ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း မောင်အောင်မွန်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၃)

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၃)

(မိုးမခ) သြဂုတ် ၇၊ ၂၀၁၈

 သတင်းမဂ္ဂဇင်းလာပြီ
(၁)
ကိုတင်မောင်မြင့်၊ ကိုမြတ်ငြိမ်းနှင့် ကျွန်တော်တို့အား ခေါ်ယူတွေ့ဆုံ ရှင်းပြချိန်မှာပင် အထတလှအောင်သည် သတင်းမဂ္ဂဇင်း ထုတ်ဝေခွင့်ရထားပြီးနေပြီ။ ကြံတတ်ဖန်တတ်သူကြီးက အထက်သို့ ခပ်မြက်မြက်ပေး၍ ရခြင်းဖြစ်ပေလိမ့်မည်။

(၂)
ကြာရှည်စွာတည်တန့်ရေးအတွက် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရမည်၊ ကိုတင်မောင်မြင့်က ဒုတိယ အယ်ဒီတာချုပ်၊ ကိုမြတ်ငြိမ်းက အုပ်ချုပ်မှု အယ်ဒီတာ၊ ပြည်ပရေးရာ ၀င်းအောင်ကြီး ၊ အယ်ဒီတာလို့မထည့်–ဖေါင်းပွနေမှာမို့–ပြီးတော့ (၄) ယောက်စလုံး တွဲပြီးရောပြီးလုပ်ကြမည်၊
ပင်တိုင်ဆောင်းပါးရှင်များ ထားရှိမည်၊
စွန့်စားစရာရှိ (၄)ယောက်သဘောတူမှလုပ်မည်၊ စိတ်တူကိုယ်တူ –စသဖြင့် ရှင်းပြတော့ ၀မ်းသာရ အားတက်ကြရ၏။

(၃)

ပေဖူးလွှာ မဂ္ဂဇင်းမှ Display ကျွမ်းကျင်သူ မျိုးမြင့်ညိမ်းနှင့် အားဖြည့်ကာ Time အရွယ် ပုံစံနှင့် တထေရာတည်းတူအောင် သတင်းမဂ္ဂဇင်း ထုတ်ပြန်တော့ ပိုမိုအောင်မြင်၏။ အထတ လှအောင်က စာမျက်နှာ၊ သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါး နေရာချကြီးကြပ်၊ သူ့လက်စွဲ ဖိုမင်ကိုကျော်လှိုင်က အထာသိ သဘောပေါက်၏။

အထတ လှအောင်က ၀ိုင်း ဟုဆိုကာ နာမည်များစုထည့်လို၏။ သို့သော်လည်း သူနှင့်အရင်းနှီးဆုံး ဦးကိုယုက ဥပဒေအတိုင်ပင်ခံပါလုပ်ပေးမည်၊ ဆောင်းပါးလည်း အပတ်စဉ်ရေးမည် နာမည်မထည့်သင့်ဟုဆိုသည်။ ဦးဝင်းတင်ကလည်း အလားတူသဘောရသည်။ မောင်သော်ကနှင့် မောင်စူးစမ်းတို့ရဲ့ ပင်တိုင်ဆောင်းပါးများလည်း မှန်မှန်ရ၏။ ကြေးမုံမှ ၀ါရင့်မန်နေဂျာကြီး ဦးသော်၏ ပံ့ပိုးမှုကိုပင် အထတ လှအောင်ကရယူနိုင်ပြီ။

(၄)

(၃၈) လမ်း–ကုန်သည်လမ်းနှင့်ကပ်လျက် တိုက်ခန်းအောက်ထပ်က သတင်းမဂ္ဂဇင်းတိုက်။
အထပ်ခိုးကို ဖိုမင်ကိုကျော်လှိုင်နှင့် စာစီခုံ–စာစီသမားများ။ အခန်းကျယ်အတွင်း အယ်ဒီတာများ၊ စာပွဲကိုယ်စီ ကြား၌ တယ်လီဖုန်းရှိသည်။ ကျွန်တော့်စိတ်ထင် ကိုတင်မြင့်၏ စိတ်ကူးဖြစ်ပါလိမ့်မည်၊ နာမည်မသုံးဘဲ–ကိုလှအောင်အား CE ( Chief Editor), တင်မောင်မြင့် DCE ( Deputy Chief Editor), မြတ်ငြိမ်း ME ( Managing Editor), ၀င်းအောင်ကြီး FAE (Foreign Affairs Editor) ဟူသောစနစ်ပါ။
သတင်းထောက် တင်မောင်လတ် (အင်းစိန်)ကမူ အပြင်သွားသည်ကများ၏။

ကျန်စာပွဲများတွင်မူ ကိုဖေညွန့်ဝေသည် သူ၏ပန်းချီ/ဒီဇိုင်းအဖွဲ့ဝင် ထွန်းထွန်းဦး၊ မောင်မောင်ဦးတို့ ၀ိုင်းထိုင်လုပ်ကိုင်ရာသို့ အထတလှအောင် သွားရောက်လေ့ရှိပြီး ဖိုမင်ကိုလိုအပ်လျှင် လှမ်းခေါ်သည်။ သုတေသန အဖွဲ့ဝင် ကလေးမ (၄)ယောက် အားလည်း လုပ်စရာကိစ္စရပ်များ မြတ်ငြိမ်း ME ( Managing Editor) ကချမှတ်ပေးသည်။

သူသည် မြန်မာ့ရေနံလုပ်ငန်းမှ အရာရှိဟောင်းမို့ စနစ်ကျစည်းကမ်းကြီး၏။

(၅)

Time မှာလို Cover Story မျက်နှာဖုံး သတင်းထည့်မည်။

ထို့ကြောင့် ဓာတ်ပုံကောင်းနှင့် အကြောင်းအရာကောင်း ၀ိုင်းဝန်းရှာကြရသည်။ Time စာအုပ်တွေ မွှေနှောက်ရှာကြရသည်။ သတင်းလွှာတုန်းကကဲ့သို့ နိုင်ငံခြားသတင်းကို ဟန်ပြအဓိကထားရမည်လေ။ ထိုအချိန်က တင်ထုတ်စနစ်–ပုံမနှိပ်မီ စာပေစိစစ်ရေးဌာနသို့ စာမူအားလုံးကြိုတင်ပြီး တင်ပြရသည်။ အထူးသဖြင့် မျက်နှာဖုံးဆိုလို့ သီးခြားခွင့်ပြုချက်နှင့်သာထုတ်ရ၏။

အင်းစိန်ထောင်တွင်း အခြေအနေဆိုးကို ထင်ဟပ်စေမည့် Time Cover Story ကိုရွေးသည်။
အမေရိကန်တောင်ပိုင်း Miami အကျဉ်းထောင်တွင် Cuba အကျဉ်းသားများအား ပြန်ပို့မည်ဆို၍ ဆူပူသည့် သတင်းနှင့်ဓာတ်ပုံကောင်းများ–၊ မြန်မာပြည်တွင်းအကျဉ်းထောင်တွေ မငြိမ်ဖြစ်နေချိန်မို့ စာပေစီစစ်ရေးက ၃ ကြိမ်တိတိပယ်၏။

အယ်ဒီတာကြီး(၃)ဦးရဲ့ ခွင့်ပြုချက်နဲ့ နံပါတ် ၄ ကျွန်တော်ရေးခွင့်ရပြီ။

အကျဉ်းသားတွေ ညနေဘက် ဘော်လီဘောကစားကြပြီး ရေချိုးကြ၊၊ ညစာစားပြီး ရေခဲမုန့်–ကော်ဖီ ပန်းသီးစားရင်း အပန်းဖြေ TV ကြည့်နေစဉ် Cuba ပြန်ပို့မယ်ဆိုလို့ဆူကြပုံရေး တင်လိုက်တော ခွင့်ပြုချက်ရလို့ အဆင်ပြေသွား၏။ ကျွန်တော့်မှာ ၀ှက်ဖဲမရှိ၊ အမေရိကန် အကျဉ်းသားတွေဟာ တတိယနိုင်ငံက လူလတ်တန်းစားတွေထက် အဆင့်မြင့်တယ်ဆိုတဲ့သတင်း သတိရလိုက်လို့ပါ။
ဒီလိုနဲ့ သတင်းသမားချင်း ခေါင်း ၄ ခေါင်း၊ မျက်စိ ၈လုံး သတင်းမဂ္ဂဇင်းမှာ ပေါင်းမိကြ၏။

(၆)

၁၉၈၈ ခု၊ လှုပ်လာနေပြီဖြစ်သည့် မြန်မာ့နိုင်ငံရေးကို ကလိနိုင်ဖို့ ပြောင်မြောက်ထိမိလှသော ဦးဖေသိန်းရဲ့ ကာတွန်းများ ထည့်နိုင်ရေး စာပေစီစစ်ရေးကို ရသလိုဖောက် တောင်းသလောက်ပေးနှင့် သတင်းမဂ္ဂဇင်းထွက်လာပြီ။

ဘယ်နေ့ ဘယ်ရက်က စထွက်သည်ကို ကျွန်တော်မမှတ်မိပါ၊ ဤပုံကိုလည်း Burma On line Book Shop မှ ကိုဝင်းကိုကို ရှာဖွေပေးပို့၍ ဖေါ်ပြနိုင်ခြင်းဖြစ်ပါသည်။

ဗုဒ္ဓဟူးနေ့တိုင်း တစ်စောင် ၅ိ ခွဲဟုမရေးဘဲ ပြား (၅၅၀) ဟူ၍ ဈေးနှုန်းသတ်မှတ်၏။

(၇)

ဤ၍ထိုမျှ စနစ်ကျသည့် သတင်းမဂ္ဂဇင်းကို ပြင်ဆင်ထုတ်ဝေရာ၌ အထတလှအောင်သည် မြန်မာ့နိုင်ငံရေးကို ကြိုတင်မမြင်သည့်တိုင်– သတင်းအနံ့ကိုတော့ ရနေဟန်တူ၏။ ကျွှန်တော်တို့ချင်း မမေးမိ မဆွေးနွေးမိပါ။ ခု ၈-၈-၈၈ အရေးအခင်း နှစ်(၃၀)ပြည့်လာချိန်၌ တွေးမိခြင်းသာဖြစ်ပါသည်။
ဆက်လက်ရေးသားပါမည်။

၂၀၁၈ ခု၊ ဇူလိုင်လ(၃၀) ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts