>Maung Swan Yi – Tin Moe and His Place in Burmese Literature II – Last Part

>

မြန်မာစာပေသမိုင်းမှာ တင်မိုးရဲ့ ကဏ္ဍကို သုံးသပ်ကြရင် အပိုင်း ၂ နိဂုံးပိုင်း
မောင်စွမ်းရည်
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၀
အထက်ဗမာနိုင်ငံစာရေးဆရာအသင်း ၁၀ နှစ်ကြာ နှစ်စဉ်စာတမ်းဖတ်ပွဲတွေမှာ တင်မိုး က ကဗျာစာတမ်း အမြဲဖတ်တယ်။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက နှစ်စဉ်စာတမ်း ပေါင်းချူပ်ထုတ်တယ်။ “ အညာမြေ ခေတ်ကဗျာ” စာအုပ်နဲ့ “ကလေးကဗျာစာအုပ်” တအုပ်နဲ့ “လယ်ကွင်းထဲက လူထုတေးသံ” စာအုပ်တွေထုတ်ဖြစ်တယ်။ ဒီဖြစ်စဉ် ဒီစာပေလှုပ်ရှားမှုတွေဟာ ၁၉၆၀-၇၀ အတွင်းဖြစ်ပေါ်ခဲ့တာပါ။

တင်မိုး ရန်ကုန်ကို ဆရာမင်းသုဝဏ်ရဲ့ တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဋ္ဌါနကို ပြောင်းသွားပေမဲ့ မန္တလေးက စာဆိုတော်နေ့ စာတမ်းဖတ်ပွဲတွေကိုတော့ မောင်သာနိုးနဲ့အတူ နှစ်စဉ်လာပါတယ်။(၁၉၇၀ ခုနှစ်လောက်အထိ)။     
တင်မိုး ရန်ကုန်ရောက်သွားတော့ မဆလခေတ် ပညာရေးဝန်ကြီးက ဒေါက်တာညီညီ။ ၀န်ကြီးက ဆရာဇော်ဂျီ ဆရာမင်းသုဝဏ်တို့ရဲ့ တပည့် စာပေသမားပါ။ ကျောင်းသုံးစာအုပ်တွေ အသစ်ထုတ်တော့ ပြည်တော်သာခေတ်မှာ ကျောင်းသုံးစာအုပ်ထုတ်ဝေရေး ညွန်ကြားရေးဝန်လုပ်ခဲ့တဲ့ ဆရာဇော်ဂျီကို ပညာရေးဌါန အထူးအရာရှိအဖြစ်နဲ့ ကူညီစေပါတယ်။
ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ဦးဆောင်ကြပ်မတ်တဲ့ ကျောင်းသုံးမြန်မာစာအုပ်များ ထုတ်ဝေရေးအဖွဲ့မှာ ၀ိဇ္ဇာဌါနခွဲမှူးက တကသခေါင်းဆောင်ဟောင်း မြန်မာစာနည်းပြဟောင်း ဦးဘကောင်းပါ အတွင်းရေးမှုးက ကဗျာဆရာမနွယ်(စစ်တွေ) ခေါ် ဒေါ်အုန်းခင်ပါ အဖွဲ့ဝင်ထဲမှာ ပညာရေးတက္ကသိုလ် မြန်မာစာသင်နည်းဌာနက ဦးသန်းထွတ်၊ မင်းလှညွန့်ကြူးခေါ် မောင်မောင်ညွန့် တက္ကသိုလ်စန်းနဲ့ ပျဉ်းမနားမောင်နီသင်း စသဖြင့်ပါဝင်ခဲ့ကြပါတယ်။
          စာမူများရွေးချယ်ရာမှာ စုပေါင်းလုပ်ကြပါတယ်။ သူငယ်တန်းကတော့ အထူးအရေးကြီးတယ်၊ “မမ၀၀ ထထက …”  ဆိုတဲ့ ကဗျာလို အရေးကြီးတဲ့ ကဗျာတွေကို တင်မိုး စပ်ပါတယ်။ သင်ပုန်းကြီးကဗျာကိုတော့ ၀ိုင်းပြီး “တည်း” ကြပါတယ်။
အရေးအခင်းပြီးမှ ကျနော်က ဒေါ်အုန်းခင်နေရာဝင်ပြီး အတွင်းရေးမှူးလုပ်ရပါတယ် ဥက္ကဌက မြန်မာစာပါမောက္ခ ဒေါ်စီစီဝင်းပါ။ အားလုံး ဆရာတပည့်ရင်းတွေချည်းပါပဲ။ ကဗျာကိစ္စမှာ တင်မိုးက ဒိုင်ခံဖွဲ့တယ် ဆိုပေမဲ့ (အလွယ်တကူ ပြောရရင်) အသံမပြေပြစ်တဲ့ သိပ္ပံ ကဗျာ၊ ကျမ်းမာရေး ကဗျာ စတာတွေကို တခြားကဗျာဆရာတွေ ဖွဲ့ပါတယ်။ မှတ်တမ်းတွေ စနစ်တကျရှိပေမဲ့ နေပြည်တော်ပြောင်းရင် ပျောက်ပျက်ကုန်မှာပါပဲ။ ဒါပေမဲ့ ဦးသန်းထွတ်နဲ့ ပျဉ်းမနားမောင်နီသင်းတို့က အစအဆုံးပါလို့ သူတို့ မှတ်မိကြပါတယ်။ကျနော်က နောက်ပိုင်းမှ ပါခဲ့တာပါ။
          တင်မိုးဟာ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းရဲ့ စာအုပ်ထုတ်ဝေရေးနဲ့ စာပေလှုပ်ရှားမှုတွေကို ရှေ့ဆောင်ခဲ့သူ၊  ကလေးကဗျာတွေကို ( ဆရာကြီး မင်းသုဝဏ် နောက်) ဦးဆောင်ရေးဖွဲ့ပြီး ကျောင်းသုံးစာအုပ်ထုတ်ဝေရေးမှာ အရေးပါတဲ့ ကဏ္ဍကပါဝင်ခဲ့သူအဖြစ် ကျနော့်အနေနဲ့  အနီးကပ် တွေ့ရပါတယ်။
          ဒီနောက် အရေးတော်ပုံကာလမှာတော့ အများသိကြတဲ့အတိုင်း တိုက်ပွဲဝင် ကဗျာဆရာတဦးအနေနဲ့ ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှာ “တတ်သိပညာရှင်အဖွဲ့” ကို ဦးဆောင် ဖွဲ့စည်းသူတွေထဲမှာ ပါရှိခဲ့ပါတယ်။ ဖွဲ့စည်းတဲ့အစည်းအဝေးမှာ သဘာပတိအဖြစ်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အဖွဲ့ချူပ်လူငယ်တွေရဲ့ စာပေပြိုင်ပွဲတွေမှာ တင်မိုးဦးဆောင်ပြီး မောင်မိုးသူ၊ မောင်ဝံသ၊ မောင်စွမ်းရည်တို့ ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။
ဒီမိုကရေစီလှုပ်ရှားမှုကာလက ကဗျာတွေကို “ဗုဒ္ဓနှင့် တွေ့ဆုံခြင်း” အမည်နဲ့ ပြည်ပမှာ လမင်းတရာစာပေတိုက်က ထုတ်ဝေခဲ့ပါတယ်။  အရေးတော်ပုံစာဆို အဖြစ် အဖမ်းခံရပြီးလွတ်လာတဲ့အခါ ပြည်ပမှာ (ဂျပန်၊ သြစတေလျ၊ ဥရောပ၊ ထိုင်း၊ အမေရိကန်ပြည်ထောင်စုတို့မှာ) စာစောင်မဂ္ဂဇင်း စာအုပ်စတဲ့ စာပေလုပ်ငန်း လုပ်တာဟူသမျှ စာကြည်တိုက်၊ စာဖတ်ခန်း ထူထောင်လိုသူတွေကို အားပေးခဲ့ပါတယ်။
မလုပ်ချင်သေးရင်လဲ လုပ်ချင်အောင် အားပေးလှုံ့ဆော်ပါတယ်။ ဥပမာ ဂျပန်က မိုးသောက်ကြယ်၊ အာဟာရ၊ ကိုရီးယားက ထောင်စုပြတင်း၊ ထိုင်းက ဧရာဝတီ၊ ခေတ်ပြိုင်၊ အိန္ဒိယက မဇ္ဈိမ၊ အမေရိကန်ပြည်ထောင်စုက လမင်းတရာ၊ သစ္စာ၊ ယနေ့မြန်မာ၊ မိုးမခ စတဲ့ စာစောင်တွေဟာ သူ့ရဲ့ အားပေး လှုံဆော်မှု အနည်းနဲ့ အများ ပါဝင်ခဲ့ပါတယ်။
          ဒီလုပ်ဆောင်ချက်တွေ အားလုံးကို ကြည့်ပြီး တင်မိုးရဲ့ စာပေကဏ္ဍကို အကဲဖြတ်ကြရပါလိမ့်မယ်။ ပထမဆုံးလုပ်ရမှာက သူ့စာတွေအားလုံး စုံအောင် ပြန်လည်စုစည်းဖို့ပါပဲ။ မိုးမခနဲ့ “မိုးသောက်ကြယ်” (အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်)က ဦးဆောင်စုစည်းပါလို့ အကြံပေးလိုက်ရပါတယ်။
(မိုးမခ ဖြည့်စာ – သည်ဆောင်းပါးက လွန်ခဲ့တဲ့ နှစ်ကတည်းက ဆရာစွမ်းဆီက ရခဲ့ပြီး၊ အပိုင်းနှစ်က လမ်းမှာ ပျောက်သွားတာပါ။ အခုမှ ဆရာပြန်ပို့ပေးလို့ အပြီးသတ် ဖော်ပြလိုက်ရပါတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ အပိုင်းတစ် က ဒီမှာ ဖတ်နိုင်ပါတယ်။
http://moemaka.com/index.php?option=com_content&task=view&id=3145&Itemid=43 ။ ဆရာတင်မိုးရဲ့ မြန်မာကဗျာစပ်နည်း သင်ရိုးညွှန်းတန်းစာအုပ်ကလေးကို ၀ိုင်းပြီး စာစီပေးကြမယ် ဆိုရင် မိုးမခက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ပါ။ သည်စာမူကို ရိုက်ကူသူက ဘလောဂ့်ဂါ ကိုချစ်ဖေ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts