သတင်းဆောင်းပါး သာဂိ နိုင်ငံတကာရေးရာ

မိုက်ခဲစိန် – အမေရိကားမှာ ရွေးကောက်ပွဲဝင်ပြီး ဂေါ်လီ လုပ်ချင်တယ် ဆိုလို့

 

မိုက်ခဲစိန် –    အမေရိကားမှာ ရွေးကောက်ပွဲဝင်ပြီး ဂေါ်လီ လုပ်ချင်တယ် ဆိုလို့

(မိုးမခ) မေ ၁၉ ၊ ၂၀၁၆

အမေရိကန်သမ္မတလောင်းအဖြစ် အရွေးခံဖို့ ထိပ်ကပြေးနေတဲ့ ဒေါ်နယ်ထရန့်ဟာ လက်ရှိ ၀င်ငွေ အမေရိကန်ဒေါ်လာ ၅၅၇ သန်း ရှိပါသတဲ့။ သူသမ္မတ၀င်ရွေးမယ် လို့ ပြင်ဆင်ကတည်းက လွန်ခဲ့တဲ့ ၁၇ လအတွင်း သူ့စီးပွားရေးလုပ်ငန်းတွေဟာ သန်း ၁၉၀ ဘိုး တိုးတက်လာခဲ့သတဲ့။ သူ့ကို ငွေကြေးထောက်ပံ့ အားပေးဖို့ ပါတီက တွန့်ဆုတ်နေလည်း ကိစ္စ မရှိပါဘူးတဲ့။ သူပိုင်ဆိုင်တဲ့ အဆောက်အဦတခုခု လုပ်ငန်းတခုခုကို ဘီလျံဒေါ်လာနဲ့ ရောင်းပြီး ရွေးကောက်ပွဲဘိုး ရှာနိုင်ပါသတဲ့လေ။ သမ္မတဖြစ်ချင်တဲ့ လုပ်ငန်းရှင်ကြီး ဒေါ်နယ်ထရန့်က သူ့ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့အစည်းအတွက် အမေရိကန် ဒေါ်လာ သန်း ၁၀ ဂဏန်း နီးပါး အသုံးစာရိတ်ကို ခုချိန်ထိ စိုက်ထုတ်ပေးထားတာ မဟုတ်ပါဘူး။ သူ့လုပ်ငန်းကနေ တဆင့် ချေးငှားထားတာပါ။ တကယ်တန်း သမ္မတလောင်းအဖြစ် ပါတီ (ရီပတ်ဘလစ်ကန်ပါတီ)က အတည်ပြုပြီးမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ဖို့ တရားဝင် လက်ခံမှသာ သူက အဲသည် ချေးငွေကတဆင့် ကွန်ထရီဗြူးရှင်းလို့ခေါ်တဲ့ ကိုယ်တိုင်မတည်ငွေအဖြစ် ထည့်ဝင်မှာပါ။ သူ သမ္မတလောင်အဖြစ်ကနေ ရှုံးသွားရင် သူက သူ့ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင်ကို အကြွေးပြန်တောင်း၊ အရှုံးပြပြီးတော့ အမြတ်ပြန်ထုတ်ဦးမယ့် သဘောပါခင်ဗျာ။ အဲသလို လုပ်ငန်းရှင်ကြီး ဓနရှင်ကြီး အရင်းရှင်ကြီးကို အမေရိကန်က လူဖြူ ကျောမွဲတွေ၊ မျိုးချစ်တွေ၊ လက်ယာအစွန်းရောက်တွေက အလွန်တရာ ကြည်ညိုလေးစား ကိုးကွယ်ပြီး သူတို့ကောင်းစားရေးအတွက် ထရန့်ကြီးကို သမ္မတအဖြစ် တင်မြှောက်ချင်ကြသတဲ့လေ။

လက်ရှိသမ္မတကြီး အိုဘားမားဟာ ဒေါ်လာ ၁၂ သန်း တန်ဖိုးရှိပါတယ်။ သူ့အရင် မစ္စတာဘွတ်ခ်ျက ဒေါ်လာ သန်း ၂၀ ဖိုး ဓနဥစ္စာ ရှိပါသတဲ့။ သမ္မတလောင်း ဖြစ်ချင်တဲ့ မစ္စစ်ကလင်တန် က ဒေါ်လာ ၃၁ သန်း ဘိုး ရှိပြီး၊ သမ္မတဟောင်း ကလင်တန်က ဒေါ်လာ သန်း ၈၀ တန်ဘိုး ရှိပါတယ်။ တန်ဘိုးဆိုတာက သူတို့ရဲ့ ၀င်ငွေ၊ ရင်းနှီးမြုတ်နှံမှု၊ လုပ်ငန်း၊ ပိုင်ဆိုင်မှုတွေကို တွက်ချက်တာ ဖြစ်ပါတယ်။ ကလင်တန်ပြိုင်ဘက် လက်ဝဲဆန်သူ ဒီမိုကရက် ဆီနိတ်တာအမတ် ဘာနီဆင်းဒါးက ဒေါ်လာ ၅ သိန်းပဲ တန်ပါသတဲ့။ သူတို့တတွေ ရွေးကောက်ပွဲ ၀င်ကြတာမှာ ပြည်သူတွေဆီက အလှူငွေ၊ လုပ်ငန်းရှင်ကြီးများနဲ့ အဖွဲ့အစည်းများက ပါတီရန်ပုံငွေအဖြစ် ထည့်ဝင်ငွေ၊ သီးခြားထောက်ခံသူ အစုအဖွဲ့တွေရဲ့ ထောက်ခံအားပေးတဲ့ ငွေကြေးတွေနဲ့ အားပြု သုံးစွဲကြရတာ ဖြစ်ပါတယ်။ 

အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဘယ်လောက် အကုန်အကျ ရှိသလဲ။ အရင်တုန်းကတော့ ၂ ဘီလျံ ဒေါ်လာ ကုန်ကျသတဲ့။ အခုတော့ အရင်းအနှီးက ကြီးလာတော့ ၅ ဘီလျံကနေ အထက် အကုန်အကျခံပြီး သမ္မတဖြစ်အောင် ရွေးကောက်ပွဲ ၀င်ကြမယ်လို့ ခန့်မှန်းကြပါတယ်။ ရွေးကောက်ပွဲကုန်ကျစာရိတ်တွေဆိုတာ ဘာတွေလဲ။ ပြည်ထောင်စုအနှံ့ ခရီးသွားတာ၊ မဲဆွယ် စည်းရုံးတာ၊ နေရာ ဌာန ငှားယမ်းတာ၊ မီဒီယာစာရိတ်၊ ၀ါဒဖြန့်ချိရေးစာရိတ်တွေအပြင် တီဗီ ရုပ်မြင်သံကြား သတင်းစာတွေမှာ ကြော်ငြာတာ၊ တဖက်ပြိုင်ဖက်တွေကို တိုက်ခိုက်တဲ့ ကြော်ငြာတွေ ဖြန့်ချိတာတွေအထိ ပါဝင်ပါတယ်။ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီတွေကို ပြည်နယ် ၅၀ လုံးမှာ အသီးသီးထားပြီး ၂၄ နာရီ လည်ပတ်ရာမှာ ၂၀၁၆ ရွေးကောက်ပွဲအတွက် ၂၀၁၅ အစောပိုင်းကတည်းက ကြိုတင် ပြင်ဆင် ကုန်ကျခံ ဆောင်ရွက်ရတာမို့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဆိုကြပါတယ်။ အမေရိကန် အားကစားတွေ ငွေကုန်ကြေးကျခံကြသလိုမျိး အမေရိကန် ရွေးကောက်ပွဲဟာလည်း ဈေးကြီး၊ အကုန်အကျခံ၊ ပရိသတ်လည်း များ၊ ပွဲစည် ပွဲဆူ လူများတာကြောင့် ရာသီချိန်မှာ သူ့ကို မှီပြီး လုပ်ငန်းတွေ အားလုံး စီးပွားကောင်းကြ၊ ၀င်ငွေတွေ တိုးကြပါသတဲ့။ အမေရိကန်နိုင်ငံ ဘယ်လောက်တန်လို့ တဲ့လဲ။ ထီလျံပေါင်း ၁၂၃ ဒေါ်လာ တန်ပါတယ်။ သူ့ဥစ္စာပစ္စည်းတွေက ၂၆၉  ထီလျံ ၊ သူ့အကြွေးက ၁၄၅ ထီလျံ ရှိပါသတဲ့။ 

အမေရိကန်နိုင်ငံရေးက ငွေများရာ မဲသာ၊ အနိုင်ရသူတွေက စိတ်တိုင်းကျ မင်းလုပ်။ အရှုံးသမားတွေက အခြေခံဥပဒေဘောင်အတွင်းကနေ အစွမ်းကုန် ကန့်လန့်တိုက် တရွတ်ဆွဲ။ ပြည်သူတွေမှာတော့ သူတို့အကျိုးအတွက် အကာအကွယ်တွေ ပြင်ဆင်မှုတွေ အားပေးစောင့်ရှောက်တာတွေ ဘယ်အစိုးရတက်တက် ဘယ်လို မျှော်လင့်မျှော်လင့် ထူးခြားမလာတဲ့ နောက်ဆုံးမတော့ နောက်တခါ တကျော့လည်လာမယ့် ရွေးကောက်ပွဲမှာ မကျေနပ်မှုတွေနဲ့ လက်တုန့်ပြန် မဲပေးကြပြီး စိတ်ဖြေရာ ရှာကြရပါတယ်။ အဲသည်အတွက် သည် ၂၀၁၆ ရွေးကောက်ပွဲမှာ အမေရိကန် ရွေးကောက်ပွဲနိုင်ငံရေးစနစ်နဲ့ အံ့တိုနိုင်ငံရေးသမားတွေကို စိတ်ကုန်နေတဲ့ မျိုးဆက်ဟောင်းတွေကလည်း သေဌေးကြီး ဒေါ်နယ်ထရန့်ကို စင်ပေါ်ထမ်းတင်ချင်ကြသလို စိတ်ပျက်နေတဲ့ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေအများစုကလည်း လက်ဝဲဆန်သူ ဘာနီးဆန်းဒါးဆိုတဲ့ အဖိုးကြီးကို ၀န်းရံ အားပေးနေကြတာ ဖြစ်ပါတယ်။ ကလင်တန်ကတော့ ဓနရှင်တွေ ဘဏ်လုပ်ငန်းတွေနဲ့ အဆင်ပြေချင်၊ မျိုးဆက်သစ် အိုင်ဒီယာတွေကလည်း အကန့်အသတ်နဲ့ အားပေးချင်၊ မတင်မကျ ၊ အလယ်အလတ်ဆန်သလိုလိုမို့ လူဟောင်းတွေကလည်း သိပ်မယုံ၊ လူသစ်တွေကလည်း သံသယ၀င်နဲ့ ဖြစ်နေကြတာပါ။ အိုဘားမားတုန်းကလည်း မျိုးဆက်သစ်တွေက နိုင်ငံရေး ဒီရေမြင့်သစ်တော့မယ် မျှော်လင့်ချက်နဲ့ မဲပေးခဲ့ကြသော်လည်း အိုဘားမားက နိုင်ငံရေးကို မပြောင်းနိုင်ဘဲ နိုင်ငံရေးကသာ အိုဘားမားကို ဖိအားပေး လွှမ်းမိုးသွားတာကို သူတို့ ကြုံခဲ့ရတော့ မျိုးဆက်သစ်တွေက လူဟောင်းနိုင်ငံရေးသမားတွေကို စနစ်နည်းနာဟောင်းတွေကို မယုံကြည်တော့တာ မဆန်းပါ။

ဆိုတော့ ရွေးကောက်ပွဲဝင်ပြီး ဂေါ်လီလုပ်ချင်ရင် ငွေများမှ မိုးရွာမှာ ဖြစ်ပါတယ်။ ဂေါ်လီလုပ်ချင်တိုင်းလည်း ရှိပြီးသား အမြစ်တွယ်ပြီးသား စနစ်ဟောင်း လူဟောင်းတွေထံက ရုန်းထွက် လွတ်မြောက်ဖို့ကလည်း မလွယ်လှပါ။ အရင်းအနှီး ကြီးလှတာမို့ ငွေစိုက် လူစိုက် အရင်းစိုက်ထားတဲ့ အင်အားကြီးများရဲ့ မျက်နှာက အလွန်ကြီးတာမို့ အားနည်းသူ ပြည်သူလူထုဟာ မျက်နှာငယ်စွာနဲ့ ကျန်ရစ်ဇာတ် ခင်းရမှာ ဖြစ်ပါတယ်။ ကျောင်းသားလူငယ်တွေ မျိုးဆက်သစ်တွေက စိတ်ကူးယဉ်ပြီး ပုခုန်းပေါ် ထမ်းတင်ပေးလိုက်တဲ့ အိုဘားမားကို ဥပမာကြည့်ပါ။ သူလည်း ကလေးတွေ မျှော်လင့်သလို အများကြီး လုပ်မပေးနိုင်ခဲ့ပါ။ သူ့သက်တမ်း ၈ နှစ် အတွင်းမှာ ခေတ်သစ် အတွေးအခေါ် အယူအဆ သဘောတရားတွေကို စိတ်ဓာတ်ရေးရာအရ ကမ္ဘာပြန့်အောင် သြဇာထုတ်လွှင့်ရုံသာ တတ်နိုင်ခဲ့ပါတယ်။ ငွေရှင်ကြေးရှင် လက်နက်ရှင်ကြီးတွေ နိုင်ငံရေးလက်ဟောင်းကြီးတွေ စိတ်တိုင်းကျ တင်လိုက်တဲ့ ဟိုခေတ်က ဘွတ်ခ်ျတုန်းက ဘာဖြစ်ခဲ့သလဲ။ 911 နဲ့ အကြမ်းဖက်သမားတွေ စစ်ကြေညာခံရလို့ ကမ္ဘာစစ်ကြီး ခင်းလုမတတ် စစ်တိုက်ပါတယ်။ အာဖဂန်ပြည်ပျက်တဲ့အထိ စစ်တိုက်ပြီး မရပ်နိုင်သေးတော့ အီရတ်ပြည် ပျက်အောင် စစ်တိုက်လိုက်ပြန်ပါသေးတယ်။ အမေရိကန်ပြည်တွင်းမှာ ပြည်သူတွေကို အတိုးနှုန်းကြီးကြီးနဲ့ ငွေတွေ အဆမတန် ချေးပြီး အကြွေးတွေ မဆပ်နိုင်တဲ့အထိ လုပ်ငန်းရှင်ကြီးတွေက အမြတ်ထုတ် ဂုတ်သွေးစုတ်ခွင့်ပေးခဲ့ပါတယ်။ ငွေဈေး အိမိဈေး စီးပွားဈေးတွေ ထိုးကျတော့ လူတွေကို မကယ်ဘဲ လုပ်ငန်းရှင်ကြီးတွေ အရှုံးပြနေတဲ့ ငွေကြေးတွေကို ရှော်ပစ်ပြီး ကယ်တင်လိုက်ပါသေးတယ်။ ခုချိန်မှာ ဘာသာရေးအစွန်းရောက်တွေရဲ့ အမုန်းစစ်ပွဲ ခုထိ မပြီးနိုင်သေး။

ဘာနီဆန်းဒါးဆိုတဲ့ အဘိုးကြီးက အထက်ကတင်ပြခဲ့တဲ့ ဝေဖန်ချက်တွေကို ထောက်ပြပြီး လူငယ်မျိုးဆက်သစ်တွေကို စည်းရုံးနေတာပါ။ လူငယ်တွေကလည်း ဒီလှိုင်းကို စီးနေကြပြန်တာပါပဲ။ လက်တွေ့မှာတော့ ရွေးကောက်ပွဲနိုင်သူ ပါတီတွေ ခေါင်းဆောင်တွေဆိုတာ ရှိပြီးသား စနစ်၊ အဆောက်အအုံ၊ လည်ပတ်မှု၊ အကျိုးစီးပွားတွေ၊ မူဝါဒတွေကို အကာအကွယ် ဆက်လက်ပေးရန် ဆက်လက်ထိန်းသိမ်းရန် အခြေခံအားဖြင့် တာဝန် အမွေ လက်ခံရတာပါပဲ။ တဖြေးဖြေး တရွေ့ရွေ့ ပြင်နိုင်ရင် ပြင်၊ မပြင်နိုင်ရင် ကိုယ့်ကို သူတို့က ပြင်သွားမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဝင်ပြီး ဂေါ်လီလုပ်ချင်တယ်ဆိုလို့ မြင်မိ ကြားမိသလောက် ရေးလိုက်တာပါ။ မြန်မာပြည်နဲ့ကော ဘာဆိုင်လို့လဲ မေးချင်ကြမယ်။ အော် … ဘွတ်ခ်ျလက်ထက်မှာ ဆန္̔ဒပြသူတွေကို ပုလိပ်က ရိုက်သလို၊ အိုဘားမား လက်ထက်မှာလည်း ရိုက်ပြန်တာပါပဲ။ ပုလိပ်တွေဟာ ခေတ်အဆက်ဆက်မှာ လူနည်းစုတွေကို အနိုင်ကျင့်တာ သတ်ဖြတ်တာတွေ တရားလက်လွတ် လုပ်နေကြဆဲပါပဲ။ လုပ်ငန်းရှင်ကြီးတွေ သြဇာကြီးသူ အစုအဖွဲ့ကြီးတွေဟာ ဘယ်အစိုးရတက်တက် ပန်းပန်ဆဲ ပန်းပန်နေဆဲပါပဲ။ ဟိုဖက် ဒီဖက်က အစွန်းရောက်သူတွေ တဖက်နဲ့ တဖက် ရန်ဖြစ် သတ်ပုတ်ကြ။ အလယ်အလတ် ဟိုမပါ သည်မပါ အလွတ်အကျွတ်နေချင်သူတွေက ဟိုလက်ညိုးထိုး သည်လက်ညိုးပြီး နှာခေါင်းရှုံ့ကြနဲ့ လူတွေ အချင်းချင်းကြားမှာ ကွဲပြား အားနည်းကုန်တာပဲ အဖတ်တင်ပါတယ်။ 

ဂေါ်လီတွေ အချင်းချင်း ဝှေ့ကြတဲ့အထဲ မြေဇာပင် ပြည်သူတွေ ထိပ်ပဲ့ကုန်တာ မဆန်းပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts