Uncategorized

Burmese food for tourists


မြန်မာပြည်ရောက်မည့် ဧည့်သည်တို့ မြည်းကြည့်သင့်သော အစားအစာ ၁ဝ မျိုး
သာလင်း
သြဂုတ် ၁၆၊ ၂ဝ၁၃

ကမ္ဘာကျော် Time မဂဇင်း၏ အွန်လိုင်းစာမျက်နှာရှိ ခရီးသွားကဏ္ဍ ဆောင်းပါး တစ်ပုဒ်တွင် မြန်မာပြည်အလည်သွားသူများ မြည်းစမ်းကြည့်သင့်သော အစားအသောက် ဆယ်မျိုး အကြောင်း ဖော်ပြထားသည်။

အရှေ့တောင်အာရှဒေသအများစုကဲ့သို့ပင် မြန်မာပြည်ရှိဆိုင်များတွင် တစ်ပန်းကန်ခြင်း ပြင်ဆင်ရောင်းချပေးသည်ကို တွေ့ရှိရမည်ဟု သြဂုတ် ၁၄ ရက်နေ့က ပေါ်ထွက်လာသော အဆိုပါ အစားအသောက်အညွှန်းတွင် ရေးထားသည်။

(အနောက်တိုင်းဆိုင်များတွင် အသုပ်၊ ဟင်းရည်၊ အဓိကဟင်းလျာ စားဖွယ်ရာတို့ကို အစီအစဉ်အတိုင်း ပြင်ဆင် တည်ခင်းပေးလေ့ ရှိသောကြောင့် ယင်းသို့ ရေးသားခြင်း ဖြစ်မည်ဟု ယူဆရသည်။)

မြန်မာပြည်သို့ ရောက်ရှိမည့် နိုင်ငံတကာခရီးသွားများ မြည်းစမ်းသင့်သည်ဟု Time က ညွှန်းသည့် အစားအသောက် ဆယ်မျိုးတွင် ရှမ်းပြည်နယ်မှ အစပြု ပျံ့နှံ့လာသည်ဟု ဆိုနိုင်သည့် စားဖွယ်ရာ ၃ မျိုး ပါဝင်နေ၏။
ငါးထမင်းနယ်၊ ရှမ်းခေါက်ဆွဲ နှင့် တိုဟူးနွေးတို့ ဖြစ်သည်။

စားဖွယ်ရာ ၁၀ မျိုးကို Time တွင် ဖော်ပြထားသည်များကို အစဉ်အတိုင်း ဆီလျော်စွာ ဘာသာပြန် ဖော်ပြအပ်ပါသည်။ ထိပ်ဆုံးတွင် လက်ဘက်သုပ်ကို ထည့်သွင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။

လက်ဘက်သုပ်
မြန်မာနိုင်ငံတွင် အထင်ရှားဆုံး စားဖွယ်ရာမှာ လက်ဘက်သုပ် ဖြစ်ဖွယ် ရှိသည်။ လက်ဘက်နှင့် ပဲမျိုးစုံ သီးခြားစီ တည်ခင်းလေ့ရှိသကဲ့သို့ ရောနယ်ပြီးသုံးဆောင်နိုင်ရန်လည်း တည်ခင်းလေ့ရှိသည့် အချိုပွဲတစ်မျိုးဖြစ်သည်။
ဂေါ်ဖီထုပ် ခေါ် မုန်လာထုပ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုပ်သီးတို့လည်း ပါဝင်လေ့ရှိသည်။ အဆာပြေစားစရာ၊ အချိုပွဲ၊ ထမင်းဝိုင်းအစတွင် သုံးဆောင်သည့် ပဏာမစားဖွယ်ရာအဖြစ် စားသောက်ခြင်းကို တွေ့နိုင်သကဲ့သို့ ထမင်းနှင့် တွဲဘက် စားသည့် ဟင်းလျာတစ်ခွက်လည်း ဖြစ်နိုင်သည်။
အလွန်အကျွံစားသုံးပါက အိပ်ပျော်မည်မဟုတ်ကြောင်း မြန်မာပြည်သားတို့က ပြောဆိုကြသည်။

ငါးထမင်းနယ်
ထမင်းကို ရေချိုငါး၊ ကြက်သွန်ဖြူဆီသတ်တို့နှင့် ရောနယ်ထား၏။ ဆနွင်းမှုန့် ပါ၏။
 ကြက်သွန်မိတ်ဖြူး၊ ဆီရွှဲရွှဲ၊ အနံ့ အတန်အသင့်ပြင်းသည့် ငါးထမင်းနယ်ကို ၀က်ခေါက်ကြော်ဖြင့်လည်း စားကြသည်။

မြန်မာဟင်းလျာ
အဓိကဟင်းလျာတစ်မျိုးဖြစ်သော ဆီပြန်ဟင်းကို ၀က်သား၊ ငါး၊ ပုဇွန် စသဖြင့် နှစ်သက်ရာ ရွေးနိုင်သည်။
ဟင်းရံအများအပြားတွင် အသုပ်၊ အရည်သောက် အနည်းငယ်၊ ဟင်းသီးဟင်းရွက်စုံ၊ ငါးပိရည်၊ ဘာလချောင်ကြော်တို့ ပါဝင်သည်။
မြန်မာထမင်းဆိုင်များတွင် ယင်းတို့ကို စားသောက်ပြီးပါက အချိုတည်းနိုင်မည့် လက်ဘက်သုပ် သို့မဟုတ် ထန်းလျက်ခဲတို့ ရောက်လာပေမည်။

လက်ဘက်ရည်ဆိုင်မှ စားဖွယ်ရာများ
မြန်မာပြည်တွင် လက်ဘက်ရည်ဆိုင် ဆိုသည်မှာ လက်ဘက်ရည်ကိုသာ သီးသန့်ရောင်းသည့်နေရာ မဟုတ်ပေ။
တစ်ဆိုင်နှင့်တစ်ဆိုင်လည်း စားစရာ ရရှိမှု မတူညီပေ။
မြန်မာတို့၏ ဆိုင်များတွင် မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ထမင်းသုပ်တို့ ရနိုင်သည်။
အိန္ဒိယနွယ်ဖွားတို့၏ဆိုင်များတွင်မူ စမူဆာ၊ အာလူး ပူရီ၊  နံပြားတို့ ရနိုင်သည်။
တရုတ်ဆိုင်များတွင် အချိုမုန့်မျိုးစုံ၊ ပေါက်စီ၊ အသားပေါင်းတို့ ရရှိနိုင်သည်။

မြန်မာမုန့်ပဲသရေစာ
မြန်မာမုန့်ုတို့ကို အချိုပွဲအဖြစ် မစားကြဘဲ အဆာပြေအဖြစ်သာ စားသောက်ကြသည်။
အရှေ့တောင်အာရှဒေသတွင်းမုန့်များနှင့် မတူသည့်အချက်မှာ သကြား အထူးပြုခြင်းမဟုတ်သည့်အချက်ပင်။
နို့၊ အုန်းနို့၊ သာကူ၊ အသီးအနှံတို့ ထည့်ထားသည်ကို တွေ့ရမည်။
မုန့်များတွင် ဆနွမ်းမကင်း၊ ဘိန်းမုန့်၊ မုန့်ပျစ်သလက်တို့ ပါဝင်သည်။

အကြော်စုံ
ဆီထဲနှစ်ကြော်သော မုန့်များကို မြန်မာတို့နှစ်သက်ကြသည်။ ကြော်ထားသည့်မုန့်များကို ရှောင်နိုင်မည်မဟုတ်ပေ။
အကြော်စုံ၊ စမူဆာ၊ ကော်ပြန့်ကြော်တို့ကို  လမ်းဘေးဆိုင် သို့တည်းမဟုတ် လက်ဘက်ရည်ဆိုင်တို့တွင် ရှာဖွေတွေ့နိုင်သည်။
မြည်းစမ်းသင့်သော အကြော်တစ်မျိုးမှာ ဘူးသီးကြော် ဖြစ်၏။  ဘူးသီးစိတ်လေးများကို မုန့်နှစ်ဖြင့် ကြော်ထားခြင်းဖြစ်၏။
ဘူးသီးကြော်ပူပူကို မကျည်းသီးနှစ်ဖြင့် လုပ်ထားသော အချဉ်ရည်ဖြင့် တို့စားကြ၏။ တခါတရံ အချဉ်ရည်ထဲ ပဲမှုန့်ထည့်ထားသည်ကိုလည်း တွေ့နိုင်၏။

တိုဟူးနွေး
ပဲကိုအခြေခံထားသည့် တိုဟူးနွေးသည် ရှမ်းတိုင်းရင်းသားတို့၏ စားဖွယ် တစ်မျိုးဖြစ်သည်။
တိုဟူးနွေးကို ခေါက်ဆွဲ၊ ၀က်သား သို့တည်းမဟုတ် ကြက်သားချက်တို့ဖြင့် စီမံကြသည်။ ငရုပ်ဆီဆမ်းသကဲ့သို့ အရွက်တချို့ ပြုတ်ထည့်ထားသည်ကိုလည်း တွေ့နိုင်သည်။

နန်းကြီးသုပ်
မြန်မာပြည်သားတို့က ခေါက်ဆွဲသုပ်ကို နှစ်သက်စွာ စားသုံးတတ်ကြသည်။
အရသာအရှိဆုံးသော ခေါက်ဆွဲသုပ်မှာ နန်းကြီးသုပ်ဖြစ်ဖွယ်ရှိ၏။

ဆန်ဖြင့်လုပ်သာ အမျှင်ကြီးကြီးထူထူ မုန့်ဖတ်ကို ကြက်သားချက်၊ ငါးဖယ်ကြော်၊ ကြက်ဥပြုတ်တို့ဖြင့် နယ်ထားသောအသုပ်ဖြစ်သည်။

မုန့်ဟင်းခါး
တရားဝင် သတ်မှတ်မထားသော နိုင်ငံတော် အစားအစာမှာ မုန့်ဟင်းခါး ဖြစ်သည်။ မုန့်ဟင်းရည်တွင် ငါး၊ ငှက်ပျော်ဖတ်တို့ ပါဝင်သည်။ နံနက်စာအဖြစ် စားသုံးလေ့ရှိသော်လည်း နေ့ရောညပါ ရောင်းကြသည်ကို တွေ့ရှိနိုင်သည်။
မုန့်ဟင်းခါးထဲသို့ ဘဲဥပြုတ်၊ အကြော် တစ်မျိုးမျိုးကို ထည့်စားတတ်ကြ၏။ ချဉ်စပ်အရသာနှစ်သက်သူတို့က သံပုရာ တစ်စိတ်၊ ငရုပ်သီးမှုန့်အနည်းငယ်ထည့်ပြီးသုံးဆောင်တတ်ကြ၏။

ရှမ်းခေါက်ဆွဲ
 ရှမ်းခေါက်ဆွဲကို ကြက်သွန်ကြော်ဆီသတ်၊ ကြက်သား သို့မဟုတ် ၀က်သား ချက်ဟင်း ထည့်စားကြသည်။
အရည်ဖြင့် စားသကဲ့သို့ အရည်မထည့်ဘဲ အသုပ်လည်း စားကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts