>remembrance of Nan Nyunt Swe

>

မောင်လေးရေ သွားတော့ … သွားတော့ …
မာမာအေး
ဇူလိုင် ၁၆၊ ၂၀၁၀
လွန်ခဲ့သည့် အနှစ် ၃၀ ခန့်က တွေ့ရသည့် ဒေါ်ကြည်ဦး၊ နန်းညွန့်ဆွေ၊ ဇာဂနာ နှင့် လူရွှင်တော် ၂ ဦး


မိုးမခချစ်သူတို့ရေ …

နှုတ်ဆက်ဖို့ တယောက် စာရင်းပေါက်လာတာမို့ နှုတ်ဆက်လိုက်ရတယ်။
မောင်လေးရေ သွားတော့ … သွားတော့ …။

ကိုယ့်မွေးလကြီးမှာ နှုတ်ဆက်ရပြန်တာပါလား။ ၀မ်းနည်းဝမ်းပါး စိတ်မားလည်း ညစ်ပါဘိရှင်။ မွေးမိခင်က ဘာလို့များ ဇူလိုင်မှာမှ ကျမ ဘ၀လေးကို စ ပေးခဲ့ရတာပါလဲ။ ပျော်မရဲတဲ့ ‘လီယို’သာပဲ မျက်ဝန်း ရေညို ၀ဲရတယ်။

‘ဆဲဗင်းဇူလိုင်’ တို့၊ ‘ဆယ့်ကိုးဇူလိုင်’ တို့ သမိုင်း သည်လမှာ ရိုင်းခဲ့လို့ မရွှင်ပြတဲ့ အတွေး ဘ၀င် ဟဒယ၀ယ် ဆွေးဆဲမှာ ထဲထဲဝင်ဝင် ဆွေမျိုးလို ခင်တဲ့ ‘သဘင်’ ‘ဂီတ’ ‘စာပေ’ အောက်သက်ကြေမျှဝေ ရေးစွမ်း ဆရာ ‘နန်းညွန့်ဆွေ’ ခေါ်တဲ့ ‘မောင်လေး’ ဟာ မရဏာခရီး အပြီး သွားလေတဲ့ သတင်း နိုးနိုးချင်း ကြားလိုက်ရလို့ပါရှင်။

ကျမတို့တွေ ခင်ကြ မင်ကြတာ အသံလွှင့်ရုံက အခရာ ကျသလိုပါပဲ။ ဆိုသလား၊ တီးသလား၊ ရေးသလား၊ အသံလွှင့်မှာလား အခြား နေရာမှ မရှိတာ။ BBS ကို လာကြရတာချည်းပါ။ တနေ့မတွေ့ တနေ့တွေ့တာပါပဲ။ မောင်လေးကတော့ သူ့အမကြီးဆီ လာတတ်လို့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြော တသောသောနဲ့မို့ ပိုရင်းပါတယ်။ သူ့အမကြီး ဆိုတာ အဆိုတော်ကြီး မေလှမြိုင်ကို ပြောတာပါရှင်။

ဆရာနန်းညွန့်ဆွေကို ကျမတို့ အုပ်စုလေး တစုက ‘မောင်လေး’ လို့ ကြည်စယ်ပြီး ခေါ်ကြတာပါ။ ဆရာနန်းကို စကား တိုးတိုး ပြောတတ် ပြုံးနေတတ်တဲ့ မျက်နှာပေးမျိုးနဲ့ အမြဲ တွေ့ရပါတယ်။ ရှက်တက်တက်နဲ့ အားနာတတ်ပုံရပါတယ်။ ကျမတို့က အမေမြိုင် လို့ ခေါ်တဲ့ မေလှမြိုင်နဲ့ကျတော့ ပိုရင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ ကြားဖြတ်အစိုးရ လက်ထက်က ရှိခဲ့တဲ့ ရုပ်ရှင်နဲ့ပြဇာတ် ဌာနခွဲမှာ အလုပ် အတူ ၀င်ခဲ့တာမို့ ပြဇာတ်ထဲမှာ မေလှမြိုင်ရဲ့ တောခိုသွားတဲ့ မောင်လေးနေရာက သရုပ်ဆောင်တာ အကြောင်းခံပြီး ‘မောင်လေး’ ခေါ်တာသာ ကြည့်ပါတော့။

ဆရာနန်းညွန့်ဆွေဟာ ပြည်ခရိုင် ဆင်မြီးဆွဲမြို့ ဇာတိပါ။ ၁၉၂၃ ခုနှစ်မှာ ဖွားမြင်ခဲ့တာ ဆိုတော့ ၈၇ နှစ်အထိ နေသွားနိုင်တာ ကံကောင်းလို့ပေါ့။ ဟာသ၀ိဇ္ဇာ ကတုံးလေး ဇာဂနာ ရှိပေမယ့် ‘မော်စကို’ ထဲ ၀င်လိုက် ထွက်လိုက်နဲ့ဟာ ခုခါမှာတော့ အသက် ၁၂၀ ရှည်ပြီးပါမှ ပြန်ထွက်ရတော့မှာ။ ဆရာနန်းခမျာ ‘ပြုံးသူမှာ မျက်ရည်စတွေနဲ့’ ဖြစ်နေမယ့် အရေး ပြေးမြင်မိနေတာ ခဏခဏပါပဲ။ တမြန်မနှစ်ကပဲ ဒေါ်ဒေါ် အရင် ခွဲသွားလို့ မေးကြမြန်းကြတော့ USA က သမီးတွေ မြေးတွေ ခေါ်ဖို့ ကားလွှတ်ပေးမယ် ဘာမယ်နဲ့ ချာလယ်လယ် သယောင် ခံစားနေရပြီတဲ့။ ကျမတို့ ဘာမှ မကူညီနိုင်လိုက်ကြပါဘူး။

‘နန်းညွန့်ဆွေ’ ကလောင် အမည်နဲ့ ရေးသားပြုစုသွားတဲ့ စာတွေ သုတေသနပြုချက်တွေ အများကြီး ကျန်ရစ်စရာ ရှိပါတယ်။ ဒီနာမည်နဲ့ တွဲပြီး ထုတ်လို့ မရတဲ့ အကြောင်းက ပေါ်နေပြီ ထင်ပါရဲ့။ ‘သုခမိန်’ ဆိုတဲ့ နာမည် ပြောင်းပြီး ဆောင်းပါးတွေ ရေးလာတာ တွေ့ရလို့ပါ။ ကြီးတောင့်ကြီးမား ကျမှ အနားမှာ နေပေးမယ့်သူ ငြူစူစရာတွေ ခံစားနေရရှာမှာလား သနားမိနေတယ်။

တသက်မှာ တခါ ကြင်ကြင်နာနာ နေလာကြတဲ့ စိတ်တူ သဘောတူ ချစ်တဲ့သူများ ကြီးပြင်းလာရင် ဇရာ လောင်မြိုက် ခွဲစဉ်ခိုက်မှာ သွားလေသူရဲ့နောက် ကျန်တယောက်က လိုက်တတ်ပါဘိသနဲ့ လို့လည်း စိုးရိမ်နေခဲ့ရတယ်။ ခု … အဲဒါ ကြုံပြီ ထင်ပါတယ်။ သူတို့ အခန်းမှာ ‘နန်းဦးစာပေ’ လို့ တွေ့နိုင်ပါတယ်။ နှစ်ဦး တွဲထားတဲ့ နာမည်လေး မဟုတ်လား။

ကျမတို့ လေးစားရတဲ့ ပညာရှင် လူကြီးပိုင်းတွေ ကြွေလာနေပြီ။ အသက် ရှည်ကြပါစေ လို့ ဆုချည်း တောင်းနေမိတော့တာပါပဲ။ ကျမ ဆိုရင် ကျမ ပြောမယ့် ကိစ္စ ရေးမယ့်ကိစ္စတွေ ကြံစည်တိုင်း ကိုယ်နဲ့ ရင်းနှီးတဲ့ စာချစ်သူ လူကြီးပိုင်းတွေဆီ လှမ်းပြီး အကြံတောင်းရ ညှိနိုင်းရပါတယ်။ ကိုဇာဂနာလေး အထဲ မ၀င်သွားခင် ပြင်ပနဲ့ ဆက်သွယ်လို့ ရခဲ့စဉ်က ဆရာကြီးလည်း ဘယ်နေရမလဲ။ ကျမမှာ ရှာမရတဲ့ ‘ကာချင်း’ အကြောင်း လှမ်းတောင်းခဲ့သေးတယ်။ စာရော အခွေရော ပို့ပေးခဲ့တာ နောက်ဆုံးပါပဲ။ အဲဒါကို နားထောင်ခဲ့ပြီးပေမယ့် ပြောဖြစ်တဲ့ဆီ မရောက်သေးလို့ စိတ်ထဲမှာ လေးလေးကြီး အကြွေး တင်သလို စိတ်မကောင်းခြင်းတွေ ဖြစ်နေတယ်။ ဒါကြောင့် ကျမ ပြန်ဖွင့်ကြည့်မိပါတယ်။ မောင်လေး စကားပြောထားတဲ့ အသံ၊ စာရွတ်ပေးလိုက်တဲ့ အသံ အသံဖမ်းစက်ရဲ့ မော်တာသံနဲ့ အတူ တုန်တုန် ရီရီလေး၊ ရှစ်ဆယ့်ငါးနှစ်တုန်းက အသံ တဲ့။ အိမ်သွင်းခွေလေးမို့ တိုးလိုက်ကျယ်လာလိုက် ကျမ စိတ်နဲ့ အပြေး လိုက်နေပါရဲ့။ ဝေးဝေးသွာတာ ခက်လှတယ်။

သားဝေး၊ မြေးဝေး၊ ကျမတို့တတွေနဲ့ ဝေးပေမယ့် အမေ … အမေနဲ့ တမ်းတနေတဲ့ ချစ်သော ကြည်ဦးနဲ့တော့ မဝေးလောက်သေးဘူး ထင်ပါတယ်။ နှုတ်ဆက်လိုက်တယ်။ မောင်လေးရေ သွားတော့ … သွားတော့ … … …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts