Uncategorized

Wutt Hmoe (Former Staff) – Articles

စရိုက်ကောင်းများဖြင့် နိုင်ငံတည်ဆောက်ခြင်း 
ဝတ်မှုန် (၀န်ထမ်းဟောင်းတဦး)
သြဂုတ် ၂၃၊ ၂၀၁၃


နိုင်ငံခေါင်းဆောင်များ မည်မျှအပြောကောင်းပါစေ..သူတို့လုပ်ကိုင်မှုများကြောင့် တိုင်းပြည်ကိုခြောက်ထဲသို့ချပစ်ခဲ့ကြောင်း၊ ဦးနေဝင်းက ပစ္စည်းဥစ္စာမွဲအောင်လုပ်ခဲ့ပြီး၊ နောက်တက်လာသည့် သူ့တပည့်များ ဗိုလ်ခင်ညွန့်က စိတ်ဓါတ်မွဲတေအောင်လုပ်ခဲ့သည်။ ယခု တိုင်းပြည်ကြီးတွင် ဗိုလ်ချုပ်ဟောင်းများ ၁၅၀၀ကျပ် ဖုန်းများထုတ်ပေးလိုက်၊ ပင်စင်လေးပေးလိုက်၊ ထောင်ကလွှတ်လိုက်နှင့် ဝိသမလောဘ၊ ခရိုနီစနစ်ကို ချီတက်မှန်းမသိချီတက်နေကြသည်။ ယခင်က စစ်အာဏာဖြင့် ရိုက်နှက်အုပ်ချုပ်ခဲ့ပြီး၊ ယခု ထိုစစ်အာဏာရှင်ဟောင်းများနှင့်ခရိုနီများပူးပေါင်းပြီး ငွေအာဏာရှင် (လက်ဝါးကြီးအုပ်အရင်းရှင်စနစ်)ဖြင့် အုပ်ချုပ်ဖို့လုပ်နေပြန်သည်။ ဘေးနားမှ တရုပ်နိုင်ငံကြီးကဲ့သို့ လပ်စားမှုများကို ပြက်ပြက်သားသားမကိုင်တွယ်နိုင်ပါက ကျနော်လည်း မြန်မာပြည်တော်ပြန်ဖို့ အလွန်အလှမ်းဝေးနေဦးမည်ဖြစ်သည်။ ကျနော်ကိုယ်တိုင် တိုင်းပြည်နှင့်လူမျိုးအတွက် ဘာမှမလုပ်ပေးနိုင်၊ ကျနော့်မိသားစုကိုလဲမကယ်နိုင်ပါ။ နောက်ဆုံးမိမိကိုယ်ကိုပင် မကယ်နိုင်လောက်အောက် ကျနော့်အကျင့်ဆိုးများမဖျောက်နိုင်။ မိမိအသက်မသေခင်  ပြောတဲ့အတိုင်းလုပ်၊လုပ်တဲ့အတိုင်းပြော၊ပြောတာလုပ်တာမှတ်တမ်းရှိ ..ဆိုသည့် ISO ဆောင်ပုဒ်ကိုလိုက်နာမည်။ မိမိ၌တွယ်ကပ်နေသော ဦးနေဝင်း “လ” သုံးလုံးဆရာကြီး (လိင်၊လပ်ဘ်၊လောင်းကစား)နှင့် တပည့်ဗိုလ်ခင်ညွန်တို့၏ ကလိန်ကကျစ်အကျင့်၊စရိုက်ဆိုးများကို ရှောင်မည်ဟုသာ သံဓိဌာန်ချထားပါသည်။
ဦးနေဝင်းနှင့်တပည့်များ ဗိုလ်ခင်ညွှန့်တို့၏ စရိုက်ဆိုးများကို ရယ်မောဘွယ်ရာ သံတမန်တစ်ဦးက  မှတ်တမ်းတင်ထားသည့် ဖြစ်ရပ်မှန် စာအုပ် 17MB ဖိုင်နှင့် ဆောင်းပါးတပုဒ်ကို ပြန်လည်ဖေါ်ပြလိုက်ပါသည်။ 
● စုမှသာလျှင်
နိုင်ငံကျော်ဟာသဝိဇ္ဖာ ဒေါက်တာဇာဂနာသည် ၁၉၉၀ပြည့်နှစ်တွင် နဝတတို့ ပြုလုပ်သောအတုအယောင် အထွေထွေရွေးကောက်ပွဲကြီးအား ယုံစားပြီး၊ ပိုက်ဆံစုဘူးငယ်တခုအား ဂလောင်ဂလောင်လှုပ်လျှက် “စုနိုင်မှချမ်းသာမည်” ဟု ပညာသားပါပါဖြင့် ပြည်သူလူထုကြီးအား ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ပါတီအတွက် မဲဆွယ်ခဲ့သည်ဟု ကြားသိခဲ့ရပါသည်။ 
ထို့နောက် ဒေါ်စုပါတီသည် မဲဆန္ဒရှင် ရှစ်ဆယ်ရာနှုန်း၏ ထောက်ခံမှုဖြင့် အပြက်အသတ်အနိုင်ရရှိခဲ့ပါသည်။
“စုနိုင်မှချမ်းသာမည်” ဟု ယုံကြည်ခဲ့သော ဒေါက်တာဇာဂနာသည် ငါးမိနစ်တာမျှ စင်မြင့်ပေါ်တက်ပြီး ပြည်သူများအား ဒီမိုကရေစီ ဟဒယရွှင်ဆေးတိုက်ကျွေးခဲ့၍ ထောင်ငါးနှစ်စံမြန်းခဲ့ရရှာပါသည်။
ထို့အပြင် ဒေါ်စုခမြာမှာလည်း နဝတ စစ်အာဏာရှင်များ ပါဝါအာဏာရှိနေသမျှ ကာလပတ်လုံး အထိမ်းသိမ်းခံဘဝမှ လွတ်မြောက်ရန်မျှော် လင့်ချက် မရှိသလောက်ဖြစ်နေရှာပါသည်။ 
နဝတ စစ်အာဏာရှင်များသည်လည်း သေနပ်ကို ခေါင်းအုံးပြီးထောင်မလဲသဲကော် ငွေစက္ကူကို စောင်ခြုံကာ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသော နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ဒီမိုကရေစီစနစ်မျိုးသည် မြန်မာပြည်သူပြည်သားများနှင့် မတန်မရာဟု ပြောဆိုနေပါသည်။ စစ်တပ်၏အတုအယောင် ငါဒီမိုကရေစီသာ မြန်မာများနှင့်အံဝင်ခွင်ကျဖြစ်သည်ဟု တဇွတ်ထိုး ကိုယ်လုပ်လိုရာ၊ သတ်မှတ်ပြီး စစ်တပ်မှ ပါဝါအာဏာ ထာဝရ ရရှိစေမည့် ရွှေရည်စိမ် သမ္မတနိုင်ငံတော်ကြီးကို တည်ဆောက်ရန်ကြိုးပမ်းလျှက်ရှိပါသည်။
လူ့ဘောင်ကြီး၏ သဘောသဘာဝတွင် သီလရှိသူကသာလျှင် အခြားသူများအား သီလပေးနိုင်ပါသည်။ လူမှုအခွင့်အရေးရှိသူကသာ အများတကာအား လူမှုအခွင့်အရေးပေးနိုင်ပါသည်။ ဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးသူကသာ ပြည်သူလူထုအပေါင်းအား ဒီမိုကရေစီနိုင် ငံတော်သို့ ခေါ်ဆောင်သွားနိုင်ပါသည်။
ဦးနေဝင်းနှင့် ငယ်မွေးခြံပေါက် မြန်မာ့စစ်ဝါဒီများက အထွေထွေရွေးကောက်ပွဲကြီး ပြုလုပ်ပေးပြီး ပြည်သူလူထုထောက်ခံသည့် ပါတီအား အာဏာလွှဲပေးမည်ဟု လှိမ့်လုံး၊ လေပုပ်များသည် ကမ္ဘာ့လေထုတွင် ညစ်ညမ်းဆဲပင် ရှိနေသေးသည်။ နဝတ တို့သည် အရှက်အကြောက် ကင်းမဲ့စွာဖြင့်၊ ဒီမိုကရေစီ သမ္မတနိုင်ငံကြီး တည်ဆောက်နေသည်ဟု လေပုပ်များထုတ်နေကြပြန်ပါသည်။
နောင်ကာလတွင် နဝတ တို့အနေဖြင့် အများဆန္ဒခံယူပွဲ၊ အထွေထွေရွေးကောက်ပွဲနှင့် သမ္မတရွေးကောက်ပွဲများ ပြုလုပ်လျှင်လဲ စစ်တပ် နှင့်ဆက်နွယ်သူများအား ပြည်သူလူထုကြီးက အသဲကြားမှ မဲတပြားဖြင့် ပြန်လည်ထိုးနှက်ကြဦးမည်သာ ဖြစ်ပါသည်။ ပြည်သူလူထု ဆန္ဒနှင့်ဆန့်ကျင်သော စစ်အာဏာရှင်များ၏ ရွှေရည်စိမ် ဒီမိုကရေစီ နိုင်ငံသည် အနောက်တိုင်းမှ ကလေးများ ဆီးနှင်းများဖြင့် တည်ဆောက် ကစားသည့် ‘ရေခဲအိမ်ငယ်’ ကဲ့သို့ပင် နေအရှိန်နှင့်ပုံတူသော ပြည်သူ့ဆန္ဒမဲကြောင့် အရည်ပျော်သွားမည်သာ ဖြစ်ပါသည်။ 
တည်မြဲဖဆဖလနှင့် ဖဆဖလမှ အမည်ပြောင်းခဲ့သော တစညများသည် စစ်တပ်အငွေအသက် မစင်၍ ပါလီမာန်ဒီမိုကရေစီ ရွေးကောက်ပွဲများတွင် မရှုမလှ အရေးနိုမ့်ခဲ့သည့် သာဓကများသည် သမိုင်းတွင် အထင်အရှားရှိနေပါသည်။
အိမ်နီးနားချင်း ထိုင်းနိုင်ငံတွင် ၁၉၇၀ ခုနှစ်ပါတ်ဝန်းကျင်က မြူနီစပယ်ရွေးကောက်ပွဲများနှင့် ပါလီမန်ရွေးကောက်ပွဲများကို ကျင်းပတိုင်း ဒီမိုကရေစီပါတီများကသာ အနိုင်ရရှိပြီး၊ စစ်တပ်နှင့်ဆက်နွယ်နေသည့် ပါတီက ဒွန်းမောင်းလေဆိပ်အနီးမှ စစ်တပ်ရပ်ကွက်တခုတည်းတွင်သာ အနိုင်ရလေ့ရှိပါသည်။ သို့သော်လည်း အနိုင်ရရှိသည့် မြူနီစပယ်လူကြီးများနှင့် ပါလီမန်အမတ်များ ဘာတခုမှ လုပ်ပိုင်ခွင့်မရှိပဲ၊ စစ်ကောင်စီကသာ ပါဝါ၊အာဏာ အားလုံးကို ယူထားခဲ့ပါသည်။ ယင်းအချိန်က ထိုင်းနိုင်ငံ၏ ပြည်တွင်းရေးအခြေအနေသည် ယခုလက်ရှိမြန်မာနိုင်ငံ၏ နဝတခေတ်နှင့် နောင်လာမည့် ရွှေရည်စိမ် သမ္မတနိုင်ငံတွင် ဖြစ်ပေါ်လာမည့် ပြည်တွင်းရေး အခြေအနေများနှင့် ထပ်တူထပ်မျှ တူညီကောင်း တူညီပေလိမ့်မည်။ 
ပြည်သူတခြား၊ အစိုးရက တမှောင့်၊ စစ်တပ်က တဖုံ၊ နိုင်ငံရေးပါတီများက တမျိုး စသဖြင့် အမှောက်မှောက် အမှားမှားများကြောင့် ထိုင်းစစ်အာဏာရှင်များသည် စီးပွားရေးကျဆုံးမှုများကို ဆေးမီးတိုဖြင့် ကုသလိုက်သဖြင့် ဗီယက်နမ်တွင် စစ်တိုက်ခိုက်နေသော အမေရိကန်အိုင်ဂျီ (Government Issue) များ၏ အပမ်းဖြေရာ ဖာနိုင်ငံဖြစ်သွားခဲ့ပါသည်။ ယင်းအချိန်က ထိုင်းနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေ၊ အရွယ်အစားအတိုင်း နဝတခေတ် မြန်မာနိုင်ငံတွင် “အစိမ်းတရွက် (အမေရိကန်ဒေါ်လာ တရာတန်တရွက်) အစိမ်းနှစ်ရွက် “ စသည်ဖြင့် အစိမ်းမက်၍ ဘဝပျက်ခဲ့ရသော ထိုင်းအမျိုးသမီးပျို၊ သားပျိုများကဲ့သို့ မြန်မာသမီးပျို၊ သားပျိုများသည်လည်း အစိမ်းရောင်ဝတ်စုံများ အုပ်ချုပ်သည့် နဝတခေတ်ကြီးတွင် ဒေါ်လာစိမ်းများ၏ သားကောင်များဖြစ်လျှက် ရှိနေကြပါသည်။
တဖန် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်ဦးနေဝင်း အုပ်ချုပ်စဉ်က ဆိုရှယ်လစ်ဒီမိုကရေစီဟု ဘန်းပြပြီး အများသဘောဆန္ဒကို တစ်ဦးချင်းက လက်ခံကြရမည်။ တဦးချင်း၏သဘောထားကိုလည်း အများတကာက လေးစားကြရမည် စသည်ဖြင့် ဒီမိုကရေစီကျင့်စဉ်များကို အခြေခံဥပဒေများတွင် ရေးဆွဲထားသော်လည်း ဦးနေဝင်းကိုယ်တိုင် လုံးဝမကျင့်သုံးပဲ မျက်နှာလွှဲခဲ့သည့် သာဓက မြောက်များစွာအနက်မှ အဖြစ်အပျက်တခုကို တင်ပြပါမည်။
သမ္မတကြီးရာထူးနှင့် နိုင်ငံတော်ကောင်စီ ဥက္ကဌ ရာထူးပိုင်ရှင် ဦးနေဝင်း သဘာပတိအဖြစ် ကျင်းပနေသည့် နိုင်ငံတော်ကောင်စီ အစည်းအဝေးတခုတွင် ရခိုင်အမျိုးသား သတင်းစာဆရာ နိုင်ငံတော်ကောင်စီဝင် ဦးလှထွန်းဖြူက ဦးနေဝင်းပြောကြားသည့် ကိစ္စတခုကို အချေတင်ပြန်လည်ပြောကြားမိရာ၌ စကားမဆုံးမီပင် ဦးနေဝင်းသည် ဒေါသထွက်သွားပြီး အစည်းဝေးခမ်းမမှ ထွက်သွားကြောင်း၊ ယင်းနေ့မှစ၍ တခြားနိုင်ငံတော်ကောင်စီဝင် ၂၀ကျော်တို့သည် ၄င်းအား၊ နှုတ်လည်းမဆက်၊ စကားလည်းမပြောကြတော့ကြောင်း၊ နောင်အစည်းအဝေးတခုတွင် ဦးနေဝင်းက သူ့အားစကားစမြည်ပြောမှသာ အခြားနိုင်ငံတော် ကောင်စီဝင်များက သူ့ကို ခေါ်ခေါ်ပြောပြော ပြန်လုပ်ကြောင်း၊ “အဲဒီအကောင်တွေ တော်တော်ဆိုးကြတယ်ကွာ၊ အစည်းအဝေးမှာ ဘာစကားတခွန်းမှ မပြောကြပဲ ကျွေးတာမွေးတာ ပလုပ်ပလောင်းစားပြီး၊ လက်ညိုးထောင်၊ ခေါင်းငြိမ့်ယုံသာ တတ်တဲ့ နဗလိန်းတုံးတွေပဲ” ဟု ပြောပြခဲ့ဖူးပါသည်။ 
ထို့ကြောင့်လဲ စစ်ဝါဒီ ဦးနေဝင်းတို့၏ ဒီမိုကရေစီ၊  “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဟုသော “ခ” သုံးလုံး ဒီမိုကရေစီသာဖြစ်သည်ဟု အများတကာ ပါးစပ်မှ ပြစ်တင်ဝေဖန်ခဲ့ကြပါသည်။
ဦးနေဝင်းသည် မဆလပါတီဝင် လူနှစ်သန်းကျော်အား ပါတီဝင်အဖြစ် အာဏာကိုသုံးကာ စာရွက်ပေါ်တွင်စည်းရုံးနိုင်ခဲ့သော်လည်း ဇတ်တူသားစားသည့် ပေါရိသာဒ ဖြစ်၍ ၄င်း၏ တပည့်တပန်းများထဲမှ မည်သူတဦးတယောက်မျှ ဦးနေဝင်းနှင့် ကြမ်းတပြေးတည်း၊ တခန်းတည်းထိုင်၍ စကားမပြောရဲသောကြောင့် အထီးကျန်ဘဝနှင့် အူလည်လည် ဖြစ်နေခဲ့ရသည့် အဖြစ်အပျက်တခုကိုလည်း ဖေါ်ပြပါဦးမည်။
ဦးနေဝင်း၏ ဖခင်ကြီး ဘိုးခ (တရုပ်လူမျိုးမဟုတ်ပါဟု ပေါင်ပေါ်မှ ဆေးမင်ကြောင်များအား သတင်းဆရာများအား လှန်ပြသူ) ကွယ်လွန်၍ ဦးနေဝင်းအိမ်တွင် အသုဘ ဧည့်ခံပွဲပြုလုပ်ခဲ့ပါသည်။ ယင်းဧည့်ခံပွဲသို့ သူ၏တပည့်ကျော် နိုင်ငံတော်ကောင်စီဝင်များ၊ ဝန်ကြီးများ၊ မဆလ ဗဟိုကော်မတီဝင်များ၊ ဆွေမျိုးများ တက်ရောက်လာကြသဖြင့် ဦးနေဝင်း အိမ်မှထွက်လာပြီး၊ ဧည့်ခန်းတခုတွင် ထိုင်လိုက်ရာ၊ ခဏအကြာတွင် ဧည့်ခန်းအတွင်းရှိ လူများသည် အခြားဧည့်ခန်းတခုသို့ မသိမသာ ရှောင်သွားကြ၍ ဦးနေဝင်းသည် အဆိုပါဧည့်ခန်းတွင် တဦးတည်းသာ ကျန်နေတော့ကြောင်း၊ သို့ဖြစ်၍ ဦးနေဝင်းသည် ၄င်းတပည့်များ ကူးပြောင်းသွားသည့် ဧည့်ခန်းသို့လိုက်သွားပြီး၊ ထိုင်လိုက်ပြန်ရာ ခဏအကြာတွင် ဧည့်သည်များသည် ရှေးနည်းတူ အလျှိုလျှို ပျောက်သွားပြန်၍ ထိုဧည့်ခန်းထဲ၌ ဦးနေဝင်း တဦးတည်းသာ ရှိနေတော့ကြောင်း၊ နောက်ဆုံးတွင် ဦးနေဝင်းသည် ၄င်း၏တူဝမ်းကွဲတော်သူ ဦးအောင်ကြည် (ဦးဆောင်ညွန်ကြားရေးမှုး) အား “မင်းနဲ့ငါ နှစ်ယောက်တည်းစကားပြောကြရအောင်” ဟုခေါ်၍ ၄င်းသည် ဦးနေဝင်းနှင် တချိန်လုံး စကားပြောနေခဲ့ရကြောင်းဖြင့် ဦးနေဝင်းနှင့် သူ့လူတွေ တခန်းတည်း မထိုင်ရဲ၊ မပြောရဲကြခြင်းကြောင့် ဦးနေဝင်း အထီးကျန်ဖြစ်ခဲ့ရပုံများကို ဦးအောင်ကြည်ထံမှ ကြားသိခဲ့ရဖူးပါသည်။
ယခုတဖန် ဦးနေဝင်း၏ အပေါက်စောင့် ခင်ညွန့်သည်လည်း ဦးနေဝင်းကဲ့သို့ပင် နဝတ အဖွဲ့ဝင်များ၊ ဝန်ကြီးများအား စကားပြောခွင့်ပင် မပေးသောကြောင့် ခင်ညွန့်မှခင်ညွန့်၊ ခင်ညွန့်ပြောသမျှသည် နိုင်ငံတော်ဥပဒေ ဖြစ်နေပြန်ပါသည်။ 
ဤသို့ဖြင့် မိမိ နဝတ အဖွဲ့ဝင်များနှင့် ဝန်ကြီးများကိုပင် မယုံကြည်၍ နေရာတကာတွင် ပဲခူးစားလုပ်နေသော ခင်ညွန့်အနေနှင့် လူမျိုးစုခေါင်းဆောင်များအားလည်း ယုံကြည်ပါ့မလား ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်သကဲ့သို့ ပြည်သူလူထုအား ယုံကြည်အားကိုးပါ့မလား ဆိုသည်မှာ ဆိုသည်မှာလည်း ထိုနည်းအတူပင် ဖြစ်သည်။ လက်တွေ့ဖြစ်ရပ်များနှင့် လက်တွေ့ခင်ညွန့်၏ လုပ်ရပ်များကို လေ့လာပါက အချင်းချင်း မယုံကြည်သောစိတ်ဓါတ်၊ ဆရာကြီးလုပ်ချင်သော လောဘ၊ အသိပညာရှင်၊အတတ်ပညာရှင်များအား မခန့်လေးစားပြုလုပ်သွားသည် ဥာဉ်တို့သည် ဒီမိုကရေစီ ကျင့်စဉ်နှင့် လုံးဝဆန့်ကျင်ပြီး ငါတကောကောနေသည့် အမိန့်ပေး အာဏာပြဝါဒ၊ လွှမ်းမိုးနေသော စစ်ဝါဒီစန်စ (Military Authoritarian Systems) အကြွင်းမဲ့ မိုက်မဲစွာ ယုံကြည်ကျင့်သုံးနေသည်မှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပါသည်။ 
ခင်ညွန့်နှင့် နဝတများ၏ မတရားသဖြင့် တိုင်းပြည်ဘဏ္ဍာများအား ရိုက်စားနေကြသည်များကို ရောင်းဝယ်ဖေါက်ကားနေကြသည့် ပြည်တွင်းပြည်ပ ကုန်သည်ပွဲစားများက အတွင်းသိ၊ အစင်းသိ ဖြစ်နေကြ၍ တိုင်းပြည်အုပ်ချုပ်ရန်အတွက် အဓိကကျသည့် အခွန်အကောက်များကို မှန်မှန်ကန်ကန်မပေးပဲ နည်းမျိုးစုံဖြင့် ဆန့်ကျင်လျှက်ရှိနေကြပါသည်။
ဒန်ပေါက်တထုတ်ကို ကျပ်၅၀ ပတ်ဝန်းကျင်ခန့် ဖြစ်နေချိန်တွင် နာမည်ကြီးဒန်ပေါက်ဆိုင် တဆိုင်၏ တနေ့ရောင်းရငွေသည် ၄၄ကျပ်ဟု ၄င်း၊ ရွှေတကျပ်သားကို ၃သောင်းနီးပါး ရှိနေချိန်တွင် ရွှေဆိုင်တဆိုင်၏ တနေ့ရောင်းရငွေသည် ကျပ်၁၃ဝ နှင့် ၁၈၀ ဟု အခွန်ကြေညာလွှာများတွင် ဖော်ပြနေ၍ ခင်ညွန့်ကိုယ်တိုင် အခွန်အကောက် မှန်မှန်ကန်ကန် ပေးကြရန် လိုက်လံဆော်သြနေရသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖတ်ရှုရပါသည်။
၂၂-၁၁-၉၄ နေ့တွင် အပေါက်စောင့် ခင်ညွန့်က “ပေးသင့်သော အကောက်အခွန်ကို မပေးဆောင်ရအောင် တိမ်းရှောင်ကပ်ခိုနေသူများမှာ မတရားသဖြင့် တာဝန်နှင့် သစ္စာကို ထိမ်ချန်ရာကျသောကြောင့် လောကတွင် အရှက်ကွဲကြရုံမက၊ ငရဲလားရန်အကြောင်း၊ မကောင်းမှုကိုလည်း ပြုရာရောက်သည်” ဟု သူခိုးက လူကို ဟစ်နေပြန်ပါသည်။
ဦးနေဝင်း၏ တံခါးပေါက်ကို စောင့်ရန်အတွက် နိုင်ငံခြားသို့ ဦးနေဝင်းနှင့်အတူ အခေါက်ခေါက်အခါခါ သွားရောက်ခဲ့ရသော ခင်ညွန့်အနေနှင့် မင်္ဂလာဒုံလေဆိပ်တွင် ၄င်းတင်သွင်းလာသည့် ပစ္စည်းများအတွက် အကောက်အခွန် ပေးရိုးထုံးစံ ရှိခဲ့ဖူးပါသလား၊ ယခုလည်း ခင်ညွန့်နှင့်တကွ နဝတ ဝန်ကြီးများ နိုင်ငံခြားက ပြန်လာတိုင်း လေဆိပ်မှ အကောက်အခွန် ဝန်ထမ်းများအား တာဝန်အရ သူတို့၏ သေတ္တာကို ဖွင့်ပြခဲ့ဖူးကြပါသလား။
အမှန်တကယ်တွင် နှစ်ပေါင်းများစွာ အခွန်အကောက် မပေးမိခဲ့သော ခင်ညွန့်သည် ဦးနေဝင်း၏ မစင်ထုပ်ကြီးသား သူ့ခေါင်းပေါ်တွင် တဦးတည်း ရွက်ထားရခြင်း၊ ကျောင်းသားလူငယ်များအား အာဏာသားသဖွယ် အတုံးအရုံး သေအောင် သတ်ဖြတ်ခဲ့ရခြင်း၊ နိုင်ငံရေးသမားများအား နေ့စဉ်နှိပ်စက် ညှင်းပမ်းနေရခြင်း၊ တနေ့လျှင် ၉နေရာ၊ ၁၀နေရာ သွားရောက်ပြီး အအိပ်ပျက်၊ အစားပျက်ခံကာ ဝါးလုံးကို ဝါးခြမ်းပါဟု လိမ်လည်နေရခြင်းများသည် အပါယ်ငရဲသို့ သွားရာခရီးလမ်း (နဝတ) ဘူတာ၌ လောကငရဲသို့ ရှေ့ရှုနေခြင်းပင် ဖြစ်ပါသည်။
ထို့အပြင် အပေါက်စောင့်ခင်ညွန့်တို့ အုပ်စုသည် ဝါဇီစက်ရုံမှ ရိုက်ထုတ်သည့် ကျပ်ငွေများကို သေတ္တလိုက် (ပြည်ထောင်စုဘဏ်သို့ ပို့သည့် လမ်းခုလပ်မှ ဖြတ်ယူထားကြပြီး) အနီးကပ်ကိုယ်ရံတော်များနှင့် အာဏာသားငယ်များအား တပ်သားရိုးရိုးပင် ဖြစ်သောငြားလည်း ဗိုလ်မှုးကြီး လစာအတိုင်း တဦးလျှင် ကျပ် ၁၈၀၀ခန့် ပေးထားရကြောင်း၊ ယင်းသို့ စစ်တပ်ထဲတွင် အောက်ကြေးပေးရသည့် လစားများကြောင့်၊ ငွေဖေါင်းပွမှုသည် တနေ့တခြား ဒုံးပျံကဲ့သို့ မြန်ဆန်စွာမြင့်တက်နေကြောင်းများကို ကိုယ်တိုင် ငွေမဲလစာများ ရနေသော စစ်သားမိသားစုများထံမှ အပုပ်နံ့များ ထွက်ပေါ်နေလျှက် ရှိနေပြန်ပါသည်။
အထက်ပါဖြစ်ရပ်များကို သုံးသပ်ခြင်းအားဖြင့် ယနေ့ မြန်မာနိုင်ငံတွင် ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကြီးကို (ဗိုလ်ချုပ်အောင်ဆနးကိုယ်တိုင် ဦးဆောင်ခဲ့သည့် နယ်ချဲ့တော်လှန်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးနည်းတူ) ဆင်နွဲရန် အထူးလိုအပ်လျှက်ရှိနေပါသည်။
၁၉၄၂ ခုနှစ် ပတ်ဝန်းကျင်က နိုင်ငံရေး ဦးတည်ချက် နှစ်ရပ်မှာ နိုင်ငံတော်လွတ်လပ်ရေးသည် ပထမ၊ နိုင်ငံရေးအဖွဲ့အစည်းများ ညီညွတ်စွာ စုရုံး၍ လွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်ရေးသည် ဒုတိယ ဖြစ်ခဲ့ပါသည်။
ယနေ့ ဒီမိုကရေစီဘက်တော်သားများ၏ နိုင်ငံရေး ဦးတည်ချက်သည်လည်း စစ်အာဏာရှင် ချုပ်ငြိမ်းသွားရေးသည် ပထမှနှင့် နိုင်ငံရေးအဖွဲ့အစည်းများ နှင့် ဒီမိုကရေစီစနစ်ကို မြတ်နိုးသူ ပြည်သူများအနေနှင့် စုစုရုံးရုံး အမျိုးသားခေါင်းဆောင် ဒေါ်စု၏ ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်အားပေးရေးသည် ဒုတိယ ဦးတည်ချက်ကြီး ဖြစ်ပါသည်။ 
အချုပ်ဆိုရသော် “စုမှသာလျှင်” အမိမြန်မာနိုင်ငံတော်ကြီးအား စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်နိုင်မည်သာ ဖြစ်ပါသည်။
ခေတ်ပြိုင်ဂျာနယ်၊ အမှန်၂၆၊ မေလ၊ ၁၉၉၄ခုနှစ်။
Reference Book (pdf file 17MB)
ပြည်သူ့တပ်မတော်သန့်ရှင်းရေးနှင့်အာဏာအလွဲသုံးစားသူများအကြောင်း (အဝေးရောက်သံတမန်တဦး)။ ဝတ်မှုန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts