News Features အောင်ဒင်

Aung Din – Regime Parliament in Perspective (34)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၉၊ ဩဂုတ်လ ၂၂ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂) 

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၃၄)


အောင်ဒင်

အပိုင်း (၃၄) လွှတ်တော် နှင့် အသင်းအဖွဲ့များ ဆိုင်ရာ ဥပဒေကြမ်း
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို အစိုးရသတင်းစာတွေမှာ ဇူလိုင် ၂၇ ရက်နေ့က ဖော်ပြပါတယ်၊ အဲဒီဥပဒေကြမ်းနဲ့ပါတ်သက်ပြီး ဆွေးနွေးအကြံပြုချင်သူတွေကို ပြည်သူ့လွှတ်တော်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မီတီ ရုံးခန်းမှာ ဩဂုတ်လ ၁ ရက်နေ့ကနေ ၄ ရက်နေ့အတွင်း လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ထားတာလည်း တွေ့ရပါတယ်၊ အဲဒီ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်း များက “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ဆန့်ကျင်သဖြင့် လက်မခံနိုင်ကြောင်း” ထုတ်ပြန်ကြေညာတာကိုလည်း တွေ့ရပါတယ်၊ အဲဒီ သဘောထားထုတ်ပြန်ချက်ကို ပြည်တွင်းအသင်းအဖွဲ့ပေါင်း ၅၂ ဖွဲ့က ထောက်ခံသဘောတူထားပြီး သူတို့ရဲ့ကိုယ်စားလှယ်များကို နေပြည်တော်ကို စေလွှတ်ပြီး တာဝန်ရှိသူများနဲ့ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း ကြားသိရပါတယ်၊
ဒီဥဒေကြမ်းကို လေ့လာကြည့်တော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌများကိုယ်တိုင်က တိုင်းပြည်ရဲ့ ပဉ္စမ မဏ္ဏိုင်လို့ တင်စားကြတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများ လွတ်လပ်စွာ ရှင်သန်ကြီးထွားရေးကို အကန့်အသတ်ပြုမည့်၊ ထိန်းချုပ်မည့် ဥပဒေကြမ်းတစ်ခုဖြစ်နေတာ ဝမ်းနည်းဖွယ် တွေ့မြင်လိုက်ရပါတယ်၊ 
အရပ်ဘက်လူ့အဖွဲ့အစည်းများက တောင်းဆိုသလို ပြည်သူ့လွှတ်တော်က လက်ရှိ “အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း” ကို ဆွေးနွေးခြင်း၊ အတည်ပြုခြင်းမှ ဆိုင်းငံ့ပြီး ပိုပြီးကောင်းမွန်တဲ့ ဥပဒေကြမ်းအသစ်တစ်ခုကို အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့ ပြန်လည်ရေးဆွဲဖို့ မျှော်လင့်ပါတယ်၊
အသင်းအဖွဲ့များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း
ဒီဥပဒေကြမ်းရဲ့ အခန်း (၂) ရည်ရွယ်ချက်များ၊ ပုဒ်မ ၃၊ ပုဒ်မခွဲ (ဃ) မှာ “အသင်းအဖွဲ့များသည် နိုင်ငံတော်၏ လူမှုစီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ရန်” လို့ ဖော်ပြပါတယ်၊ တစ်ခါ အခန်း (၃) ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) မှာ “ဖွဲ့စည်းခွင့်လက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်ရရှိသည့်အသင်းအဖွဲ့များသည် ယင်းတို့၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များတွင် ပါရှိသည့် အများပြည်သူဆိုင်ရာ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်မှုရှိစေမည့် ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ မိသားစုဝင်ငွေတိုးရေး၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သောက်သုံးရေရရှိရေး၊ အာဟာရဖွံ့ဖြိုးရေး၊ သက်ကြီးရွယ်အိုများနှင့် ခိုကိုးရာမဲ့ ကလေးသူငယ်များအား စောင့်ရှောက်ရေး၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် လျှော့ချရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသိပညာ ဗဟုသုတများ ပျံ့နှံ့စေရေး၊ လူနေမှုဘဝတိုးတက်မြင့်မားစေရေး၊ နာရေးကူညီမှုများ ဆောင်ရွက်ပေးရေး၊ အခြားလူမှုရေးလုပ်ငန်းဆောင်ရွက်မှုများ  စသည်တို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ လုပ်ငန်းများလွယ်ကူချောမွေ့စေရန် လမ်းညွှန်ပေးခြင်း” ဆိုပြီး ဗဟိုအဖွဲ့ရဲ့ တာဝန်တစ်ရပ်အဖြစ် ဖော်ပြထားပါတယ်၊
အထက်ပါ ဥပဒေပုဒ်မ နှစ်ခုကို ကြည့်မယ်ဆိုရင် ဒီဥပဒေကြမ်းပါ အသင်းအဖွဲ့များဆိုတာ လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် အဖွဲ့များလို့ အဓိပ္ပါယ်သက်ရောက်နေပါတယ်၊
အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများ (လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ လွပ်လပ်စွာကိုးကွယ်ယုံကြည်ခွင့် စတာတွေ)၊ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့လှုပ်ရှားမှုများ (နိုင်ငံရေးပါတီများကို စောင့်ကြည့်ဝေဘန်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်ဝေဘန်ခြင်း၊ ရွေးကောက်ပွဲများကို စောင့်ကြပ်ကြည့်ရှူခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်း၊ မူဝါဒဆိုင်ရာအကြံပေးခြင်း၊ လွှတ်တော်မှပြဋ္ဌန်းသည့်ဥပဒေများကို ဝေဘန်ခြင်း၊ အစိုးရ၏ မတရားမှုများကို ဖော်ထုတ်ဝေဘန်ခြင်း၊)၊ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ပါတ်သက်တဲ့ အဖွဲ့အစည်းတွေ ( တိုင်းရင်းသား ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေ၊ အပစ်အခတ်ရပ်စဲရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ၊ ဒုက္ခသည်များကူညီစောင့်ရှောက်ရေးအဖွဲ့တွေ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအဖွဲ့တွေ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ)၊ နိုင်ငံတကာဆက်ဆံရေးနဲ့ပါတ်သက်တဲ့အဖွဲ့အစည်းတွေ (အာဆီယံ လူမှုအသိုင်းအဝိုင်းဆိုင်ရာအဖွဲ့တွေ၊ နှစ်နိုင်ငံချစ်ကြည်ရေးအသင်းတွေ)၊ သဘာဝ မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ မပျက်သုံးအောင် စောင့်ကြပ်ကြည့်ရှူတဲ့အဖွဲ့တွေ၊ လူမှုပဋ္ဋိပက္ခများတားဆီးကာကွယ်ရေးအဖွဲ့တွေ (ဥပမာ ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်း)၊ နိုင်ငံရေးကျွမ်းကျင်သူများရဲ့ မူဝါဒအကြံပေးအဖွဲ့တွေ (Think Tanks)၊ နဲ့ ကျောင်းသားသမဂ္ဂများ၊ လူငယ်အဖွဲ့အစည်းများ၊ အကျုံးမဝင်သလို ဖြစ်နေပါတယ်၊ ဒါကြောင့်မို့ ဒီဥပဒေမှာ အခန်းကဏ္ဏပေါင်းစုံမှာ လှုပ်ရှားနေတဲ့ အသင်းအဖွဲ့များအားလုံး အကျုံးဝင်အောင် ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါတယ်၊
အရပ်ဘက်အဖွဲ့အစည်းများကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ ထိန်းချုပ်ခြင်း
ဥပဒေကြမ်းရဲ့ အခန်း (၃) ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပုဒ်မ ၄ မှာ “ဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အခြားဝန်ကြီးဋ္ဌာနများမှ ဝန်ကြီး၊ ဒုဝန်ကြီးများက ဒုဥက္ကဋ္ဌ ၂ ယောက်နဲ့ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနရဲ့ ညွန်ကြားရေးမှူးချုပ်နဲ့ ညွှန်ကြားရေးမှူးက အတွင်းရေးမှူး နဲ့ တွဲဘက်အတွင်းရေးမှူးအဖြစ် ဖွဲ့စည်းရမည်” လို့ ဆိုပါတယ်၊
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းကို ဗဟိုအဖွဲ့နဲ့ ဆောင်ရွက်မည်ဆိုရင် အဲဒီအဖွဲ့ဟာ နိုင်ငံတော်သမ္မတက ရွေးချယ်ခန့်အပ်ပြီး အစိုးရဝန်ထမ်းမဟုတ်တဲ့၊ ပြည်သူလူထုက လေးစားကြည်ညိုတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းသင့်ပါတယ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် နဲ့ စာနယ်ဇင်းကောင်စီဖွဲ့စည်းသလိုမျိုးပါ၊ အရပ်ဘက် အသင်းအဖွဲ့များဟာ အစိုးရအဖွဲ့အစည်းမဟုတ်ကြတဲ့အတွက် အစိုးရဝန်ကြီးဋ္ဌာနရဲ့ အုပ်ချုပ်မှုအောက်မှာ ထားရှိတာ မသင့်တော်ပါ၊
ကန့်သတ်ခြင်း၊ တားမြစ်ခြင်း၊ အရေးယူခြင်း
ဗဟိုအဖွဲ့ရဲ့လုပ်ငန်းတာဝန် တစ်ရပ်အနေနဲ့ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဆ) မှာ “ဤဥပဒေနှင့် အညီ ဖွဲ့စည်းခွင့်လက်မှတ် သို့မဟုတ် မှတ်ပုံတင်လက်မှတ်မရှိပဲ ရပ်တည်လှုပ်ရှားဆောင်ရွက်သည့် အသင်းအဖွဲ့များအား ဥပဒေနှင့်အညီ အရေးယူခြင်း” လို့ ဖော်ပြထားပါတယ်၊ အခန်း (၈) တားမြစ်ချက်မှာ ပုဒ်မ ၁၄၊ ပုဒ်မ ၁၅ တို့နဲ့ “မည်သူမျှ ဖွဲ့စည်းခွင့်လက်မှတ်မရှိပဲ အသင်းအဖွဲ့အဖြစ်ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးတာဝန်ယူခြင်း၊ အဖွဲ့ဝင်ခြင်း၊ မပြုလုပ်ရလို့” တားမြစ်ထားပါတယ်၊ အခန်း (၉) ပြစ်မှုနဲ့ ပြစ်ဒဏ်များ ၊ ပုဒ်မ (၁၈) နဲ့ ပုဒ်မ (၁၉) မှာတော့ အဆိုပါကန့်သတ်ချက်တွေကို ဖောက်ဖျက်ရင် တာဝန်ခံပုဂ္ဂိုလ်ဆိုရင် ထောင် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ်ငါးသိန်းအထိဖြစ်စေ၊ အဖွဲ့ဝင် ဆိုရင် ထောင် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ကျပ် တစ်သိန်းအထိဖြစ်စေ၊ ပြစ်ဒဏ်ကျခံရမယ်လို့ ဆိုပါတယ်၊
အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မရပဲနဲ့ ရပ်တည်လှုပ်ရှားရင် ပြစ်ဒဏ်ကျခံရမယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မရှိသင့်ပါ၊ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်ဆိုတာ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးပါ၊ ဒီအရေးယူမှုနဲ့ ပြစ်ဒဏ်များ၊ တားမြစ်ချက်များကို လုံးဝပယ်ဖျက်သင့်ပါတယ်၊
အမေရိကန်ပြည်ထောင်စုမှာ အဖွဲအစည်းများဖွဲ့စည်း မှတ်ပုံတင်ကြသလို မှတ်ပုံတင်ခြင်းမပြုပဲ ရပ်တည်ခွင့်လည်းရှိပါတယ်၊ မှတ်ပုံတင်တဲ့အခါ ရတဲ့အခွင့်အရေးက (၁) မိမိတို့အဖွဲ့အစည်း နံမည်နဲ့ ဘဏ်ငွေစာရင်းဖွင့်ခွင့်ရှိတယ်၊ (၂) ပြည်သူလူထုဆီက အလှူငွေကောက်ခံခွင့်ရှိတယ်၊ (၃) အစိုးရနဲ့ ပုဂ္ဂလိက ဖောင်ဒေးရှင်းများထံက Grants တွေ လက်ခံခွင့်ရှိတယ်၊ (၄) အဖွဲ့အစည်းရဲ့ နှစ်စဉ်ဝင်ငွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်ရှိတယ်၊ (၅) အဖွဲ့အစည်းကို လှူဒါန်းကြတဲ့ ပြည်သူတွေ၊ ဖောင်ဒေးရှင်းတွေလည်း အဲဒီ လှူဒါန်းငွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်၊ ဒါပါပဲ၊ အဖွဲ့အစည်းကို မှတ်ပုံတင်ရင် အဆိုပါအခွင့်အရေးတွေ ရမယ်၊ မှတ်ပုံမတင်ရင် အဲဒီအခွင့်အရေးတွေမရဘူး၊ မှတ်ပုံမတင်လို့ ထောင်မချပါ၊ ဒဏ်ငွေမတပ်ပါ၊ အရေးမယူပါ၊
မြန်မာနိုင်ငံမှာလည်း လူထုအခြေပြု အဖွဲ့အစည်းများကို လွတ်လပ်စွာ ရပ်တည်ရှင်သန်ခွင့် ပေးသင့်ပါတယ်၊ မှတ်ပုံတင်ရင် တင်တဲ့အလျောက် အစိုးရက အသိအမှတ်ပြူ၊ အားပေးကူညီ၊ အခွင့်အရေးတွေပေးပြီး မှတ်ပုံမတင်ရင်လည်း ဓားပြဂိုဏ်း၊ မူးယစ်ဆေးဝါးဂိုဏ်း၊ လူမှောင်ခိုဏ်း၊ မဟုတ်သ၍ အပြစ်ပေးစရာမလိုပါ၊
မှတ်ပုံတင်ရန် မလိုသောအဖွဲ့အစည်းများ
အခန်း (၆)၊ ပုဒ်မ (၁၀) မှာ ” ဤဥပဒေအရ ဖွဲ့စည်းခွင့် သို့မဟုတ် မှတ်ပုံတင်ခွင့်လျှောက်ထားရင် မလိုသော အသင်းအဖွဲ့များ” ကို ဖော်ပြထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ (က) ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံတင်သက်တမ်းတည်လျက်ရှိသော အသင်းအဖွဲ့၊ (ခ) ဘာသာ၊ သာသနာရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သောအသင်းအဖွဲ့၊ (ဂ) စီးပွါးရေးသက်သက်ကိုသာ လုပ်ကိုင်ဆောင်ရွက်သောအသင်းအဖွဲ့၊ (ဃ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသောအသင်းအဖွဲ့များနဲ့ (င) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည့်နိုင်ငံရေးအသင်းအဖွဲ့များဟာ ဒီဥပဒေသစ်အရ ဖွဲ့စည်းခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားရန် မလိုအပ်လို့ ဆိုပါတယ်၊
အင်မတန် ကျဉ်းမြောင်းပါတယ်၊ (က) မှာပါတဲ့ ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေဟာ စစ်အာဏာရှင်စနစ်ရဲ့ အကြွင်းအကျန်အမွေအနှစ်တစ်ခုဖြစ်လို့ ဖျက်သိမ်းပစ်ရမှာပါ၊ နာရေးကူညီမှုအသင်းလို၊ ပညာဒါနကျောင်းတွေလို၊ ဒုက္ခရောက်နေသူများကို စောင့်ရှောက်ကူညီတဲ့ ပရဟိတအဖွဲ့အစည်းများဟာ မှတ်ပုံတင်ရန်မလိုပဲ ဖွဲ့စည်းရပ်တည်ခွင့်ရှိရမှာပါ၊ အဲဒီလိုပဲ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု၊ စာပေအဖွဲ့အစည်းတွေ၊ စာဖတ်အသင်းတွေ၊ လည်း ဖွဲ့စည်းခွင့်တောင်းခံရန်မလိုပဲ ရပ်တည်ခွင့်ရှိသင့်ပါတယ်၊
အဲဒီစာရင်းထဲမှာ ကျောင်းသား သမဂ္ဂများကိုလည်း ထည့်သင့်ပါတယ်၊ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းတည်ထောင်ရပ်တည်ခြင်းဟာ ကျောင်းသားများရဲ့ အခွင့်အရေးဖြစ်ပြီး အဲဒီအခွင့်အရေးကို “တက္ကသိုလ်၊ ကောလိပ်များ ဥပဒေ”၊ “အခြေခံပညာကျောင်းများဥပဒေ”၊ “အခြေခံပညာရေးဥပဒေ”၊ “အဆင့်မြင့်ပညာရေးဥပဒေ” စတဲ့ သီးခြားဥပဒေများမှာ ထည့်သွင်းပြဋ္ဌန်းသင့်ပါတယ်၊
အခြားကန့်သတ်ချက်များ
ဒီဥပဒေကြမ်းမှာ အများစိုးရိမ်ပူပန်ကြတဲ့ “နိုင်ငံရေးကင်းရှင်းရန် ကန့်သတ်ချက်”၊ “သတ်မှတ်ထားသော ကဏ္ဏနှင့် ဒေသမှတပါး အခြားကဏ္ဏများ၊ အခြားနယ်မြေဒေသများတွင် ဆောင်ရွက်ခွင့်မပြုတဲ့ကန့်သတ်ချက်”၊ “မြင့်မားတဲ့ မှတ်ပုံတင်ကြေး ကျပ် ငါးသိန်း” ဆိုတာတွေ မပါဝင်ပါ၊ ဒါပေမည့် ဒီဥပဒေကြမ်းကို အတည်ပြုပြီးရင် ဆက်လက်ထုတ်ပြန်မည့် “နည်းဥပဒေ” မှာ ပါလာလိမ့်မယ်ထင်ပါတယ်၊ ဒါကြောင့်မို့ ဒီ “ဥပဒေကြမ်း” မှာပဲ  “နိုင်ငံရေးနှင့် ဆက်နွယ်သော လုပ်ငန်းများ ဆောင်ရွက်ခွင့်၊ ကဏ္ဏမျိုးစုံ၊ ဒေသမျိုးစုံလှုပ်ရှားခွင့်၊ မှတ်ပုံတင်ကြေးကို အနိမ့်ဆုံးသတ်မှတ်ခြင်း၊” တွေ ပါဝင်သင့်ပါတယ်၊ နည်းဥပဒေဆိုတာ “ပင်မဥပဒေ” ကို အခြေခံရေးဆွဲရတာမို့ “ပင်မဥပဒေ” ကိုယ်၌က ရှင်းလင်းစင်ကြယ်ပြီး ပြည့်စုံဖို့လိုအပ်ပါတယ်၊
ဒီဥပဒေကြမ်းမှာ အသင်းအဖွဲ့များ ရန်ပုံငွေရှာဖွေခြင်းနဲ့ ပါတ်သက်ပြီး ဘာမှ မရေးထားပါ၊ ဒါကြောင့်မို့ မှတ်ပုံတင်ပြီး ရပ်တည်တဲ့ အသင်းအဖွဲ့များဟာ အဖွဲ့ဝင်များ၊ ပြည်သူများဆီက အဖွဲ့ဝင်ကြေး နဲ့ အလှူငွေကောက်ခံခွင့်၊ နိုင်ငံတကာက အစိုးရမဟုတ်သောအဖွဲ့များထံက ငွေကြေးလက်ခံခွင့်” တွေရှိကြောင်း ထည့်သွင်းပြဋ္ဌန်းသင့်ပါတယ်၊
အရပ်ဘက်လူ့အဖွဲ့အစည်းများ လွတ်လပ်စွာ အားကောင်းရှင်သန်ပါစေ
မြန်မာနိုင်ငံရဲ့ လက်ရှိ ပြောင်းလဲတိုးတက်မှုတွေ ရပ်တန့်ပြီး နောက်ကြောင်းပြန်မလှည့်ဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းများ ခိုင်မာအားကောင်းဖို့လိုပါတယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှူရေးနဲ့ ငြိမ်းချမ်းရေးပြဿနာတွေ၊ ဘာသာရေး၊ လူမျိုးရေးပဋ္ဋိပက္ခတွေကို အစိုးရနဲ့ လွှတ်တော်အားသက်သက်နဲ့ ဖြေရှင်းလို့ မအောင်မြင်နိုင်ပါ၊ အစိုးရ နဲ့ လွှတ်တော်က အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ မဟာမိတ်ပြု၊ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အားကိုယူပြီး ပြဿနာပေါင်းစုံကို ပြည်သူလူထုပါဝင်မှုနဲ့ ပူးပေါင်းဖြေရှင်းမှ အောင်မြင်ပါလိမ့်မယ်၊ ဒါကြောင့်မို့ အရပ်ဘက်လူ့အဖွဲ့အစည်းများ လွတ်လွတ်လပ်လပ်ရှင်သန်ကြီးထွားနိုင်အောင် လွှတ်တော်က အထောက်အပံ့ပေးတဲ့ ဥပဒေမျိုးကိုသာ ပြဋ္ဌန်းသင့်ပါကြောင်း၊
လေးစားစွာ၊
အောင်ဒင်
ဩဂုတ်လ ၂ ရက်၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts