Poems

Saung Yun La – Night and Day , A to Z


“နေ့ ညတွေနဲ့၊ က မှသည် အ အဆုံးထိ”
ဆောင်းယွန်းလ၊ သြဂုတ် ၁၆၊ ၂၀၁၃

ညနေတွေ တခင်းပြီးတခင်း ကျုံးသွင်းခံလိုက်ရတဲ့ ကမ္ဘာနဲ့
သတင်းစာမျက်နှာတွေပေါ်က ဗွက်ပေါက်နေတဲ့ အစက်အပြောက်များ
ချစ်ခင်သူတချို့ထားခဲ့ခြင်းကို ခံခဲ့ရတဲ့ ရှင်သန်မှုတခုနဲ့
နေ့အတုတွေထဲမှာ အသက်လုရှုနေရတဲ့ လက်ကိုင်ဖုန်းတလုံး
ကစားကွင်းတွေထဲက ပေါ့ပါးလွတ်လပ်မှုတချို့ကို
ပြန်ပေးဆွဲသွားတဲ့ နာရီလက်တံများနဲ့
စစ်မီးလျှံထဲမှာ ကျည်ထိုး ဗုံးဆန်ကိုက်ခံလိုက်ရတဲ့ သစ်သီးဝလံများ
တဆစ်ဆစ်နဲ့ ချွေးပြိုက်ပြိုက် လိမ်းသုတ်ခံထားရတဲ့ အလုပ်ခန်းနဲ့
လမ်းမှာတွေ့တိုင်း တလမ်းခြားထားတဲ့ နှစ်လမ်းသွားမျက်နှာတွေ
ဘယ်မှာတွေ့တွေ့ ဘာမှပြောစရာမရှိတဲ့ ပါးစပ်တွေနဲ့
နောက်ကျောတချက်အလှည့်မှာ ဖောင်ဖွဲ့နေတတ်တဲ့ စကားလုံးတွေ
ကနွဲ့ကလျ လမ်းလျှောက်ထွက်တတ်တဲ့ ရာသီပေါ် ရာသီဥတုနဲ့
ကျန်းမာရေးလမ်းကြောင်းကို စီးပွားဖျက်တဲ့ လေထုစိမ်းစိမ်း …
ကလေးအကြောင်း ခွေးအကြောင်းကစလို့
ကမ္ဘာကြီးရဲ့ သာကြောင်းမာကြောင်း အဆုံးထိ
အပြုံးလွှာတွေရဲ့ ခန်းဆီးကန့်လန့်ကာကိုမကြည့်မိတိုင်း
စိတ်ရိုင်းတွေကို ဂူရီးရဲ့ ဗီဇမျိုးစေ့ထဲ ထိုးသိပ်ထည့်ထားရတယ် …
ဝမ်းတထွာအတွက် မရှိမဖြစ်ဝယ်ခြမ်းစရာ စာရင်းဇယားတွေနဲ့
အမြီးတပ်ပြီး လေပေါ်လမ်းသလားနေတဲ့ စိတ်ကူး လေတံခွန်တစင်း
ကျောဖက်ကို တောအမှတ်နဲ့ ချိန်ပြီးပစ်တတ်တဲ့
ဗီတာမင် အေတူဇက် လေးမြား သေနတ်တွေနဲ့
နေ့တဓူဝရဲ့ အားလပ်ချိန်တွေကို ထမင်းလုံးစီတတ်တဲ့ အမနာပ
တနင်္ဂနွေ ရေဒီယိုထဲက အပျင်းပြေခုန်ထွက်လာတဲ့ သံမဏိစိတ်ဓာတ်နဲ့
ဆင်ထောင် ကျားဖမ်းဖို့ ငှက်ပစ်နေတဲ့ တရားစခန်း
စာအုပ်ထူထူ စကားလုံးပါးပါးတွေ ရောင်းကောင်းတဲ့ခေတ်နဲ့
စကားဝိုင်းမှာ သေနတ်မောင်းတင်ပြောရမယ့် ရာဇဝင်
တိုက်စစ်မှုးတွေက ဒိုင်ဖြစ်သွားတဲ့ မိုးထဲလေထဲက ဘောလုံးပွဲနဲ့
သွေးညှီနံ့တွေ စွန်းပေလို့ မေးခိုင်ပိုးတွေ တောင်လိုပုံနေတဲ့ ဆေးရုံ … 
မိုးပေါ်ထောင်ပစ်တတ်တဲ့ ဗိုလ်အောင်ဒင်အကြောင်းကစလို့
အောင်နက်နဲ့ ဂုတ်ကျား လန်ထွက်နေတဲ့ မာန်တက်ချက်ထိအဆုံး
လေဒီကြီးတွေရွဲ့ဆံထုံးကို ဂတုံးတုံးကြည့်ရင်
အတွေးအားလုံးကို ကားစင်တင်မီးရှို့ တမလွန်မြို့ဆီပို့ထားရတယ် …

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts