ဟံသာဝတီ ဦးဝင်းတင်

Hanthar Waddy U Win Tin – Articles

အရေးတော်ပုံကြီး ခရီးမဆုံးသေး၊ ကြိုးတန်းလမ်းလျှောက်ပြနေတာမဟုတ်
ဟံသာဝတီ ဦးဝင်းတင်
သြဂုတ် ၁၅၊ ၂၀၁၃


ပြီးခဲ့တဲ့အပတ်က ရှစ်လေးလုံးအရေးတော်ပုံကြီးအကြောင်း ကျုပ်ရေးခဲ့သေးတယ်။ အရေးတော်ပုံကြီး မပြီးသေးကြောင်း ဆိုတာပေါ့။ ဒီအပတ်လည်း အဲဒီမပြီးသေးကြောင်းကိုပဲ ရေးလိုက်ပါရစေဦးဗျာ။ မပြီးနိုင် မဆုံးနိုင်လုပ်နေရမလားဆိုပြီ မာန်ချင်မဲချင်သပဆိုလည်း ခံရမှာပေါ့လေ..။
အရေးတော်ပုံကြီးရဲ့ အထိမ်းအမှတ်ပွဲတွေကို ရန်ကုန်၊ မန္တလေးလို မြို့ကြီးပြကြီးတွေမှာသာမက အခြားမြို့ငယ်၊ မြို့လတ်တွေမှာလည်း တခမ်းတနား အုတ်အော်သောင်းတင်း ကျင်းပခဲ့ကြသဗျ။ ကျုပ်ကတော့ မန္တလေးပွဲနဲ့ ရန်ကုန်ပွဲပဲ နွှဲနိုင်ခဲ့ပါသဗျာ။
မန္တလေးပွဲမှာ ကျုပ်တောပြောတောင်ပြော လုပ်မိသေးတယ်။ အရေးတော်ပုံကြီးမပြီးသေး။ မပြီးသေးတော့ တိုက်ပွဲတန်းလန်းကျန်။ တိုက်ပွဲတန်းလန်းကျန်ရင် တိုက်ပွဲ ဆက်ကြရမယ်။ ဘာညာသာရကာပေါ့။ ကျုပ်က ဒီလောက်ပြောတတ်တာပါ။ စကားထဲမှာ ကဗျာအားတောင် သွင်းမိသေးသဗျာ။ ကဗျာဆရာ ဇေယျာလင်းရဲ့ ‘ကောင်းကင်ကြိုးပေါ် လမ်းလျှောက်ပြနေတာ မဟုတ်ဘူး ကောင်းကင်ရဲ့ ဒေါက်တိုင်တွေကို အကဲစမ်းနေတာ’ ဆိုတဲ့စာကို ကိုးကားမိတာပါဗျာ။ ဟုတ်တယ်လေ။ ကျုပ်တို့တောပြောတောင်ပြော လုပ်နေတာ ကောင်းကင်ကြိုး လမ်းလျှောက်ပြနေတာမဟုတ်ဘူး။ နှစ်ဆယ့်တစ်ရာစုအာဇာနည်အပေါက်မျိုး ချိုးပြနေတာ မဟုတ်ဘူး။ ဦးသိန်းစိန် အစိုးရတို့လို စစ်အာဏာရှင်ခေတ်ရဲ့ဒေါက်တိုင်တွေယိုင် မယိုင်၊ ခိုင်မခိုင် စစ်ကြည့်နေတာပါ။
ဒီနေ့အစိုးရဟာ စနစ်ဟောင်း၊ ခေတ်ဟောင်းအန်ဖက်ပဲ။ သူတို့ဟာ လူထုတွေကို သေနတ်နဲ့ မပစ်ဖောက်နိုင်ရင် ပါးစပ်နဲ့ ဟစ်ခြောက်နေတယ်။ နောက်ပြန်လှည့်မယ်ဆိုတာ ဘယ်ကလာတဲ့ ခြောက်လုံးပတ် အသံတွေလဲ။ သူတို့ဆီကလတဲ့အသံတွေပဲပေါ့။ လူထုကြီးက ကြောက်ဒူးတုန် မယ် ထင်သလား ဝေးသေး။
ဒါနဲ့ မန္တလေးဓမ္မသာလာ ရှစ်လေးလုံးလူထုတွေ့ပွဲမှာ မင်းကိုနိုင်ကဗျာကို ကျုပ်ညွန်းခဲ့သေးတယ်။ ‘ငြိမ်ခံရင် ပင့်ကူမျှင်နဲ့ ငြိနိုင်တယ်။ ရုန်းကန်ရင် သံမဏိကြိုးတောင် ပြတ်နိုင်တယ်’ ဆိုတဲ့စကားပေါ့။ ပြီးတော့ ၂၀၁၀ စက်တင်ဘာ ၂၇ ဒီချုပ်မွေးနေ့မှာ ကျုပ်ပြောခဲ့ (စာအုပ်လည်း ထုတ်ခဲ့) တဲ့စကားကို ညွှန်းခဲ့တယ်။ ရှေးဗမာစကားရှိတယ်။ လှေခွက်ချည်းကျန် အလံမလှဲဆိုတာလောက်နဲ့ တင်းတိမ်းမနေနဲ့။ လှေခွက်မကျန်တောင် မလံမလှဲစိတ်ဓာတ်မွေးကြဟေ့လို့ပေါ့ဗျာ။
သြဂုတ် ၇ ရက်မှာ ကျုပ်မန္တလေးက ပြန်လာခဲ့တယ်။ သြဂုတ် ၈ ရက်မှာ ရန်ကုန်ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ တတ်တယ်။ ရှစ်လေးလုံးသံ ညံညံခြိမ်း၊ ဟိန်းဟိန်းမြည်တဲ့ အရေးတော်ပုံပဲ့တင် သံကြီးကို ကြားရသဗျ။ မျိုးဆက်သစ်ခေါင်းဆောင် မင်းကိုနိုင်ရဲ့စကားဗျ။ နောက်ကြောင်းပြန်ခေတ်ဆုတ်ရင် ‘ရှစ်အုပ်’ တွေနဲ့ တွေ့မယ်လို့ မင်းကိုနိုင်က အပြတ်ပြောလိုက်သဗျ။ ကျုပ်ကရှေ့ဆုံးတန်းထိုင်နေရလို့ပေါ့ဗျာ။ နောက်တန်းမှာသာဆိုရင်လား။ တို့အရေး၊ တို့အရေး။ လက်သီးမြှေက်၊ လက်ရုံးတန်း ဟစ်လိုက်လိုက်ချင်တာဗျို့။ ကျုပ်နဲ့ နာယကကြီး ဦးတင်ဦးရဲ့ဘေးမှာ ထိုင်နေတဲ့ ကြံ့ဖွံ့ ဒုအုပ်ကြီး ဦးဌေးဦးကို လေးစားအားနာလို့ ထိန်းနေလိုက်တာဗျ။ ပြီးတော့ ကျုပ်တို့ ဒီချုပ်ဥက္ကဌကြီးကလည်း “ထိန်းကြ”၊ “ထိန်းကြ” လို့ သူ့မိန့်ခွန်းနဲ့ ဆုံးမထားတယ်လေ။ ဒါနဲ့ကျုပ်လည်း ဣနြေ္ဒသမ္ပတ္တိနဲ့ ငြိမ်စေခံတပ်ညှိနေလိုက်ရတာပေါ့။ ကျုပ်ရဲ့ လက်ခုပ်သံကတော့ တဖြောင်းဖြောင်းပေါ့ဗျာ။
တိုတိုပြောကြပါစို့ရဲ့။
ကျုပ် ဒီဆောင်းပါးရေးချိန်မှာ မန္တလေးရှစ်လေးလုံးပွဲ့ရဲ့ ကြေညာချက်၊ ဆုံးဖြတ်ချက်တို့ကို မဖတ်ရသေးဘူး။ ဘာတွေပြောလဲ မသိရသေးဘူး။ ရန်ကုန်ရှစ်လေးလုံးပွဲရဲ့ ကြေညာစာတမ်းကတော့ အားရစရာပဲဗျာ။ တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများရဲ့ ထုတ်ပြန်ကြေညာစာတမ်းဗျ။
ကြေညာစာတမ်းက-
(၁) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်ထူထောင်ရန် လိုအပ်တယ်လို့ ခံယူတယ်။
(၂) ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အမျိုးသားအင်အားစုများ အားလုံးပါဝင်တဲ့ ညီလာခံကြီးတစ်ရပ်ကျင်းပရန် လိုအပ်တယ်လို့ ခံယူတယ်။
ဒီခံယူချက်များနဲ့အညီ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မပြီးဆုံးသေးတဲ့ တာဝန်များကို ဆက်လက်ထမ်းရွက်သွားမယ်လို့ ကြေညာ လိုက် တယ်ဗျ။
ကောင်းလှပါပေ့ဗျာ။ ထောက်ခံပါတယ်။ ဝန်းရံပံ့ပိုးပါမယ်လို့ ပြောလိုပါတယ်။
အဲဒီကြေညာချက်နဲ့အတူ ငွေရတု ရှစ်လေးလုံးဆွေးနွေးပွဲရဲ့ အကြံပြုချက်တွေကိုလည်း တစ်ထမ်းတစ်ပိုးကြီး ကြေညာလိုက်သဗျ။
အကြံပြုချက်တွေ တစ်ပုံတစ်ပင်ကြီးထဲက ကျုပ်သဘောကျဆုံး၊ သဘောတူဆုံးအချက်တချို့တွေက ဒီလိုဗျ။
ကန့်သတ်ချုပ်ချယ်မှုကင်းတဲ့၊ နှောင်းကြိုးမဲ့တဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးကြေညာပါဆိုတဲ့ အချက်ဗျာ။
စစ်မှန်တဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ စစ်မှန်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြင်ဆင်ရေးဆွဲရန်။
အခြေခံဥပဒေကို ပြန်လည် ဆန်းသစ်ဖို့ လူထုဆန္ဒခံယူပွဲပြုလုပ်ရန်။
တိုင်းပြည်ပြဿနာများကို တွေ့ဆုံဆွေးနွေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းရန်။
ယခင်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားမျှတမှု ဖော်ထုတ်ရန်၊ နစ်နာဆုံးရှုံးမှုများအတွက် ပြန်လည်ကုစားပေးရန်။
တစ်တိုင်းပြည်လုံး၊ တစ်ကမ္ဘာလုံး ချစ်ခင်ကြည်ညိုလေးစားတဲ့ လူထုခေါင်းဆောင်သမ္မတ ဖြစ်လာရန်ဆိုတဲ့ အချက်တွေပါပဲဗျာ။
နောက်ဆုံးအချက်ကတော့ ကျုပ်တို့ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းပဲဗျ။
အစိုးရကို ဆန့်ကျင်သွားကြမလား။
လုပ်စေချင်တာ အစိုးရကို ခိုင်းသွားကြမလား။
အစိုးရနဲ့ တွဲလုပ်သွားကြမလား။
ဒီနည်းလမ်းသုံးခုကို သူ့နေရာနဲ့သူ ပေါင်းလုပ်ကြမလားဆိုတာတွေပါပဲ။
ကိုင်း နိုင်ငံရေးအင်အားစုတွေ ဘာလုပ်ကြမလဲ။ အားလုံး စုပေါင်းလုပ်ကြမှာလား။
ဒါမှမဟုတ် ဘယ်နည်းဘယ်ပုံလဲ။ ။
ဟံသာဝတီဦးဝင်းတင် 

ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အတွဲ(၃၁)။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts