Op-Ed

San Kunt – Universal Truth

အခုလည်းပဲ မိုက်ဆဲမှန်စွာ
စံကွန့်၊ သြဂုတ် ၂၉၊ ၂၀၁၃
ကနေ့ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးမိုးလေ၀သအခြေအနေကို အစွဲကင်းကင်း အာဃာတကင်းကင်းနဲ့ အကဲဖြတ်ကြည့်ရင် ၀မ်းသာကြည်နူးစရာ တချက်မှ မရှိပါဘူး။  ပြည်တွင်းမှာနေတဲ့ မြန်မာနိုင်ငံသားပဲဖြစ်ဖြစ်၊ ပြည်ပမှာအခြေချပြီး အကြောင်းကြောင်းကြောင့် နေထိုင်ရာတိုင်းပြည်ရဲ့ နိုင်ငံသားခံယူထားတဲ့ မြန်မာလူမျိုးတွေပဲ ဖြစ်ဖြစ် လက်ရှိမြန်မာနိုင်ငံရဲ့ အဆင့်အတန်းကို ကြည့်ပြီး ဘယ်သူမှ နှလုံးစိတ်ဝမ်း မရွှင်လန်းနိုင်ကြပါဘူး။
အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်နေတဲ့ ဂျာမဏီအခြေစိုက် Transparency International အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလထုတ်ပြန်ချက်အရ ကမ္ဘာနိုင်ငံပေါင်း ၁၇၆ နိုင်ငံမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုအခြေအနေဟာ အဆင့် ၁၇၂ မှာ ရှိနေပြီး ကမ္ဘာအဆိုးရွားဆုံး ၅ နိုင်ငံ စာရင်းထဲမှာ ပါနေပါတယ်။
အင်တာနက်အမြန်နှုန်းမှာ ကမ္ဘာနိုင်ငံပေါင်း ၂၂၂ နိုင်ငံမှာ မြန်မာနိုင်ငံက အမှတ်စဉ် ၂၁၇ ချိတ်ပါတယ်။
အစားအသောက်ထဲမှာ ဓာတုပစ္စည်းတွေ ပါဝင်နေမှု၊ ပိုးသတ်ဆေးသုံးစွဲမှု စနစ်မကျမှု၊ ကျန်းမာရေး အသိပညာ စောင့်ရှောက်မှု ညံ့ဖျင်းမှု စတဲ့ အကြောင်းကြောင်းတွေကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကင်ဆာဖြစ်ပွားမှု အများဆုံး ၁၀နိုင်ငံ စာရင်းထဲမှာ ပါဝင်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။
ဒါတင်ပဲလားဆိုတော့ အမျိုးသားတဦးချင်း ၀င်ငွေကို ကြည့်ရင့်လည်း ကမ္ဘာဖွံဖြိုးပြီးနိုင်ငံတွေမပြောနဲ့ အာစီယံ ၁၀နိုင်ငံထဲမှာပဲ ရွှေနိုင်ငံတော်ကြီးက ဘိတ်ဆုံးမှာ ရှိနေပါတယ်။
ကျန်တဲ့ မိုဘိုင်းဖုံးအသုံးပြုနိုင်တဲ့ ရာနှုန်း၊ အင်တာနက်အသုံးပြုနိုင်တဲ့ ရာနှုန်းတွေကြည့်ရင်လည်း ရှက်ဖွယ်လိလ် အခြေအနေမှာ ရှိပါတယ်။ အသုံးပြုနိုင်တဲ့ အရေအတွက်လည်း နည်းလှသလို ဆားဗစ်လို့ ခေါ်တဲ့ ၀န်ဆောင်မှုအရည်အသွေးကလည်း ဘယ်လောက်ညံ့တယ်ဆိုတာ စံကွန့် မပြောတော့ပါဘူး။ လူကုံထံတချို့သာ ကိုင်နိုင်တဲ့လက်ကိုင်ဖုံးလို့ ခေါ်တဲ့ မိုဘိုင်းဖုံးကို အများပြည်သူ ကိုင်နိုင်အောင် စေတနာအတော်ကြီးမားစွာနဲ့ ဆင်းကဒ်တခု ၁၅၀၀ ကျပ်နဲ့ ယခင် ပပက၊ သမ၀ါယမတုန်းကလို မဲနှိုက်တဲ့ စနစ်နဲ့ ရောင်းချပေးခဲ့ပါတယ်။ ကျည်ဆံသာရှိပြီး သေနတ်မရှိတဲ့ လူလို ဆင်းကဒ်မဲပေါက်တဲ့သူတွေ ခင်မျာမှာလည်း ဖုံးဆိုင်တွေမှာ ရှိတဲ့ ငွေလေးနဲ့ ဖုံးဝယ်ဖို့ တ၀ဲလည်လည်ပေါ့။
ထားပါတော့။ ဒါက လက်ရှိ ရွှေပြည်ကြီးရဲ့ ထင်သာမြင်သာတဲ့ အခြေအနေကို အကြမ်းဖျဉ်း တင်ပြတာပါ။ ကျန်တဲ့ လက်ပံတောင်းတောင် ကိစ္စတို့၊ စစ်တွေ – မိတ္ထိလာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတို့၊ တတိုင်းတပြည်လုံးက ရွံရှာစက်ဆုတ်တဲ့ နာဂစ်အခြေခံဥပဒေပြင်ဆင်ရေး ကိစ္စတို့၊ တရိပ်ရိပ် တက်နေတဲ့ ဆန်ဈေး၊ အိမ်ဈေး၊ မြေဈေးကိစ္စတို့၊ နွားနဲ့ ဖက်ရုန်းမှ ထမင်းလေး တနပ်မှန်ရုံရှိတဲ့ ဆင်းရဲသား လယ်သမားတွေရဲ့ လယ်မြေတွေကို အတင်းအဓမ္မ၀င်သိမ်းတဲ့ ကိစ္စတို့။
မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူမှန်သမျှ ပညာတတ်ကြီး၊ ပညာရှိကြီး မဟုတ်ဦးတော့ (စံလွဲ ပုဂ္ဂိုလ် မဟုတ်ဘူး ဆိုရင်) ယနေ့အခြေအနေဟာ ကွေးနေအောင် ထကရမယ့် အခြေအနေ မဟုတ်ဘူး ဆိုတာ လူတိုင်းသိပါတယ်။
ဝမ်းနည်းဖို့ ကောင်းတာက နှစ်ပေါင်း ၅၀ ကျော် စစ်ဖိနပ်အောက် ပြားပြားမှောက်ခဲ့ရတဲ့ဒဏ်၊ နှစ်ပေါင်း ၁၀၀ ကျော် ကျွန်သက်ရှည်ခဲ့တဲ့ဒဏ်၊ နှစ်ပေါင်းများစွာ ပဒေသရာဇ်စနစ်နဲ့ ယဉ်ပါးခဲ့တဲ့ ဒဏ်တွေကြောင့်လားတော့ မသိဘူး၊ တိုင်းပြည်က နလံမထူးနိုင်တော့ဘူး။ ယဲ့ယဲ့လေးပဲ ရှိတော့တဲ့ လူမမာကို ဆေးကောင်းဝါးကောင်း သမားကောင်းများနဲ့ မကုသဘဲ ဆေးမြီးတိုလောက်သာသိတဲ့ စစ်အစိုးရနဲ့ နှစ်ပါးသွားခဲ့ရတာ ကြာလှပြီ။ အာဏာတည်မြဲဖို့ဆိုရင် ဘာမဆို လက်မရွံ့တဲ့ စစ်အာဏာရှင်တွေက ပုန်စားခြားနားသူဆိုရင် ရက်ရက်စက်စက် နှိပ်ကွပ်ဖို့ ၀န်မလေးသလို သူတို့နဲ့ ပလဲပနံသင့်တင့်အောင်နေထိုင်တတ်သူကိုတော့ မတန်မရာ မြှောက်စားလေ့ရှိပါတယ်။
စစ်အာဏာရှင်တွေဟာ သူတို့ရဲ့ အာဏာတည်မြဲမှုအတွက် နည်းမျိုးစုံသုံး ကောက်ကျစ်ယုတ်မာနိုင်သလောက် တိုင်းပြည်ကြီး ချုံးချုံးကျသွားတာကိုတော့ ပြည်တွင်းသောင်းကျန်းသူကို လက်ညိုးထိုးလိုထိုး၊ ယခင်အစိုးရအဆက်ဆက် စီမံခန့်ခွဲမှုကြောင့်လို့ ပြောလိုပြော၊ စစ်ကြောင့် တိုင်းပြည်ကြီး မွဲပြာကျရမယ်ဆိုရင် ဂျပန်နိုင်ငံဟာ ကမ္ဘာမြေပုံပေါ်မှာ ရှိစရာတောင် အကြောင်းမရှိပါဘူး။ ဗိုလ်နေ၀င်း အာဏာသိမ်းပြီး သိပ်မကြာလှတဲ့နှစ်မှာပဲ ဗီယက်နမ်ပြည်သူတွေ အမေရိကန်ရဲ့ ဗုံးမိုးအကြဲခံလိုက်ရတယ်။ ယနေ့ဗီယက်နမ်ဟာ ရွှေနိုင်ငံတော်ကြီးရဲ့ အထက်မှာပါ။
စံကွန့် ဆိုလိုချင်တာက စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုဟာ အနုမြူဗုံးထက်လည်း ဆိုးပါတယ်။ ဗုံးမိုးအရွာခံရတာထက်လည်း ဆိုးပါတယ်။ ဒါကြောင့် ထင်ပါရဲ့၊ မနိုင်၍သီးခံခြင်း ဆိုတဲ့ထုံး နှလုံးမူပြီး ရဲရဲတောက် အတိုက်အခံဆိုတဲ့ ပုဂ္ဂိုလ်များကလည်း ‘အမျိုးသားပြန်လည်ရင်ကြားစေ့ရေး’ ဆိုတဲ့ အင်မတန် နားဝင်ပီယံဖြစ်လှတဲ့ စစ်တပ်ရဲ့ စကားလုံးကို လှိုင်လှိုင်ကြီးသုံးပြီး ဒူးထောက်ကုန်ကြပါပြီ။ တချိန်က ‘တိုက်ကြက်’ လို့ တပ်ခံရတဲ့ ခေါင်းဆောင်ကြီးများလည်း ခုတော့ ‘အသားစားကြက်’ တွေ ဖြစ်ကုန်ပါပြီ။  ခုတော့ တိုက်ယူလို့ မရနိုင်တဲ့အဆုံး စစ်တပ်ကပေးသမျှနဲ့ ကျေနပ်တော့မယ်ဆိုတဲ့ အယူအဆဟာ ကနေ့ စံကွန့်တို့ ကံကြမ္မာ ဖြစ်လာပါပြီ။
Dictator လို့ ခေါ်တဲ့ အကြွင်းမဲ့အာဏာကို ဆုပ်ကိုင်ထားတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။ တပ်သားမှသည် ကာချုပ် မင်းအောင်လှိုင်အထိ သေဆိုသေ၊ ရှင်ဆိုရှင် ဘယ်သူလုပ်နိုင်သလဲ။ သူတို့ဖြစ်ချင်ရင် ဖွဲ့စည်းပုံကို တလအတွင်း ပြင်လို့ရပါတယ်လို့ ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ‘သူတို့’ ဆိုတာ ဘယ်သူတွေပါလဲ။ ကိုယ့်ကို အပြတ်ရှင်းဖို့အထိ ကြံစည်ခဲ့တဲ့ ဗိုလ်သန်းရွှေကို ခွင့်လွှတ်ပါတယ်။ အာဃာတမရှိပါဘူးလို့ လေချိုလှမ်းသွေးတာ ဘာကြောင့်ပါလဲ။
Dictator တွေ မြှောက်စားလို့ တောက်ကြွားနေတဲ့ Cronies ခရိုနီလို့ ခေါ်တဲ့ မိုးကျရွှေကိုယ်သူဌေးများကလည်း ပေါင်စတာလင်နဲ့ ငွေချေပြီး လန်ဒန်မှာ အိမ်ဝယ်နေတဲ့ အချိန်မှာ မင်းဓမ္မကွင်းက သမာအာဇီဝနဲ့ အသက်မွေးနေတဲ့ ပန်းရောင်းသူတွေခင်မျာမှာတော့ ၀ါးလုံးဒဏ် ၀ါးချွန်ဒဏ် ခံနေကြရပါပြီ။
တော်လှန်ရေးလုပ်တော့ ထောင်ထဲသွားရတယ်။ တောထဲပြေးရတယ်။ အဆင်ပြေအောင်ပေါင်းတော့ နိုင်ငံခြား ကဒီးကဒီးသွားရတယ် ဆိုတာ ကနေ့ရွှေပြည်ကြီးရဲ့ နိုင်ငံရေးလုပ်စားကိုင်စားတွေကြား ရေပန်းစားနေတဲ့ အတွေးအခေါ် တခုပါ။
Sycophantic လို့ ခေါ်တဲ့ သာပေါင်းညာစား ဖော်လံဖား အခွင့်အရေးသမားတွေကတော့ ရွှေပြည်ကြီးမှာ ခွေးလေခွေးလွင့်ထက် များပါသေးတယ်။ ဘိုးတော် အခြေအနေကောင်းရင် ဘိုးတော်နားကပ်။ ဘွားတော် အခြေအနေကောင်းရင် ဘွားတော်နားကပ်။
ဒီလိုနဲ့ စံကွန့်တို့ ရွှေနိုင်ငံတော်ကြီးဟာ dictator လို့ခေါ်တဲ့ အာဏာရှင်စစ်ဘီလူးတွေရယ် cronies လို့ခေါ်တဲ့ မသထာရေစာ စားပြီး ကြီးပွားနေတဲ့ စီးပွားရေးသမား ဠင်းတတွေရယ်၊ Sycophantic လို့ခေါ်တဲ့ အရိုးအကြွင်းအကျန် ကိုက် ခွေးလေခွေးလွင့်တွေရယ် ပေါင်းမိသွားပြီဆိုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပါ။ ဒီအင်္ဂလိပ်စာလုံး (D-C-S)  သုံးခုကို မဖြုတ်နိုင်သ၍တော့ အင်း … ခက်ပြီ။
မျှော်လင့်ချက်ရောင်နီပြပြလေး မြင်ရနိုးနဲ့ ကြည့်တော့ ၂၀၁၅ ရွေးကောက်ပွဲဆိုတာကြီးကို တွေ့ပါရဲ့။ ဒါပေမယ့် စစ်အာဏာရှင်တို့မည်သည် ရွေးကောက်ပွဲတခုကို သန့်သန့်ရှင်းရှင်း ရိုးရိုးသားသား မျှမျှတတ လုပ်ပေးတဲ့ အစဉ်အလာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ ဒီအတွေ့အကြုံကို မြန်မာတို့ ကြုံဖူးသလို အခုထိ ဇင်ဘာဘွေတို့၊ ကမ္ဘောဒီးယားတို့လည်း ခံစားနေရတုန်းပါ။
စစ်အာဏာရှင်တို့မည်သည် လူထုအုံကြွမှုဖြစ်ရင် ပစ်ခတ်နှိမ်နင်း သတ်ဖြတ်မယ်၊ မလွဲသာလိ့ ရွေးကောက်ပွဲလုပ်ပေးရရင် ညစ်မယ်၊ လိမ်မယ်၊ ခိုးမယ်။ ဒါဟာ အာဏာရှင်တို့ သုံးနေကျ နည်းဟောင်းတွေပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင် ရှုံးခဲ့တဲ့ အတွေ့အကြုံအရ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်လို ကလိန်စေ့ငြမ်းဆင်ရမယ်ဆိုတာ သူတို့ရဲ့ အရေးအကြီးဆုံး ဦးစားပေး နံပါတ် တစ် အလုပ်ပါ။
အကယ်၍များ စစ်အစိုးရ (အရေခြုံအရပ်သားအစိုးရ) ဟာ တိုင်းပြည်ကြီးပွားတိုးတက်တာ မြင်လိုတယ်၊ လူမျိုးကောင်းစားတာ မြင်လိုတယ်၊ ဒီမိုကရေစီနိုင်ငံတော်ကြီး အဖြစ် မြင်ချင်တယ် ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲကြီးဟာ သူတို့အတွက် အကောင်းဆုံးအခွင့်အရေးကြီးပါ။ ကျဆုံးသွားတဲ့ တိုင်းပြည်ကြီးကို ကယ်တင်ချင်တယ်၊ စစ်တပ်ဟာ အောင်မြင်စွာ ဆုတ်ခွာချင်တယ် ဆိုရင်ဖြင့် ၂၀၁၅ ရွေးကောက်ပွဲကြီးကို လွတ်လပ်မျှတ သန့်ရှင်းစွာ နိုင်ငံတကာစံတွေနဲ့ အညီ ကျင်းပပေးပြီး စစ်တပ်ဟာ စစ်တန်းလျားကို ပြန်လိုက်ပါ။
အဲသည်လိုမှ မဟုတ်ဘဲ ‘ခုလည်းပဲ မိုက်မဲမှန်စွာ ရှေ့ကိုတိုးလို့ တံပိုးမိုက်ဦးမှာ’ ဆိုရင်ဖြင့် စံကွန့်တို့ရဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ဘ၀များဟာ အခုလက်ရှိ အခြေအနေထက် အဆပေါင်းများစွာ ဆိုးရွားတဲ့ အခြေအနေကို ရောက်သွားပြီး အခုရေပန်းစားစွာ ပြောနေကြတဲ့ ‘ငြိမ်းချမ်းရေး’၊ ‘အမျိုးသားပြန်လည်ရင်ကြားစေ့ရေး’ ဆိုတာတွေဟာ ဇရပ်ပေါ်အိပ်ပျော်နေတဲ့ အရူးမတယောက် ထ ယောင်သလောက်တောင် အဓိပ္ပါယ်ရှိမယ် မထင်ပါဘူး။
စံကွန့်၊ သြဂုတ် ၂၀၊ ၂၀၁၃
သရုပ်ဖော် – စောငို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts