သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင် သီပေါမင်းတရားကြီး – အပိုင်း(၂)

မြန်မာနိုင်ငံ၏နောက်ဆုံးဘုရင် သီပေါမင်းတရားကြီး – အပိုင်း(၂)
သန်းဝင်းလှိုင်
နိုဝင်ဘာ ၁၉၊ ၂၀၁၃


သီပေါမင်းလက်ထက် ဗြိတိသျှတို့နှင့် ဆက်ဆံရေး
သီပေါမင်းနန်းတက်လာသောအခါ ဗြိတိသျှ – မြန်မာ ဆက်ဆံရေး ရှေးကထက် အဆင်ပြေလိမ့်မည်ဟု ဗြိတိသျှတို့ မျှော်လင့်ကြသည်။ အိန္ဒိယဘုရင်ခံချုပ် လော့ဒ်လစ်တန်* က အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် လော့ဒ်ကရင်းဘရုစ်** ထံသို့ ၁၈၇၈ခု အောက်တိုဘာလ ၁၇ ရက်နေ့စွဲဖြင့် ပေးပို့သည့်အစီရင်ခံစာတွင် ဘုရင်သစ်ထက် လက်ဝယ်ရေးမှာ တိုးတက်လျက်ရှိသည်။ယခင်က မပြေလည်ခဲ့သော ပြဿနာများကိုနည်းသစ်ဖြင့် ဖြေရှင်းရန်အချိန်ကျ ရောက်လာပြီဖြစ် ပါသည် စသည်ဖြင့် ဆက်ဆံရေးအလားအလာကို သုံးသပ်ဖော်ပြခဲ့ပေ သည်။***
ရှေ့တိုးပေါ်လစီသမား (Forward Policy) လော့ဒ်လစ်တန်သည် သီပေါမင်းနန်းတက်ကြောင်း ကြားသိရလျှင် ကြားသိရချင်း သီပေါမင်းထံသို့ သဝဏ်လွှာတစ်စောင်ကို ဗြိတိသျှအစိုးရကိုယ်စား ပို့ပေးခဲ့သည်။ တချိန်တည်းမှာပင် မန္တလေးရှိ ဗြိတိသျှကိုယ်စားလှယ် ထံသို့လည်း ကြေးနန်းတစ်စောင် ပေးပို့ကာ ဗြိတိသျှအစိုးရ၏ မြန်မာဘုရင်သစ်အပေါ် မူသစ်ချမှတ်ကျင့်သုံးမှု၊အထူးသဖြင့်ဆိုသော်ဘုရင့်ထံသို့ အဆင့်အတန်းနှင့် သြဇာအာဏာကို ရှေးကထက်ပို၍လေးစားခြင်း စသည့်ကိစ္စအား အသိအမှတ်ပြု ထောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာမှူးမတ်တို့အား အသိပေးအကြောင်းကြားထား စေလိုသည်ဟူ၍ ဖော်ပြပါရှိသည်။
ဘုရင်ခံချုပ်၏ ညွှန်ကြားချက်အရ မစ္စတာရှောသည် မင်းညီမင်းသားများအား နောက်ထပ် သတ်ဖြတ်ခြင်း မပြုရန် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ကင်းဝန်မင်းကြီးထံသို့ (၁၉.၂.၁၈၇၉)ရက်စွဲပါစာဖြင့် အကြောင်းကြား ကန့်ကွက်ခဲ့လေသည်။၁၈
ကင်းဝန်မင်းကြီးသည် မစ္စတာရှော၏ စာကို ပြတ်ပြတ်သားသားပင် ပြန်ကြားခဲ့လေသည်။ ထို (၂၀.၂.၁၈၇၉) ရက်စွဲပါ ပြန်ကြားချက်မှာ –
ကိုယ်စားလှယ်ကြီး၏ ၁၈၇၉ ခု၊ ဖေဖော်ဝါရီလ ၁၉ရက်စွဲပါစာကို ရရှိဖတ်ရှုပြီး ဖြစ်ပါကြောင်း၊ လွတ်လပ်သော ဘုရင်တစ်ပါး အုပ်စိုးလျက်ရှိသည့် မြန်မာနိုင်ငံတော်အတွင်းတွင် အမျိုးဘာသာ၊ သာသနာ၏ အကျိုးစီးပွား ဖွံ့ဖြိုးစည်ပင်ရေးကိုထောက်ရှု၍ နိုင်ငံတော်၏ ထုံးတမ်းစဉ်လာနှင့်အညီ လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို လုပ်ကိုင်လေ့ရှိကြောင်း၊နိုင်ငံတွင်း၌မငြိမ်မသက်ဖြစ်စေမည့် ကိစ္စရပ်များကိုတားဆီးရာ၌ ကဲ့ရဲ့ပြစ်တင်ခြင်းခံရမည့်အရေးကို ဂရုစိုက်နေခြင်းမှာ မလျော်ကန်လှကြောင်း၊ ယခုကိုယ်စားလှယ်ကြီး ကန့်ကွက်လာသည့်ကိစ္စမှာလည်း အမျိုးဘာသာ သာသနာ အကျိုးစီးပွားကို ထောက်ရှုငဲ့ကွက်၍ ဆောင်ရွက်ရသည့်ကိစ္စဖြစ်ကြောင်းဟူ၍ ဖြစ် လေသည်။၁၉
ယင်းသို့သော အခြေအနေတွင် မစ္စတာရှောသည် ဆက်ဆံရေး ပြေပြစ်သည်ထက် ပြေပြစ်အောင် အားထုတ်ခြင်းမပြုမူဘဲ သံကိုယ်စားလှယ် ရုတ်သိမ်းရေးကိုသာ စိုင်းပြင်းခဲ့လေသည်။ ထိုစဉ်မှာ မစ္စတာရှောသည် မန္တလေးမြို့၌ ၁၈၇၉ ခု၊ ဇွန်လ ၁၃ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။ ယင်းနေရာ၌ အိန္ဒိယအစိုးရက မည်သူကိုမျှ စေလွှတ်ထားခြင်းမပြုခဲ့ချေ။သံမှူးတစ်ဦးကိုသာထားရှိခဲ့လေသည်။ဗြိတိသျှအာဏာပိုင်တို့ မန္တလေးရှိ ဗြိတိသျှသံကိုယ်စား လှယ်ရုံးကို ရုတ်သိမ်း၍ မန္တလေးမှထွက်ခွာသွားခဲ့ကြသည်။ ထိုအချိန်မှစ၍ မြန်မာနှင့် ဗြိတိသျှအစိုးရဆက်ဆံရေးမှာ အဆက်ပြတ်သွားခဲ့ပေတော့သည်။၂၀
ဗြိတိသျှအာဏာပိုင်တို့ မန္တလေးမှ သံကိုယ်စားလှယ်ရုံး ရုတ်သိမ်းသွားသောအခါ မြန်မာအစိုးရအနေနှင့် ပြန်လည်၍ ဆက်ဆံရေး ပြေပြစ်ရန် ကြိုးပမ်းခဲ့လေသည်။ ဗြိတိသျှတို့နှင့် ဆက်ဆံရေး ပြတ်တောက်သွားခြင်းကို မလိုလားခဲ့ပေ။ ထို့ကြောင့်အိန္ဒိယဘုရင်ခံချုပ်နှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံသို့ မြန်မာသံအဖွဲ့တစ်ဖွဲ့ကို တိုက်ရိုက်စေလွှတ်ရန် ၁၈၉၇ ခု၊ နိုဝင်ဘာလတွင် စီစဉ်ခဲ့လေ သည်။
သံအဖွဲ့ခေါင်းဆောင်မှာမြောင်လှမြို့စားမင်းကြီးသီရိမဟာဇေယျသူ ဖြစ်သည်။သံအဖွဲ့၏အဓိက ရည်ရွယ်ချက်မှာ ဗြိတိသျှအစိုးရနှင့်ညှိနှိုင်း၍မဟာမိတ်စာချုပ်အသစ်တစ်ခုထပ်မံချုပ်ဆိုရန်ဖြစ်လေသည်။ သံအဖွဲ့တွင် ဘုရင်ခံချုပ်သို့ပေးရန် သီပေါဘုရင်ထံမှ စာတစ်စောင်ပါသွားခဲ့သည်။
သီပေါမင်း၏စာတွင်ဘေးတော်ဘိုးတော်တို့လက်ထက်မှစ၍ဗြိတိသျှတို့နှင့် ခိုင်မြဲသော မဟာမိတ်အဖြစ်တည်ရှိခဲ့၍ ရောင်းဝယ်ဖောက်ကားမှု စည်ပင်သာယာခဲ့ကြောင်း၊ ဗြိတိသျှ ကိုယ်စားလှယ်ရုံး ပြန်လည်၍ ရုတ်တရက် မပြောမဆို ရုတ်သိမ်းသွားသောအခါ၌ နှစ်နိုင်ငံစလုံးမှ ပြည်သူပြည်သားများ ထိတ်လန့်တကြားဖြစ်ကာ ရောင်းရေးဝယ်တာများ ပျက်ပြားခဲ့ရကြောင်း မြန်မာနှင့်ဗြိတိသျှမဟာမိတ်အဖြစ် ဆက်လက်တည်ရှိစေလိုသောအာသီသဖြင့် စေလွှတ်လိုက်သော သံအဖွဲ့အဖြစ် ဘုရင်ခံချုပ်က မြန်မာသံအဖွဲ့အား လက်ခံစေလိုကြောင်း ဖော်ပြပါရှိလေသည်။
ကင်းဝန်မင်းကြီးကလည်း ဗြိတိသျှမြန်မာနိုင်ငံ မဟာဝန်ရှင်တော်မင်းကြီးထံသို့ စာတစ်စောင်ပါးလိုက်လေသည်။ မြောင်လှမြို့စား၏သံအဖွဲ့သည်မန္တလေးမှသဘောင်္ဖြင့် စုန်ဆင်းလာရာသရက်မြို့သို့ရောက်လျှင် သရက်မြို့ဗြိတိသျှအရေး ပိုင်က ဆက်လက် စုန်ဆင်းခွင့်မပြုပေ။ စာချုပ်ပါအချက်အလက်များကိုလည်း ယင်းအားပထမပြပါဦး၊ အဆိုပါ အချက်အလက်များကိုသိရှိပြီးမှ ထွက်ခွာခွင့် ပြုနိုင်မည်ဟုဆိုသည်။ သို့ဖြင့် မြန်မာသံအဖွဲ့သည် အိန္ဒိယနိုင်ငံသို့ ခရီးမဆက်နိုင်တော့ဘဲ သရက်မြို့မှ ၁၈၈ဝပြည့်နှစ် မေလအထိ တန့် နားနေရလေတော့သည်။
မြန်မာသံအဖွဲ့ယူဆောင်သွားသော စာချုပ်မူကြမ်း၌ ပါဝင်သည့် အချက်အလက်များအနက် မြန်မာဘုရင်အနေဖြင့် လက်နက်ခဲ ယမ်းများကို အကန့်အသတ်မရှိ ဝယ်ယူလိုသရွေ့ ဝယ်ယူခွင့်ပြုရန်၊ နိုင်ငံရေး ပြစ်မှုကျူးလွန်သူများကို နှစ်ဦးနှစ်ဖက်စလုံး လက်မခံဘဲ အပြန်အလှန် ပေးအပ်ကြရန် အစရှိသည့်အချက်များကို ဗြိတိသျှအစိုးရသည် လုံးဝလက်မခံနိုင်ပေ။
ထို့နောက် အိန္ဒိယအစိုးရအနေဖြင့် မြန်မာသံအဖွဲ့အား လက်ခံ၍ အကျိုးထူးမည်မဟုတ်ကြောင်း၊ မဟာဝန်ရှင်တော်မင်းကြီးက ဘုရင်ခံချုပ်ထံ အစီရင်ခံလိုက်လေသည်။ ဘုရင်ခံချုပ်ကလည်း မြန်မာသံအဖွဲ့ကို သရက်မှ ဆက်လက်စေလွှတ်ရန် မညွှန်ကြားတော့ ချေ။၂၁
ဤသံအဖွဲ့၏ အကြောင်းနှင့် ပတ်သက်၍ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး တတိယတွဲ စာ ၅၃၁ – ၅၃၂ တွင် –
‘ထိုနှစ် ၁၂၄၁ခု နတ်တော်လ အစည်းအဝေးတွင် မှူးတော် မတ်တော်တို့က အင်္ဂလိပ်ကိုယ်စားလှယ် အရေးပိုင်သည် မြန်မာနိုင်ငံတော်မှရုတ်တရက်ထွက်ခွာသွားခြင်းကြောင့် နှစ်တိုင်းနှစ်ပြည် ကုန်သည်ဆင်းရဲသားတို့ ကူးသန်းရောင်းဝယ်ရေး ဆုတ်ယုတ်ပျက်ပြား ရှိသည့် အကြောင်းအရာ၊ မြန်မာအစိုးရတို့ကလည်း ခမည်းတော် မင်းတရားကြီးဘုရား လက်ထက်ကကဲ့သို့ ရာဇမဟာမိတ် အရှည်မြဲမြဲ ခိုင်ခံ့စေရန် ထပ်မံစာချုပ်လိုသည့် အကြောင်းအရာ၊ ရာဇသံများနှင့် အိန္ဒိယဘုရင်ခံမင်းထံသို့ စေလွှတ်ရလျှင် သင့်လျော်ရန်ရှိကြောင်း ညှိ နှိုင်းတိုင်ပင်သဘောတူ ညီညွတ်ရှိကြသည့်အရ အမိန့်တော်မြတ်ခံပြီးလျှင် ခမည်းတော် မင်းတရားကြီးဘုရား လက်ထက်တော် ဥရောပ တိုက် တိုင်းပြည်နိုင်ငံများသို့သံအဖြစ်ဖြင့် အကြိမ်ကြိမ်သွားရောက်ထမ်းရွက်ဖူးသူ စာရေးကြီး မင်းထင်မြောင်လှမြို့စားမင်းကြီး သီရိမဟာ ဇေယျသူကို သံကြီး၊ စာရေးကြီးမင်းထင် သိန္ဒိရာဇာကို သံလတ်၊ အမှာတော်ရေးနေမျိုးမင်းထင်ရာဇာကို သံငယ်ခန့်ပြီးလျှင် ရာဇသံ လက် ဆောင်တော်များနှင့် အိန္ဒိယဘုရင်ခံ မင်းထံစေလွှတ်ရာ ကျောက်တိုင် တာင်ဘက် သရက်မြို့ဆိပ်ကမ်းသို့ ဆိုက်ကာလ သရက် အရေးပိုင် လာရောက်ပြီးလျှင် မြန်မာသံတော်တို့ မည်သည့်အကြောင်းနှင့် လာရောက်ကြောင်း မေးမြန်းသည်နှင့် နေထွက်ဘုရင်မင်းမြတ်က အိန္ဒိယ ဘုရင်ခံထံ ရာဇသံလက်ဆောင်တော်များနှင့် စေလွှတ်၍ လာရောက်ရကြောင်း ပြန်ပြောသည်ကာလ သည်ကဲ့သို့ အကြောင်းကို ဘုရင်ခံ မင်းထံ ကြေးနန်းနှင့်လျှောက်ထားဦးမည်။ သရက်မြို့တွင်ပင် ရပ်ဆိုင်းပါဦး၊ ပြောဆိုပြန်သည်။ ပြီးနောက် သရက်အရေးပိုင် ထပ်မံလာ ရောက်ပြီးလျှင် ရာဇသံတွင် မည်သည့်အကြောင်းအရာပါရှိသည် မေးမြန်းပြန်ပြောရဦးမည်။ ဘုရင်ခံမင်းထံက အမိန့်ကြေးနန်းဆင့်ဆိုကြောင်းနှင့်ပြောဆိုသောကြောင့်ရာဇမဟာမိတ်အရှည်မြဲမြံခိုင်ခံ့စေရန်စာချုပ်လုပ်လိုခြင်းဖြစ်ကြောင်း ပြန်ပြော၍မြန်မာသံတော်တို့က စာချုပ်ဆိုလိုသည့် စာချုပ်သဘောလက်ခံများကို ပေးအပ်လိုက်ရ၏။’ဟူ၍ ဖော်ပြထားသည် ကို တွေ့ရပေသည်။
ဤအထောက်အထားမှာအင်္ဂလိပ်တို့၏အဆိုနှင့်ခြားနားလျက်ရှိသည်။ ဤအထောက်အထားအရ စာချုပ်မူကြမ်းပါ အကြောင်းအချက်များကို ခြုံ၍ပြောပြပေးအပ်လိုက်သည့် လက္ခဏာကိုတွေ့ရသော်လည်း အင်္ဂလိပ်တို့အနေနှင့် ယုံကြည်ဟန်မတူချေ။ ဘုရင်ခံချုပ်နှင့် တွေ့သောအခါမှ အရေးဆိုဆွေးနွေးမည့်အခြားသော အချက်အလက်များလည်း ရှိတန်သေး၏ဟု ယူဆကြဟန်တူလေသည်။
ဤသို့ဖြင့် မြန်မာသံအဖွဲ့သည် သရက်မြို့၌ ၁၈၈၀ပြည့်နှစ်လောက်အထိ ရပ်နားနေခဲ့ရ၏။ နောက်ဆုံးတွင် အိန္ဒိယသို့ လာရောက်ခြင်းကို အတိအလင်းပင် ဘုရင်ခံချုပ်က ပယ်ချလေတော့သည်။
ထိုသို့ အခြေအနေရှိခိုက်မှာပင် အင်္ဂလိပ်ပိုင်ဧရာဝတီမီးသဘောင်္ကုမ္ပဏီမှ ‘ရွှေမြို့’ အမည်ရှိ မီးသဘောင်္ကပ္ပတိန်နှင့် မြန်မာ အချို့ အချင်းဖြစ်ပွားရာတွင်ပါဝင်ခဲ့သော မြန်မာတို့အား မြန်မာနိုင်ငံခြားရေးဝန်ကြီးက ထိုက်သင့်သလို အရေးယူလျက် အင်္ဂလိပ်ကပ္ပတိန်အား လျော်ကြေးပေးခဲ့သော်လည်း ဗြိတိသျှအစိုးရက မကျေနပ်နိုင် ဘဲရှိလေသည်။
တစ်ဖန် ဗြိတိသျှပိုင် ‘ယူနန်’ အမည်ရှိ သဘောင်္အား မြန်မာအရာရှိတို့က ဧရာဝတီမြစ်အတွင်း ၂၂-နာရီကြာ ရပ်ဆိုင်းစေခဲ့ခြင်းကို သဘောင်္ကပ္ပတိန်က မကျေမနပ်ဖြစ်ခဲ့သည်။ အမှန်မှာ ထိုအချိန်ကစ၍ မြို့တွင်း၌ ပုန်ကန်ထကြွမှုများပေါ်ပေါက်နေ၍ အန္တရာယ် မဖြစ်စေရန် ယူနန်သဘောင်္အား ရပ်ဆိုင်းစေခဲ့ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာမြန်မာအရာရှိတို့က ဖြေရှင်းသော်လည်း အပြစ်ရှာနေသော ဗြိ တိသျှအစိုးရက မကျေမနပ်ဖြစ်ပြန်သည်။
သီပေါမင်းသည် အင်္ဂလိပ်တို့နှင့် ထပ်မံ၍ဆွေးနွေးကာ နှစ်တိုင်းနှစ်ပြည် ချစ်ကြည်ရေးကို တည်ဆောက်လိုသော ဆန္ဒရှိဆဲပင်ဖြစ်သည်။ ဤသို့ဖြင့် ဒုတိယအကြိမ် သံအဖွဲ့လွှတ်သင့်သည်ဟု ထင်မြင်သဖြင့် ၁၈၈၂ခုနှစ် နှစ်ဦးပိုင်းတွင် သံအဖွဲ့တစ်ဖွဲ့စေလွှတ်ရန်သီပေါမင်းသည်စီစဉ်ခဲ့လေသည်။သံအဖွဲ့ကိုခေါင်းဆောင်သူမှာ အတွင်းဝန်ကျောက်မြောင်းမြို့ စားမင်းကြီး သီရိမဟာဇေယျနန္ဒကျော်ထင် ဘွဲ့ခံဦးရွှေအိုးဖြစ်ပြီး သံအဖွဲ့ဝင်များမှာ ဝက်မစွတ်ဝန်ထောက် ဦးလတ်၊ သံချက်ဝန်ထောက် ဦးမြူ၊ တောင်တစ်ရွာ ငါးဆယ်ဗိုလ် ဦးကျော်ခေါင်၊ စာရေးတော်ကြီး ဦးမြတ်၊ စာရေးတော်ကြီး ဦးပေါ်ထွန်းတို့ ဖြစ်ကြသည်။ သံအဖွဲ့ဝင်တို့သည် ၁၈၈၂ ခုနှစ် ဧပြီလတွင် ဆင်းမလားမြို့၌ ဗြိတိသျှအစိုးရနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။ သံအဖွဲ့တို့သည် ၁၈၈၂ခု မေလတွင် ကျင်းပသော ဆွေးနွေးပွဲမှာ ထိရောက်အောင်မြင်မှုမရှိသဖြင့် အမိန့်တော်ရ ၁၈၈၂ ခု သြဂုတ်လ ၃၁ရက်နေ့၌ မန္တလေး ရတနာပုံနေပြည်တော်သို့ ပြန် လာခဲ့ကြလေသည်။
ဗြိတိသျှတို့ဘက်မှ လက်မခံနိုင်သော အချက်များမှာ –
(က) ကုန်းတော်တိုးချဲ့ရန်၊
(ခ) အကောက်တော်ကို ၅ % မှ ၁၀ % အထိ တိုးမြှင့်ခွင့်ပေးရန်၊
(ဂ) အထက်မြန်မာနိုင်ငံနေ ဗြိတိသျှ တိုင်းရင်းသား အားလုံးတို့ကို မှတ်ပုံတင်ရန်၊
(ဃ) လက်နက်အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုရန်၊
(င) နိုင်ငံရေး အပြစ်ရှိသူများကို လွှဲပြောင်းပေးအပ်ရန် တို့ဖြစ်သည်။
ပြင်သစ်နိုင်ငံနှင့် မြန်မာသံအဖွဲ့ဘင်္ဂလားသို့ သွားရောက်ခဲ့သည့်သံအဖွဲ့သည် ဗြိတိသျှတို့နှင့် ဆက်ဆံရေး မပြေပြစ်ဘဲ ညှိနှိုင်းဆွေးနွေးပွဲ မအောင်မြင်ခဲ့သဖြင့် သီပေါမင်းသည် ပြင်သစ်နိုင်ငံနှင့် ဆက်သွယ်ရန် ထပ်မံကြိုးပမ်းခဲ့ပြန်သည်။
သို့ဖြင့် ၁၈၈၃ခုနှစ် ဧပြီ ၃၀ရက်နေ့တွင် သီပေါမင်းသည် မြို့သစ်မြို့စားမင်းကြီး မင်းလှမဟာဇေယျသင်္ကြန်ဘွဲ့ခံ ဦးဘီ ဦးဆောင်သော သံအဖွဲ့ကို ဥရောပတိုက်သို့ စေလွှတ်ခဲ့သည်။ သံအဖွဲ့ဝင်များမှာ သံချက်ဝန်ထောက် ဦးမြူ၊ စာရေးကြီး မဟာမင်းလှသင်္ခယာ ဦး ပေါ်ထွန်း၊ ဗြဲတိုက်သံတော်ဆင့် နေမျိုးမင်းလှရာဇာ၊ လက်ဖက်ရည်တော် မောင်ဘိုးအုံ၊ နိုင်ငံခြားသား အရာရှိ ရီးဗလက်* တို့ဖြစ်ကြသည်။ ကျန်သံအဖွဲ့သည် ပေါ်တူဂီ၊ စပိန်၊ အီတလီ၊ ပြင်သစ်နိုင်ငံများသို့ လှည့်လည်ခဲ့၏။ မြန်မာသံအဖွဲ့ကို ဗြိတိသျှတို့က ပြင်သစ်နိုင်ငံ ပါရီမြို့ သို့ ၁၈၈၃ ခု သြဂုတ်လ ၁၃ရက်နေ့တွင် ရောက်ရှိကြသည်။ ၁၈၈၄ ခု ဧပြီလ ၅ရက်နေ့တွင် မြန်မာသံအဖွဲ့သည် ယခင် ၁၈၇၃ခု၊ ဇန်နဝါရီ လ ၂၄ရက်နေ့က ကင်းဝန်မင်းကြီး ဦးကောင်း ချုပ်ဆိုခဲ့သည့် စာချုပ်ပြင်ဆင်ချက်များအား အတည်ပြုကာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျူးဖယ်ရီလက်မှတ်ရေးထိုးခဲ့သည်။စာချုပ်ပါ အချက်အလက်များကိုမူ ၎င်းနှစ်ဇွန်လ၁ရက်နေ့မှ စတင်၍ အကောင်အထည် ဖော် သဘောတူခဲ့ကြသည်။
မြန်မာသံအဖွဲ့သည် ဗာရာဏသီပြည်မှတဆင့် ထွက်ပြေးလွတ်မြောက်သွားသော ပြင်သစ်ပိုင် ချန်ဒါနဂိုလ်* မြို့ရှိ မြန်မာ့ထီးနန်းကို ရန်ရှာလာနိုင်မည့် မြင်ကွန်းမင်းသားကြီးကို ပြန်လည်ပေးအပ်ရန်ကိုပါ တောင်းဆိုခဲ့သည်။ မြင်ကွန်းမင်းသားကြီးသည်ပြင်သစ်ပိုင်ချန်ဒါဂိုလ်မြို့သို့၁၈၆၇ခုတွင်ရောက်ရှိမလာမီကာလက မြန်မာနိုင်ငံမှထွက်ပြေးခဲ့ ရပြီးနောက် အင်္ဂလိပ်ပိုင် ဗာရာဏသီနယ်တွင် ခိုလှုံနေခဲ့ ရသေးသည်။ ယင်းကဲ့သို့ မြန်မာသံအဖွဲ့က ကမ္ဘာ့ဇာတ်ခုံသို့တက်ခါသံတမန်နည်းလမ်းများဖြင့် မြန်မာ့အရေးကို ဖော်ထုတ်ပေးနိုင်ရန် ဆက်သွယ်ကြိုးပမ်းခဲ့ခြင်းကြောင့် ဗြိတိသျှအစိုးရအဖွဲ့က မြင်ကွန်းမင်းသားကြီးအား မြန်မာပြည်သို့ ပြန်ခွင့်မပြုရန် မလိုလားကြောင်း ၁၈၈၃ခု သြဂုတ်လတွင် ကြေညာခဲ့လေသည်။ ပါရီမြို့တော်ရှိ ဗြိတိသျှသံအမတ်ကြီးကလည်း ၁၈၈၃ခု နိုဝင်ဘာလတွင် ပြင်သစ်နိုင်ငံခြား ရေးဝန်ကြီး ရှာလမက်လ်လကူရ်** အား မြန်မာ သံအဖွဲ့နှင့် ပတ်သက်သော ကိစ္စများကို စုံစမ်းမေးမြန်းခဲ့သည်။၂၂
မြန်မာသံအဖွဲ့သည် ၁၈၈၅ခု မေလ ၂၁ရက်နေ့တွင် မန္တလေးရတနာပုံသို့ ပြန်လည်ရောက်ရှိသည်။
ဤကဲ့သို့ မြန်မာသံအဖွဲ့ ဥရောပနိုင်ငံများသို့ လှည့်လည်သွားရောက်နေစဉ် တစ်ချိန်တည်းဖြစ်သော ၁၈၈၄ခု မေလတွင် ဒလွန် ကယ်လ်* ဦးဆောင်သည့် ပြင်သစ်နိုင်ငံမှ သံအဖွဲ့တစ်ဖွဲ့ လာရောက်သည့်အကြောင်းမှာ မြန်မာဘုရင်၏ နေပြည်တော်ကို လေ့လာရန်နှင့် ၁၈၈၃ ခုက မြို့သစ်မြို့စားအတွင်းဝန်မင်း ပါရီမြို့တော်တွင်ချုပ်ဆိုခဲ့သော စာချုပ်ပါအချက်အလက်များကို ပြင်ဆင်တိုးချဲ့ရေးအတွက် လည်းဖြစ်သည်။ ဤသို့ စာချုပ်ပြင်ဆင်တိုးချဲ့ရန် ကိစ္စကို ထိုစဉ်က ပြင်သစ်နိုင်ငံဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆောင်ရွက်နေသူ ယူးဖယ်ရီထံ အထက်ပါမှတ်တမ်းများကို တင်ပြခဲ့သည်။
သီဟိုဠ် (သီရိင်္ကာ)မှ သြဇာကြီးမားသော ဆရာတော်ကြီးထံမှ မိတ်ဆက်စာကို ယူဆောင်၍ သူသည် ၁၈၈၄ခု မေလ ၁၂ရက် နေ့တွင် မန္တလေးမြို့တော်ရှိ ကင်းဝန်မင်းကြီးထံ ဆိုက်ရောက်လာခဲ့သည်။
မြန်မာဘုရင်၏ အကြံပေးအင်ဂျင်နီယာအရာရှိဖြစ်သူ ဗွန်ဗီလီက စကားပြန်အဖြစ် ဆောင်ရွက်သည်။ ၉ရက်တိုင်တိုင်နှစ်ပြည်ထောင်ဆက်ဆံရေးကိုဆွေးနွေးခဲ့ကြသည်။ဆွေးနွေးချက်များတွင် အောက်ပါသဘောတူညီချက်များ ပါရှိပေသည်။
(၁) အကယ်၍ မြန်မာဘုရင်မင်းမြတ်က တောင်းဆိုလာသည့်အခါတွင်ဖြစ်စေ၊ မြန်မာ့ထီးနန်းဘုန်းတန်ခိုးကျဆင်းလာမှု ကြုံတွေ့လာရ သည့်အခါတွင်ဖြစ်စေ မြန်မာဘုရင်မင်းမြတ်က  ပြင်သစ်နိုင်ငံအစိုးရထံ အကူအညီများ တောင်းဆိုခဲ့ပါလျှင် ပြင်သစ်နိုင်ငံသည် နှစ်ပြည်ထောင်မဟာမိတ်ဆက်ဆံရေးကိုအကြောင်းပြုကာ မိမိ၏နိုင်ငံတော်အား ကျူးကျော်ထိပါးခံရ သကဲ့သို့ နှလုံးပိုက်ကာ ဝင်ရောက်ခုခံစောင့် ရှောက် ကာကွယ်ပေးမည်ဖြစ်သည်။
(၂) မြန်မာဘုရင်မင်းမြတ်သည် အင်ဒိုချိုင်းနားဒေသရှိ ပြင်သစ်ပိုင် နယ်မြေများကို အခြားသော ရန်ဖက်နိုင်ငံတို့က ထိပါးကျူးကျော်လာခဲ့သည်ဖြစ်စေ၊တစ်ခုခုသောနည်းလမ်းများဖြင့်ထိပါးကျူးကျော်လာခဲ့သည်ဖြစ်စေ မြန်မာဘုရင်မင်းမြတ် သည်မြန်မာနိုင်ငံနှင့်မြန်မာပိုင်နယ်များကိုစော်ကားကျူးကျော်ခံရသကဲ့သို့သဘောထားကာဝင်ရောက်ကူညီပေး ရမည်ဖြစ် သည်။
(၃) ပြင်သစ်နိုင်ငံအစိုးရသည် မြန်မာပြင်သစ်နှစ်ပြည်ထောင်တို့ကလိုလားသော ကူးသန်းရောင်းဝယ်ရေးဖလှယ်မှုအား လွယ်ကူစေရေးအတွက်မြန်မာဘုရင်မင်းမြတ်ကတောင်းဆိုသောမန္တလေး-တုန်ကင်း ဆက်သွယ်ရေးလမ်းဖောက်လုပ်ရန် ကိစ္စတို့အတွက် လိုအပ်သည် များအားလုံးကို ပြင်သစ်နိုင်ငံက ထောက်ပံ့ကူညီရမည်။
(၄)မြန်မာပြည်လွတ်လပ်မှုနှင့်စက်မှုဖွံ့ဖြိုးတိုးတက်ရေးများကိုပြုရန်လိုအပ်သော ယန္တရားပစ္စည်းများ၊ သယံဇာတပစ္စည်းများ၊ ကုန်ကြမ်း ပစ္စည်းများကို ကျွန်ုပ်တို့ပြင်သစ်အစိုးရက တင်သွင်းပေးပို့မည်။
(၅) မြန်မာပြည်၏ အရှေ့ဘက်နယ်နိမိတ်ဒေသများအဖြစ် ယူနန်နယ်နှင့် ကန့်သတ်ပိုင်းခြားရာတွင် မိုင်းတုံ၊ ကျိုင်းမ၊ မိုင်းမယ်မြို့များကို မြန်မာပိုင် နယ်မြေအတွင်းတွင် သွတ်သွင်းအသိအမှတ်ပြုရမည်။ မိုင်းမယ်နယ်စပ် မြန်မာပိုင်နယ်မှာ မဲခေါင်မြစ် နောက်ကျောမှနေ၍ ကျိုင်းတုံနယ်အထိ ပါဝင်ရမည်။ မဲခေါင်မြစ် လက်ျာဖက်ကမ်းကို မြန်မာပိုင်နယ်စပ်အဖြစ် မှတ်ယူရမည်။ လက်ဝဲဘက်ကမ်းကိုမူ ပြင်သစ် တုန်ကင်းဒေသအဖြစ် မှတ်ယူရမည်။ ယင်းဒေသကို တရုတ်ပြည်နယ် နယ်စပ်မှ မဲခေါင်မြစ်ကမ်းတစ်လျှောက် ကျိုင်းတုံနယ်အထဲ ပြင်သစ် ပိုင်ဟု အသိအမှတ်ပြုပေးရမည်။ ယူနန်နယ်မှ မဲခေါင်မြစ်၏လက်ျာဖက်ကမ်းတစ်လျှောက်အတိုင်း တုန်ကင်းနယ်နှင့် ဆက်စပ်သွားစေရ မည်။ ဤဒေသများ၏လုံခြုံရေးကို ပြင်သစ်အစိုးရက တာဝန်ယူဆောင်ရွက်ပေးရမည်။ သို့သော် မြန်မာဘုရင်ထံသို့ ရိုးရာထုံးစံအတိုင်း အ စဉ်မပြတ် ရိုသေကိုင်းရှိုင်း အလေးထားကြောင်းနှင့် မဟာမိတ်စာသဝဏ်လွှာများ ပေးပို့ရမည် စသည့်အချက်များ ပါရှိလေသည်။ ၂၃
မြန်မာနှင့်ပြင်သစ် စာချုပ်ချုပ်ဆိုမည်ဟူသောသတင်းကို ရကတည်းကပင် ဗြိတိသျှတို့မှာ ဂဏာမငြိမ်ဖြစ်လာတော့၏။ ထို့နောက် ပြင်သစ်နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး လော့ဒ်လိုင်းယွန်းစ်*ကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျူးဖယ်ရီနှင့်ဆွေးနွေးရန် တာဝန်ပေး လိုက်လေသည်။  ဆွေးနွေးပွဲကို ၁၈၈၃ခု နွေဥတု၌တစ်ကြိမ်၊ ဆောင်းဦးပေါက်၌တစ်ကြိမ် ပြုလုပ်ကျင်းပခဲ့သည်။ ဤဆွေးနွေးပွဲများတွင် ပြင်သစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်စာချုပ်သည်ရှိသော် ကူးသန်းရောင်းဝယ်ရေး သဘောသက်သက်သာ ဖြစ်စေလိုကြောင်း၊ ပြင် သစ်နိုင်ငံက မြန်မာတို့အား လက်နက်ခဲယမ်းမီးကျောက်များ ဝယ်ယူခွင့်မပြုစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ပထဝီအနေအထားအရ ဗြိတိ သျှအစိုးရက မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သမျှတွင် အထူးစိတ်ဝင်စားမှုရှိနိုင်ကြောင်း ဗြိတိသျှသံအမတ်က အတိအလင်း ထုတ်ဖော် ပြောဆိုလေသည်။
တစ်ဖန် ၁၈၈၄ခု မေလတွင် အထက်မြန်မာနိုင်ငံနှင့် မည်သည့်ပြင်ပလက်နက်နိုင်ငံကမဆို နိုင်ငံရေးအရနားလည်မှု ရယူကြခြင်း ကိုသော်လည်းကောင်း၊ အထူးသဖြင့် မဟာမိတ်အဖြစ် ဖွဲ့စည်းခြင်းကိုသော်လည်းကောင်း ပြုလုပ်ခဲ့လျှင် ဗြိတိသျှအစိုးရက ပြင်းထန်စွာ ကန့်ကွက်ရလိမ့်မည်ဟု ဖယ်ရီအား အကြောင်းကြားခဲ့၏။
ဗြိတိသျှတို့သည် ဤမျှနှင့် မကျေနပ်သေးပေ။ နောက်ထပ် တစ်လှမ်းတိုးလိုက်ပြန်သည်။ ၁၈၈၄ခု ဇူလိုင်လတွင် လော့ဒ်လိုင်း ယွန်းစ်က ဖယ်ရီနှင့် ကိုယ်တိုင်တွေ့ဆုံကာ သတိပေးကန့်ကွက်စာတစ်စောင် ပေးအပ်ပြန်သည်။ ဖယ်ရီက မြန်မာ့သံအဖွဲ့သည် ပြင်သစ် နိုင်ငံနှင့် နိုင်ငံရေးမဟာမိတ်အဖြစ် ဖွဲ့စည်းရန်လိုလားကြောင်း၊ ထို့ပြင် လက်နက်များကိုလည်း ဝယ်ယူခွင့်ရလိုကြောင်း၊သို့သော်မိမိတို့က အထက်မြန်မာနိုင်ငံနှင့် မည်သည့်မဟာမိတ်မျိုးမှဖွဲ့ရန် ရည်ရွယ်ချက်မရှိခဲ့ပါ ကြောင်းး ပြန်လည်ဖြေကြားလိုက်လေသည်။
၁၈၈၅ခု ဇွန်လ ၁ရက်နေ့တွင် ပြင်သစ်ကောင်စစ်ဝန်အဖြစ် မွန်ဆီယာဟတ်* မန္တလေးသို့ ရောက်ခဲ့ပြန်သည်။ ပြင်သစ် – မြန်မာ ဆက်ဆံရေးအဆင်ပြေမှု၏ အကျိုးဆက်အဖြစ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများ ပေါ်ထွက်လာလေသည်။ ပထမလုပ်ငန်းမှာ မန္တလေးမှ-တောင်ငူသို့ မီးရထားလမ်းဖောက်လုပ်ရေးဖြစ်သည်။ ကုန်ကျမည့်ငွေမှာ ပေါင် ၁၅,ဝဝ,ဝဝဝ ဖြစ်ပြီး၊ ဖောက်လုပ်ပြီးစီးရမည့် ကာလမှာ (၇)နှစ်အတွင်းဖြစ်သည်။ ယင်းငွေကို တစ်ရစ်လျှင် ၆၂၅,ဝဝဝ ကျစီ လေးရစ်ခွဲ၍ပေးမည်။ ကုန်ကျမည့်ငွေကို ပြင်သစ်အစိုးရနှင့် ပြင်သစ်ကုမ္ပဏီတစ်ခုတို့က ပူးတွဲ၍တာဝန်ယူမည်ဖြစ်၏။ ဆောက်လုပ်ပြီး၍ နှစ်ပေါင်း ၇၀ ကုန်လွန်သောအခါ၌ မီးရထားလမ်းကို မြန်မာ အစိုးရပိုင်ဆိုင်ခွင့်ရရှိမည်။ မတည်ငွေရင်းအတွက် မြန်မာတို့ကပေးရမည့်အတိုးနှုန်းကို အခိုက်အတန့်အားဖြင့် ၇၁/၂ ရာခိုင်နှုန်းသတ်မှတ် ထားမည်။ မြန်မာနိုင်ငံ၏ရေနံခွန်နှင့် မြစ်ရိုးတစ်လျှောက် ကောက်ခံသောအခွန်များကို မြန်မာအစိုးရနှင့် ပြင်သစ်အစိုးရတို့က ခန့်အပ်သော အရာရှိနှစ်ဦးက ပူးတွဲထောက်ခံမည်။ ဤသို့ မြန်မာအစိုးရနှင့် ပြင်သစ်အစိုးရတို့ ကောက်ခံ၍ရရှိသော အခွန်ငွေများထဲမှ နှစ်စဉ်ကျသင့် သောအတိုးငွေကို ပြင်သစ်တို့ကယူရမည်။ ကျသင့်သောအတိုးငွေမှ ပိုသောငွေများကို မြန်မာအစိုးရကယူမည်ဟူ၍ မီးရထားလမ်း ဖောက် လုပ်ရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် သဘောတူညီကြသည်ဟုဆို၏။ ထို့အပြင် အခြားသဘောတူညီချက် တစ်ခုမှ မတည်ငွေရင်းကျပ် ၂၅ သန်း (စတာလင်ပေါင် ၁၆,၆၆,၆၆၆)ဖြင့် မြန်မာနိုင်ငံဘဏ်တစ်ခုကို ပြင်သစ်အစိုးရနှင့် ပြင်သစ်ကုမ္ပဏီတစ်ခုတို့က မန္တလေး၌တည် ထောင်ဖွင့်လှစ်ပေးပြီး ယင်းငွေ၏တစ်ဝက် ကျပ် ၁,၂၅,ဝဝ,ဝဝဝ (၁၂သန်းခွဲ)သည် မြန်မာအစိုးရ၏ အရင်းငွေအဖြစ်ပါဝင်မည်။ မြန်မာအ စိုးရအတွက် ရင်းနှီးငွေ၏အတိုးနှုန်းမှာ တစ်ရာခိုင်နှုန်းဖြစ်သည်။ မတည်ငွေရင်းကျပ် ၁၂သန်းခွဲမှာငွေသားဖြစ်၍ ကျန်တဝက်မှာငွေစက္ကူ များဖြစ်သည်။ မြန်မာဘုရင်နှင့် နိုင်ငံတော်လုပ်ငန်းများအတွက်ချေးပါက တစ်နှစ်လျှင် ၁၈ ရာခိုင်နှုန်းဖြင့် ချေးငှားမည်။ ဘဏ်ကို ပြင်သစ် နှင့်မြန်မာအရာရှိတို့ ပူးတွဲအုပ်ချုပ်မည်။ ယင်းဘဏ်မှ ငွေစက္ကူများကိုထုတ်ကာ လက်ဖက်လုပ်ငန်းနှင့် ပတ္တမြားတွင်းများတူးဖော်ရေးကို ချုပ်ကိုင်ကြီးကြပ်သွားမည်။ အမြတ်ငွေများကို ညီမျှစွာခွဲယူကြမည်။ ယင်းအမြတ်ငွေ၏ တစ်ဝက်ထဲမှ မြန်မာအစိုးရ ရင်းနှီးငွေအတွက် ကျ သင့်သောအတိုးနှုန်းကိုနှုတ်ယူ၍ ကျန်ရှိသောအမြတ်ငွေကို မြန်မာအစိုးရဝေစုအတွက် ရယူမည်ဟူ၍ဖြစ်သည်။ ယင်းကိစ္စအတွက် နှစ်နိုင်ငံ အပြန်အလှန်အတည်ပြုနိုင်ရန် သံချက်ဝန်ထောက်မင်းကြီး မင်းလှမဟာစည်သူသည် ဇူလိုင်လမကုန်မီ ပါရီမြို့သို့ ထွက်ခွာသွားခဲ့သည်။
မီးရထားလမ်း ဖောက်လုပ်ရန်နှင့် ဘဏ်တည်ထောင်ရန် လုပ်ငန်းများအပြင် စစ်နှင့်ပတ်သက်သည့် သဘောတူညီမှု တစ်ခုလည်း ရှိသေးသည်။ ၁၈၈၅ခု ဇန်နဝါရီလ ၁၅ရက်နေ့တွင် ပြင်သစ် – မြန်မာ အရာရှိကြီးများသည် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စာချုပ်တစ်ရပ် ကို ချုပ်ဆိုခဲ့၏။
သို့ကလို ပြင်သစ် – မြန်မာ ဆက်ဆံရေး ပြေပြစ်ခြင်းကို ဗြိတိသျှတို့မှာ မရှုဆိတ်နိုင်အောင် ဖြစ်ခဲ့ကြသည်။ အာရှတိုက်စီးပွားရေး စားကျက်၌ ပြင်သစ်တို့ တိုးတက်နယ်ချဲ့လာမည်ကို စိုးရိမ်ကြသည်။ အထူးသဖြင့် မိမိတို့ ခြေကုတ်ရပြီးဖြစ်သော မြန်မာနိုင်ငံ၌ ပြင်သစ်တို့ ကြားဝင်မွှေနှောက်ခြင်းကို လက်မခံနိုင်ချေ။ ထို့ကြောင့် ကျန်ရှိနေသေးသော အထက်မြန်မာနိုင်ငံမှ ပြင်သစ်တို့၏ ချယ်လှယ်စွက်ဖက်မှု များ ဖယ်ရှားနိုင်ရေးကို ဗြိတိသျှတို့ပို၍ အာရုံစိုက်လာကြလေသည်။
ဤသို့အခြေအနေတွင် တောင်ငူမြို့၌ လုပ်ငန်းလုပ်နေသော ဘုံဘေဘားမားကုမ္ပဏီနှင့် သစ်လုံးခိုးမှုဖြင့် အရှုပ်အရှင်းဖြစ်ရပြန်သည်။
ဘုံဘေဘားမား ကုမ္ပဏီသည် မြန်မာဘုရင်ထံမှ လိုင်စင်ခံ၍ မြန်မာ့သစ်တောများတွင် သစ်ထုတ်ယူနေသည်မှာ တတိယ အင်္ဂလိပ် – မြန်မာ စစ် စတင်ဖြစ်ပေါ်သည့် ကာလအထိဆိုလျှင် အနှစ် ၂ဝ မျှ ရှိနေလေပြီ။ ၁၈၈၄ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် သီပေါဘုရင်၏ သဘောတူညီချက်ဖြင့် လိုင်စင်အသစ်တစ်ခုကို ထပ်မံလဲလှယ်ခွင့်ရခဲ့၏။ ယင်းလိုင်စင်အရ ဘုံဘေဘားမား ကုမ္ပဏီက မြန်မာဘုရင်အား တစ်နှစ်လျှင် ငွေလေးသိန်းခွဲ ကြိုတင်ပေးသွင်းရမည် ဖြစ်ပေသည်။ သစ်ထုတ်လုပ်ရမည့်နယ်ကား တောင်ငူခရိုင် ‘နင်း ကြမ်း’ ဒေသ ဖြစ်၏။ သို့သော် မကြာမီပင် ကုမ္ပဏီသည် လောဘသက္ကာယ များလာတော့၏။ သစ်လုံးရေများကို တကယ်ထုတ်သည့် အ ရေအတွက်ထက် လျှော့ပြပြီး အကောက်ကိုရှောင်ရှားလေ၏။ မြန်မာတို့ဘက်ကလည်း အမြဲတမ်း စုံစမ်းထောက်လှမ်းမှု ပြုနေသည်ဖြစ်ရ ကား မကြာမီပင် အဖြစ်မှန်ပေါ်ပေါက်လာတော့သည်။
အကောက်ကိုရှောင်ရှား၍ ခိုးထုတ်သည့် သစ်လုံးဦးရေမှာ ၅၆,၇၀၂ လုံး ဖြစ်၏။ ထိုကာလ၏ တန်ဘိုးအားဖြင့် ၁၀သိန်းကျော်၏။ “၁၂၄၇ခု ဒုတိယဝါဆိုလ (ခရစ် ၁၈၈၅ခု သြဂုတ်လ)၌ တောင်ငူမြို့နေ သစ်ခေါင်းကြီး ကိုးဦးနှင့် အပေါင်းအပါသစ်ခေါင်းတို့က တောင်ငူမြို့တွင် သစ်တောအလုပ်အဆောင်များကို အခွန်တော်နှင့် ချထားလုပ်ဆောင်စေသူ၊ အခွန်ထမ်း အင်္ဂလိပ်ကုန်သည်ကြီး ‘ဘုံဘေ ဘရမာ ကုမ္ပဏီ’ (ဘုံဘေဘားမား ကုမ္ပဏီ) ဗြိုက်စစ်*၊ မက္ကစဝက်** တို့ သဘောများကို သင်းသတ်ခုတ်လုပ်ချဆောင်ရွာ (၁၂၄၅ ခုနှစ်မှ ၁၂၄၇ ခုနှစ်)တိုင် ၂နှစ်အတွက် သစ်လုံးရေ ၈သောင်းကျော်ကို ကျောက်တိုင် တောင်ဘက်သို့ ထုတ်ယူစုန်မျှောရှိသည်ကို အခွန်တော်ရုံး တွင် သစ်လုံးရေ ၃သောင်းကျော်သာ ထုတ်ယူထွက်ရှိကြောင်း စာရင်းတင်ပေး၍ သစ်လုံးရေ ၅သောင်းကျော် ထိမ်ချန်ကဲ့ဝှက် ပြုလုပ် သောကြောင့် အကျိုးတော်များ ယုတ်လျော့သည့်အပြင် သစ်သင်းခုတ် လုပ်ချဆောင်ခဲ့သည့် ငွေများကိုလည်း ပြေကုံအောင် မပေး၊ မှန် မမှန် လွှတ်တော်က ကုမ္ပဏီအား စေလွှတ်စစ်မေးရာ ဝန်မခံ။ ကျောက်တိုင် တောင်ဖက် တောင်ငူမြို့ သစ်တောရုံးက မှတ်သားသည့် စာရင်းအထွက်အရကို လိုက်နာထိုက်သည့်အတိုင်း တောင်ငူမြို့သစ်တောရုံးရှိ သစ်ထုတ်စာရင်းကို ကူးယူကြစေ၍ ကူးယူစာရင်းကို ကြည့် ရှုပြီးမှ ထိုက်သင့်ရာ ရွေးချယ်စီရင်ရမည်”ဟု လွှတ်တော်က စီရင်ချက်ချကာ “ရန်ကုန်မြို့ရှိ မဟာမင်းကြီးထံ အကြောင်းအရာ စာပေးပို့ စေလွှတ်ရာ မဟာမင်းကြီးက တောင်ငူမြို့ရှိ သစ်တောရုံးက သစ်ထုတ်စာရင်းကို စုံညီကူးယူကြရလေသည်” ဟူ၍ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး တတိယတွဲ စာ ၆၉၈တွင် ဤသစ်ကိစ္စနှင့် ပတ်သက်ပြီး မြန်မာတို့က စေ့စေ့စပ်စပ် ဆောင်ရွက်ခဲ့ကြပုံကို ဖော်ပြ ထားပေသည်။၂၄
အမှားအတိမ်း မရှိစေရ၊ နှစ်ဦးနှစ်ဖက် မနစ်နာရဘဲ တရားသဖြင့် ဖြစ်စေရန်အလို့ငှာ မိမိရုံးမှ စာရင်းများသာမဟုတ် တစ်ဖက် သော သူ၏ရုံးမှ စာရင်းများနှင့်ပင် တိုက်ဆိုင်ကြည့်ရှု စစ်ဆေးခဲ့သည့် အချက်က ဗြိတိသျှတို့ စွပ်စွဲသကဲ့သို့ ‘မတရားဒဏ်ရိုက်ခြင်း’ ဟုတ် မဟုတ် ထင်ရှားပေါ်လွှင်စေသည်။ ၁၈၈၅ခုနှစ် သြဂုတ်လ ၁၂ရက်တွင် တောင်ငူသစ်တောရုံးမှ ကူးယူစာရင်းကို ကြည့်သောအခါ၌ သစ် လုံးရေ ၅သောင်း ၆ထောင် ကွာခြားသည့်အချက်ကို ထင်းထင်းကြီး မြင်တွေ့ကြရပေမည်။ ထို့ကြောင့် မြန်မာ့လွှတ်တော်က ဘုံဘေဘား မားကုမ္ပဏီသည် ငွေနှစ်သိန်း သုံးသိန်းကျော်ကို ဒဏ်အဖြစ်ပေးဆောင်ရမည်ဟူ၍ စီရင်ချက်ချလိုက်တော့သည်။
ဘုံဘေဘားများ ကုမ္ပဏီသည် ကျန်စီရင်ချက် မကျေနပ်ပေ။ ထို့ကြောင့် ဘုရင်ခံချုပ်ထံသို့ လှမ်း၍ စာဖြင့် တိုင်ကြား၏။ ဘုရင်ခံ ချုပ်က အိန္ဒိယမှအရာရှိတစ်ဦးကို ခုံအဖြစ် ရန်ကုန်သို့စေလွှတ်မည်ဟု မဟာမင်းကြီးအား အကြောင်းကြားလိုက်သည်။ မြန်မာလွှတ် တော် သို့လည်း ဤသို့ပင် အကြောင်းကြားစာပို့၏။ မြန်မာလွှတ်တော်က ဤအမှုနှင့်ပတ်သက်၍ ကြားမဟာမိတ် နိုင်ငံတစ်ခုခုကသာ ဆုံအ ဖြစ်ပါဝင် ဆုံးဖြတ်သင့်ကြောင်း ပြန်စာပို့ပေးလေသည်။
သို့သော် ဗြိတိသျှတို့က မြန်မာတို့ဖက်မှ တင်ပြချက်ကို လက်မခံခဲ့ချေ။ ယင်းနှစ် အောက်တိုဘာ ၂၂ရက်နေ့တွင် အိန္ဒိယဘုရင်ခံ ချုပ် လော့ဒ်ဒပ်ဖရင်* ၏ အချက် (၅)ချက်ပါ ရာဇသံကို မြန်မာ့လွှတ်တော်သို့ ပို့ပေးလေသည်။ ယင်းရာဇသံကိုလည်း နိုဝင်ဘာလ ၁၀ရက် နေ့ နောက်ဆုံးထား၍ အကြောင်းပြန်ရန်ပါရှိသည်။ အဆိုပါ စာ၌ အချက်ငါးချက် ပါဝင်သည်။ ယင်းတို့မှာ –
(၁) အိန္ဒိယ ဘုရင်ခံချုပ်၏ ကိုယ်စားလှယ်ကသာ သစ်မှုကို ဆုံးဖြတ်စေရမည်။
(၂) ယင်းကိုယ်စားလှယ်ကို ဧရာဝတီမြစ်ဆိပ်၌ အုတ်ဝင်းကာရံ၍ အစောင့်တပ်သား ၁၀၀၀ဖြင့် နေထိုင်ခွင့် ပြုရမည်။
(၃) ဧရာဝတီ၏ မြစ်ဆိပ်တွင် ဗြိတိသျှ တိုက်သဘောင်္တစ်စင်းကို အစောင့်အရှောက်နှင့်တကွ ထားရှိခွင့်ပြုရမည်။
(၄) မြန်မာဘုရင်ရှေ့တော်သို့ ဗြိတိသျှအရေးပိုင် ကိုယ်စားလှယ် ဝင်ရောက်သောအခါ၌ ခြေနင်းစီး၊ ဓားဆောင်ခွင့်ပြုရမည်။
(၅) ဗြိတိသျှ သဘောမတူညီဘဲ မြန်မာတို့က မည်သည့်နိုင်ငံနှင့်မျှ ဆက်သွယ်ခြင်းမပြုရ ဟူ၍ဖြစ်သည်။
ဤစာပါအချက်အလက်များကိုလေ့လာပြီးနောက်မြန်မာလွှတ်တော်က ဘဏ်ငွေများကို လျှော်ပစ်မည်ဖြစ်ကြောင်း မြန်မာ့ နိုင်ငံခြားဆက်ဆံရေးနှင့် ပတ်သက်၍မူကား အခြားနိုင်ငံ တစ်နိုင်ငံက ဆုံးဖြတ်ပေးသည်ကို လိုလားပါကြောင်း လိုက်လိုက်လျောလျောပင် အလျှော့ပေးရန် ဆုံးဖြတ်ပြီးနောက် ဘုရင်ခံချုပ်ထံသို့ ၁၈၈၅ခု နိုဝင်ဘာလ ၆ရက်နေ့တွင် စာဖြင့် ပြန်ကြားလိုက်၏။
ဗြိတိသျှတို့သည် ဤပြန်ကြားချက်ကို လက်မခံခဲ့ပေ။ ယင်းတို့ တောင်းသမျှကိုသာ လိုက်လျောစေလို၏။ မလိုက်လျောဘဲ
မြန်မာနိုင်ငံခြားရေးဝန်ကြီး ကင်းဝန်မင်းကြီးဦးကောင်း၏ ပြန်စာသည် ဗြိတိသျှတို့ဘက်မှ တင်ပြသောအဆိုကို ရဲရဲဝံ့ဝံ့ ငြင်းပယ် လိုက်ခြင်းဖြစ်သည်ဟု အင်္ဂလိပ်သမိုင်းဆရာ ‘ဖူးကား’က ဆိုသည်။ အင်္ဂလိပ် သမိုင်းဆရာ ဒီဂျီအီးဟောကလည်း မြန်မာတို့၏ ပြန်စာသည် ပြင်းထန်သော တိုက်ခိုက်ခြင်းဟုဆိုသည်။ မြန်မာတို့ဘက်မှာ ဤသို့ငြင်းပယ်ခြင်းကြောင့်သာ အင်္ဂလိပ်တို့ဘက်မှ စစ်တိုက်ရကြောင်း မိုး ကြိုးပစ် ထန်းလက်ကာ ပြောဆိုကြသည်။ သို့သော်အင်္ဂလိပ်အမျိုးသမီးသမိုင်းပညာရှင် ဒေါ်ရောသီဝုဒ်မင်း (Dorothy Woodman) က မူ‘မြန်မာတို့ဘက်မှပြန်စာသည် အလွန်တရာမျှသော ပြန်ကြားချက်ဖြစ်သည်။ အင်္ဂလိပ်တို့ဘက်မှ ဤကဲ့သို့သော တူညီသည့်မျှတမှုမျိုးသာ ရှိခဲ့မည်ဆိုလျှင် စစ်ဖြစ်စရာမဟုတ်ပါ’ဟု သူပြုစုခဲ့သော ‘ခေတ်မြန်မာတည်ဟန်’ The Marking of Burma စာအုပ်၌ ရေးသားဖော်ပြထား လေသည်။
သို့ကလို တောင်းဆိုချက်များကို မြန်မာတို့က မလိုက်လျောသောအခါ ဘုရင်ခံချုပ်သည် ၁၈၈၅ခု နိုဝင်ဘာလ ၁၃ရက်နေ့တွင် မေဂျာဂျင်နရယ်ပရင်ဒါဂတ်*အား အထက်မြန်မာနိုင်ငံသို့ ချီတက်စေ၏။ သို့သော် နိုဝင်ဘာလ ၇ရက်နေ့ကတည်းကပင် မန္တလေးသို့ ချီတက်ရမည့် ပရင်ဒါဂတ်စ်၏တပ်များ ရန်ကုန်သို့ကြိုတင်ရောက်ရှိနေကြပြီဖြစ်သည်။ ဗြိတိသျှတို့၏ စစ်အင်အားမှာ တပ်သား ၉၄၆၇ ယောက်၊ အမြောက် ၅၀လက်၊ စက်သေနတ် ၂၇လက် ဖြစ်၏။ ကြည်းတပ်များကို တပ်မဟာသုံးခုခွဲ၍ ဗိုလ်မှူးချုပ်ဖို့ဒ်၊ ဗိုလ်မှူးချုပ်ဝှိုက်နှင့် ဗိုလ်မှူးချုပ်နော်မန်တို့အား အုပ်ချုပ်စေပြီး ပရင်ဒါဂတ် ကိုယ်တိုင်မှာမူ ရေကြောင်းအတိုင်းဆန်တက်လိုက်ပါလေသည်။ ဗြိတိသျှ အရင်း ရှင်ကြီးများတည်ထောင်သည့် ဧရာဝတီ ဖလော်တီလာ (Florilla) ကုမ္ပဏီက သဘောင်္ပေါင်း ၄၇စီးဖြင့် ကူညီခဲ့၏။၂၆
တဖက်မှ ဗြိတိသျှတို့စစ်ပြင်ဆင်နေချိန်၌ မြန်မာတို့ဖက်ကလည်း (၁) အောက်မြစ်စဉ်ရေကြောင်း (၂) တောင်တွင်းကြီး စစ် ကြောင်း (၃) ရွှေလှံဗိုလ်ဦးချက် ဦးစီးသော တောင်ငူစစ်ကြောင်းကြီး သုံးခုခွဲ၍ ခုခံတိုက်ခိုက်ရန် ပြင်ဆင်ခဲ့လေသည်။ ထို့ပြင် ခံတပ်အသီး အသီး၌ ကွပ်ကဲရန် မြေဒူးဝန် (ဆင်ပေါင်ဝဲခံတပ်)၊ ဖောင်ဝန် (ထူးပေါက်ခံတပ်)၊ စက်ဝန်ယွန်းစုဝန် (ပန်းတော်ပြင်ခံကတုတ်)၊ ပြည်လုံးအံ့ လှေသင်းဗိုလ် (ဂွေးချောင်းခံတပ်)၊ လက်ရွေးကြီး လှေသင်းဗိုလ် (မင်းလှခံတပ်) တို့ကို ပေးအပ်ခဲ့သည်။
ယင်းကဲ့သို့ စစ်ကြောင်းသုံးကြောင်း မခွဲမီ နန်းတွင်းအရေးပေါ်ညီလာခံ တစ်ရပ်ပြုလုပ်ခဲ့သေးသည်။ ညီလာခံတွင် ဗြိတိသျှတို့ အား ခုခံရန်သင့်မသင့်ကို ဆွေးနွေးကြ၏။ ဤတွင် ကင်းဝန်မင်းကြီး ဦးကောင်း၊ တောင်ခွင်မင်းကြီး ဦးသိုင်း၊ ပေါက်မြိုင်အတွင်းဝန် ဦးလှ ဘူး၊ ကျောက်မြောင်းမတွင်းဝန် ဦးရွှေအိုးတို့က ဗြိတိသျှအစိုးရ၏ တောင်းဆိုချက်ကို လိုက်လျော၍ ရန်စစ်မဖြစ်ရန် တင်ပြဆွေးနွေးကြ သည်။ တဖက်က တိုင်တားမင်းကြီး၊ လှေသင်းအတွင်းဝန်နှင့် စုဘုရားလတ်တို့က စစ်တိုက်ရန်လိုလားကြသည်။ နန်းတွင်း၌ ယင်းကဲ့သို့ စစ်မဖြစ်စေလိုသောအဖွဲ့နှင့် ရဲစိတ်ရဲမာန်ကြွနေသော အဖွဲ့နှစ်ဖွဲ့ နှစ်ဂိုဏ်းကွဲလျက်ရှိနေကြပြီး နောက်ဆုံးဗြိတိသျှကို ပြန်လည်ခုခံလို သော တိုင်တားမင်းကြီးတို့အဖွဲ့က အရေးသာခဲ့သည့်အလျောက် ‘အင်္ဂလိပ်တို့က ဤသို့အနိုင်အထက် ရန်စကျူးကျော်ခြင်းကို ခေါင်းငုံ့ခံ၍ သင့်မသင့်၊ ဘုရင်တစ်ပါး၏ ဂုဏ်သိက္ခာကိုပြသရန် စစ်တိုက်ခြင်းမှတစ်ပါး အခြားမရှိပြီ။ တပ်များ ချီတက်စေရန်ကိုသာ စီစဉ်ကြတော့’ဟု သီပေါမင်းသည် စစ်မိန့်ကို ထုတ်ပြန်ခဲ့လေသည်။
သရက်မြို့တွင် စုရုံးပြီးဖြစ်သော ဗိုလ်မှူးချုပ် ပရင်ဒါဂတ်၏ တပ်မကြီးသည် မြန်မာတို့ဖက်မှ အကြောင်းပြန်ချက် ရပြီးနောက် ၁၈၈၅ခု နိုဝင်ဘာလ ၁၄ရက်နေ့တွင် နေပြည်တော်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သည်အလုံးအရင်းနှင့် ဆန်တက်လာခဲ့လေသည်။
ထိုနေ့မှာပင် ဆင်ပေါင်ဝဲ စစ်အောင်ခန်းခံတပ်၌ တိုက်ပွဲဖြစ်ပွားခဲ့၏။ ယင်းတိုက်ပွဲ၌ မြန်မာဘုရင်သဘောင်္ဖြစ်သော တုလွတ်ယဉ် ကျော်နှင့် ရေကြောင်းပိတ်ဆို့ရန်ကြိုးပမ်းနေသူ အီတလီ အင်ဂျင်နီယာ ကိုမိုတိုတို့ အင်္ဂလိပ်လက်အောက်သို့ ကျရောက်သွားသည်။
နိုဝင်ဘာလ ၁၆ရက်နေ့တွင် ထူးပေါက်ခံတပ်ကို ဗြိတိသျှတို့ လာရောက်တိုက်ခိုက်သည်။ ဗြိတိသျှ ကမ်းတက်တပ်က ချီတက် တိုက်ခိုက်ခြင်းဖြစ်ရာ တိုက်ပွဲဖြစ်ပွားနေကြောင်းကို ဆင်ပေါင်ဝဲမြို့ဝန်က မင်းလှရှိ မင်းလက်ဝါးထံသို့ ကြေးနန်းရိုက်သတင်းပို့ခဲ့သည်။ မင်းလက်ဝါး၏အမိန့်အရ ထူးပေါက်ကတုတ်မှ ဖောင်ဝန်နှင့် လက်သစ်လှေသင်းဗိုလ်တို့ ပန်းတော်ပြင်ကတုတ်နှင့် ပူးပေါင်းလိုက်ကြသည်။ ဗြိတိသျှတို့က ထူးပေါက်ခံတပ်ကို သိမ်းပိုက်လိုက်ကြသည်။နိုဝင်ဘာ၁၇ရက်နေ့တွင်ပတ္တနဂိုလ်ရွာအနီးရောက်ရှိကြပြီးနောက်ဂွေး ချောင်းခံတပ်၌တိုက်ပွဲဖြစ် ပွားကာ ခံတပ် ဗြိတိသျှလက်အောက်သို့ ကျရောက်သွား၏။ ထိုနေ့မှာပင် ဗြိတိသျှတို့ မင်းလှခံတပ်ကိုပါ ချီတက် တိုက်ခိုက် သိမ်းပိုက်လိုက်ကြသည်။ မင်းလှခံတပ် တိုက်ပွဲပြင်းထန်လှပြီး နှစ်ဦးနှစ်ဖက် အကျအဆုံးများစွာရှိခဲ့၏။
နိုဝင်ဘာလ ၁၉ရက်နေ့တွင် ဗြိတိသျှ သဘောင်္များအထက်သို့ ဆန်တက်သွားကြ၏။ ညောင်ဦးမြို့အနီးတွင် မြန်မာခံကတုတ်နှင့်အပြန်အလှန်ပစ်ခတ်မှုအချို့ရှိခဲ့သည်။မိုးသည်းထန်စွာရွာသွန်းမှုကြောင့်လည်း အနည်းငယ်ရပ်ဆိုင်း ကာ နိုဝင်ဘာ ၂၄ရက်နေ့တွင် ဗြိတိ သျှတပ်များ ဆက်လက်ချီတက်သည်။ မြင်းခြံမြို့အနီးတွင် လှေသင်းအတွင်းဝန်၏ တပ်နှင့်တွေ့ဆုံကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ သည်။ မြင်းခြံတွင် မြန်မာတို့အရေးနိမ့်ခဲ့ကြောင်း နေပြည်တော်မှ ကြေးနန်းသတင်းရရှိခဲ့ပြီးနောက် ၁၈၈၅ခု နိုဝင်ဘာလ ၂၅ရက်နေ့တွင် သီ ပေါမင်းက အရေးပေါ်ညီလာခံခေါ်ယူကာ အခြေအနေကို မည်သို့ တုံ့ပြန်သင့်ကြောင်း တိုင်ပင်ဆွေးနွေးခဲ့သည်။
နိုဝင်ဘာလ ၂၆ရက်နေ့တွင် ဗိုလ်ချုပ်ပရင်ဒါဂတ်ရှိရာ ရွာသစ်ကြီးရွာသို့ ကျောက်မြောင်းအတွင်းဝန် ဦးရွှေအိုးနှင့် ဝက်မစွက် ဝန်ထောက်ဦးလတ်တို့ကို စေလွှတ်ကာ ကင်းဝန်မင်းကြီး လက်မှတ်ရေးထိုးသောစာကို ပေးအပ်စေခဲ့သည်။ စာတွင် အပစ်အခတ်ရပ်စဲ၍ မဟာမိတ်စာချုပ်ချုပ်ဆိုကာ ယခင်ကကဲ့သို့ ချစ်ကြည်စွာ ဆက်ဆံကြရန်ဖော်ပြပါရှိသည်။ ပရင်ဒါဂတ်ကမူ မိမိ၌မန္တလေးအထိ ချီတက် တိုက်ခိုက်ရန် အမိန့်ပါရှိသဖြင့် မြန်မာဘုရင်နှင့်တကွ မြန်မာ့တပ်မတော်က လက်နက်ချရန်အတွက်လက်ခံခြင်းရှိမရှိနိုဝင်ဘာလ၂၇ရက်နံနက်၎နာရီအရောက်အကြောင်းပြန်ရန်ကိုသာ ပြောကြား ခဲ့သည်။
နိုဝင်ဘာလ ၂၇ရက်နေ့ နံနက်အထိ မြန်မာဘုရင်၏ ပြန်ကြားချက်ကိုမရရှိသဖြင့် အင်္ဂလိပ်ရေတပ်စု ဆက်လျက်ချီတက်ခဲ့ကြ သည်။ အင်းဝ၊ သပြေတန်းနှင့် စစ်ကိုင်းခံတပ်တို့သည် လက်နက် ချရန် ငြင်းဆန်ခဲ့ကြသဖြင့် လွှတ်တော်မှ ဘုရင့်အမိန့်တော် ကြေးနန်း စာပို့ပေးခဲ့ရ၏။ ဤသို့ဖြင့် ဗြိတိသျှတပ်များ မန္တလေးသို့ ချီတက် ဝင်ရောက်လာကြတော့သည်။
ဗြိတိသျှအင်အားစု မန္တလေးမြို့အနီး ချည်းကပ်လာချိန်၌ပင် ကင်းဝန်မင်းကြီးက ဆင်စီး၍ ကာနယ်စလေဒင်နှင့် လာရောက် တွေ့ဆုံသည်။ ထို့နောက် နန်းတွင်းသို့ အတူဝင်ရောက်ခဲ့ကြ၏။ ကာနယ်စလေဒင်သည် သီပေါမင်း လက်နက်ချ အညံ့ခံကြောင်း သဘော တူညီချက်ရရှိပြီးနောက် ပရင်ဒါဂတ်ထံ အကြောင်းကြားခဲ့သည်။ သို့ဖြင့် နိုဝင်ဘာလ ၂၉ရက်နေ့တွင် ဗြိတိသျှတပ်များ စစ်ကြောင်း(၃) ကြောင်းစွဲ၍ နန်းတွင်းသို့ ဝင်ရောက်နေရာယူကြသည်။ သီပေါမင်းသည် နန်းတော်တောင်ဘက်ဥယျာဉ်ရှိ နွေရာသီစံနန်းတော်၌ စံနေတော်မူပြီး ဟမ်ရှိုင်းယားတပ်က လုံခြုံရေး တာဝန်ယူထားလေသည်။
ထို့နောက် နိုဝင်ဘာလ ၂၈ရက် ညနေ ၃နာရီခွဲခန့်တွင် ဘီရိုလှည်းနှစ်စင်းဖြင့် အရှင်နှစ်ပါးတော်ဝင် မိသားစုတို့ကို ဂေါဝိန်ဆိပ်၌ ဆိုက်ကပ်ထားသော သူရိယသဘောင်္ပေါ်သို့ ခေါ်ဆောင်သွားလေသည်။ အရှင်နှစ်ပါးနှင့် အဖွဲ့ဆိုရာ၌ သီပေါဘုရင်မင်းမြတ်၊ အရှင်နန်းမ တော် စုဘုရားလတ်၊ မိဘုရားလေး ရမည်းသင်း စုဘုရားကလေး၊ သမီးတော် ထိပ်စုမြတ်ဘုရားကြီး (ပထမသမီးတော်)နှင့် ထိပ်စုမြတ် ဘုရားလတ် (ဒုတိယသမီးတော်)၊ မယ်တော်ဆင်ဖြူမရှင်၊ သမီးတော် မိုင်းနောက်စုဘုရားကြီး၊ မဟာနွယ်အမျိုးသမီး ၁၀ယောက်၊ ကလေးနှင့်အမျိုးသမီး ၅၀၊ နန်းတွင်းအရာရှိ ၈ယောက်၊ အစေအပါး ယောက်ျား ၅ယောက် စုစုပေါင်း ၈၀ ရှိသည်။ ၎င်းတို့အနက်မှ လူ ပေါင်း ၆၀က ဘုရင်နှင့်အတူ ပြည်ပသို့ မလိုက်လိုကြဟုဆိုသည်။ သီပေါမင်းနှင့် မိဘုရားတို့အား သဘောင်္ဆိပ်သို့ ဆောင်ယူရာတွင် ပထမဆင်နှင့် ဆောင်ယူရန် ဒုတိယခြေလျင် ယူဆောင်ရန်၊ တတိယဝေါဖြင့် ထမ်းယူသွားရန် တိုင်ပင်ကြသေးသည်။ နောက်ဆုံးတွင် ဘီရိုလှည်းဖြင့် ယူဆောင်ရန် ဆုံးဖြတ်ကြသည်။
ထို့နောက် ဂေါဝိန်ဆိပ်အနီး မြစ်လယ်၌ကျောက်ချထားသောသူရိယသင်္ဘောသည် နိုဝင်ဘာလ၂၉ရက်နေ့တွင် ရန်ကုန်သို့စတင် ထွက်ခွာသွားသည်။ ထိုအချိန်ကသီပေါမင်းတွင် လေးသိန်းမှခုနှစ်သိန်းအထိတန်သည့် အဖိုးတန်ရတာနာများပါရှိသည်။ ထိုပစ္စည်းများကို ၎င်းတို့လက်ဝယ်တွင်ထားရှိရန် ခွင့်ပြုထားသည်။ သီပေါမင်းနှင့်တော်ဝင်မိသားစုလိုက်ပါသော သူရိယသင်္ဘောသည် ဒီဇင်ဘာ၅ရက်နေ့ တွင် ရန်ကုန်သို့ရောက်ရှိခဲ့၏။ ဒီဇင်ဘာလ၁၀ရက် နေ့တွင် ကင်းနင်းပင်လယ်ကူးသင်္ဘောဖြင့် ရန်ကုန်ဆိပ်ကမ်းမှ မဒရပ်သို့ဦးတည် ထွက် ခွာခဲ့၏။ ဘုရင်နှင့်အဖွဲ့ကိုလင်ဗာပူးလ်တပ်ဖွဲ့၊ ဥရောပလုံခြုံရေးတပ်စိတ်တစ်စိတ်တို့က စောင့်ရှောက်သွားသည်။ သီပေါမင်းနှင့် အတူ မန္တလေးရတာပုံမှလိုက်ပါလာကြသော ဆင်ဖြူမရှင်၊ ကင်း ၀န်မင်းကြီးဦးကောင်း၊ မြို့သစ်အတွင်းဝန်ဦးဘီ၊ ကျောက်မြောင်းအတွင်းဝန် ဦးရွှေအိုးတို့ကိုမန္တလေးသို့ပြန်ပို့လိုက်ကြသည်။ စုဘုရားကြီး၊ ဆင်ဖြူမရှင်မိဘုရားကြီးနှင့် အပျိုတော်၁၂ဦးကိုထားဝယ်သို့စေလွှတ်ခဲ့၏။
၁၈၈၅ခုနှစ်ဒီဇင်ဘာလ၁၅ရက်နေ့တွင် သီပေါမင်းမိသားစုအိန္ဒိယနိုင်ငံမဒရပ်မြို့သို့ရောက်ရှိကြသည်။ သီပေါမင်းသည် မဒရပ်စံအိမ်တော်၌ ၁၅နှစ်ခန့်နေထိုင်ခဲ့ပြီး ၁၉၁၀ပြည့်နှစ်နိုဝင်ဘာလ၁၃ရက်နေ့တွင် အိန္ဒိယနိုင်ငံအနောက်ဘက် ပင်လယ်ကမ်းခြေရှိ ရတနာဂီရိသို့ပြောင်းရွှေ့ ခဲ့ရသည်။ ပါတော်မူစဉ်ကသီပေါမင်းသည် အသက်၂၆နှစ် ၁၀လနှင့်၂၅ရက်ရှိပြီး ထီးနည်း၌ ၇နှစ် ၃လနှင့် ကိုးရက်သာစံမြန်းခဲ့ရလေ သည်။
သီပေါမင်းပါတော်မူပြီးနောက် ၁၈၈၅ခု ဒီဇင်ဘာလ၃၁ရက်နေ့တွင် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး လော့ဒ်ရန်းဒေါ့ချာချီသည် ဖီဇ်ဂိဘွန်(Fitsz Gibbon) နှင့်အတူ သူ၏ခရစ်စမတ်ပါတီပွဲကျင်းပနေလေသည်။ ညဥ့်သန်းခေါင်ယံအချိန် ၁၂နာရီထိုးပြီးလျှင်ထိုးပြီးချင်းမြန်မာနိုင်ငံအားဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ပြီဖြစ်ကြောင်းကြေညာ လိုက်လေသည်။
လော့ဒ်ရန်းဒေါ့ချာချီ၏ညွှန်ကြားချက်အတိုင်း ၁၈၈၆ ဇန်န၀ါရီလ ၁-ရက်အိန္ဒိယဘုရင်ခံချုပ်လော့ဒ်ဒပ်ဖရင့်က
အောက်ပါကြေငြာချက်ကိုထုတ်ပြန်သည့်အချိန်မှအစပြုပြီးလျှင်ယခင်ကသီပေါဘုရင်အုပ်စိုးခဲ့သော တိုင်းပြည်နယ်ပယ်မှန် သမျှတို့သည်သီပေါဘုရင်၏အုပ်ချုပ်မှုအောက်တွင်ရှိလိမ့်မည်မဟုတ်တော့မူ၍ ဧကရီဘုရင်မကြီး၏နိုင်ငံတော်အစိတ် အပိုင်းအဖြစ် သိမ်းသွင်းပြီးဖြစ် လေရာ ဧကရီဘုရင်မကြီး၏သဘောတော်ကျ အိန္ဒိယဘုရင်ခံချုပ်ကြီးကအခါအားလျော်စွာ အရာရှိများခန့်အပ်အုပ်ချုပ်သွားစေလိမ့်မည် ဖြစ်ကြောင်း
ယင်းကြေငြာချက်ကို၁၈၈၆ခုဇန်န၀ါရီလ၁ရက်နေ့တွင်ထုတ်ပြန်၍လော့ဒ်ရန်းဒေါ့ချာချီက ၀ိတိုရိယဘုရင်မကြီး ထံသို့ နှစ်သစ် ကူးလက်ဆောင်အဖြစ်ဆက်သလိုက်လေသည်။ ထိုအချိန်မှစ၍ သက္ကရာဇ် ၁၁၁၅ခုနှစ်မှစ၍ ၁၂၄၇ ခုနှစ်ထိပ်၌၁၂၃နှစ်လုံးတည်တံ့ခဲ့သောကုန်းဘောင်မင်းဆက်ပြတ်၍မြန်မာနိုင်ငံသည်ထီးကျိုးစည်ပေါက် သူ့ကျွန်ဘ၀သို့ လုံးဝကျရောက်သွားခဲ့ရလေတော့သည်။
သီပေါမင်းသည်ဘုရင်ဖြစ်သဖြင့် အင်္ဂလိပ်- မြန်မာစစ်ပွဲဖြစ်ပွားခြင်းနှင့် မြန်မာ့လွတ်လပ်ရေးဆုံးရှုံးရခြင်းတို့အတွက် သူ့တွင်တာဝန်ရှိသည်ဟုသီပေါမင်းအပေါ်တွင်ပုံချမည်ဆိုလျှင်တရားရာရောက်မည်မဟုတ်ပါ။ အခြေအနေကိုထိန်းချုပ်လို သည့်ဆန္ဒရှိသည့်တိုင်သီပေါမင်းသည်အခြေအနေအရပ်ရပ်ကိုထိန်းချုပ်၍ရနိုင်မည်မဟုတ်ပါ။ စင်စစ်သီပေါမင်းသည် အခြေအနေနှင့် ကံကြမ္မာ၏သားကောင်ဖြစ်ခဲ့ရသည် ဟု သမိုင်းဆရာဒေဆိုင်း(W.S.Dasai) ရေးသားခဲ့သည်။
သူ့ကောက်ချက်ကိုသက်သေထူသည့်အနေဖြင့်သမိုင်းဆရာဒေဆိုင်းကသီပေါမင်းသည်ပြင်ပကမ္ဘာလောက ကြီးအကြောင်း ကိုမသိခဲ့ကြောင်း၊သူ၏ဆောင်ရွက်ချက်တို့မှာနန်းတော်အတွင်းကိစ္စများသာဖြစ်ကြောင်း၊ ၀န်ကြီးများသည်ဘုရင် အမည်ဖြင့်အမိန့်များကိုထုတ်ပြန် ၍ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ကြကြောင်း၊ နောက်ပိုင်းတွင်ဝန်ကြီးများကိုယ်တိုင်သည်လည်း သူတို့အလိုဆန္ဒဖြင့်အုပ်ချုပ်နိုင်ခြင်းမပြုနိုင်ကြတော့ဘဲနောက်ကွယ်မှကြိုးဆွဲနေသော ဆွေတော်မျိုးတော်တို့၏အလိုကို လိုက်ခဲ့ကြရကြောင်း၊ သူတို့ကိုယ်တိုင်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် ရွေးကောက်တင်မြှောက်ထားသော ၀န်ကြီးများမဟုတ်သဖြင့်နီးရာဓါးကိုကြောက်နေရကြောင်း၊တိုင်းပြည်အခြေအနေယိုယွင်းလာပြီဟုသဘောပေါက် သည့် အချိန်၌၀န်ကြီးများသည်ဗြိတိသျှတို့နှင့်စေ့စပ်ကျေအေးရန်ဆန္ဒရှိခဲ့ကြကြောင်း၊သို့ရာတွင်အချိန် နှောင်းသွားပြီဖြစ် ကြောင်း၊ ဗြိတိသျှတို့သည်အထက်မြန်မာပြည်ကိုသိမ်းယူကာပေါင်းစည်းထားသောမြန်မာပြည်ကို အိန္ဒိယအင်ပါယာထဲသို့သွတ်သွင်း ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ ဗြိတိသျှတို့သည်ထိုအခွင့်အရေးကိုလက်မလွှတ်နိုင်သောကြောင်း၊ မြန်မာပြည်ကိစ္စတွင်ဝင် ရောက်စွက်ဖက်မည့်သူသို့မဟုတ်အသံကျယ်ကျယ်ဖြင့်ကန့်ကွက်ပြောဆိုမည့်သူဆို၍ ကမ္ဘာတွင်အင်းအားကြီး နိုင်ငံတခုမျှမရှိတော့ ကြောင်း၊ ပြင်သစ်တို့၏အန္တရာယ်ကိုလည်းမစိုးရိမ်ရတော့ကြောင်း၊ ဗြိတိန်သည်ထိုအချိန်က ကမ္ဘာတွင်အင်အားအကြီးနိုင်ငံကြီးဖြစ်နေပြီးသူ၏တပ်သည်လည်းပင်လယ်သမုဒ္ဒရာအလားလုံးကို လွှမ်းမိုးထားနိုင်သည့် အခြေအနေတွင်ရှိခဲ့ကြောင်း၊ ကမ္ဘာတွင်သူ့ကိုပြိုင်မည့်သူ လည်းမရှိတော့ကြောင်း၊ ထိုအချိန်တွင်ဗြိတိသျှတို့သည် လက်မြန်ခြေမြန်လှုပ်ရှားလာကာမန္တလေးသို့ရောက်လာပြီးသီပေါမင်းကိုနန်းချ၍အိန္ဒိယသို့ပို့ခဲ့ကြောင်းဖြင့် သမိုင်းဆရာ ဒေဆိုင်းကရေးခဲ့သည်။
သမိုင်းဆရာဒေဆိုင်းသည်မန္တလေးကျဆုံးရှုံးရခြင်းအတွက်သီပေါမင်းကိုအပြစ်မတင်၊မိဘုရားခေါင်ကြီး စုဘုရားလတ် ကိုလည်းအပြစ်မဆို၊၀န်ကြီးများကိုလည်းအပြစ်မဖို့၊ မန္တလေးကျဆုံးရခြင်းသည် အတွင်းအကြောင်းနှင့်အပြင်အကြောင်းများ ပေါင်းဆုံသွားသောကြောင့်ဖြစ် သည်ဟုကောက်ချက်ချခဲ့သည်။ အတွင်းအကြောင်းများမှာ မန္တလေး၏စီးပွားရေး၊ နိုင်ငံရေးအခြေအနေများနှင့် နန်းတွင်းပြဿနာများဖြစ်ပြီး အပြင်အကြောင်းများမှာ ဗြိတိသျှတို့၏ဖိအားဖြစ်သည်ဟု သူကယေဘုယျထောက်ပြသည်။
မင်းတုန်းမင်းနတ်ရွာစံခါနီးအချိန်တွင်ထီးနန်းအရိုက်အရာကိုဆက်ခံသည့်ပြဿနာပေါ်ပေါက်လာခဲ့သည်။ မူလကမင်းတုန်း မင်းသည်ထီးနန်းအရိုက်အရာကိုဆက်ခံသူအဖြစ်အိမ်ရှေ့စံကနောင်မင်းကိုရွေးချယ်ခဲ့ပြီဖြစ်သည်။ သို့ရာတွင်ကနောင် မင်းသားကြီးလုပ်ကြံသတ်ဖြတ်ခံရသည့်အခါတွင်ဆက်ဆံရေးပြဿနာသည်မပြီးမပြတ်ကျနေသည်။မင်းတုန်းမင်း၏ သား တော်အများစုသည်လုပ်ရည်ကိုင်ရည်၊ကြံရည်ဖန်ရည်နှင့်ပြည့်စုံသည့်သားတော်တွေချည်းဖြစ်သည်။တို့ကြောင့်ထိုသားတော် များထဲမှမည်သူ့ကိုအရိုက်အရာပေးရမည့်ဆိုသည့်ကိစ္စသည်မင်းတုန်းမင်းကိုယ်တိုင်အတွက်သာမက၀န်ကြီးများ အဖို့လည်း ရှင်းရခက်သည့်ကိစ္စဖြစ်သည်။ဤသို့ဖြင့်မန္တလေးနန်းတော်အထဲတွင်အစုအသီးသီးသည် ကိုယ်နှင့်နီးစပ်သူမင်းသား နန်းရအောင်ကြိုးပမ်းခဲ့ကြသည်။ဆင်ဖြူမရှင်သည်သီပေါမင်းသားနန်းရအောင်ကြိုးပမ်းခဲ့သည်။ ဆင်ဖြူမရှင်တွင် သားယောက်င်္ကျင်္ားလေးမရှိဘဲသမီးတော်သုံးဦးသာရှိသည်။မိမိ၏သမီးတော်တစ်ပါးပါးသို့မဟုတ်အားလုံး ကိုသီပေါမင်းသား နှင့် စုလျားရစ်ပတ်ပြီး သီပေါမင်းသားကိုနန်းတင်ရန်ဖြစ်သည်။ ဆင်ဖြူမရှင်သည်သူ့စီမံကိန်းအကောင်အထည်ဖော်ရန်အ တွက်ဝန်ကြီးများနှင့်တိုင်ပင်သည်။ဝန်ကြီးများလည်းသဘောတူကြသည်။ဤတွင်မင်းညီမင်းသားများ သတ်ဖြတ်မှုဆိုသည့် ကိစ္စပေါ်ပေါက်လာခဲ့သည်။
ဤသို့ဖြင့်မင်းတုန်းမင်းနတ်ပြည်စံသည့်အခါ သီပေါမင်းသားသည် ကုန်းဘောင်ဆက်၏၁၁ဆက်မြောက် ဘုရင်ဖြစ်လာ ခဲ့သည်။ဆင်ဖြူမရှင်သည်သီပေါမင်းကိုချုပ်ကိုင်ရန်ကြိုးစားသော်လည်းသမီးတော်စုဘုဘုရားလတ်သည် မိမိ၏ကြင်ယာ တော်ဖြစ်သော သီပေါမင်းကိုကြိုး ကိုင်ခဲ့သည်ဟု သမိုင်းဆရာများနှင့်ပါးစပ်ရာဇ၀င်များကဆိုကြသည်။
သီပေါမင်းနှင့်စုဖုရားလတ်တို့အပါးတွင် ခစားခဲ့ရသော အပျိုတော်တစ်ဦးက မိဘုရားခေါင်ကြီး(စုဘုရားလတ်) သိပ်ထက်မြက်လွန်းတယ်။သူ့ကိုဘယ်သူမှရင်မဆိုင်ရဲကြဘူး။ဝန်ကြီးတွေလည်းရင်မဆိုင်ရဲကြဘူး။ ဘုရင်ကိုယ်တိုင်လည်း ရင်မဆိုင်ရဲချေ။ဘယ်သူမှရင်မဆိုင်ရဲကြဘူး။ကျားကိုရင်ဆိုင်လိုက်ချင်သေးတယ်။ သူ့ရှေ့ကိုရောက်ရင်အားလုံးကြောက် နေကြရတယ်။သူပေးတဲ့အမိန့်ကိုချက်ချင်းလိုက်လုပ်ကြတယ်။သူ့ရှေ့ရောက်ရင်ဘုရင်ဟာ ကျောင်းသားကလေးလို ဖြစ်နေတယ်။ စိတ်ဆိုးရင်သူပဲဘုရင်၊ သူပဲဘုရင်မဖြစ်နေတယ်ဟု စာရေးဆ ရာဖီးလ် ဒင်းဟောကိုပြောပြရာ ဖီးလ်ဒင်းဟောကသူရေးသားခဲ့သော Thibaw’s Queen (သီပေါမဟေသီ) စာအုပ်၌ ရေးသားဖော်ပြထား သည်။
သီပေါမင်းတရားပါတော်မူရသော မြန်မာသက္ကရာဇ် ၁၂၄၇ခုနှစ်ကို ဦးကောင်းလိမ်ထုတ်- သီပေါပြုတ်ဟူ၍ ရာဇ၀င်သံခိပ်၌ နေ့နံသင့် သင်္ကေတပြုထားလေသည်။
၁၂၄၇ခုနှစ်ကိုဦးကောင်းလိမ်ထုတ်-သီပေါပြုတ်ဟူ၍ရာဇ၀င်သံခိပ်၌ နေ့နံသင့်အက္ခရာများဖြင့်သင်္ကေတပြုထားသော ကြောင့် သမိုင်းသု တေသီများအဖို့ အမှတ်ရလွယ်ကူသော်လည်း ကင်းဝန်မင်းကြီးဦးကောင်းအဖို့မှာမူကား နောင်သမိုင်းအစဉ်အဆက် အရုပ်ဆိုးအကျည်း တန်ကျန်ရစ်ခဲ့လေသည်။ အဘယ့်ကြောင့်ဆိုသော်-
(၁) ကင်းဝန်မင်းကြီးဦးကောင်းကသီပေါဘုရင်ကို လိမ်လည်လှည့်ဖျားကာဗြိတိသျှတို့လက်သို့ပေးအပ်လိုက်သောကြောင့် သီပေါမင်တရား မှာဘုရင်အဖြစ်မှပြုတ်ကျရသည်ဟူ၍လည်းကောင်း
(၂)သို့မဟုတ်ဗြိတိသျှတို့ကကင်းဝန်မင်းကြီးကိုလိမ်လည်လှည့်ဖျားကာသီပေါဘုရင်ကိုဖမ်းဆီးခေါ်ဆောင်သွားသောကြောင့် သီပေါမင်းတရားမှာဘုရင်အဖြစ်မှပြုတ်ကျသွားရသည်ဟူ၍လည်းကောင်း အဓိပ္ပါယ်နှစ်မျိုးထွက်နေသောကြောင့်ဖြစ် သည်။
သို့ဖြစ်ရာ ကင်းဝန်မင်းကြီး၏လိမ်လည်လှည့်ဖျားမှုကြောင့် သီပေါမင်းတရားပါတော်မူရခြင်းဟုတ်မဟုတ်၊ သို့မဟုတ် ကင်းဝန်မင်းကြီးကိုယ်တိုင ဗြိတိသျှတို့အလိမ်ခံရသောကြောင့် သီပေါမင်းတရားပါတော်မူရခြင်းဟုတ်မဟုတ်ဟူသောပြဿ နာမှာ ၀ိဝါဒကွဲပြားစရာဖြစ်နေလေသည်။
သီပေါမင်းတရားကြီးကိုယ်တိုင်ကလည်းကင်းဝန်မင်းကြီးကြောင့်သာမင်းအဖြစ်မှပြုတ်ကျခဲ့ရခြင်းဖြစ်သည်ဟု ကင်းဝန်မင်း ကြီးအပေါ် တိုက်ရိုက်စွပ်စွဲထားသည်။ ယင်းစွပ်စွဲချက်ကိုအပါးတော်မြဲဦးစံရွှေက ဂီရိရတနာဆောင်းပါးမဟာ သီပေါမင်းတရားအတွင်းရေးများ စာအုပ် စာမျက်နှာ၁၅၌ အောက်ပါအတိုင်းမှတ်တမ်းတင်ထားခဲ့ပါသည်။
ကင်းဝန်မင်းကြီးသည် ငါ၏ခမည်းတော်လက်ထက်က မင်းကလေး၊ ငါ့လက်ထက်ကျမှ မင်းကြီးအကြီးဆုံးရာထူး သနားတော်မူသည်။ကုန်းဘောင်မင်းဆက်မှာဘယ်မင်းမှမပေးသောရာထူးဖြစ်သည့် မင်းကြီးမဟာသက်တော် ရှည်ကိုငါပေးသည်။ ကျောက်စီတောင်ဝှေးကို ငါ သနားတော်မူသည်။ လက်နက်ဝန်ကြီးရာထူးကို ငါအပ်နှင်းတော်မူသည်။ ယခုအခါ၎င်းရာထူးနှင့်ဆိုလျှင်သင်းမြေးကိုပေးချင်သောရာထူးပေးနိုင်သည်။ တို့မောင်နှမ(သီပေါမင်းနှင့်စုဖုရားလတ် ကိုဆိုလိုသည်) ကုလားပြည်ရောက်ရခြင်းမှာလည်း သင်းကြောင့်ရောက်ရသည်။ သို့သော်ငါတို့မှာဘာကိစ္စမှမရှိ၊ အင်္ဂလိပ်ကတစ်နှစ်တစ်သိန်းပေးထားသည်။ ဆင်းရဲဒုက္ခမရောက်၊ ရာဇ၀င်အစောင်စောင်၊ ဗုဒ္ဓ၀င်အစောင် စောင်၊ လောကကြီးအဖြစ်အပျက်ကိုကြည့်လျှင် သစ္စာပျက်သောသူ၊ ကျေးဇူးရှင် ကျေးစွပ်သောသူသည် လူချမ်းသာသော်လည်း စိတ်မချမ်းသာ၊စိတ်ချမ်းသာသော်လည်းလူမချမ်းသာ၊နောင်ကိုလည်းအမြဲဒုက္ခရောက်စမြဲ၊ လောကီလောကုတ္တရာ လည်းမကောင်း။ဘုရားလောင်းမျောက်မင်းသည်မုဆိုးပုဏ္ဏားအားသွေးစက်စက်နှင့်လမ်းပြ၍ရာဇ၀င်မှာမုဆိုး မြေမြိုသည့် ပုံကိုဆင်ခြင်….၂၇
အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် ကင်းဝန်မင်းကြီး၏မြေး အလွန်မှဆင်းရဲ၍ အလုပ်တောင်းစာကို ၀က်မစွက်ဝန်ထောက်မင်က အတွင်းဝန် မစ္စတာရိုက်စ်သို့ပို့ပေးရာ ၁၀ရက်မျှကြာသောအခါ အလုပ်မရှိ၍မပေးနိုင်ကြောင်းဖြင့် စာပြန်လိုက်သည့်အကြောင်းကို တစ်နေ့တွင်အပါး တော်မြဲဦးစံရွှေကစကားစပ်မိ၍ သီပေါမင်းတရားကြီးအားလျှောက်တင်ရာတွင်သီပေါမင်းတရားကပြန်လည်မိန့်ကြားရင်း ဤကဲ့သို့စွပ်စွဲ လိုက်ခြင်းဖြစ်သည်။
သီပေါမင်းတရားနှင့်ကင်းဝန်မင်းကြီးတို့နှစ်ဦးမှာတစ်ဦးအပေါ်တစ်ဦးကျေးဇူးမားခဲ့ကြသူများဖြစ်သည်။ ကျေးဇူးကြီးမား သလောက်နောက် ပိုင်း၌ကား တစ်ဦးပေါ်တစ်ဦးအာဃာတလည်းကြီးမားလာကြသည်ကိုတွေ့ရှိရသည်။
စင်စစ်သီပေါမင်းဘုရင်ဖြစ်ရခြင်းမှာသီပေါမင်း၏ကြံရည်ဖန်ရည်ကြောင့်မဟုတ်ပေ။ ကင်းဝန်မင်းကြီးနှင့်ဆင်ဖြူမရှင် မိဘုရားကြီးတို့ အ တွင်းကျိတ် ကုလားဖန်ထိုးကာနန်းတင်ပေးခဲ့သောကြောင့်သာ ရှင်ဘုရင်ဖြစ်လာရသည်။
ယင်းကဲ့သို့ရှင်ဘုရင်ဖြစ်အောင်နန်းတင်ပေးခဲ့သောကင်းဝန်မင်းကြီး၏ကျေးဇူးကြီးမားမှုကြောင့်လည်း ကုန်းဘောင်မင်း ဆက်တွင်မည်သည့်မင်းမျှမပေးဘူးသောမင်းကြီးမဟာသက်တော်ရှည်ကို ကင်းဝန်မင်းကြီးအားသီပေါမင်းတရား ကပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ယင်းနန်းတင်ပေးသောကျေးဇူးကြီးမားမှုကြောင့် ရှင်ဘုရင်ပွဲတော်နည်းအတိုင်း သီပေါဘုရင်ကစားတော်ဖိုက ထမင်းအုပ်ပြင်ကာကင်းဝန်မင်းကြီးထံ နေ့စဉ်ပွဲတော်ထမင်းအုပ်ပို့ပေးခဲ့သည်ကိုလည်း ပုဂံဝန်ထောက်ဦးတင်က သူ၏ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၌ ဖော်ပြထားသည်။
သို့သော်အင်္ဂလိပ်အရေးပိုင်အိမ်မှ ညောင်ရမ်းနှင့်ညောင်အုပ်မင်းသားနှစ်ပါးသည် (လွှတ်တော်ကသဘောတူသည့်အတိုင်း) အင်္ဂလိပ်ပိုင် နယ်မြေတွင်ခိုလှုံမည်ဟု မန္တလေးအင်္ဂလိပ်သံတဲမှထွက်မည်ပြုစဉ်က ရန်အောင်မြင့်ဝန်ထောက်ဦးအိုက ၀င်လုရန်ကြံစည်ခဲ့ဘူးသည်။ဦးအို၏အကြံအစည်ကိုပယ်၍ ဦးကောင်းကသေနတ်အမှုထမ်း၂၀၀တပ် အစောင့်အရှောက်ဖြင့် ဂေါဝိန်ဆိပ်ကမ်းအရောက်လိုက်ပို့စေခြင်းသည် ကင်းဝန်မင်းကြီးအပေါ် သီပေါမင်းကသင်္ကာမကင်းစရာရှိလေသည်။ညောင် ရမ်းညောင်အုပ်မင်းသားများသည်မင်းတုန်းမင်းနှင့်တံတိုင်းရှည်မိဘုရားတို့၏သားတော်များဖြစ်ကြသည်။ ၎င်းမင်းသား နှစ်ပါးသည် ၁၈၇၈ ခု၊ စက်တင်ဘာလ ၁၉ရက်နေ့တွင် ရုပ်ဖျက်၍သံတွဲဝင်း သို့ခို လှုံသွားခဲ့သည်။
ထို့ကြောင့်လည်းယင်းအရေးအခင်း၏နောက်ပိုင်း၌ကင်းဝန်မင်းကြီးမှာသေနတ်ဝန်ရာထူးမှချခံရပြီး အရာမရောက်သော ဥပဒေပြုအရာရှိဘ၀သို့ရောက်သွားခဲ့လေသည်။ထိုမင်းသားနှစ်ပါးနှင့်ပတ်သက်နေသူစလင်း၊ ကျပင်းနှစ်မြို့ဝန် ဦးသာထွန်းအားလည်း ၁၈၇၉ခု၊ မတ်လ (၇)ရက်နေ့တွင်ရထူးမှထုတ်ပယ်ခဲ့ပြန်သည်။ ဦးဖိုးမှာတိုင်းတာမင်းကြီးဖြစ်လာကာ သြဇာကြီးမားလာသည်။ နန်းတွင်း၌လည်း ကင်းဝန်မင်း ကြီဂိုဏ်းနှင့်တိုင်းတာမင်းကြီးဂိုဏ်းဟူ၍ (၂)ဂိုဏ်းကွဲလာခဲ့သည်။
ယင်းသို့ကင်းဝန်မင်းကြီးသေနတ်ဝန်ရာထူးအချခံရသည်အထိသီပေါမင်းအနေဖြင့် ကင်းဝန်မင်းကြီးအပေါ်သံသယ ၀င်လာသကဲ့သို့ကင်းဝန်မင်းကြီးအနေဖြင့်လည်း သီပေါမင်းအားနန်းတင်မိခြင်းမှာ မှားလေစွဟု နောင်တ(၃)ကြိမ် ရဖူး သည်ဟုဆိုသည်။
ယင်းသုံးကြိမ်မှာ-
(၁) မင်းသားမင်းသမီး မင်းမြေး(၄ဝ)ကျော်အပါအ၀င် လူပေါင်း(၈ဝ)ကျော်သတ်ဖြတ်ပစ်သည့်အချိန်က တစ်ကြိမ်
(၂) သေနတ်ဝန်ရာထူးမှာအချခံရစဉ်ကတစ်ကြိမ်
(၃) အင်္ဂလိပ်နှင့်စစ်မတိုက်ရန်ကန့်ကွက်သော်လည်း မရသည့်အချိန်ကတစ်ကြိမ်၊ ပေါင်းသုံးကြိမ်ဖြစ်သည်။
ယင်းသို့ တစ်ဦးနှင့်တစ်ဦးတစ်ဦး သံသယကြီးထွားလာရာမှ အာဃာတအဖြစ်သို့ ကူးပြောင်းရောက်ရှိလာကာ နောက်ဆုံးသီပေါဘုရင်ပါ တော်မူရသည့်အဖြစ်သို့ရောက်လာခဲ့သည်။
သို့ကလိုနားကျည်းသံများပါနေခြင်းမှာလည်းပါတော်မမူမီကရောပါတော်မူပြီးနောက်ပိုင်းမှာပါ တစ်ဦးနှင့်တစ်ဦးနား ကျည်းစရာကောင်းလောက်အောင်ခါးသီးသောဆက်ဆံမှုများနှင့်ထိတွေ့ခံစားကြရသောကြောင့်ဖြစ်နိုင်သည်ဟုဆို နိုင် သည်။
၁၈၈၅ ခု၊ နိုဝင်ဘာလ ၂၉ရက်နေ့တွင် ဗြိတိသျှတို့သည် သီပေါဘုရင်နှင့်မိဖုရားကိုနန်းမှချကာ သူရိယသင်္ဘောဖြင့်ရန်ကုန်သို့ဆောင်ယူခဲ့သည်။အိန္ဒိယနိုင်ငံသို့မပို့မီရန်ကုန်မြစ်လယ်သင်္ဘောအပေါ်တွင် (၅)ရက်မျှထား သည်။ ထိုအချိန်တွင်သင်္ဘောပေါ်၌ သီပေါမင်းနှင့်စုဖုရား လတ်တို့ထိုင်နေသောစားပွဲဝိုင်းက ကုလားထိုင်လွတ်တစ်လုံးတွင် ဦးမြဲက၀င်ရောက်ထိုင်ရာယင်းသို့စော်ကားပြုမူမှုကိုသီပေါမင်းကဒေါသထွက်လာသည်။ ဤတွင်အင်္ဂလိပ်စစ်ဗိုလ်က သီပေါမင်းကို သီးခံဖို့တောင်းပန်ပြီး ဦးမြဲကိုသင်္ဘောပေါ်ဆင်းခိုင်းရသည်။
ဤသို့သီပေါမင်းနှင့်ကုလားထိုင်ယှဉ်ထိုင်သူဦးမြဲဆိုသူမှာမြန်မာဘုရင်လက်ထက်က နိုင်ငံခြားပညာတော်သင်တစ်ဦးဖြစ်ခဲ့ပြီး ဂျီစီဘီအေ ခေတ်န၀မကွန့်ဖရင့်တွင် သဘာပတိအဖြစ်ဆောင်ရွက်ကာ ရဲရဲတောက်မိန့်ခွန်းများမြွက်ကြားခဲ့သော ဒီပဲယင်းဝန်ထောက်ဦးမြဲပင်ဖြစ် သည်။
ဤအကြောင်းကိုနောင်ကနှစ်ပေါင်း(၃၀)အကြာ၁၉၂၂ခု၊ဒီဇင်ဘာ(၂၄)ရက်နေ့တွင် ရတနာဂီရိမှရန်ကုန်သို့ပြန်လည်ရောက် ရှိလာသော မိဘုရားခေါင်ကြီးက နဝမကွန့်ဖရင့်မှပြန်လာသောသတင်းစာဆရာများနှင့် ကထိကဦးသက်တင်အား မိန့်ကြားခဲ့ခြင်းဖြစ်သည်။ မိဘုရားခေါင် ကြီးကဆက်၍ ပါတော်မူချိန်ကနေပြည်တော်၌ငမြဲမရှိပဲ ရန်ကုန်ရောက်နေကြောင်း၊ ရန်ကုန်ရောက်နေခြင်းမှာလည်းမြန်မာအစိုးရနှင့်ပြင်သစ်အစိုးရတို့လျှို့ဝှက်ချုပ်ဆိုမည့်စာချုပ်ကို အင်္ဂလိပ်သူလျှို အဖြစ်နှင့်ယူဆောင်ပြီးအင်္ဂလိပ်များလက်သို့ပေးရင်းရန်ကုန်ရောက်နေခြင်းဖြစ်ကြောင်း၊ ငမြဲသည်ကင်းဝန်မင်းကြီးအမိန့်အရ ယခုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင်း၊ယင်းစာချုပ်ကိုငမြဲခိုးပေးသောကြောင့်သာအင်္ဂလိပ်တို့ကအချိန်မဆွဲဘဲ ဗြုန်းဗြုန်းဒိုင်းဒိုင်း လာရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း စသည့်ဖြင့်နာကျည်းစွာဆက်လက်မိန့်ကြားသွားခဲ့သေးသည်။
နာကျည်းမည်ဆိုကနာကျည်းလောက်ပေသည်။ကင်းဝန်မင်းကြီးနန်းတင်ပေးမှုကြောင့်ဘုမသိဘမသိ ရှင်ဘုရင်တက်လုပ် ခဲ့ရသော သီပေါဘုရင်အဖို့ ကင်းဝန်မင်းကြီးကြောင့်ပင် ဘုမသိဘမသိနှင့်ရှင်ဘုရင်အဖြစ်မှ ပြုတ်ကျခဲ့ရရိုးမှန်ခဲ့လျှင် မင်းမိဘုရားနှစ်ပါးစလုံးအနေဖြင့် ဤထက်နာကြည်းစရာဘာရှိဦးမည်နည်း။
ယင်းသို့ကင်းဝန်မင်းကြီးကြောင့်သီပေါမင်းရှင်ဘုရင်အဖြစ်မှပြုတ်ကျခဲ့ရသည်ဟူသောစွပ်စွဲချက်သည် မင်းမိဘုရားနှစ်ပါး သာမဟုတ်အရှင်နှစ်ပါး၏သမီးတော်များကလည်းဤအတိုင်းပင်စွပ်စွဲခဲ့ကြသေးသည်။ထို့ကြောင့်လည်း ထိပ်စုမြတ်ဘုရား ကလေးခေါ် စတုတ္ထသမီး တော်၏ အရေးတော်ပုံစာတမ်းတွင် –
မန္တလေးသို့နန်းရင်းဝန်ကြီး(ကင်းဝန်မင်းကြီးကိုဆိုလိုသည်)။ပြန်ရောက်သည့်အခါများစွာသောရဟန်းရှင်လူတို့က မြန်မာ တစ်မျိုးသားလုံးကိုကျွန်အဖြစ်ရောက်အောင်ကြံစည်ပြုလုပ်သူဟုယူဆကြ၍၎င်းအားအသက်ဆုံးစီရင်ရန် ကြံစည်အားထုတ် ကြသဖြင့် အင်္ဂလိပ်အစိုးရက စောင့်ရှောက်၍နေရကြောင်း ဟူ၍ရေးသားဖော်ပြထားသည်ကိုတွေ့ရှိရသည်။
သီပေါမင်းတရားမိဘုရားခေါင်ကြီးနှင့်သူတို့၏သမီးတော်များကကင်းဝန်မင်းကြီးအပေါ်စွပ်စွဲခဲ့ကြသလို ကင်းဝန်မင်းကြီး ဂိုဏ်း၊ ကင်းဝန် မင်းကြီးအုပ်စုကလည်း သီပေါမင်းတရားအပေါ် အကောင်းထက်အပြစ်ကိုပို၍မြင်ကြသည်။
ကင်းဝန်မင်းကြီး၏လူယုံလည်းဖြစ်၊လက်ရင်းတပည့်လည်းဖြစ်သောပုဂံဝန်ထောက်ဦးတင်ဆိုလျှင်သူ၏ မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်း၌ သီပေါမင်းတရားအားသိက္ခာချမှန်းမသိချကာ ရေးသားဖော်ပြခဲ့သည်။ သီပေါမင်းတရားအား မဒရပ်ပါမင်း ဟုအမည်ကင်ပွန်းတပ်ကာ နှိမ့် ချခေါ်ဝေါ်ရေးသားခဲ့သူမှာ ပုဂံဝန်ထောက်ဦးတင်ပင်ဖြစ်သည်။
အလောင်းမင်းတရားကြီးက မွန်တို့လက်သို့ပါခဲ့ရသော ဟံသာဝတီရောက်မင်းတရားကြီးအား ဟံသာဝတီပါမင်းဟုမခေါ်ရ၊ ဟံသာဝတီ ရောက်မင်းဟုသာခေါ်ရမည်။ ဟံသာဝတီပါမင်းဟုခေါ်ပါက အသေသတ်စေဟုအမိန့်ထုတ်ပြန်ခဲ့ဖူးခြင်းကို ပုဂံဝန်ထောက်ဦးတင်အနေဖြင့်သတိရဖို့ကောင်းလေသည်။ဤတွင်မြန်မာဝေါဟာရတွင်ပါနှင့်ရောက် နှစ်ခု၏ အဓိပ္ပါယ်ကွာခြားမှုကို သတိပြုရပေမည်။
ထို့ပြင်ပါတော်မမူစဉ်က ပြည်သူလူထုအနေဖြင့်နန်းတွင်း၌တကယ်ဖြစ်ပျက်နေသော နိုင်ငံအရေးအခင်း၊ နိုင်ငံရေးအခြေအနေများကိုဟုတ် တိုင်းမှန်စွာသိရှိခွင့်မရကြပေ။ သတင်းမှန်များကိုအမှန်အတိုင်းမသိရသည့်နှင့် ကောလဟာသတင်းအမျိုးမျိုးသည် လူထုအတွင်း၌ပျံ့နှံ့ လျက်ရှိသည်။ ယင်းကောလဟာလသတင်းများအနက်-
(၁)ကင်းဝန်မင်းကြီးနှင့်ဆင်ဖြူမရှင်မိဘုရားကြီးတို့၏စာပေးခေါ်ယူချက်အရအိန္ဒိယနိုင်ငံ၌ရှိသောညောင်အုပ် မင်းသားကြီး သည်စုဘုရားကြီးနှင့်လက်ဆက်ကာထီးနန်းသိမ်းပိုက်ရန်အတွက်ဗြိတိသျှစစ်သားများနှင့်အတူချီတက်လာ ပြီဟူ သောသတင်း။
(၂) အင်္ဂလိပ်တို့ကိုတိုက်ခိုက်ခြင်းမပြုရ။ ခုခံတိုက်ခိုက်လျှင်သူပုန်ဟု ကင်းဝန်မင်းကြီးခေါင်းဆောင်သော မြန်မာလွှတ်တော်က မြန်မာစစ် တပ်များအား အမိန့်ထုတ်လိုက်ပြီဟူသောသတင်းနှင့်၊
(၃)သီပေါမင်းတရားသည်သူ၏မိဘုရားသမီးတော်များနှင့်အတူ ရွှေဘိုသို့တိတ်တဆိတ်ထွက်ခွာသွားတော့မည် ဟူသောတင်းများသည် လူထုအတွင်း၌ ပိုမိုပျံ့နှံ့လျက်ရှိသည်။ ကင်းဝန်မင်းကြီးကိုယ်တိုင်ကလည်း မန္တလေးဆိပ်ကမ်းသို့ ဗြိတိသျှစစ်တပ်များဆိုက်ရောက်လာ သည့်အချိန်တိုင်အောင် ညောင်အုပ်မင်းသားကြီးသည် ဗြိတိသျှစစ်သားများနှင့်အတူ ချီတက်လာပြီဟုထင်နေတုန်းပင်ရှိသည်။သို့သော်တကယ်ဟုတ်မှဟုတ်ပါ့မလားဟု သံသယတစ်ဝက်ဝင်နေဟန် လည်းတူသည်။ အဘယ်ကြောင့်ဆိုသော်မန္တလေးဆိပ်ကမ်းသို့ ဗြိတိသျှစစ် သင်္ဘောများဆိုက်ရောက်လာသောအခါ ကင်းဝန်မင်းကြီးကသူ၏လူယုံဖြစ်သူ လွှတ်တော်စာရေးမောင်တင့်အား ကမ်းနားသို့စေလွှတ်ကာ ညောင် အုပ်ကိုယ်တော်ကြီးတကယ်ပါ မပါ အကြည့်ခိုင်းလိုက်သောကြောင့်ဖြစ်သည်။ ယင်းလွှတ်တော်စာရေးမောင်တင်ကား ဗြိတိသျှ လက်ထက်၌ပုဂံဝန်ထောက်မင်းဦးတင်အနေဖြင့် ထင်ရှားလာသူဖြစ်သည်။
ယင်းကဲ့သို့ဗြိတိသျှစစ်တပ်များနှင့်အတူညောင်အုပ်မင်းသားကြီးချီတက်လာပြီဟုကင်းဝန်မင်းကြီးသာမဟုတ်၊ ဆင်ဖြူမရှင် မိဘုရားကြီးကပါထိုစဉ်ကထင်မှတ်နေတုန်းပင်ဖြစ်ဟန်တူသည်။ယင်းသို့ထင်မှတ်မှုကြောင့်ပင် ရွှေဘိုသို့သီပေါဘုရင်ထွက် ခွာရေးအစီအစဉ်ကို ကင်းဝန် မင်းကြီးနှင့်အတူ ဆင်ဖြူမရှင်မိဘုရားကြီးကပါ မပျက်ပျက်အောင်ဖျက်ခဲ့ကြခြင်းဖြစ်သည်ဟု ယူဆရပေသည်။
ရွှေဘိုထွက်ခွာရေးအစီအစဉ်မှာသီပေါဘုရင်ကိုယ်တိုင်ကင်းဝန်မင်းကြီးနှင့် ဆင်ဖြူမရှင်မိဘုရားကြီးတို့မသိအောင် စီစဉ်သော ဗြိတိသျှစစ် တပ်ကြီးများနေပြည်တော်နှင့်နီးကပ်လာ၍ ဟန်ပုံမပေါ်တော့ကြောင်းသိရှိရသောအခါ သီပေါမင်းတရားကလာသာသောညတညတွင်မိုးညှင်းမင်းသမီး၊ပင်းယမင်းသမီးတို့ကိုပါ သူနှင့်အတူလိုက်ရန်အမိန့်ရှိသည်။ ရွှေငွေပစ္စည်းများကိုအထုပ်ကြီးထုပ်၍ကလေးမင်းသမီးကို တောရဘုရားမှာစောင့်နေစေသည်။ ရွှေ၊ ငွေပစ္စည်းစသည်များကို ဆင်၊ မြင်း၊ လူအထမ်းနှင့်တင်၍ လက်နက်ကိုင်အမှုထမ်းများလည်းအ သင့်စောင့်ဆိုင်းနေစေသည်။
ထိုအချိန်၌အသိမပေးဘဲထားသောကင်းဝန်မင်းကြီသိရှိသွားရာ၊သိလျှင်သိခြင်းသီပေါဘုရင်အရှေ့သို့ဝင်လာပြီးအင်္ဂလိပ်များ လာပြီ၊သူတို့အလိုရှိရာတောင်းဆိုစာချုပ်၍ပြန်မည်အမှန်ဖြစ်ပါသည်။ထွက်တော်မမူပါနှင့်ဟု အကြိမ်ကြိမ်တောင်း ပန်လျှောက်တင်သည်။
သို့သော်သီပေါမင်းတရားကအင်္ဂလိပ်များသည်တစ်ခါမဟုတ်၊နှစ်ခါမဟုတ်၊အခါခါရှိပြီ။တစတစနှင့်တိုင်းပြည် ကုန်အောင်ယူ လိမ့်မည်ထင်သည်။အချုပ်လျှင်လည်းမင်းကြီးများနှင့်ချုပ်ရစ်ကြ။နောက်ကျုပ်သဘောတူလက်မှတ်အလိုရှိလျှင်လည်းစာချုပ် ကိုကျုပ်ရှိရာရွှေဘို သို့ပိုလိုက်ဟု ပြန်မိန့်တော်မူသည်။
ဤတွင်ကင်းဝန်မင်းကြီးလည်းသူ၏သြဇာသီပေါဘုရင်အပေါ်မစူးရှတော့ကြောင်းရိပ်မိသဖြင့် ချက်ချင်းဆင်ဖြူမရှင် မိဘုရားကြီးထံဝင်ပြီးဘုရင်မင်းမြတ်ရွှေဘိုသို့ထွက်တော်မမူရအောင်တားပေးသော်မူပါရန် တောင်းပန်လျှောက်တင် ပြန်သည်။
ထိုအခါဆင်ဖြူမရှင်မိဖုရားကြီးသည်သီပေါမင်းတရားထံသို့ဝင်ရောက်ကာရွှေဘိုသို့မထွက်ပါနှင့်၊ သမီးတော်များက လည်းငယ်ပါသေးသည်။ နှမတော်ကလည်းမကျန်းမမာ ကိုယ်ဝန်အရင့်အမာနှင့် လမ်းမှာဒုက္ခရောက်ကြပါလိမ့်မည်။ အင်္ဂလိပ်များထပ်လာသည်မှာဘာမှစိုးရိမ်ဖို့မရှိ။ အလိုရှိရာတောင်းဆိုစာချုပ်ပြီး ပြန်ကြပါလိမ့်မည်အမှန်ပါ ဟု ကင်းဝန်မင်းကြီး၏လေပေါက်အတိုင်းမိန့်ဆိုတားမြစ်တော်မူသည်။ သီပေါမင်းတရားမှာလည်း ယောက္ခမတော်မိဖုရားကြီးကို ငယ်ကြောက်ဖြစ်သည့်အတိုင်း ဆိတ်ဆိတ်နေ၍စဉ်းစားနေဆဲ ကင်းဝန်မင်းကြီး သည်အတွင်းတော်မှထွက်ခဲ့သည်။ အပြင်သို့ရောက်သည်နှင့်တပြိုင်နက် ရှင်ဘုရင်ရွှေဘိုသို့ထွက်တော်မမူ ဆင်၊ မြင်း၊  ပစ္စည်း၊ ဘဏ္ဍာ အားလုံးသိမ်းလိုက်ကြ၊ နောက် ငါ့အမိန့်မရှိလျှင် မည်သူမျှနန်းတော်သို့အ၀င်အထွက်မရှိစေရ ဟုပြောဆိုအမိန့်ထုတ်လိုက်သောကြောင့် ရွှေဘိုသို့သီပေါဘုရင်ထွက်ခွာရေးအစီအစဉ်မှာ ပျက်ခဲ့ရခြင်းဖြစ်သည်။
ယင်းဖြစ်ရပ်များကိုသီပေါမင်းတရားကြီးသည်ရတနာဂီရိ၌စံနေတော်မူစဉ်သူ၏ပါးတော်မြဲဖြစ်သော ဦးစံရွှေအားပြန် လည်အမိန့်ရှိဖူး ကြောင်းဖြင့် ဂီရိရတနာ ဆောင်းပါးမဟာ၌ ဖော်ပြထားသည်။
ကင်းဝန်မင်းကြီးသည်ရွှေဘိုသို့သီပေါဘုရင်ထွက်ခွာမသွားဖြစ်အောင်မဖြစ်မနေတားမြစ်ခဲ့ရုံသာမဟုတ်သေး။ ယင်းရွှေဘို သို့ထွက်ခွာရေးအစီအစဉ်ကိုထိုအချိန်ကစလေဒင်အားစကားရိပ်ဖွင့်ပြောပြခဲ့ဖူးသေးကြောင်း ကာနယ်စလေဒင် အစီရင်ခံစာ၌ တွေ့ရှိနေရသည်။
ဗြိတိသျှတို့သည်မြန်မာနိုင်ငံကိုသိမ်းပိုက်ကြရာ၌စစ်ရေးတာဝန်ခံမှာဂျင်နရယ်ပရင်ဒါဂတ်ဖြစ်၍ နိုင်ငံရေးတာဝန်ခံမှာကာနယ် စလေဒင်ဖြစ် သည်။
မန္တလေးဆိပ်ကမ်းသို့ဗြိတိသျှစစ်သားများဆိုက်ကပ်ပြီးနောက်ကာနယ်စလေဒင်ကသူနှင့်ကင်းဝန်မင်းကြီးတို့ တွေ့ဆုံဆွေး နွေးကာမြန်မာ ဘုရင်နှင့်မြန်မာနိုင်ငံအား သိမ်းယူရေးအစီအစဉ်လုပ်ကြပုံများကို ကာနယ်စလေဒင်က ၁၈၈၅ခု ဒီဇင်ဘာလ(၁၆)ရက်နေ့စွဲဖြင့် အိန္ဒိအစိုးရ နိုင်ငံခြားရေးဌာနအတွင်းဝန်ထံသို့ အစီရင်ခံရာတွင်-
ထိုနေ့နံနက်စုံစမ်းမေးမြန်း၍သိရှိရသမျှမှာနံနက်၉နာရီအချိန်ထိအောင် သီပေါဘုရင်သည်နန်းတော်အတွင်း၌ ရှိသေးကြောင်း၊ သို့သော် တိမ်းရှောင်နေ၍အသင့်ပြင်ဆင်ပြီးရှိကြောင်း၊ ဆင်းအစီး၅၀နှင့်ယုံကြည်စိတ်ချရသော ကျွန်ယုံတော်တပ်စုသည် မန္တလေးအထက်၁၂မိုင် ခန့်အကွာတွင်ရှိသော ရှိမ္မကား၌အသင့်စောင့်နေကြလျက် သီပေါဘုရင်အားမုဆိုးဖိုသို့ဆောင်ပို့ရန်ပြင်ဆင်နေကြကြောင်းစသည်တို့ပင်ဖြစ်သည်…စသည်ဖြင့်ရွှေဘိုသို့ သီပေါဘုရင် ထွက်ခွာရေးအစီအစဉ်ကိုသူကြားသိထားရသည့်အတိုင်းထည့်သွင်းရေးသားထားသည်။ထို့နောက်အစီရင်ခံ စာတစ် နေရာတွင်-
မိနစ်အနည်းမျှအကြာအမတ်ချုပ်ကြီး(ကင်းဝန်မင်းကြီးကိုဆိုလို)သည်ဆင်စီးလျက်ခရီးပြင်းနှင်လာသည်ကို အဝေးမှမြင် ရပါသည်။ နှုတ်ခွန်းဆက်သပြီးနောက် အမတ်ချုပ်ကြီးပြောသောစကားတို့မှာ မည်သည့်အကြောင်းကြောင့်မျှ စစ်သားများနန်းတော်တွင်းသို့မ၀င်ပါစေနှင့်၊မိတ်ဆွေကျွန်ုပ်နှင့်အတူပင်လိုက်ခဲ့မည်လားစသည်တို့ပင်ဖြစ်ပါသည်။ ထို့နောက်အမတ်ချုပ်ကြီးကနန်းတော်တွင်းသို့ဝင်ကြမည်ဆိုလျှင်မည်သို့ဖြစ်ပျက်ကုန်မည်ကိုမသိနိုင် သီပေါဘုရင်တိမ်း ရှောင်ထွက်ခွာရန်အကြံပြုနေသည်ကိုစကားရိပ်၍ပြောဆိုသဖြင့်ကျွန်ုပ်လည်းနန်း တော်တွင်းသို့ဝင်လိုက်ရန် သဘောတူညီလိုက်ပါသည်ဟူ၍ရွှေဘိုသို့သီပေါဘုရင်တိမ်းရှောင်ထွက်ခွာမည့်အကြံကိုကင်းဝန်မင်းကြီးကသူ့ အားစကား ရိပ် ဖွင့်ဟပြောဆိုကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသေးသည်။
ပါတော်မူမည့်ဆဲဆဲအချိန်က ရွှေဘိုသို့သီပေါဘုရင်ထွက်ခွာတိမ်းရှောင်သွားရေးကိစ္စသည် ထိပ်တန်းလျှို့ဝှက်(လ၀-၁)နိုင်ငံရေးကိစ္စကြီးဖြစ်သည်။ခေါင်းမီးလောင်မတတ်အရေးကြီးလှသောထိုအချိန်တွင် အထူးလျှို့ဝှက်ထား ရေးနိုင်ငံရေးကိစ္စကြီးကို ကင်းဝန်မင်းကြီးကဲ့သို့ သောတာဝန်အရှိဆုံးအမတ်ချုပ်ကြီး(နန်းရင်းဝန်ကြီး)တစ်ဦးက မြန်မာနိုင်ငံအားသိမ်းယူရန်ရောက်ရှိလာသည့်ရန်သူဗြိတိသျှနယ်ချဲ့သမားစလေဒင်ကိုတည့်တည့်ဖြစ်စေ၊ အရိပ်အမြွက် ဖြစ်စေ ဘယ်နည်းနဲ့မျှဖွင့်ဟမပြောထိုက်ပေ။ ယင်းနှင့်တစ်ဆက်တည်းပင်-
အင်္ဂလိပ်တို့ကိုခုခံတိုက်ခိုက်ခြင်းမပြုရ၊ ခုခံတိုက်ခိုက်လျှင်သူပုန်ဟူသော ကင်းဝန်မင်းကြီးခေါင်းဆောင်သည့် မြန်မာ့လွှတ်တော်၏အမိန့်ကိုလည်းကောင်း၊တစ်ခုနှင့်တစ်ခုဆက်စပ်ကြည့်ရှုလိုက်ပါက ကင်းဝန်မင်းကြီးဦးကောင်း ကလိမ်ထုတ်ပေးလိုက်သောကြောင့်သီပေါမင်းတရားမင်းအဖြစ်မှပြုတ်ကျရခြင်းဖြစ်သည်ဟု အချို့ကကောက်ချက် ချမိကြောင်းချမိကြပေလိမ့်မည်။
သို့သော်ဗြိတိသျှစစ်တပ်များနှင့်အတူညောင်အုပ်မင်းသားကြီးချီတက်လာပြီဟုကင်းဝန်မင်းကြီးအနေဖြင့် တကယ်ယုံကြည် နေသောကြောင့်အထက်ပါသမိုင်းကွင်းဆက်သုံးခုကိုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟူ၍ နောက်ထပ်သမိုင်းကွင်းဆက်တခုကိုပါ ထည့်သွင်းတွက်ချက်ပါမူကား ကင်းဝန်မင်းကြီးဦးကောင်းကိုယ်တိုင် ဗြိတိသျှတို့၏အလိမ်ခံရသောကြောင့်သာ သီပေါမင်းတရားမင်းအဖြစ်မှပြုတ်ကျရခြင်းဖြစ်သည် ဟု ကောက်ချက်ချရမည်ဖြစ်ပေသည်။
ထို့ပြင်နယ်ချဲ့ဗြိတိသျှတို့သည် အထက်မြန်မာနိုင်ငံကို (၁၄)ရက်နှင့်နိုင်အောင်တိုက်နိုင်ခဲ့သော်လည်း နယ်ချဲ့ဆန့်ကျင်ရေး၊ ဗမာ့တော်လှန် ရေးအင်အားစုများ၏ ပုန်ကန်မှုကို(၁၀)နှစ်ကြာအောင်ကြိုးစားတိုက်ခိုက်မှ အောင်မြင်မှုရရှိခဲ့လေသည်။
ထိုအချိန်ကဗြိတိသျှနယ်ချဲ့၏မဖြစ်မနေလိုအပ်ချက်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ဖြစ်ရာ ယင်းနှစ်မျိုးစလုံးအ တွက်ကင်းဝန်မင်းကြီးသည် နယ်ချဲ့ဗြိတိသျှတို့အားအကူအညီများစွာပေးခဲ့သည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးအတွက် ၀န်သိုစော်ဘွားကြီးဦးအောင်မြတ်အစရှိသော ဗမာ့တော်လှန်ရေးအင်အားစုများကို နယ်ချဲ့အစိုးရထံလက်နက်ချအောင်ကင်းဝန်မင်းကြီးသည်ကြိုးစားပေးခဲ့သည်။ သူ၏ကြိုးစားမှုကြောင့်လက်နက် ချသူများလည်းရှိသည်။မချသူများလည်းရှိသည်။သို့သော်သူ၏ကြိုးပမ်းမှုမှာအထိုက်အလျောက်အတိုင်းအတာ တခုအထိ အောင်မြင်မှုရရှိခဲ့လေသည်။
တရားဥပဒေစိုးမိုးရေးအတွက်လည်း ၁၈၉၅ခုနှစ်တွင် တရားဋ္ဌာနချုပ်မင်းကြီး ဘားဂျက်၏တိုက်တွန်းချက်အရ ကင်းဝန်မင်းကြီးသည်ဓမ္မသတ်ကြီးကျမ်းကြီးနှစ်ကျမ်းကိုစီစဉ်ပြုလုပ်ပေးခဲ့သည်။ယင်းတို့မှာ(၁)စာမျက်နှာ ၈၃၉စာမျက်နှာ ရှိသော၃၆စောင်တွဲအမွေမှုခန်းဓမ္မသတ်ကြီးနှင့်(၂)စာမျက်နှာ၆၂၇မျက်နှာရှိသော၃၄စောင်တွဲအိမ်မှု ဓမ္မသတ်ကြီး တို့ဖြစ်သည်။
နယ်ချဲ့အစိုးရအပေါ်ကင်းဝန်မင်းကြီးကူညီမှုကျေးဇူးပြုမှုများကားကြီးမားလှပေသည်။ ထို့ကြောင့်လည်းကင်းဝန် မင်းကြီးတစ်ယောက်ကို၎င်းတို့ဘက်မှရရှိထားခြင်းသည်မြန်မာနိုင်ငံတော်ကိုတ၀က်ရရှိထားခြင်းနှင့်ညီမျှသည်ဟု နယ်ချဲ့ ဗြိတိသျှတို့ကအဆိုပြုခဲ့ကြသည်။ ယင်း ကြောင့်လည်းကင်းဝန်မင်းကြီးကို ပြန်လည်ကျေးဇူးတုန့်ပြန်ခဲ့ကြသည်။
အထက်မြန်မာနိုင်ငံကိုဗြိတိသျှတို့သိမ်းပိုက်ပြီးနောက် ၂နှစ်အကြာ သက္ကရာဇ်၁၂၄၉ ခုနှစ်(ခရစ်နှစ် ၁၈၈၇)တွင် ၀ိတိုရိယဘုရင်မကြီးက  ကင်းဝန်မင်းကြီးအား အိန္ဒိယမဟာအတုလတာရာသဟာရ (C.S.I)ဘွဲ့တံဆိပ်ချီမြှင့်ခဲ့သည်။ ကိုယ်ရေးရာဇ၀တ်မှုမှအပ ကင်းဝန်မင်းကြီး အားရုံးတော်မှအဆင့်အခေါ်မရှိစေရဟူသော အထူးအမိန့်တစ်ရပ်ကိုလည်း ထိုရွှေရတုသဘင်အထိမ်းအမှတ်ပွဲမှပင် ပေးအပ်ချီးမြှင့်ခဲ့ သည်။
ထို့ပြင်၁၈၉၇ခုနှစ်တွင် ဒုတိယဘုရင်ခံချုပ်၏ ဥပဒေပြုလွှတ်တော်တွင် မင်းတိုင်ပင်အမတ်နေရာကိုလက်ခံခဲ့လေသည်။
သက္ကရဇ်၁၂၅၀ပြည့်နှစ်(ခရစ်၁၈၈၈)တွင်ကားဗြိတိသျှနယ်ချဲ့အစိုးရသည်ကင်းဝန်မင်းကြီးအားအငြိမ်းစားပင်စင်လ စာပေး အပ်ချီးမြှင့်ခဲ့ သည်။
ပင်စင်လစာရရှိပြီး နှစ်ပေါင်း၂၀အကြာ ၁၂၇၀ပြည့်နှစ် ၀ါဆိုလဆန်း၃ရက် (ခရစ်၁၉၀၈၊ ဇွန်လ၃၀ရက်) အင်္ဂါနေ့နံနက်၅နာရီတွင် ကင်းဝန် မင်းကြီးမန္တလေးမြို့၎င်းနေအိမ်၌ကွယ်လွန်ခဲ့ရာ ထိုအချိန်၌သူ၏အသက်မှာ ၈၆နှစ် ၄ လ၂ရက် (၈၇)ရှိပြီဖြစ်သည်။ အာဠာဝီတံခါးမှချလာ သော ၎င်း၏အသုဘ၌ အင်္ဂလိပ်စစ်ရဲမြင်းတပ်ကခြံရံ၍ပင် ဘင်ခရာတီးမှုတ်၍မသာပို့စေသည်။ ကွယ်လွန်သည့်နေ့တွင်လည်း ၀မ်းနည်း ခြင်းအထိမ်းအမှတ်အဖြစ် ရုံးပိတ်ပေးသည်။ မြန်မာမှူးမတ်အရာရှိကြီးတစ်ဦး၏အသုဘ၌ ဗြိတိသျှနယ်ချဲ့အစိုးရအနေဖြင့် ယင်းကဲ့သို့ချီး မြောက်လိုက်ခြင်းမှာ ထိုအကြိမ်သည်ပထမဆုံးအကြိမ်ပင်ဖြစ်သည်။
ဗြိတိသျှအစိုးရကယင်းကဲ့သို့ချီးမြှောက်မှုများကိုအချို့ကအံ့သြကြသည်။စင်စစ်မှုအံ့သြစရာမဟုတ်ပေ။ ကင်းဝန်မင်းကြီး ကနယ်ချဲ့အစိုးရအားကူညီမှုများပေးမှုကြောင့်ကင်းဝန်မင်းကြီးတစ်ယောက်ကို၎င်းတို့ဘက်မှရရှိထားခြင်းသည် မြန်မာ နိုင်ငံတစ်ဝက်ကိုရရှိထားခြင်းနှင့်ညီမျှသည်ဟူသောနယ်ချဲ့ဗြိတိသျှအစိုးရအဆိုပြုချက်နှင့်နှိုင်းစာလျှင် သို့ကလိုချီး မြှောက်မှုမှာ နည်းပင်နည်းနေသေးသည်ဟုဆိုရပေမည်ဖြစ် သည်။
အာစရာဘိဓဇသီရိပ၀ရရာဇဂုရုဘွဲ့တံဆိပ်တော်ရ ဗန်းမော်မြို့၊ သိမ်တော်ဆရာတော်ပြုစုသော ဂန္ဓလကစက္ကဇောတိဋ္ဌဒီပနီ ကျမ်း၌မူ-
သီပေါမင်းနှင့်စုဖုရားကြီး၊ စုဖုရားလတ်တို့ကို မင်းမိဘုရားအဖြစ်တင်မြှောက်ခဲ့ခြင်းမှာ ဆင်ဖြူမရှင်မိဘုရားကြီးနှင့် ကင်းဝန်မင်းကြီးတို့၏အစီအမံဖြစ်သည်။ ယင်းအစီအမံအောင်လည်းအောင်မြင်သည်။ သို့သော်ရာဇဘိသေကသဘင်၊ မဟေသီဘိသေကသဘင်များ ကျင်းပပြီး သည့်နောက်တွင် သမီးတော်နှစ်ပါးလုံးနန်းမတော်မိဘုရားများမဖြစ်တော့ပဲ စုဘုရားလတ်တစ်ဦးတည်းသာ နန်းမတော်မိဘုရားခေါင်ကြီးဖြစ် နေသဖြင့် မယ်တော်ဆင်ဖြူမရှင်မိဘုရားကြီးမှာ ပထမဆုံးအကြိမ်စိတ်ပျက်ခဲ့ရသည်။
စာအညွန်း
*Lord Lytton
**Lord Cranbrook
၁၇။A.C Banerjee. British Relations with Burma, (1826 – 1886) Bombay. The       National Information & Ltd., 1964 P.33
***Mr.Shaw
၁၈။ British Relations with Burma p 33 – 34
၁၉။ D.GE Hall Europe and Burma London Oxford 1945. P University Press 162
၂၀။ Dr.Maung Maung, Burma in the Family of Nations; 1956. P 57 – 58
၂၁။ Dorolthy Woodman, The Making of Burma. 1962. P 217
*Capt.Trevelec
*Chandernagon
**Challemell Lacour
၂၂။ ဒေါက်တာခင်မြကြူ၊ ကုန်းဘောင်ခေတ် မြန်မာ ပြင်သစ်ဆက်ဆံရေး၊ စာ ၁၅၆ – ၁၅၇
*Fnancois Deloncle
၂၃။ ကုန်းဘောင်ခေတ် မြန်မာ – ပြင်သစ် ဆက်ဆံရေးသမိုင်း၊ စာ ၁၅၈ – ၁၆၁
*Lord Lyons
*Monsieur Hass 
*Bryce
**Maxwell
၂၄။ အခြေပြ မြန်မာ့နိုင်ငံရေးသမိုင်း (ဒုတိယတွဲ၊ ပထမပိုင်း) စာ ၃၁၆။
*(Lord Dufferin)
၂၅။ ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီး (တ)တွဲ စာ ၇၀၇

၂၆။ British Rule and Before Vol,(1) p 84 – 85

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts