Poems

Min Ko Naing – Corrupt Dance

 
အာရကေတီးလုံးနဲ့ လိုက်ဖက်မယ့် အက
မင်းကိုနိုင်၊ သြဂုတ် ၂၉၊ ၂၀၁၃
(သူ၏ ကျနော့်ဘ၀၊ ကျနော့်အနုပညာ ဖေ့စ်ဘွတ်က ယူပါတယ်)
ကြာပြီ …
ဘယ်လောက်ကြာပြီလဲ ဆိုတော့
အဲဒိလူဝင်စားလေးတောင် လူသက်မသိပေမယ့်
ထောင်သက် လေးနှစ် ရှိနေပြီ။
“ကျနော်က ရှစ်လေးလုံးမှာ သေနတ်မှန်ပြီး ကျခဲ့တာ” တဲ့။
သူ့နဖူးက
မွေးရာပါ အမာရွတ်လေး ပြပြပြီး
ဇာတ်ကြောင်းပြန်တာ
သရက်ထောင်မှာ ကြားနာရ။
ကျောင်းသားသည် အမေတယောက်က
ငြီးတွားဖူးရဲ့
“ငါတို့က မာရသွန် ပြေးပွဲကြီးနွှဲရတာ
အခုမှ ပန်းဝင်ခါစရှိသေး
ချက်ချင်း နောက်တပွဲ မပြေးနိုင်ဘူး” တဲ့။
အပြင်မှာ ဘာတွေလုပ်လို့
ဘာတွေဖြစ်နေကြလဲ
ဂျာနယ်အပိုင်းအစလေးရဲ့ ပြောသမျှ
သဲ့သဲ့ကြားရ။
ပဏ္ဏိတ်ရေ …
မင်းလည်း နာမည်ပြောင်းဦးမှ
ရှေ့မှာ ခါတော်မီ ဂုရုကြီးတွေကွ
စီမီနာတဲ့၊ ဖိုရမ်တဲ့၊ ၀ပ်ရှော့တဲ့
ငါးရေကူးနည်း သင်တန်းဆိုလား။
ဟော …
ငါတို့ကို
ကတ္တားပေါ် တက်ခိုင်းနေပြန်ပြီ
ခက်တာက ဒို့ကလည်း ရေ မထိုးထားဘူး။                  
(မင်းကိုနိုင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts