ဆောင်းလူ

Saung Luu – Poem

ပြည်တွင်း ရုပ်ရှင်
ဆောင်းလူ
သြဂတ်စ် ၁၆၊ ၂၀၁၃


အခန်း (၁)
အေးအေးဆေးဆေး စာဖတ်နေသူကြီး 
မျက်လုံးလေး တချက်စွေကြည့်ပြီး 
မိန့်မိန့်ကြီး ပြုံးနေစေ …။ 
အခန်း (၂)
ယုဒသန်ခန်းမတ၀ိုက်
ဆိုင်းသံ ဗုံသံ ၀က်ဝက်ညံကွဲပြီး 
အရေးတော်ပုံအောက်မေ့ပွဲ ကျင်းပနေစေ …။
အခန်း (၃)
နယ်စပ်တလျှောက်
စစ်ပြေး စစ်ရှောင် ဒုက္ခသည်စခန်းများအား
တခုခြင်း တခုခြင်း
အနှေးပြကွက်ဖြင့် ပြသနေစေ …။
အခန်း (၄)
ပင်လယ်ရပ်ခြား တိုင်းတပါးသားလှေပေါ်ရှိ
ငါးဖမ်းသား လူငယ် လူရွယ်လေးများ၏
မိဝေး ဖဝေး
အိမ်လွမ်းစိတ်ဝေဒနာအား
နောက်ခံတီးလုံးဖြင့် ဖော်ကျူးနေစေ …။ 
အခန်း (၅) 
ငါးတန်းအရွယ်ကောင်ကလေး
အဖြူအစိမ်းဝတ်
မုန့်ဖက်ထုပ်တောင်းထမ်းပြီး 
ကားလမ်းတလျှောက် ရောင်းချနေစေ …။
အခန်း (၆)
သနပ်ခါးပါးကွက်ကြားနှင့် လယ်သူမကြီး
ထမင်းချိုင့်လေးဆွဲ
လုပ်ငန်းခွင်ရှိရာ စက်ရုံဆီ ခြေလှမ်းနေသည်အား
အနှေးကွက်ဖြင့် ပြသနေစေ …။ 
အခန်း (၇)
စစ်သားတွေ
ဝတ်စုံပြည့် ကျည်အပြည့်နှင့်
သေနတ်ကိုင်ပြီး 
လယ်စောင့်တဲပေါ်တွင် ထိုင်နေစေ …။ 
တချို့
တပ်ပိုင်မြေ မကျူးကျော်ရဆိုင်းဘုတ်ကို စိုက်ထူနေစေ …။ 
အခန်း (၈)
လွှတ်တော်တွင်း
အမတ်မင်းများ 
လက်ညှိုးထောင် ခေါင်းငြိမ့်နေသည်များအား
အနှေးကွက်ဖြင့် ပြသနေစေ …။ 
ဘေးတွင်
တင်သွင်းမည့် ဥပဒေမူကြမ်းများ အပုံလိုက်ရှိနေစေ …။ 
အခန်း (၉) 
ကျောင်းနံရံတ၀ိုက်
အာဏာရှင်နှင့် သူပုန်တို့ ခွက်ခြင်းတိုက်ပြီး
ငြိမ်းချမ်းရေးကို လက်ဝါးခြင်းရိုက် ဈေးညှိနေသည်အား 
တိုးတိုးတမျိုး
ကျယ်ကျယ်တမျိုးဖြင့် ပြောနေစေ …။
အခန်း (၁၀)
လှေကြီးပေါ်တွင်
ရဟန်း ရှင်လူ ကျောင်းသား လူငယ် အရွယ်စုံစုံ အမျိုးစုံစုံဖြင့်
ယီးလေးယို … ယီလေးယိုအား သံကုန်ဟစ်အော်နေစေ …။
ဤတွင် 
ရုတ်တရက် မီးပြတ်သွားစေ …။
ထိုအချိန်တွင်
တရုတ်လုပ် မီးစက်နှိုးသံ
ဖုတ်လှိုက် ဖုတ်လှိုက်လေးအား 
နောက်ခံတီးလုံးဖြင့် ဖန်တီးထားစေ …။
ရုတ်တရက်
ဖြတ်ကနဲ ဖြတ်ကနဲသော မီးရောင်အောက်တွင်
အေးအေးဆေးဆေး စာဖတ်နေသူကြီး
မိန့်မိန့်ကြီး ပြုံးနေသည်အား 
အနှေးပြကွက်ဖြင့် 
တလှိမ့်ခြင်း တလှိမ့်ခြင်း ..ပြသနေစေ ..။
ဤတွင် 
ကားလိပ်တဖြည်းဖြည်းချကာ
ပြည်တွင်း ရုပ်ရှင်အား အဆုံးသတ်စေ …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts