>Mar Mae Aye – BBC 316

>

ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃၁၆
တို့ပြည်ထောင်စုသား
မာမာအေး
ဖေဖော်ဝါရီ ၁၂၊ ၂ဝ၁ဝ
သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

           သောတရှင်တို့ရေ – ပြီးခဲ့တဲ့ တပတ်တုန်းက မျိုးချစ် ဂီတစာဆိုကြီး ၀ိုင်အမ်ဘီ သခင်တင် ရေးခဲ့တဲ့ “သခင် သခင်မ” သီချင်းလေး တင်ပေးခဲ့မိတာ နှောင်းလူတွေပါ သခင်စိတ် မေါးစေချင်သေးတယ်လို့ အနုပညာကျင်းတူးခဲ့တာပါ။ ဒါပေမယ့် ဖေဖော်ဝါရီ ၁၂ ရက်က မာအေးတို့နိုင်ငံမှာ တရားဝင် သတ်မှတ်ထားတဲ့ “ပြည်ထောင်စုနေ့” မဟုတ်လား ရှင့်။ အရင့်အရင်က ပျော်ရွှင်တက်ကြွ ဆိုခဲ့ရတဲ့ သီချင်းတေးတပုဒ်အကြောင်းကို တိုက်ဆိုင်တုန်းမို့ ပြောနှင့်ဦးမယ်လေ။
          ပြောမယ့် သီချင်းက မာအေးတို့ လောကမှာ ပေါ်လစီသီချင်းလို့ သတ်မှတ် ခေါ်တွင်ကြတဲ့ နိုင်ငံအကျိုးပြု သီချင်း ခေါင်းစဉ် အောက်မှာ တည်ရှိရမယ့် သီချင်းမို့ ဘယ်အချိန်လောက်က စပြီး ဒီသီချင်းမျိုး ဆိုဖြစ်လာတာလဲ ဆိုတာကို စပျိုးနှင့်ရမှာပေါ့နော်။
          မာအေးရဲ့ အနုပညာဘ၀ ဟိုး ငယ်ကတည်းက စခဲ့တာပဲလေ။ ရန်ကုန်မှာ အခြေချ အသံလွှ့င့်ခွင့်ရတော့ ၈ နှစ် သမီးလောက်ပေါ့။ ဆိုလို့ရသမျှ အကုန်ဆို နဲ့ ဆိုလာလိုက်တာ ဒီ “မာမာအေး” ဆိုတဲ့ နာမည် မှည့်ပေးလိုက်တဲ့ ဆရာ ရဲသီဟကိုသန်းအောင် ဦးစီးတဲ့ (ရဲသီဟ အပျော်တမ်း တူရိယာအဖွဲ့) ရောက်တော့မှ လူနည်းနည်းသိလာတဲ့ ရေဒီယို အဆိုတော်လေး ဖြစ်လာခဲ့ကြောင်း ရဲသီဟ အဖွဲ့ကို စစ်ရဲတပ်ရင်း ၃ က တည်ထောင်ထားကြောင်း ပြောခဲ့ပြီးပြီနော်။ အဲဒီကမှ စစ်ရဲ့အချက်ပြတပ်ရင်း ၁၉ က တပ်ရံပုံငွေနဲ့ တီးဝိုင်း တည်ထောင်တဲ့အခါ တီးဝိုင်း ပြောင်းဆိုဖို့ ဖြစ်လာတာပါရှင်။ ဖခင်လဲ ပါဝင်ခွင့်ရ ကိုယ်လဲ ကျောင်းတက်တာကအစ ဆေးကုသမှု အဆုံး အားလုံး မပူပင်ရအောင် အကူအညီတွေ ရခဲ့တဲ့ အချက်ပြတပ်တီးဝိုင်းဟာ နောင်မှာ ကာလပေါ်တီးဝိုင်းကြီး “စစ်ရဲ့ဂီတအဖွဲ့” ဖြစ်လာပါတယ်။ အဲဒီမှာ ဒီခေတ်လို အပြောနဲ့ ပေါက်သွားတယ်လို့ ပြောရတဲ့ သီချင်းကတော့ “သက်တံ့ပေါ်မှာ ကစားမယ်” ပေါ့ရှင်။
          အဲဒီအချိန်တုန်းက စစ်တပ်တချို့မှာ တီးဝိုင်းကိုယ်စီ ရှိကြပါတယ်ရှင်။ စစ်တပ်တီးဝိုင်းတွေ ဆိုတော့လဲ သူတို့တပ်အကြောင်းတွေကို ရေးဖြစ် ဆိုဖြစ် အသံလွှင့်ဖြစ်မှာပဲပေါ့။ တိုင်းပြည် မငြိမ်မသက် ဖြစ်လာပြီး စိတ်ဝမ်းကွဲကြ တောခိုကြ ပြည်တွင်းစစ်မီးလောင်လို့မငြီး ဖြစ်တော့ကာ ပြန်လာကြပါ၊ ပြန်ခဲ့ကြပါနဲ့ ရေးကြဟာ ဆိုကြဟာ ဖြစ်ရပြန်တာပါပဲ။ ရုပ်ရှင်နဲ့ ပြဇာတ် အစည်းအရုံးက အဆိုတော်ကြီး မေလှမြိုင်တို့၊ အရှေ့ပိုင်းတူရိယာအဖွဲ့မှာ ဆိုနေတဲ့ အဆိုတော် တင်တင်မြတို့တောင် ဆိုပေးကြ ခေါ်ပေးကြနဲ့ တတိုင်းပြည်လုံး ခေါ်သံတွေ ဖုံးပြီးနေချိန်မှာ မာအေးလဲ စစ်ရဲတပ် အဆိုတော်လေး ဖြစ်လာတာကိုး။ ကိုယ်လဲ ခေါ်ပေးရတဲ့သူထဲ စာရင်းဝင်သွားလေရော။
          ကျီးအတောင်ပေါက်စ မြီးကောင်ပေါက်မအရွယ်မှာ မအူမလယ် ဒီသူငယ်မဟာ ရည်းစားသယ်နဲ့ အကိုအရွယ်တွေနဲ့ပေါင်း လက်ဝဲကြောင်း အတွေးတွေက ရင်ထဲခိုအောင်း၊ တရားမျှတမှုကိုမှ တောင်းဆိုချင်ခဲ့ပြီလေ။ မာအေး ဆိုခဲ့ရတဲ့ သီချင်း နာမည်က “ဗမာပြည်အတွက်မို့သာခေါ်” တဲ့။ သီချင်းထဲမှာ “အမြင်မှန်ရစမ်းပါလား ရဲဘော်ရယ်” ဆိုတဲ့ စာတကြောင်းကြောင့် အောင့်သက်သက်နဲ့ဆိုလိုက်ရတဲ့ ပထမဆုံး ပေါ်လစီသီချင်းပါပဲ။
          xxx အိုရဲဘော်၊ အိုရှင့်ရဲဘော်၊ ဗမာပြည်အတွက်မို့သာခေါ် အိုရဲဘော်၊ အိုရဲဘော် သင့်ရဲ့လုပ်အားကို ပြည်ထောင်စုအတွက် လိုအပ်နေပြီနော် xxx
          အဲဒါ အစပိုဒ်ပါပဲ။ ဗမာပြည်အတွက်မို့ခေါ်တာ ပြည်ထောင်စုအတွက် လုပ်အားလိုတယ် ဆိုတာဟာ အမှန်တရားမို့ ဖြေလို့ရပါတယ်။ ပြည်ထောင်စု ဆိုတဲ့ စကားစုကို ဆိုရတိုင်း မာအေးရင်ထဲမှာ တိုင်းရင်းသား တမိုးထဲအောက် နေတဲ့ သူတွေ ပေါ်လာပြီး အဲဒီဒေသတွေကို ရောက်ချင်ခဲ့ပါတယ်။ ရင်းနှီးချင်ပါတယ်။ နောက်တခါဆိုရတဲ့ “စုပေါင်းညီညာပြည်သာယာ” ခေါ်တဲ့ တေးဇာတ်လမ်းကြီးထဲက တပိုဒ်မှာတော့ “ပြည်သူ့ဖခင် အောင်ဆန်း တောင်တန်းပင်လုံမှာ ခင်မင်စွာ ဆုံတွေ့ကြလို့ မမေ့နိုင်ပါ” အဲဒီလို ပါတာကိုး။ ဆိုရတာကို ပျော်လို့ပေါ့။ ပြည်ထောင်စုနေ့ကို မာအေး မြတ်နိုး တန်ဖိုးထားမိလို့ပါ။ ဒါမှ တပြည်လုံးက  အမျိုးသားတိုင်းကို အလေးထားရာ ရောက်တယ် လို့လည်း ခံယူထားပါတယ်။
          ဒီလိုနဲ့ အရွယ်ရောက် တေးလမ်း တောက်လျှောက် ဖောက်လာခဲ့တာ မြန်မာ့အသံ ဘူမိအမှန်ပေါက်ခဲ့ပြန်တယ်ပေါ့ရှင်။ တာဝန်အရ နိုင်ငံတော်က အထူး သတ်မှတ်ထားတဲ့ နေ့ကြီးရက်ကြီးတွေမှာ “ပြည်ထောင်စုနေ့” ကလဲ ပါခဲ့တာ မဟုတ်လား။ ၁၉၆၃ ခုနှစ်မှာ စတဲ့ “မန္တလေး ပြည်ထောင်စုပွဲ”၊ ၁၉၆၄ ခုနှစ်က “ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုပွဲ”၊ ၁၉၆၅ ခုနှစ်ကျတော့ “ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်တောင်ခြေမှာ ကျင်းပတဲ့ ပြည်ထောင်စုပွဲကြီး” ဖြစ်လာခဲ့ပါတယ်။
နှစ်တိုင်း BBS ကလဲ ပြည်ထောင်စုသီချင်းတွေ အသံလွှင့်စေပါတယ်။ ရန်ကုန် ပြင်ပ ပြည်နယ်တွေကိုလဲ ဂီတကောင်စီ ဦးဆောင်မှုနဲ့ နိုင်ငံတော်ရဲ့ စီမံပေးမှုအရ ဂီတ တလောကလုံး တပြုံးပြုံး ရေးသားခဲ့တဲ့ အကယ်ဒမီ စန္ဒရားလှထွတ် ရေးသွားတဲ့ “တို့ပြည်ထောင်စုသား” သီချင်းကို ပြည်ထောင်စုသား မောင်နှမများနဲ့အတူ ပြည်လမ်း အသံလွှင့်ရုံ စတူဒီအို B မှာ စုပေါင်း သီဆိုခဲ့စဉ်က အဖြစ်တွေ ပျော်စရာ ရယ်စရာ အမှတ်တရတွေက မာအေး တသက် မေ့ရက်စရာ မရှိပါဘူး။
အခု ၂၀၁၀ သက္ကရာဇ်အရှိ တွက်စစ်ကြည့်ရင် ၄၅ နှစ် ရှိခဲ့ပြီ။ မာအေး ၂၃ နှစ် သမီး တုန်းကပေါ့။ မြန်မာ့အသံက လွှင့်ခဲ့တဲ့ မူရင်း “တို့ပြည်ထောင်စုသား” ပြန်နားဆင်ရင်း လက်တွဲကြစို့လား၊ မေတ္တာစိတ်ပွားများ။
တို့ပြည်ထောင်စုသား”
ရေး စန္ဒရားလှထွတ်
ဆို မောင်မောင်ကြီး + သန်းဖေလေး
မာမာအေး + အေ၀မ်းတင်တင်လှ
အေး။     ။ တဦးအပေါ်တဦး – – သံသယပိုသည်မှာ အလကား xxx
တဦးအပေါ်တဦး    မှန်သပါ့ ဆိုသည်မှာ ပတ္တမြား xxx
သံသယ ပျောက်ပါစေ၊ အမှန်ဘ၀ ရောက်ပါစေ xxx
သန်း။     (တဦးကိုတဦး – – သံသယပိုသည်မှာ အလကားအဖြစ်ပေ xxx
မောင်။     ။ တဦးကိုတဦး – –  မှန်သပါ့ ဆိုသည်မှာ ပတ္တမြား အစစ်ပေ xxx
အေး။     ။ သံသယ ပျောက်ပါစေ၊
လှ။     ။ အမှန်ဘ၀ ရောက်ပါစေလေ
အများ။     ။ သံသယပျောက်ခါလေ၊ အမှန်ဘ၀သို့ ရောက်ပါစေလေ  xxx )
မောင်+သန်း။     (ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော တို့ညီအကိုတွေ တိုင်းရင်းသားအားလုံး စုံပေ၊ တရေထဲသောက် တမြေထဲနေလို့ ချစ်ကြည်ပေ၊ သွေးစည်း ညီညွတ်ခြင်း အရင်းခံတည်နေ၊ ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှလေ၊ ပူးပေါင်းနေထိုင်ကြပေ၊ ရာသက်လုံး ဆုံးကမ္ဘာတိုင်လေ xxx
အများ။     ။ တို့တတွေ၊ တို့တတွေ တို့တိုင်းရင်းသား ငါတို့တတွေ  xxx )
အေး။     (ပြည်ထောင်စုအကျိုး တို့သယ်ပိုး တို့ထမ်းဆောင်ကာလေ၊ ရရှိအပ်သော အကျိုးစီးပွား သီးပွင့်ရတနာများ၊ တို့အတူတကွ မူအရ ခံစားကြမယ်လေ။
အေး+လှ။     ။ လာလာလေ – – လာကြလေ xxx
အေး။     ။ အများလုပ်၍ အများခံစားသောစံနစ်၊ တို့နှစ်သက် ယုံကြည်ပေ၊ လက်ခံထားလို့နေ  xxx
အေး+လှ။     ။ လာလာလေ xxx
အေး။     ။ လက်တွဲမဖြုတ်နဲ့ တို့ရဲ့ ညီအမ အကိုတွေ xxx
အများ။     ။ တို့တတွေ၊ တို့တတွေ တို့တိုင်းရင်းသား ငါတို့တတွေ  xxx )
လှ။     ။ လူမျိုးအလိုက် ကိုယ့်စရိုက် ဓလေ့ထုံးဘာသာ၊ စာပေစကား၊ သီးခြားဆောင်ရွက်နိုင်ခွင့် ရှိသည်လေ၊ တို့လေးစားသည်လေ xxx
အများ။     ။ တို့လေးစားပါသည်လေ xxx
လှ။     ။ တိုင်းပြည်ရဲ့ တည်တံ့ခိုင်မြဲရေးနဲ့ စီးပွားရေး၊ လူမှုရေး လုပ်ငန်းထွေထွေ  တက်ညီလက်ညီ ဆောင်ရွက်ကြလို့ တာဝန်ကျေ စည်းလုံးညီညွတ်ရေး ထိပါးခြင်းမှ တို့ရှောင်သွေ xxx
အများ။     ။ တို့တတွေ၊ တို့တတွေ တို့တိုင်းရင်းသား ငါတို့တတွေ  xxx
သံပြိုင် အများ။     ။ ကချင် ကယား ကရင် ချင်း မြန်မာ ရှမ်းတို့တတွေ ပြည်ထောင်စုဖွား တိုင်းရင်းသားမို့ ညီအကို မောင်နှမပေ သွေးစည်းကာသာလေ ညီညွတ်ချစ်ကြည်နေ အေးအတူ ပူအမျှ အတူတကွ ခံစား စံစားကြမယ်ဟေ xxx
(ကချင်။ ကယား။ ကရင် နှစ်မျိုး၊ ချင်း နှင့် ရှမ်းဘာသာ သံပြိုင်ပိုဒ်များ ၆ ကြိမ် ဆိုရန်)
အေး။     (လာလာလေ xxx
အများ။     ။ လာကြပြီလေ xxx
အေး။     ။ ရေမြေတောအနှံ့က တို့ဆွေသဟာတွေ၊ ရပ်ဝေးကဆွေ ရပ်နီးကဆွေ၊ စုပေါင်းညီညာပေ
အများ။     ။ ဝေလေလေ xxx ဝေလေလေ)   xxx ပြည်ထောင်စုသားတွေ – – ၊ ပြည်ထောင်စုသားတွေ – – – ၊ တို့ ပြည်ထောင်စုသား – – တွေ xxx


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် bbcburmese.com ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts