ကဗျာ

ဝါကျဖြူ – စာရွက်ပေါ် စင်နေတဲ့ ဝါကျတစ်ကြောင်းဟာ သွေးစက်တွေ ပေနေတယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဝါကျဖြူ – စာရွက်ပေါ် စင်နေတဲ့ ဝါကျတစ်ကြောင်းဟာ သွေးစက်တွေ ပေနေတယ်
(မိုးမခ) မတ် ၂၈၊ ၂၀၁၆

နှုတ်ဆက်ခွင့်ဟာ
နံနက်ခင်း လမ်းတွေရဲ့ မညီမျှမှုတွေကို တင်ပြီး ခရီးသွားနေမှတော့
အလေးချိန်ဟာ အတိမ်းအစောင်းတွေရဲ့ဒဏ်
ဂဏာမငြိမ်နိုင်လွန်းလို့
နိမ့်ရာဒေသတွေ ပြုတ်ကျကုန်တယ်။

ရှင့်လက်ထဲက တင်းနစ်ဘောလုံးတစ်လုံးဟာ
ကမ္ဘာမြေပေါ် ပစ်ပေါက်လိုက်တော့
လူတွေနဲ့ ကျမတို့ရဲ့ မျက်နှာကိုလှမ်းကိုက်ပြီး
ပါးစပ်တွေထဲကတဆင့် ဝမ်းခေါင်းထဲကို
နွေအဖြစ် ပူပြီးဆင်းတယ်။

လမ်းတွေရဲ့အရေပြားတွေဟာ ဘယ်လောက်ပါးလွှာတယ်ဆိုတာ
လူတွေရဲ့သည်းခံနိုင်မှုတွေ အဆုံးထိသွားနေတယ်ဆိုတာ
လမ်းတွေကို အစာသွတ်ထားတဲ့ ယမ်းတွေက
အချိန်မရွေး ပေါက်ကွဲ/လောင်ကျွမ်းပစ်ဖို့
ကျမတို့ကို ရိုက်ချထားတဲ့ဆို့တွေနဲ့အတူ လည်စင်းလို့။

ကျမတို့ရဲ့ ဆံချည်မျှင် အရှုပ်အထွေးတွေက
မွေးရာပါစောင့်ရှောက်မှုမဲ့နေတဲ့ ပုလင်းတစ်လုံးလို့
ညပေါက်ဝတန်းလန်းက အလင်းကတိုးတိုးလေးပြောတယ်။

ကျမကတော့လေ
ဘဝတစ်ခုလုံး စက်ထဲထည့်ကြိတ်ပြီး
ထွက်ကျလာတဲ့ အာရုံတွေဟာ
လိုင်းတွေ/ကောက်ကြောင်းတွေပေါ်ကနေ
တဝက်တပျက်နဲ့ပြန်ဆင်းလိုက်
တဖန်ရောက်တဲ့နေရာက ပြန်စလိုက်နဲ့
ကမ္ဘာကိုပတ်ဖို့ သွေးကိုနှိုးနေတယ် ။

ကျမရဲ့နာကျင်မှုဟာ
ဝေဒနာကို ကောင်းကောင်းမသိနိုင်တဲ့
ဓါးသွားတွေကို
ဖြတ်ထုတ်ပစ်လိုက်ဖို့။

ကျမအတွက်နေရောင်ဟာ
တိမ်တစ်အုပ်နဲ့အတူ
ကမ္ဘာမြေကို အနုပညာဖြစ်စေတော့မှာပဲ။

ဝါကျဖြူ

မတ် ၂၅၊ ၂၀၁၆

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts