Uncategorized

Nay Moe Luu – Poem

သြဂုတ် မိုးရေစက်များ….
နေမိုးလူ
သြဂုတ် ၂၃၊၂၀၁၃


သမိုင်းတစ်ခေတ်ကို ပြန်လည်လှစ်ဟကြည့်လိုက်
သွေး တရဲရဲနဲ့ သူရဲကောင်းတို့သုဿန်တစပြင်များဟာ
သြဂုတ်မိုးရေစက်တွေကြားမှာ….
သံဃာတုန်းကလည်း စိုရွှဲ
ပြည်သူတုန်းကလည်း စိုရွှဲ
ကျောင်းသားတုန်းကလည်း စိုရွှဲ ၊
မျက်ရည်စက်တွေဟာ
ဒီ…မိုးရေစက်တွေကြားထဲမှာ…
အခုလည်းကြည့်လေ
သူတို့အပြုံးနှလုံးသားမူယာတွေရော
သူတို့မြတ်နိုး၊ ဖြူစင်တန်ဖိုးထားတဲ့ အနုပညာတွေရော
သေမင်းနက္ခတ်နဲ့ အပြိုင်ပြေးထွက်သွားခဲ့ကြပြီလေ
သြဂုတ်လရဲ့ မိုးရေစက်တွေကြားထဲမှာ…
မြားတစ်လက်ထက်မြန်ဆန်တဲ့
မှော်ဝင်ငှက်တွေ ပျံတက်သွားတာတွေ့လိုက်တယ်
ဓားသွားထက်ပြတ်ရှတဲ့ ကလောင်သွားတွေ တမြမြ
သူတို့နေခဲ့ဖူးရာ သံတိုင်ထက် ခိုင်မာအေးချမ်းတဲ့ 
အရပ်ဆီ ခိုဝင်ကြရတယ်
မှော်ဝင်ပဉ္စလက်ပြဇာတ်တစ်ပုဒ်က
မှော်ဆန်တဲ့လက်တွေနဲ့ ထိုးသုတ်ယူငင်သွားပေါ့ 
အော်…သြဂုတ်လရဲ့ မိုးရေစက်တွေရယ်…
အိမ်အပြင်ဘက်အထက်မှာ
ညိုအုံထုံကျင်နေတဲ့ ကောင်းကင်မြစ်ကြီးတစ်စင်း
ငိုမဲ့ ငိုမဲ့ လုပ်နေတယ်
ဟော….ဝေါခနဲ…ဝေါခနဲ
မိုးရေစက်တွေရွာကျလာ
လက်တွေဖြည်းဖြည်းချင်း ဆန့်ထုတ်ခံယူကြည့်လိုက်တယ်
အလိုလေး
အေးစက်တဲ့မျက်ရည်စက်တွေ
သြဂုတ်လရဲ့ မျက်ရည်စက်တွေ….. 

(သြဂုတ်လတွင်း ကြွေလွင့်ကြသော အနုပညာကြယ်ပွင့်များဖြစ်သည့် ဆရာမောင်ဝံသ၊ ထူးအိမ်သင်၊ မင်းသုဝဏ်၊ တာရာမင်းဝေ၊ မင်းသိင်္ခ  ၊ မဟာဆွေ၊ လူထု ဦးလှ၊ ရွှေဥဒေါင်း၊ ပန်းချီဆရာမောင်မောင်သိုက်၊ ဆရာမင်းလူ၊ ဒဂုန်တာရာ အခြားအခြားသော ကြယ်ပွင့်များအား လွမ်းဆွတ်ဂုဏ်ပြုလျက်………..) 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts