Min Min Latt Portraits

Ya Min Kyaing – Min Min Latt

လွမ်းသူရဲ့စာ
ယမင်းကြိုင် (နေနေလှိုင်းဇင်)
မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် အမှတ်တရ ။ သြဂုတ်၊ ၂၂၊ ၂၀၁၃။ မိုးမခ
 ပန်းချီ မောင်မောင်သိုက် (၂၀၁၁ က ကွယ်လွန်ရှာ) လက်ရာ
ပလပ်စတစ် စာပေ ထုတ် ဇော်မင်း (ဂစ်တာဥယျာဉ်) သီချင်းစာအုပ် အမှတ် (၄) မျက်နှာဖုံး
မျှဝေသူ – စိုးသိဏ်း (ဘာသာပြန် စာရေးဆရာ)
ဒီနေ့ သူ ဆုံးတာ ၁၆ နှစ်ပြည့်ပြီ..။  အဲဒီ့နေ့က မိုးတွေအရမ်းရွာတယ်..။
ကိုယ့် အတွက်တော့ မှီခိုရတဲ့ အပင်ကြီး ပြိုသွားတာပါပဲ။  သူ ဆုံးသွားမှပဲ သူနဲ့ကိုယ်နဲ့ နှစ်ယောက် လျှောက်ခဲ့ရတဲ့ အချိန်တွေကို ရုပ်ရှင်ကြည့်ရသလို အကုန် ပြန်မြင်လာတယ်။
သူ့ကို စသိတာကတော့ More Hits သီချင်း စာအုပ် ကြေင့်ပဲ။  နောက်တော့ အပေါ်ထပ်အောက်ထပ် သီချင်း ကြောင့် ထပ် သိလာတယ်။  သူ့ သီချင်း ကြားကတည်းက သူ့ ကို အရမ်း တွေ့ဖူးချင်လာတယ်။  သူ့ ရဲ့ သီချင်း ဆိုသံ၊ ဆိုပုံက အဲ့ဒီ့ အချိန်မှာ ဆိုတဲ့သူတွေနဲ့ မတူဘူး။  တဘာသာ၊ တမျိုးဆန်းပြီ ထွက်လာတာ။  သူ့ကို ကြိုက်လွန်းလို့ သံတံတားလမ်း Stage Show အစ်ကိုလတ် လင်မယားကို လိုက်ပို့ ခိုင်းရတယ်။  မိုးတွေရွာလို့ မကြည့်ရပါဘူး။  မတွေ့ခဲ့ရဘူးပေါ့။  အဲဒီနေ့က သီတင်းကျွတ်လပြည့်နေ့ 4th, October, 1971..။  သူ့ ပုံကို တော့ သူ့ သီချင်းထွက်တုန်းက သတင်းစာ ကြော်ငြာကနေ မြင်ဖူးတယ်လေ။  အဲ့ဒီ့ပုံရယ်၊ သူ့ သီချင်းဆိုဟန်ရယ် ကြောင့် ပိုပြီး တွေ့ဖူးချင်လာတယ်၊
ပထမဆုံး သူ့ကို မြင်ဖူးတာတော့ ပန်းဆိုးတန်း လမ်းထိပ်မှာ။  ကိုယ်ကသာ သူ့ကို လည်ပြန်ပြီး လိုက်ကြည့်ရတာ။  သူကတော့ ကိုယ့် ဘေးနားက ဖြတ်သွားပေမယ့် တချက်တောင် စောင်း မကြည့်ဘူး။  ဆိုက်ကားစီးပြီး ထွက်သွားတယ်လေ။
7th, November, 1971 မှာ သူ နဲ့ စသိတယ်။  ကျူရှင်တခုရဲ့ Fresher Welcome ပွဲမှာ။  အဲ့ဒီ့နေ့က Sunday..။  2nd Series ထွက်ပြီးပြီ။  သူ့အားနည်းချက်က မှတ်ဉာဏ် မကောင်းတာဘဲ။  စီးရီး (၂) ခု ပေါင်းမှ (၂၂) ပုဒ်ပဲ ဆိုရသေးတာ သူ့ သီချင်းစာသားတွေသူ မမှတ်မိဘူးလေ။  ကိုယ်ကတော့ သူ့ Crazy ဆိုတော့ သူ့သီချင်းတွေ အားလုံး အလွတ်ရတယ်။  အဲ့ဒီ့မှာ သူ ကိုယ့် ကို စပြီး သတိ ပြုမိသွားပြီ။  ဘာလို့ဆို သူ့ သီချင်းကို လိုက်ဆိုတဲ့ ကိုယ့် ပါးစပ်လှုပ်တာ ကြည့်ပြီး သူ့ သီချင်းကို သူ အမှန်ဆိုလို့ ရသွားလို့လေ။  ပွဲလုပ်တဲ့ အခန်းလေးက ပေ (၂၀) ပတ်လည်ပဲ ရှိတာလေ။  သူနဲ့ ကိုယ်နဲ့ က (၁၀) ပေ ကျော်ကျော်ပဲ ဝေးတာ။  အဲ့ဒီ့နေ့ မှာ နှစ်ယောက် အတူတူ ပထမဆုံး သီချင်းတွဲ ဆိုရတယ်။  ပရိသတ်ထဲက မိန်းကလေး တယောက်နဲ့ တွဲဆိုပေးပါ ဆိုလို့ ကိုယ့်ကို သူရွေးလိုက်တာ။   ဆိုတဲ့ သီချင်းက “ရှေးရေစက်” ခေတ်ဟောင်းသီချင်း။  စာအုပ်ကြည့်ဆိုတာ။  သူ့ကို ကိုယ်ပဲ Guide လုပ်ပေးရတယ်။  သူမှ အဲ့ဒီလို သီချင်းမျိုး မဆိုတတ်တာ။
နောက်တော့သူ မိတ်လာဆက်တယ်။  “နံမည် ဘယ်လိုခေါ်သလဲ” တဲ့..။  “ယမင်းကြိုင်” လို့ ဖြေလိုက်တော့ သိပ်မယုံချင်ဘူး။  နံမည်က လှနေလို့ တဲ့။  “အိမ်လာလည်မယ်၊ ရသလား” တဲ့..။  “ရတယ်၊ လာလည်ရင် အိမ်နံမည် “ကုလားမ” လို့ မေးမှ သိမှာ ယမင်းကြိုင်ဆို မသိကြဘူး” လို့ ပြောပြလိုက်တယ်။
နောက်တော့ သူ ပြန်ပြောပြတယ်။  သူက ကုလားလူမျိုး ကို မကြိုက်ဘူး။  တွေ့မယ့် တွေ့တော့ ကုလားသွေး ပါပြီး နံမည်တောင် “ကုလားမ”။  တော်သေးတယ်တဲ့ မူစလင် မဟုတ်လို့။  အဲ့ဒီနေ့မှာ သူက မနေ့ညက ကုန်ဈေးတန်း Stage Show မှာ ၀တ်တဲ့ တိုက်ပုံ အမည်း နဲ့ ရခိုင်လုံချည်ပဲ ၀တ်ထားတယ်။  ကိုယ်ကတော့ အသားမည်း အရဲဆင် ပဲ။  ကျောက်စိမ်းရောင် တောက်တောက်။
9th, January, 72 (Sunday) မှာ ရည်းစား စ ဖြစ်တယ်။  သူ ကိုယ့်ကို ချစ်ကြောင်း သီချင်းတပုဒ် ဆိုပြီး သူ့ အချစ်ကို သွယ်ဝိုက်ပြီး ပြောလိုက်တာ။  သီချင်း နံမည်က ချိုချဉ်လေး (နေလိုလလို)။  တယောက်နဲ့ တယောက် ချစ်တယ်လို့ မပြောဘဲ ရည်းစား ဖြစ်သွားတာ။  တအိမ်လုံးလည်း သိသွားတယ်။  ညီမတယောက်ရဲ့ မွေးနေ့မှာ ဆိုတော့ တအိမ်လုံး၊ တမျိုးလုံး သိသွားကြတာပေါ့။  အဲဒီ့ သီချင်းကိုလည်း ၄-၅ ခါ ဆိုတာ မှတ်မိတယ်။
အစ်ကိုလတ်က ပြောတယ်။
“နင် ဒီလို အဆိုတော် ကိုယူရင် စိတ်ညစ်ရမှာပေါ့” တဲ့။  “၀င်ငွေမကောင်း ဘ၀ အာမခံချက်မရှိနဲ့”။ “နေပါစေ၊ သူ ရှာမကျွေး နိုင်ရင် ကိုယ်က ရှာကျွေးမယ်” လို့။ 
“မိန်းမ တွေက လည်း ၀ိုင်းဝိုင်းလည် နေမှာ၊ နင့် အပေါ် သစ္စာ ရှိမှာ မဟုတ်ဘူး” တဲ့။
သူတို့ မှားသွားတယ်။  သေတဲ့ အထိ ကိုယ့်ကို သစ္စာရှိရှိ ချစ်သွားရှာတာ။
1st, April 73 (Sunday) မှာ လူကြီးမိဘ အစုံရှေ့ မှာလက်ထပ်ကြတယ်။  သူက ခိုးပြေးချင်တာ၊ မဖြစ်ခဲ့ပါဘူး။  မိဘ စိတ် ဆင်းရဲမှာကြောင့်။  ကိုယ်က သမီး အကြီးဆုံးလေ။  သူ့ Idea အရ April Fool နေ့ ကို ရွေးပြီး လက်ထပ်တာ။
တနင်္ဂနွေနေ့မှာမင်္ဂလာဆောင်မယ်၊ တေးရေး – သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်)၊ တေးဆို – မင်းမင်းလတ် (၁၉၇၂-သြဂုတ်)
ကိုယ်က သီချင်းဆိုဖို့ အစီအစဉ် မရှိဘူးလေ။  သူတို့ ခေတ်ဟောင်း သီချင်း တိုက်တဲ့ အခါ သူငယ်ချင်းနဲ့ သွား ကြည့်ပြီး သံစဉ်လည်း ဆိုပြ၊ မိန်းကလေး နေရာမှာလည်း သီချင်းဝင်တိုက်ပေးရုံ စခဲ့တာ။  ကိုယ်ဆိုဖို့ မဟုတ်ဘူး။
အစက “အနားပြာ” မှာ ၀င်ဆို ထားတဲ့ သူ့ အမေရဲ့ သူငယ်ချင်း သမီးဆို ဖို့ စီစဉ်ထားတာ။  အမေကို ချစ်တဲ့သားလေ။  တကယ် သီချင်းသွင်းတဲ့ နေ့ မှာ သူတို့ အသံသွင်းတာကို သွားကြည့်တော့ အလွယ်တကူပဲ “ချစ်ဝင်ဆိုပေးပါ” တဲ့။  ဟို ကောင်မလေးကို သွားခေါ်ဖို့ အချိန်မရှိတော့လို့ တဲ့။
အဲ့ဒီ့ အချိန်တုန်း က သီချင်းသွင်းရင် တရက်ထဲ အပြတ် သွင်းရတာ။  Multiple လည်း ထပ်ဖို့ စိတ်မကူးနဲ့။  အပြီးသွင်းပဲ။  ကောင်းကောင်း၊ မကောင်းကောင်း ယူပဲ။  ထူးထူးဆန်ဆန်း အန်ကယ် ဦးအံ့ကြီး အိမ်မှာ အဲ့ဒီ့နေ့က မီးပြတ်တယ်။    ကျမှ ပြန်လာတာ။ သီချင်းက (၂) ပုဒ်ပဲ ဆိုရသေးတယ်။  တော်သေးတယ်။  အစ်ကိုကြီး လင်မယား က သူတို့ ကားနဲ့ ညဘက် ပြန်လိုက်ပို့လို့။  ကျန်တဲ့ (၂) ပုဒ် ပြီးအောင် ဆိုခဲ့နိုင်တာ။  ဒါကြောင့် ကိုယ့် ကိုယ်ကို အဆိုတော်လို့ မသတ်မှတ်ဘူး။ 
နောက်တရက်၊ နှစ်ရက်မှာ သီချင်းထွက်မှာရယ်၊ မိဘတွေ မသိဘဲ ခိုးဆိုထားတာရယ်ကြောင့် “နေနေလှိုင်းဇင်” ဆိုပြီး သူ့ရဲ့ ဇာတာ နံမည် “နေဇင်” ကို အခြေခံပြီး ကိုစိမ်းသူ မှည့်ပေးတာ။  ဆုံးခါနီး တနှစ်လောက် ကျမှ မေးကြည့်တယ်။  “ဘာလို့ အဲ့ဒီ့ ကောင်မလေး ကို ခေါ်မထားတာလဲ” ဆိုတော့ “သီချင်းမဆိုတတ်” လို့တဲ့။  သူ Recording လုပ်တဲ့နေရာနဲ့ ကိုယ် တက်တဲ့ ကျောင်းက တမိုင်ပဲ ဝေးလို့ လာမယ်ဆိုတာ ကြိုသိထားပုံပဲ။
သူဆုံးပြီးမှ အဲဒီ အခွေ နားထောင် ကြည့်တော့ အဲ့ဒီ့အချိန်မှာသူ တော်တော်ပျော်နေတာပဲ။
ညှပ်ခေါက်ဆွဲရေစက်၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် + နေနေလှိုင်းဇင် (၁၉၇၂-နိုဝင်ဘာ)
အမှတ်ရစရာတွေကတော့ အများကြီး ပဲလေ။
ပထမဦးဆုံး သူနဲ့ အတူတူ သွားဖူးတဲ့ ပွဲတော်က ပြည်ထောင်စုနေ့ ပွဲတော် “ကျိုက်က္ကဆံ ကွင်း” February 12th ရက်နေ့။  ပထမဦးဆုံး တူတူစီးဖူးတဲ့ ကားက “သုံးဘီးကား”။  ပထမဆုံး တူတူစီးဖူးတဲ့ Bus ကား က “နံပါတ် (၁၂)”။   ပထမဦးဆုံး တူတူစီးဖူးတဲ့ ရထားက ဘောက်ထော်ကို သွားတဲ့ “မြို့ပတ်ရထား”။  ပထမဦးဆုံး တူတူ ကြည့်ဖူးတဲ့ ရုပ်ရှင်က “You Only Live Twice” (အဟောင်း ပြန်ပြတာ)။
သူ့ ကို သတိရလို့ သတိရစရာတွေ ရေးဖြစ်တာ။  ရေးစရာတွေက တဘဝ စာ ဆိုတော့ အများကြီးပဲ။
ခရီးသွားတာကို အရမ်းကြိုက်တယ်။  လက်ရာ ကောင်းကောင်း အစားအသောက်ကို ကြိုက်တယ်။  အလှကြိုက်တယ်။  သူ့ မိန်းမကို လှလှပပနေမှ ကြိုက်တယ်။  ဒါကြောင့် သူ့ အသုဘမှာ လှလှပပ ၀တ်တယ်။  မျက်နှာကိုလည်း လှလှပပ ပြင်တယ်။  အဲဒီလို ပြင်လို့ မိတ်ဆွေ အရင်း တယောက်က ရူး သွားပြီလို့ တောင်ထင်တာတဲ့။  ကိုယ် ယောက်ျား  ကြိုက်တာကို ကိုယ်ပဲ သိတာလေ။  သူက အသုဘ မှာ ငိုကြီးချက်မ ငိုတာ မကြိုက်ဘူး။  ဒါကြောင့် ပုံပျက်၊ ပန်းပျက် မငိုခဲ့ဘူး။
ခုတော့ သူ ကိုယ့်ကို ခွဲသွားတာ (၁၆) နှစ် ရှိသွားပြီ။  အဲဒီ့နေ့က မိုးတွေအရမ်းရွာတယ်..။
ယမင်းကြိုင် (နေနေလှိုင်းဇင်)
၂၂ ၊ သြဂုတ် ၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts