ကျော်ဟုန်း

Kyaw Home – Poem

ဆရာကြီး ဒဂုန်တာရာ … ကမ္ဘာကြီးထဲ အမြဲတမ်းရှိနေမယ့် လေနုအေး
ကျော်ဟုန်း
သြဂုတ် ၂၁၊ ၂၀၁၃


၂၀၀၀ စုရဲ့ ၁၃ နှစ်စွန်း သြဂုတ်
ငါတို့ အတွက် ၁၃ ဂဏန်းဟာ ကံမကောင်း
ငါတို့ မိုးကောင်းကင်က ကြယ်ကြီးတွေ တဖြုတ်ဖြုတ်ကြွေ။
ဆရာမောင်ဝံသ ၁၁ သြဂုတ် ၂၀၁၃
ဆရာမင်းလူ ၁၄ သြဂုတ် ၂၀၁၃
ဆရာကြီး ဒဂုန်တာရာ ၁၉ သြဂုတ် ၂၀၁၃
တမိုးလုံး တဖျောက်ဖျောက် ကြွေ။
ဆရာများ …
အမှတ်ရစရာတွေ တသီကြီးထားခဲ့
ဆရာကြီး အဖိုး ဒဂုန်တာရာဆိုရင်ဖြင့်
ကဗျာတပုဒ်၊ စာတအုပ်နဲ့  မလောက်
ပိဋကတ် သုံးပုံလောက်ကို ရှိမလား ညွှန်းချင်
သူ့ သမိုင်းက အရှည်ကြီး။
ဒဂုန်တာရာ ဆိုသည်မှာ …
ဘဝပက်ကြားအက်ထဲက
နွေလူသားတွေအတွက် (လေနုအေး)
ဒဂုန်တာရာ ဆိုသည်မှာ …
သမိုင်းလွင်ပြင်ကျယ် ကန္တာရထဲက
အိုအေစစ်ဝေးနေသူတွေအတွက် (လေနုအေး)
ဒဂုန်တာရာ ဆိုသည်မှာ …
ရန်သူမရှိ-မိတ်ဆွေသာရှိချင်တဲ့
ငြိမ်းချမ်းရေးကို ချစ်တတ်တဲ့ (ပန်းနုရောင်သီချင်း) 
ဒဂုန်တာရာ ဆိုသည်မှာ …
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စဉ်က
သခင်ကိုယ်တော်မှိုင်းကြီးရဲ့ (သွေးတစက်)
ဒဂုန်တာရာ ဆိုသည်မှာ …
ရံဖန်ရံခါ စန္ဒရားခုလုတ်ပေါ်ပြေးဆော့တတ်တဲ့
လက်ချောင်းသွယ်များရဲ့ ( ငြိမ်းချမ်းရေး သံစဉ်ငြိမ့်)
ဒဂုန်တာရာ ဆိုသည်မှာ…
ခေတ်အဆက်ဆက်ကို ဖြတ်သန်း
ငါတို့ နှောင်းလူတွေရဲ့ (သက်ရှိမှတ်တမ်း သမိုင်းစာအုပ်ကြီး)
ဒဂုန်တာရာ ဆိုသည်မှာ …
ရေးသုံးနှုံးပုံ နုရွဆန်း
စာနုယဉ်တီထွင်မှုရဲ့ ဥသျှောင်
ရုပ်ပုံလွှာ ဖန်တည်းမှုရဲ့ ခေါင်းဆောင်
ငါတို့ နှောင်းလူများရဲ့ (စာပေရှေ့ ဆောင် လမ်းပြကလောင်)
ဒဂုန်တာရာ ဆိုသည်မှာ …
တိုင်းပြည်အပေါ် သစ္စာမဖောက်ဘူး
သမိုင်းကို သစ္စာ မမဲ့ဘူး
စာပေအပေါ် သစ္စာရှိ အထူး
ပြည်သူအပေါ် မေတ္တာရစ်လူး
မျိုးဆက်သစ်အပေါ် ချစ်သဒ္ဓါ အုပ်ကူး
သီလ၊ သမ္မာဓိ ၊ ဂုဏ်ဒြပ် ပြည့်စုံသူ။
ဆရာကြီး ဒဂုန်တာရာ
ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးလွန်းတဲ့ ချိုးငှက်ဖြူ
သူဆိုနေကြတေး တမိုးလုံးဖြန့် ကျက်နေဆဲ
တချို့ လူတွေ နားပင်းနေနိုင်လွန်းလို့ 
သူကိုယ်တိုင် ငြိမ်းချမ်းရေးစစ်စစ် မမြင်ဖူးခဲ့စဉ်မှာဘဲ
ငါ့တို့ အတွက် အဖိုးမဖြတ်နိုင် ဆုံးရှုံးခြင်းကြုံရ
ဖြေမဆယ် လွမ်းနာကျရပေါ့။
ဒါပေမယ့် ငါတို့ ယုံတယ်
ငါတို့ နဲ့ အမြဲတမ်းရှိနေမယ့် လေပြေနုဟာ
ဒီကမ္ဘာကြီးထဲ အမြဲတမ်းရှိနေမယ့် လေနုအေးဟာ
ဆရာကြီး အဖိုး ဒဂုန်တာရာ ။         ။
ကျော်ဟုန်း

( ၁၀ ၊ မေ ၊ ၁၉၁၉ မှ ၁၉ ၊ သြဂုတ် ၊ ၂၀၁၃ ) ဆရာကြီး ဒဂုန်တာရာ သို့  ဂါဝရ အလွမ်း ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts