>
ဂက်တီစဘာ့ဂ်မှအတွေးများ
ခက်မာ
ဧပြီ ၁၁၊ ၂၀၁၁
( University of Iowa ကဦးစီးပြီးနှစ်စဉ်ကျင်းပတဲ့ International Writing Program ကို ၂၀၀၇ခုနှစ် မှာကျမတက်ရောက်ခွင့်ရခဲ့ပါတယ်။ ၂၀၁၁ ဧပြီလမှာတော့ International Writing Program ရဲ့အစီအစဉ် သစ်တခုဖြစ်တဲ့ Witer-in-Motion ဆိုတဲ့ Study Tour တခုမှာပါဝင်ဖို့ ကျမကို ဖိတ်ခေါ်လာပြန်ပါတယ်။ ကျမအပါအ၀င်အာရှ၊ဥရောပ၊ သြစတေးလျှ၊ အာဖရိက၊ လက်တင် အမေရိကနဲ့ ကနေဒါကနိုင်ငံတကာ စာရေးဆရာနဲ့ ၈ယောက်နဲ့မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးမယ့်သူ တစ်ယောက် ပူးပေါင်းပါဝင်ကြပါတယ်။ အမေရိကန်နိုင်ငံအတွင်းက သဘာဝဘေးဒါဏ် အပါအ၀င်စစ်ပွဲနဲ့ အခြားသောအရာများကြောင့် ပြိုလဲဆုံးရှုံးမှုတွေ၊ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေမှုတွေကို လေ့လာပြီး စာဖတ်သူတွေကို ပြန်လည်ဝေမျှဖို့ရည်ရွယ်တဲ့ ခရီးပါ။ ဒီဆောင်းပါးလေးကတော့ ကျမတို့ရဲ့ပထမဆုံး ခရီးစဉ်ဖြစ်တဲ့ Gettysburg ခရီးမှာတွေးခဲ့မိတာ လေးကိုပြန်လည်ဝေမျှထားတာပါ။)
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ၀န်းကျင်ကသွေးနီရောင်လွှမ်းခဲ့တဲ့အဲဒီမြေပြင်ဟာ ဒီကနေ့မှာတော့ အ၀ါရောင်လွှမ်းနေခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်ထဲက ဂက်တီစ်ဘာ့ဂ် ( Gettysburg) မြို့ကလေး ဟာနွေဦးနေရောင်ဝါ၀ါရဲ့အောက်မှာဝင်းပနေပြီး အ၀ါရောင်ဒစ်ဖို တေးလ် ပန်းကလေးတွေနဲ့ အုံလိုက်ကျင်းလိုက်ပွင့်တဲ့ ရွှေဝါရောင်ခေါင်းလောင်းပန်းတွေက မြို့ကလေးကို ပိုပြီးနွေးထွေးတယ်လို့ ခံစားရစေပါတယ်။ တကယ်တော့အ၀ါရောင်လွှမ်းတဲ့ ၀န်းကျင် ကြောင့်သာ နွေးထွေးတဲ့အရသာကိုခံစားနေရပေမယ့် ပြင်ပကတကယ့်ရာသီဥတုကတော့ အေးစိမ့်နေဆဲပါ။ အေးမြတဲ့ဝန်းကျင်မှာနွေးထွေးမှုကိုနှလုံးသားနဲ့ခံစားရင်း ကျမသွားခဲ့ရတဲ့  နေရာကတော့တိုက်ပွဲ နယ်မြေ ( Battlefield) ပါတဲ့။ အမေရိကန်ရဲ့သမိုင်းကိုတမျိုးတဖုံ လှည့်ပြောင်း စေခဲ့တဲ့နေရာဖြစ်ပြီး အခုအချိန်မှာ တော့နှစ်စဉ်သန်းနဲ့ချီတဲ့ ဧည့်သည်တွေလာကြည့်နေရတဲ့ သမိုင်းဝင်ဒေသပေါ့။
ကျမတို့ကို Battlefield ကိုလိုက်ပို့တဲ့ ပီတာ ( Peter Carmichael) ကဂက်တီစ်ဘာ့ဂ် ကော လိပ်ရဲ့ Civil War Study ပါမောက္ခလည်းဖြစ် Civil war Institute ရဲ့ ဒါရိုက်တာလည်း ဖြစ်ပါ တယ်။ သူ့ကိုယ်သူ အိုဟိုင်းယိုးပြည်နယ်သားလို့ ပြောပါတယ်။ ဒါပေမယ့် သူဂက်တီစဘာ့ဂ်အကြောင်း ပြောပြဖို့ စိတ်ထက်သန်ပုံကတော့ အဲဒီမြို့မှာမွေးတဲ့သူတွေထက်တောင်သာမယ်ထင်ပါရဲ့။ ပြည်ထောင်စုတပ်တွေနဲ့ ဆန့်ကျင်ဖက်တပ်သားတွေ ရင်ဆိုင်တွေ့ဖို့ စစ်ချီလာပုံကို ၀န်းကျင်မြင်ကွင်း နဲ့ပါတွဲပြီးမျက်စိထဲ မြင်လာအောင်ပြောနိုင်ပါတယ်။ အထင်ကရနေရာတစ်ခုရောက်တိုင်း အဲဒီနေရာနဲ့ ဆက်စပ်ခဲ့သူ တယောက်ယောက်ရဲ့သမိုင်းကြောင်းနဲ့ အမေရိကန်ပြည်တွင်းစစ်ပွဲကာလအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ရဲ့ မိသားစုကိုပေးတဲ့ စာတစ်စောင်ကို ဖတ်ပြတယ်။ ဒီတော့ကျမတို့ဟာ စစ်ပွဲကြောင့် သွေးအတိဖုံးလွှမ်းခဲ့တဲ့မြေကြီးပေါ်တည့်တည့်မှာရပ်ပြီး တိုက်ပွဲရဲ့အနိဌာရုံတွေကိုမြင်ယောင် ကြားယောင်လာရုံမက တိုက်ပွဲတွင်းက ဇာတ်ကောင်တွေရဲ့ဘ၀ကိုပါ ခံစားခဲ့ကြရပါတယ်။
အမေရိကန်ပြည်တွင်းစစ်အတွင်း စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် အဆုံးအဖြတ်တစုံတရာ ရရှိစေခဲ့တဲ့ Battlefield ဖြစ်ပွား ခဲ့ရာဒေသဟာ စုစုပေါင်းလေးဧက ကျယ်ဝန်းပါသတဲ့။ လေးဧကကျယ်တဲ့ဧရိယာ အတွင်း ဇူလိုင်၁ရက် နေ့ကနေ ဇူလိုင် ၃ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းမှာ သေဆုံးသူ ၈၉၀၀ နဲ့ ဒဏ်ရာရသူ ၂၂၀၀၀ ရှိခဲ့ပါ တယ်။ ပြည်တွင်းစစ်ပွဲတလျှောက်လုံးမှာတော့ သေဆုံးသူရော ဒဏ်ရာရသူပါ သန်းနဲ့ချီပြီးရှိခဲ့တာပါ။
“တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့သူတို့တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီစိတ်နဲ့ပဲ သူတို့ သေခဲ့ကြတယ်” ပီတာပြောခဲ့တဲ့ စကားလုံးပေါင်းမြောက်များစွာထဲက ကျမမှတ်မိနေတဲ့ ၀ါကျတစ်ခုပါ။
အ၀ါရောင်ပန်းတွေပွင့်နေသော်လည်းပဲ သစ်ပင်တွေက အရိုးပြိုင်းပြိုင်းရှိနေသေးတဲ့မြေပေါ်မှာ ရပ်ပြီး အဲဒီဒေသရဲ့သွေးစွန်းတဲ့အတိတ်ကိုလေ့လာနေရင်း ကျမစိတ်ထဲမှာ ၁၂ လလုံးလုံး သစ်ရွက် တွေစိမ်းပြီး တစ်နှစ်လုံးနေရောင်ဝင်းပတဲ့မိခင်မြေကို မြင်ယောင်လာပါတယ်။
ကျမတို့မြေမှာလည်း ပြည်တွင်းစစ်ရှိခဲ့ပါတယ်။ ကိုယ့်နိုင်ငံသားအချင်းချင်း ပြန်သတ်နေရတဲ့တိုက်ပွဲတွေ အခုထိရှိနေတုန်းပါ။ နိုင်ငံရဲ့အရှေ့ဖက်တကြော အရှေ့မြောက်ဖက်နဲ့ အရှေ့တောင်ဖက်က တိုင်းရင်းသားတွေဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက သူတို့နေထိုင်ရာတိုင်းပြည်ကို အုပ်ချုပ်နေသူများရဲ့ တိုက်ခိုက်ချေမှုန်းခြင်းကို ခံနေရပါတယ်။ တိုက်ပွဲ ကြောင့်ရော မြေမြုတ်မိုင်းကြောင့်ပါတိုင်းပြည်ရဲ့ တနေရာရာမှာ သွေးမစွန်းတဲ့နေ့ဟာမရှိ သလောက်ပါပဲ။
ကျမတို့နဲ့တမြေထဲမှာမွေးခဲ့ကြတဲ့သူတွေဟာ ကျမတို့မသိဘဲ တဖြုတ်ဖြုတ်သေခဲ့တာ နှစ်ပေါင်း မြောက်များစွာ ကြာခဲ့ပါပြီ။ အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံကြရတာလဲ သန်းနဲ့ချီရှိနေပါပြီ။
သွေးချောင်းစီးခဲ့တဲ့မြေပေါ်မှာရပ်ရင်း အဲဒီမြေမှာသေဆုံးခဲ့သူတွေရဲ့ဝိညာဉ်ကိုရှာဖွေပြီးကျမ ကြေကွဲ ၀မ်းနည်းနေမိပါတယ်။ ကျမဟာ ကျမမွေးရပ်မြေနဲ့ မိုင်ပေါင်း သောင်းချီဝေးတဲ့နေရာမှာရပ်ရင်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀ လောက်က အမေရိကန်နိုင်ငံသား ဘယ်၍ဘယ်မျှဟာ နိုင်ငံကိုချစ်တဲ့စိတ်နဲ့ တိုက်ပွဲဝင် ခဲ့ကြတယ်။ ဘယ်၍ ဘယ်မျှသေဆုံးပြီး ဘယ်လောက်ဒါဏ်ရာရတယ်။ ဘယ်တပ်တွေက ဘယ်အရပ်က ဘယ်လိုစစ်ချီလာပြီး တဖက်တပ်က ဘယ်လမ်းကြောင်းက ဘယ်လိုဆုတ်ခွာတယ် ဆိုတာကို ဦးနှောက်နဲ့ ရော နှလုံးသားနဲ့ပါမှတ်သားနေရပါတယ်။
ဒါပေမယ့် ကျမရဲ့မိခင်မြေအတွင်း ကျမတို့ရဲ့သွေးသားတွေ သေကြေပျက်စီးရတဲ့နေရာကို ကျမသွားဖို့ အခွင့်မသာခဲ့ပါဘူး။ ဘယ်နှ ခုနှစ်ကစလို့ လူဘယ်နှယောက် သေဆုံးခဲ့ရပြီး ဒုက္ခိတဘ၀ရောက်ရတဲ့ အရည်အတွက် ဘယ်လောက်ရှိသလဲ ကျမတို့မသိနိုင်တာကိုတွေးရင်း ဘာကိုမှန်းမသိ ဒေါသထွက် ခံရခက်နေခဲ့မိပါတယ်။
ဂက်တီစဘာ့ဂ်ရဲ့တိုက်ပွဲအပါအ၀င် အမေရိကန်ပြည်တွင်းစစ်ဟာ လူပေါင်းများစွာရဲ့အသက်နဲ့ ရင်းပြီး လူသားအချင်းချင်းကျွန်ပြုတဲ့စံနစ်ကို အဆုံးသတ်စေခဲ့ပါတယ်။ အတိတ်ရဲ့ဆုံးရှုံးမှုတွေကိုကြည့် ပြီး ပြန်လည်တည်ထောင်ထိမ်းသိမ်းမှုတွေနဲ့အနာဂါတ်ခရီးကိုဆက်ဖို့ အားယူတဲ့နေရာဖြစ်ပါတယ်။ အရင်းအနှီးကြီးကြီးပေးခဲ့ရသလောက် သမိုင်းဝင်တန်ဖိုးတစ်ခု ပိုင်ဆိုင်ခဲ့ရတဲ့မြေပါ။
သမိုင်းဝင်မြေကို တန်ဖိုးထားထိန်းသိမ်းခြင်းအားဖြင့် မျိုးဆက်သစ်တွေအတွက် သမိုင်းကို မျက်ခြေမပြတ် တန်ဖိုးထားတတ်စေတဲ့ ရလာဘ်ကိုလည်း ပေးနေပါတယ်။ ဒါ့အပြင် နှစ်စဉ် သန်းနဲ့ချီတဲ့ ဧည့်သည်တွေကို လာရောက်လေ့လာ လည်ပတ် ဖို့ ဆွဲဆောင်ရာမြေအဖြစ်နဲ့လည်း မျက်မြင်တန်ဖိုးကို ရစေပါတယ်။
ကျမတို့နိုင်ငံထဲမှာတော့ အသက်ပေါင်းများစွာ ရင်းနေရဆဲပါ။ ဒါပေမယ့် အဆုံးသတ်သင့်တဲ့ စနစ်၊ လုပ်ရပ်တစ်ခုခုကို ဘယ်လိုမှ အဆုံးမသတ်နိုင်သေးပါဘူး။ ကျဆုံးမှု ( Faialure ) တွေကို ပြန်လည် တည်ဆောက်ဖို့ ( Recover ) နေနေသာသာ ကျဆုံးမှုတွေဟာ ဘယ်အတိုင်းအတာအထိ ရှိနေသလဲ ဆိုတာကိုတောင် အတိအကျ တွက်ချက်သတ်မှတ်ဖို့ မစွမ်းဆောင်နိုင်သေးတဲ့ နေရာတွေ ရှိနေသေးသ၍ ကမ္ဘာကြီးကို အလုံးစုံသော ငြိမ်းချမ်းမှုတွေနဲ့ ပြန်လည်ထူထောင်ဖို့ဆိုတဲ့ ကျမတို့ရဲ့အိပ်မက်ဟာ အိပ်မက်အဖြစ်ပဲ ရှိနေဦးမယ်ထင်ပါရဲ့။
ဧပြီ ၅ရက်၊ ၂၀၁၁