ်ကျမှ လှုပ်ရှားမှုတွေကို တွန်းလုပ်ကြမယ်ပေါ့။ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပြန်လည် လွတ် မြောက်လာပြီးနောက်ပိုင်း၊ ပြင်ပနိုင်ငံရေးအခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ကျနော်တို့ထိန်းညှိခဲ့ရပါတယ်။ ကျနော် တို့(DAYS) အဖွဲ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေြး ဖစ်ခဲ့ကြပါတယ်။ကျနော်တို့အတွက် ခွန်အား တွေအများကြီး ဖြစ်ခဲ့ရပါတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂကိုပြန်လည်အသက်သွင်းတဲ့အခါမှာ စစ်အစိုးရရဲ့ အသုံးချခံ ဖြစ်သွား မှာမျိုးကိုလည်း စိုးရိမ်စိတ်နဲ့ သတိပေးဖူးပါတယ်။ 
ဒါ့ကြောင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂကို ကျောင်းသားအားလုံးရဲ့ အရှေ့မှာပဲ ပွင့်ပွင့်လင်းလင်းဖွဲ့စည်းဖို့ မျိုးမင်းဇော်က အဆိုပြုပါတယ်။ သူအဆိုပြုတဲ့အတိုင်းပဲ ကျနော်တို့တတွေ ကြေညာချက်တစ်စောင်ထုတ် ပြန်ပြီး ကျောင်းသားထုကို အသိပေးလှုံ့ဆော်ခဲ့ပါတယ်။ အဲဒီ့ကြေညာချက်ကို RC 2 ထဲမှာ အရင်ဖြန့်ပါတယ်။ ပြီးတဲ့အခါ ရန်ကုန် တက္ကသိုလ်ပင်မ၊ RC 1,3 နဲ့ ဒဂုံတက္ကသိုလ်၊ ဆေးတက္ကသိုလ်တို့ကို ဖြန့်မယ်ပေါ့။ ဒါပေမဲ့ RC 2 ထဲမှာ ဖြန့်ချိနေတုန်းမှာပဲ ကျနော်တို့ တတွေ အဖမ်းခံလိုက်ရပါတယ်။ လက်ပတ်နီ ပတ်ထားတဲ့ ကျောင်းလုံခြုံရေးတွေကဖမ်းပြီး ကျောင်းအုပ်ကြီးရုံးခန်းကို ခေါ်သွားတာ ပါ။ စာဖြန့်ဝေတဲ့သူ(၁၂)ယောက်လောက်ထဲမှာ ကျနော်နဲ့ ကိုအောင်နိုင်ဦး(မဟာသိပ္ပံအရည်ချင်းစစ် အပိုင်း၊က၊ သတ္တဗေဒ)ကို အရင်ဖမ်းပါတယ်။ ပြီးတော့ ကျနော်တို့ကို လှိုင်မြို့နယ် မဝတကိုပို့တယ်။ အဲဒီ့မှာမှ ထောက်လှမ်းရေးက MI 7 ကိုခေါ်သွားတာပါ။ ကျနော်တို့ အဖမ်းခံရပြီးကတည်းက ကျန်ရစ်ခဲ့တဲ့မျိုးမင်းဇော်တို့ကနေ့စဉ်နံနက်တိုင်းမှာ ကျောင်းအုပ်ကြီးရုံးခန်း ကိုသွားလိုက်၊ အီးမေဂျာဌာနမှူးရုံးခန်းကိုသွားလိုက်နဲ့ ကျနော်တို့တတွေကို ပြန်လွှတ်ပေးဖို့၊ ဒါမှမဟုတ် ကျနော်တို့တတွေကို ဘယ်မှာထားတယ် ဆိုတာအသိပေးဖို့ သွားတောင်းဆိုကြပါတယ်။ 
ဇွန်လကုန်ပိုင်းမှာတာ့ အဲဒီ့လိုနေ့စဉ်သွားတောင်းဆိုတဲ့အထဲက ကိုကျော်သောင်း (မဟာသိပ္ပံအရည်ချင်းစစ်အပိုင်း၊ခ၊သတ္တဗေဒ)နဲ့ ကိုဇော်ဝင်းသန်း( ပထမနှစ်၊မြန်မာစာအဓိက)တို့ ထပ်ပြီးအဖမ်းခံရ ပါတယ်။ ကျနော်တို့(၄)ယောက်စလုံး အလုပ်နဲ့ ထောင် ဒဏ်(၁၃)နှစ်စီကျခဲ့ပါ တယ်။ ကျနော်တို့ရဲ့စစ်ကြောရေးတွေမှာတော့ မျိုးမင်းဇော်နဲ့ ပတ်သက်တာမှန်သမျှကို ရှောင်ရှားဖြေဆိုခဲ့ကြပါတယ်။ ဆက်လက်ပြီး လှုပ်ရှားဆောင်ရွက်နိုင်စွမ်းရှိသူမို့ သူ့အတွက် အညိအစွန်းမ ရှိအောင် ကျနော်တို့တတွေ ဖုံးဖိနိုင်ခဲ့ကြပါတယ်။ ကျနော်တို့ ယုံကြည်မျှော်လင့်ထားခဲ့သလိုပါပဲ၊ မျိုးမင်းဇော်ဟာ ၁၉၉၆/၉၈ ကျောင်းသားလှုပ်ရှားမှုတွေမှာ ဦးဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်နိုင်ခဲ့ပါတယ်။ သူ ထောင်ထဲရောက်မလာခဲ့ပေမယ့် သူ့ရဲ့လှုပ်ရှား မှုသတင်းတွေကိုတော့ ကျနော်တို့တတွေ ကြားသိနေခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၉၈ ကျောင်းသားလှုပ်ရှားမှုအပြီးမှာတော့ မျိုးမင်းဇော် အဖမ်းခံလိုက်ရပြီဆိုတဲ့အကြောင်း ကြားသိလိုက်ရပါတယ်။ 
သဘောထားခိုင်မာပြင်းထန်တဲ့ မျိုးမင်းဇော်နဲ့၊ သူ့အပေါ် အညှိုးကြီးတဲ့ စစ်အစိုးရတို့ရဲ့ ဆုံဆည်းမှုရလာဒ်ကတော့ ထောင်ဒဏ်အနှစ်(၄၀) ကျော်ပါပဲ။ 
သူထောင်ကျပြီးတော့ ပုသိမ်ထောင်ကို အပြောင်းရွှေ့ ခံရပါတယ်။ ၂ဝဝဝခုနှစ်၊ ပုသိမ်ထောင်အုံကြွမှုမှာ ဦးဆောင်လို့ဆိုပြီး မန္တလေးထောင်ကို ထပ်မံအပြောင်းရွှေ့ခံရပါ တယ်။ အဲဒီ့အချိန် ကျနော်တို့က မြစ်ကြီးနား ထောင်ထဲမှာပါ။ ရေဒီယိုအစုတ်ကလေးနဲ့ သတင်းတွေ ခိုးနားထောင်ခွင့်ရနေပြီမို့၊ သူနဲ့ပတ်သက်တဲ့ သတင်းတွေကို မကြာခနကြားသိနေရပါတယ်။ သူ့ကို အကြောင်းပြုပြီး သူ့အစ်မတစ်ယောက် အဖမ်းဆီးခံခဲ့ရတာ ကိုလည်း ကြားသိ လိုက်ရပါတယ်။ သူ့အပေါ် ထောင်အာဏာပိုင်တွေက အညှိုးကြီးကြီးနဲ့ မတရားဖိနှိပ်ခဲ့တာတွေ၊ သူ့ရဲ့ထောင်တွင်း တိုက်ပွဲတွေကို လည်း ကြားသိနေရပါတယ်။ နောက်တော့ မျိုးမင်းဇော်ကို လူသူအရောက်အပေါက်နည်းတဲ့၊ သွားလာရဘ ခက်ခဲတဲ့ ပူတာအိုထောင်ကို ပို့ပစ်လိုက်တဲ့အကြောင်းကြားသိရပါတယ်။ ၂ဝဝ၁၂ ခုနှစ်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေအနေတစ်ခု ကြောင့် နိုင်ငံရေးအကျဉ်း သားတွေ အတော်များများနဲ့အတူ မျိုးမင်းဇော်လည်း ပြန်လည်လွတ်မြောက်လာပါတယ်။ 
အဲဒီ့အချိန် သူထောင်ထဲမှာ နေခဲ့ရတဲ့ကာလက (၁၄)နှစ်လောက် ရှိခဲ့လိမ့်မယ်ထင်ပါတယ်။ မျိုးမင်းဇော်လွတ်လာတော့ မိသားစုနဲ့ထပ်တူ ကျနော်တို့ဝမ်းသာရမှာလား။မိသားစုနဲ့ထပ်တူ ကျနော်တို့ ကြေကွဲရမှာလား။ အပြုသဘောဆောင်ဖို့ဆိုပြီး ဟိုလူ့ ကျေးဇူးတင်လိုက်၊ ဒီလူ့ကျေးဇူးတင်လိုက်နဲ့ ဆပ်မကုန်တဲ့ကျေးဇူးတရားတွေကို နှုတ်ချိုမြမြ ဖွင့်ဟပေးရဦးမှာလား။ လူတစ်စုအာဏာ တည်မြဲဖို့အတွက် နင်းအချေခံလိုက်ရတဲ့ (ဘယ်တော့မှ ပြန်လည်မရရှိနိုင်တော့တဲ့) ကျောင်းသားလူငယ်တစ်ယောက်ရဲ့ဘဝ ……. ဘယ်သူ့မှာ တာဝန်ရှိသလဲ။ သင်ပုန်းချေပါတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ရော အရာရာကို ပြည်ဖုံးကားချလိုက်ကြရမှာလား။ ကျနော် ကတော့ …. အမြဲတမ်းလိုလို ပြုံးချိုချို။ နေထိုင်ဝတ်စားပုံ သေသေသပ်သပ်၊ စမတ်ကျကျနဲ့ ခပ်ချောချော၊ဖြူဖြူနွဲ့နွဲ့ လူငယ်လေး တစ်ယောက်ကိုပဲ စိတ်ထဲမှာ မြင်ယောင်နေမိတယ်။ ။
(၂၀၁၃ခုနှစ်၊ သြဂုတ်လ၊ ၁၅ရက်နေ့ထုတ် “အာရှအလင်းဂျာနယ်မှ”)

ကိုမာကီး ဖေ့ဘုတ်ခ်မှ ပြန်လည်ကူးယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts