Uncategorized

Than Soe Hlaing – U Thu Wai’s Parliament Democracy Book Review

ဦးသုဝေ၏ ပါလီမန်ဒီမိုကရေစီ
သန်းစိုးလှိုင်၊ မိုးမခစာအုပ်အညွှန်း
စာအုပ်အမည်- ပါလီမန်ဒီမိုကရေစီနှင့် ကျွန်တော်
ရေးသားသူ- ဦးသုဝေ
ထုတ်ဝေသည့် ခုနှစ်-နိုဝင်ဘာ ၂၀၁၂
တန်ဖိုး ၃၅၀၀ ကျပ်၊
စာမျက်နှာ -၃၀၄
ထုတ်ဝေသည့်တိုက်- လွင်ဦးစာပေ (လှည်းတန်း)
မအောင်မြင်သည့် တော်လှန်ရေးတစ်ရပ်၏ မှတ်တမ်း
“ပါလီမန်ဒီမိုကရေစီနှင့် ကျွန်တော်” အမည်ဖြင့် ဦးသုဝေ၏ လက်နက်ကိုင်တော်လှန်ရေး သမားဘ၀ အတွေ့အကြုံစာအုပ် ယမန်နှစ်ကုန်ပိုင်းက ထွက်ရှိလာသည်။ ယခင် စာပေစိစစ်ရေးရှိစဉ်က ထုတ်ဝေရန်မဖြစ်နိုင်သည့် သမိုင်းဖြစ်ရပ် နောက်ခံနိုင်ငံရေး စာအုပ်တအုပ်ဖြစ်ပြီး ယင်းကာလကို ရေးသားမှတ်တမ်းတင်မှုနည်းပါး သေးသဖြင့်လည်း ယင်းခေတ်ကာလ ပါလီမန်ဒီမိုကရေစီပါတီ (နောက်ပိုင်း ပြည်သူ့ပြည်ချစ်ပါတီဟု အမည်ပြောင်း ) ၏ သမိုင်းအဖြစ်အပျက်များဖြင့်  စိတ်ဝင်စားစရာကောင်းသည့် စာအုပ်တအုပ်ဖြစ်သည်။
ယခုလက်ရှိ ဒီမိုကရေစီပါတီ (မြန်မာ) ၏ ခေါင်းဆောင်ဖြစ်သူ ဦးသုဝေမှာ ကျောင်းသားဘ၀ကတည်းက ကျောင်းသားသမဂ္ဂတွင် တာဝန်ယူလုပ်ကိုင်ခဲ့သူ တက္ကသိုလ်ရောက်သည့်အခါ ရန်ကုန်တက္ကသိုလ် ဒီမိုကရက်တစ်ကျောင်းသားအဖွဲ့ တွင်လည်း တွဲဘက် အတွင်းရေးမှူး တာဝန်ယူခဲ့ကာ ယင်းနောက်ပိုင်း ဖဆပလ လူငယ်အဖွဲ့ချုပ် အလုပ်အမှုဆောင်နှင့် ဦးကျော်ငြိမ်း၏ အပါးတော်မြဲ အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်သည်။
ယခုစာအုပ်၏ အစကို ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်သို့ ကူးသွားသည့် အခန်းဖြင့် ဖွင့်ထားသည်။
ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ ၁၉၆၄ ခုနှစ်ကုန်အချိန်မှာ ထိုစဉ်က အသက် ၃၁ အရွယ်သာ ရှိသေးသည့် ဦးသုဝေ မဆလ အစိုးရကို တော်လှန်ဖို့ ထိုင်းနယ်စပ်ကို ထွက်ခွာသွားခဲ့ခြင်း ဖြင့်စတင်ထားသည်။
ယခုအတွေ့အကြုံမှတ်တမ်းစာအုပ်သည် မအောင်မြင်သည့် တော်လှန်ရေး တရပ်မှာပါဝင်ခဲ့သူ၏ သူတွေ့ကြုံခဲ့ရကြားခဲ့ရသည်များကို မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ဦးသုဝေရေးသားထားသလို “အောင်မြင်တဲ့ တော်လှန်ရေးသာဆိုရင် အရာရာဟာ အမွှမ်းတင်သူတွေနဲ့ ပြည့်လျှမ်းနေမှာပါ၊ ချီးကျူး ဂုဏ်ပြုမှုတွေများလွန်းလို့ အပြစ်ဆိုဖွယ် ကွက်လပ်တောင်ကျန်မှာ မဟေုတ်ဘူး၊ ပြိုကျသွားတဲ့ တော်လှန်ရေးတစ်ရပ်ဖြစ်ပြန်တော့ လုပ်ခဲ့သမျှဟာကွက် ပျော့ကွက်၊ ချွတ်ယွင်းချက်တွေ” ဆိုသည့်အချက်ကလည်း မြန်မာနိုင်ငံက သမိုင်းဖြစ်ရပ်များအရ အမှန်ပင်ဖြစ်သည်။
မအောင်မြင်သည့် လက်နက်ကိုင် တော်လှန်ရေးများကို အားနည်းချက် ပျော့ကွက်ရှာ ပြောဆိုရသည့် အလုပ်မှာလွယ်ကူပါသည်။ ထိုပါလီမန်ဒီမိုကရေစီပါတီ၏ လက်နက်ကိုင်တော်လှန်ရေးမှမဟုတ် ၁၉၈၈ အရေးတော်ပုံက မွေးထုတ်လိုက်သည့် ဒီမိုကရက်တစ်ကျောင်းသား တပ်ဦး၏ အားနည်းချက် ပျော့ကွက်များကိုလည်း အခါအားလျှော်စွာ ထုတ်ဖေါ်ရေးသားကာ ယင်းတော်လှန်ရေး မအောင်မြင်ရခြင်းမှာ ဖေါ်ပြပါ အားနည်းချက်များကြောင့်ဟု လွယ်လွယ် ကောက်ချက်ချပြောဆိုမှုများ မကြာခဏ ကြားရ ဖတ်ကြရဖူးသည်ကို အမှတ်ရသည်။
၁၉ ၇၀ ခုဝန်းကျင်က မအောင်မြင်သည့် လက်နက်ကိုင်တော်လှန်ရေး နှင့် ၁၉ ၈၈ ခုနှစ်အာဏာသိမ်းပြီး ပေါ်ထွက်လာသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး ABSDF နှင့် နှိုင်းယှဉ်သုံးသပ်စရာ အချက်အလက်အတော်များများ ရှိသည်။ ABSDF သည်လည်း ဒီမိုကရေစီတော်လှန်ရေးပင်ဖြစ်သည်။ ပြည်သူ့ပြည်ချစ်ပါတီက အစဉ်အလာရှိသည့် နိုင်ငံရေးသမားများ၊ စစ်ရေး အတွေ့အကြုံရှိသည့် နိုင်ငံရေးသမားများနှင့် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သော်လည်း အကြောင်းကြောင်းကြောင့် ဆယ်စုနှစ်တစ်စုကျော်သာ သက်တမ်းရှိခဲ့သည်။
ABSDF မှာမူ စစ်ရေးအတွေ့အကြုံ လုံးဝမရှိသည့် ကျောင်းသားများက ဦးဆောင်ပြီး လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့များနှင့် မဟာမိတ်ပြုကာ စစ်အစိုးရကို တိုက်ခိုက်ခဲ့ကြသည်။ ဆယ်စုနှစ် ၂ ခုကျော်တိုက်ခိုက် ခုခံခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်ကမှ အပစ်အခတ်ရပ်စဲသည့် လက်မှတ်ရေးထိုးလိုက်ကြသည်။
ဒီအချက်က ကျောင်းသားလက်နက်ကိုင် တော်လှန်ရေးနှင့်  ၀န်ကြီးချုပ်ဟောင်း၊ ကာကွယ်ရေး ၀န်ကြီးဟောင်း၊ ၀န်ကြီးဟောင်း၊ ဦးစီးချုပ်ဟောင်း နှင့် အတွင်းဝန်ဟောင်းများ၏ လက်နက်ကိုင်တော်လှန်ရေး တူညီချက်များနှင့် ကွဲပြားချက်များဖြစ်သည်။
သေချာသည်ကတော့ ယင်းတော်လှန်ရေး နှစ်ရပ်တွင် သမိုင်းနောက်ခံအခြေအနေ လုံးဝကွဲပြားသည့် အချက်ပင်ဖြစ်ပေမည်။
ယခုစာအုပ်တွင် လေ့လာမိရသည့် အချက်တစ်ခုကတော့ ထိုင်းအစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ပေါ်လစီ၊ မြန်မာအစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေသည့် သူပုန်အဖွဲ့တွေ အပေါ်ထားသည့် ပေါ်လစီ သဘောထားက ထိုခေတ်နှင့် ၈၈ နောက်ပိုင်းခေတ် အတော်ပင် ဆင်တူပါသည်။ ထိုင်းအစိုးရသည် တခါတရံလျစ်လျူရှုမည်၊ တခါတရံ မြန်မာအစိုးရနှင့် ဆက်ဆံရေးကောင်းစေလိုသည့်အခါ အတိုက်အခံတွေကို အရေးယူပြမည်။ နောက်ကွယ်တွင် တဖက်လှည့်နှင့် ချွေးသိမ့်မည်။ စသည့် မူဝါဒနှင့် လုပ်နည်းလုပ်ဟန်များမှာ ၈၈ ခုနှစ်နောက်ပိုင်းတွင်လည်း ထို့တူပင်ဖြစ်သည်။ ဦးနုကို ပုဂ္ဂိုလ်ရေးအရ ခင်မင်သည့် ထိုင်းဝန်ကြီးချုပ်ဟောင်း စစ်ဗိုလ်ချုပ်ဟောင်းတွေက အစစအရာရာ ကူညီသည့်တိုင် ယင်းအကူအညီမှာ ပုဂ္ဂိုလ်ရေးအရ ကူညီမှုသာဖြစ်သည်ဟု ထိုင်းစစ်အရာရှိက ပြောသည်ဟုလည်း စာအုပ်မှာရေးထားသည်။
ထိုစဉ်က ဖွဲ့စည်းခဲ့သည့် တိုင်းရင်းသားပေါင်းစုံ ညီညွတ်ရေးနဲ့လွတ်မြောက်ရေး တပ်ပေါင်းစု (တညလ) သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဖွဲ့စည်းသည့် ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့နှင့် အလားသဏ္ဍန်တူသည်ကိုလည်း တွေ့ရသည်။
၁၉၇၀ ခုနှစ်မေလမှာ တညလ ကိုဖွဲ့စည်းပြီး  ကရင်အမျိုးသားအစည်းအရုံး မွန်ပြည်သစ်ပါတီနဲ့ ဦးနုတို့ရဲ့ပါလီမန်ဒီမိုကရေစီ ပါတီ သုံးပါတီညီညွတ်ရေး တပ်ပေါင်းစုဖွဲ့စည်းဖို့ သဘောတူလိုက်ကြတဲ့ အကြောင်း စာအုပ်တွင် ဖေါ်ပြထားသည်။ တညလ စတင်ဖွဲ့စည်းချိန်မှာ ဦးနုက နာယက၊ မန်းဘဇံက တပ်ပေါင်းစုရဲ့ဥက္ကဋ္ဌ၊ နိုင်ရွှေကျင်က အထွေထွေအတွင်းရေးမှူးချုပ် နဲ့ ဗိုလ်လင်္ကျာက ဒုဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခဲ့ကြသည်ဟု ယခုမှတ်တမ်းမှာ ဖေါ်ပြထားသည်။
နောက်အရေးကြီးသည့် အချက်မှာ ပြည်ထောင်စုမှ ခွဲထွက်ခွင့်ကို လက်ခံ မခံ ပင်ဖြစ်သည်။ တညလဖွဲ့ပြီး နှစ်နှင့်ချီမကြာမီပင် ကေအန်ယူကတင်ပြလာသည့် ကိစ္စတရပ်မှာ ပီဒီပီ (parliament democracy party) က ခွဲထွက်ခွင့်ကို ဘယ်လို သဘောထားသလဲ ဆိုသည့် ကိစ္စပင်ဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အတွက် အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ဆန္ဒအရပူးပေါင်း၍ ခွဲထွက်လိုက ခွဲထွက်ပိုင်ခွင့်ဆိုသည့်အချက်သည် စစ်အစိုးရပြုတ်ကျရေး မကျရေးကဲ့သို့ပင် အရေးကြီးသည်ဆိုသည့် အချက်ဖြစ်သည်။
ထိုသို့သော နိုင်ငံရေး ဖြစ်ရပ်များအပြင် ပုဂ္ဂိုလ်တဦးချင်း ရုပ်ပုံလွှာများလည်း ပါဝင်သည်။ ဗိုလ်လင်္ကျာ၊ ဦးသွင်၊ ရန်ကုန်ဗဆွေ၊ ကိုအောင်လင်္ကျာ၊ ဦးထွေးမြင့်၊ ဗိုလ်ချုပ်စောကြာဒိုး စသူတို့ကို ရုပ်ပုံလွှာများ အတော်အတန်ရေးချယ်ပြထားသည်။
အချို့သောနေရာများတွင် လူပုဂ္ဂိုလ် အလိုက်၊ ဖြစ်ရပ်အလိုက် အခန်းခွဲထားသဖြင့် အချိန်ကာလက ရှေ့ရောက်လိုက် နောက်ရောက်လိုက်ဖြစ်သည့် အားနည်းချက်တော့ သတိထားမိသည်။
ဗိုလ်ချုပ်ကြီး လင်္ကျာ ကျဆုံးသည့် အခန်းကလည်း စိတ်ဝင်စားစရာ၊ နှမြောစရာကောင်းသည်၊ တိုင်းပြည်အတွက် စွန့်လွှတ်လုပ်ကိုင်သူ၊ အနေရိုးပြီး နှိမ့်ချတတ်သူ တဦး ဘာမဟုတ်သည့် နိုင်ငံရေး စစ်ရေးကစားကွက်တွင် စတေးခံလိုက်ရသည့် သဘောလည်း ဖြစ်သည်။
စာအုပ်ရေးသားသည့် ခုနှစ်မဖေါ်ပြထားသော်လည်း ၁၉၈၀ ခုနှစ် လွတ်ငြိမ်းချမ်းသာခွင့် ဖြင့် ပြည်တွင်းပြန်လည်ရောက်ရှိလာပြီး မကြာမီရေးသားခဲ့သည်ဟု ယူဆစရာရှိသည်။ လက်နက်ကိုင် တော်လှန်ရေးကာလ ရုံးမှတ်တမ်းများ ရက်စွဲမှတ်တမ်းများ အထောက်အထား ပြည့်ပြည့်စုံစုံဖြင့် ရေးသားထားသည်ကိုတွေ့ရသည်။ ထိုခေတ်ကာလကို မှတ်တမ်းတင်သည့် စာအုပ်နည်းပါးလှသဖြင့် ထူးထူးခြားခြား ဖတ်သင့်သည့် စာအုပ်တအုပ်ဟု ညွှန်းဆိုလိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts