Letter to MoeMaKa

Moe Nat Min – Doctor’s Vent

အဝေးက ဆရာဝန်တဦးရဲ့ ပြန်ကြားစာ
မိုးနတ်မင်း၊ မိုးမခပေးစာ၊ သြဂုတ် ၃၀၊ ၂၀၁၃
နှလုံးသွေးကြောပိတ် ရောဂါ သည် မြန်မာနိုင်ငံ တွင်သာ မက ကမာ တခွင် တွင် သေနှုန်း အများဆုံး ရောဂါ ဖြစ်သည်။  United States တွင် တနှစ်လျှင် လူပေါင်း ၆၀၀၀၀၀ ခန့်  (1 in every 4 deaths) သေဆုံး စေသော ရောဂါ ဖြစ်သည်။ ကျွန်ုပ်၏ အဖိုး ခေတ် တွင်မူ ရှင်း၏။ Myocardial Infarct ဖြစ်လျှင် ဘာဆေးမှ မရှိ။ Aspirin စား၊ အရမ်း နာ လျှင် မော်ဖင်း ထိုးပေး မည်။ Massive Infarct ဆို လျှင် ချက်ချင်း သေ၏။ နှစ်ပေါင်း ၄၀ ခန့်ကဖြစ်၏။ အဖိုး မှာ ချက်ခြင်း မသေပါ။ ၁-၂ နှစ် ခန့် နာတာရှည် ခံစားသွားသည်။  Fast forward! နှစ် အနည်းငယ်ခန့်က ဖြစ်သည်။ နာမည်ကြီး ဂျာနယ်လစ်ကြီး  ကျွန်ုပ် အဖိုးကဲ့သို့ ဖြစ် သွား၏။  
         သင်ခန်းစာယူရန်မှာ …
၁) ပိတ်ဆို့နေသောသွေးကြောကို ချက်ခြင်းဖွင့်ပေး နှိင် လျှင် အသက်ကယ်နိုင်၏။ ချက်ချင်းသွေးပြန်စီးဆင်းပါက နှလုံးကြွက်သား သေဆုံးမှု နည်းပါးသဖြင့် နာတာရှည် Morbidity နည်းမည်။

၂) ချက်ချင်း Intervention မလုပ်နိုင်လျှင်မူ ပိုက်ဆံရှိသဖြင့် နိုင်ငံခြား လေယဉ်စင်းလုံး ငှား သွားနိုင်သည့်တိုင် နောက်ကျသွားပြီ ဖြစ်သဖြင့် နာတာရှည် ကျန်နိုင်သည်။ အခန့်မသင့်လျှင် လမ်းတွင်ပင် သေဆုံး နိုင်၏။  Late Intervention is non-superior to medical treatment.
         
ယခုအခါ မန္တလေးတွင်   နှလုံးသွေးကြောချဲ့ ကုသမှု ပြုလုပ်နိုင်ပြီ ဟု သိရသဖြင့် ဝမ်းသာ ပါသည်။ သို့သော်  နှလုံးသွေးကြောပိတ်ရောဂါသည် ရန်ကုန် တွင်လည်း ဖြစ်နိုင်၏။ ပြည်နယ်၊ တိုင်း အရပ်ရပ် တွင်လည်း ဖြစ်ခဲ့သည်။ ဖြစ်လာဦးမည် ဖြစ်သဖြင့် နိုင်ငံတော်သစ်ကြီး၏ လူကြီးများ အနေဖြင့် အရေးကြီးသည့် ကိစ္စ တရပ် အနေဖြင့် စဉ်းစား နိုင်ရန် ရေးသားခြင်း ဖြစ်သည်။  ပြည်သူများမှလည်း Democratic Process ဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ် ကို တွေ့ဆုံ အကြံပြုပံ့ပိုးသင့်သည်။ 

၁) နှလုံးသွေးကြောချဲ့ ကုသမှု Percutaneous Coronary Intervention (PCI) သည် နိုင်ငံတော် အတွက် ပိုက်ဆံ အတော်၊ အတန် သုံး ရမည့် စီမံကိန်း ဖြစ်သည်။ မြန်မာပြည် အတွက် သေနှုံး အတိအကျမရှိသော်လည်း  နှလုံးသွေးကြောချဲ့ ကုသမှု Percutaneous Coronary Intervention ပြုလုပ်နိုင်သည့်  United States တွင်ပင် တနှစ် လူ ၆၀၀,၀၀၀ သေလျှင် ဘာမျှ မလုပ်နိုင်သည့် ကာလများ တွင် အဖိုး ကဲ့သို့ သေသည့် သူ နည်းမည် မထင်ပါ။ မှတ်ချက်။  ။ United States သည် မြန်မာပြည် ထက် လူဦးရေ ၆ဆခန့် ပိုများ ပါသည်။ နိုင်ငံတော် အနေဖြင့် Prioritize လုပ်ရပါမည်။ နှလုံးသွေးကြောချဲ့ ကုသမှု သည် ယနေ့ လိုအပ်ချက်လော၊ နိုင်ငံ တဝှမ်း လုံး ရှိ လူ များကို Basic and Immediate Care ပေးရန်သည် ပို အရေးကြီး သလော — ဥပမာ၊ အူအတက်ပေါက်သူ ကို ချက်ချင်း ခွဲစိတ် အသက်ကယ်ခြင်း။ သားရွှေအိုးထမ်းကိန်း ဖြစ်သည့် ပြည်သူ့ ဘ၀ ပိုမို တိုးတက်ပြီး အခွန် ပိုမို ပေး နိုင် လာပါက အထက် ဖော်ပြပါ Basic Healthcare ကိုသာ မက Advanced Technology များကိုပါ လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။

၂) ပြည်တွင်းရှိ အထူးကု များကို PCI အရှိန်မြှင့် training ပေးရန် လိုမည်။ ထိုကြား ကာလတွင် ပိတ်ဆို့နေသောသွေးကြောကို အရည်ပျော်စေမည့် Thromolytic Therapy ကို သုံးသင့်သည်။ ပြည်နယ် ဆေးရုံကြီးများ အားလုံး နှလုံးသွေးကြောချဲ့ ကုသမှု Percutaneous Coronary Intervention (PCI) လုပ်လာနိုင်သည့် အနာဂတ် ကာလနှောင်းပိုင်းတွင်ပင် Thrombolytic Therapy သည် တိုက်နယ်ဆေးရုံ များတွင် လိုအပ်ဦးမည်ဖြစ်သည်။ 

၃) ထို သို့ လိုအပ်မှုများ ရှိ နေချိန်တွင် Private Sector မှ PCI စသည့် Technology ကို သင့်တင့်သည့် ဈေး နှုန်း ဖြင့် ရောင်းချလာပါက Singapore, Thailand, United States နိုင်ငံ Brand မကြည့်ပဲ လက်ခံ စဉ်းစားသင့်သည်။ ပိုက်ဆံတတ်နိုင်သူ ကုသခံ ပါစေ။ အရေးပေါ် အနေ ဖြင့် ထို ဆေးရုံသို့ ရောက်သွား လျှင်မူ မြန်မာဆေးရုံ ကဲ့သို့ ကုသ ပေး မပေး စောင့်ကြည့်ကြပါစို့။

Problems at National Level (အမျိုးသားအဆင့် ပြဿနာများ)

         မြန်မာ့ ဆရာဝန် များ သည် မှတ်ကျောက် အတင်ခံ စာမေးပွဲ များ ဖြစ်သော MRCP, FRCS စ သည့်တို့ ကို အောင်မြင် သည့် အပြင် အနောက်နိုင်ငံ မှ ဆရာဝန် များ နည်း တူ ခက်ခဲ သော ခွဲစိတ်မှုများ ဖြစ် သည့် နှလုံး သွေးကြော နှင့် ရင်ခေါင်း ခွဲစိတ်မှု များ ကို ပြုလုပ် နိုင်ခဲ့ ကြသည် မှာ ဗိုလ်နေဝင်း စစ်အစိုးရ တက်လာသည် အထိ ဖြစ်သည်။ Pre 1962 ကာလတွင် ဆောင်းပါးရှင် စွတ်စွဲသော၊ မျိုးချစ်စိတ် မရှိပဲ နိုင်ငံခြားထွက်ကြသည့် ဆရာဝန် များမှာ (မိသားစုကြောင့်သာ) အလွန်နည်းပါးကြသည်။  ထိုအချိန်တွင် သမားတော်၏ ရောဂါရှာဖွေမှု knowledge၊ ခွဲစိတ်ကျွမ်းကြင်မှု skills   သည်သာ အဓိက ဖြစ်သည်။ Human Resources alone ဖြင့် အနောက်နိုင်ငံသမားတော်များ၏ ကုထုံး (၉၀ ရာနှုံး မက) ဆေးရုံလဲရှိ၊ ဆေးလဲရှိ ပြီး မြန်မာပြည်တွင် ကုသနိုင်ခဲ့သည်။
         ဗိုလ်နေဝင်း ၏သမီးတော် MRCOG စာမေးပွဲ မအောင်သောအခါ ဗိုလ်နေဝင်း ဒေါသပုံ ထပြီး နိုင်ငံခြား ပညာတော်သင်စေလွှတ်မှု များ ကို ရပ်ဆိုင်း ပြီး ပြည်တွင်းဖြစ် M.MedSc များ ဖြင့် အစားထိုးသည်။ထိုအချိန်အထိ Medicine, Surgery ဌာန များ သည် အတန်း ထဲ မှ အတော်ဆုံး ဆရာဝန် များ ကိုသာ ဘွဲ့လွန် M.MedSc. ရွေးချယ်သည်။ အများစု မှာ ဂုဏ်ထူး ဖြင့် အောင်မြင်သူများ ဖြစ်ကြသည်။ Medicine, Surgery စသည့် လူနာ ကုသမှု ပညာသာမက Basic Science (Physiology,Anatomy, Pharmacy, Pathology etc) ကိုပါ ထုံးလိုချေ၊ ရေလိုနှောက် ကျွမ်းကြင်ကြသော၊ ကျွန်ုပ်  တို့၏ ဆရာ၊ ဆရာမ များ ဖြစ်ခဲ့ ကြ၏။  အခွင့်အလမ်း မရှိသဖြင့်သာ Royal College ဘွဲ့ (MRCP, FRCS, MRCOG) မရကြပေ။ ရှားရှား ပါးပါး ထိုခေတ်တွင် သွားခွင့်ရသူ အချို့ မှ တိုတောင်းသော ကာလအတွင်း  MRCP သာမက United States  မှ ဝင်ခွင့်စာမေးပွဲ ဖြစ်သော USMLE  ကိုပါ အောင်မြင် ခဲ့သည်။ ဗိုလ်ချုပ်သမက် များ ကတော့ Exceptions  ဖြစ်သည်။ (စကားကြွင်း။ တကယ်တော်ပြီး လူနာများကို စံပြ ကုသပေးသည့် ဆရာ ဦးမောင်မောင်ဝင့်၊ ဦးနေဝင်း တို့ကို မဆိုလိုပါ။ ) Meritocracy တကယ် ထူးချွန်သူကို မျှတသည့် အခွင့် မပေးပဲ လက်သင့်ရာ ရွေးချယ်ခြင်းသည် အလွန် စိတ်ဓါတ်ကျစရာ ဖြစ်သည်။
         မျက်ကန်း မျိုးချစ် မူကလည်း ထို ခေတ် တွင် စတင်လာသည်။ တရုတ်လူမျိုး များကို  Target ထားပြီး မြန်မာပြည်တွင်မွေးဖွားသော်ငြား ဧည့်နိုင်ငံသား (FRC) များ ကို ဆေးကျောင်း တက်ဆဲ တပိုင်း တစမှ ကန် ထုတ်ခဲ့သည်။ အောင်ပြီးသူများ ကိုလဲ အလုပ်မရအောင်၊ ဘွဲ့လွန်တက်ခွင့် မရအောင် လုပ်ခဲ့ကြသည်။ သည်မူသည် ဗိုလ်နေဝင်း နှင့် မဆိုင်ပါ။ စကောလောက်မှစေါက်မနက်သော ထိုခေတ်အခါက လွတ်တော်ကိုယ်စားလှယ်မှ သမီး ဖြစ်သူ ဆေးကျောင်း အမှတ် မမှီ သဖြင့် အချိန်မှီ သမီး ဆရာဝန်ဖြစ်ရန် ကြံ ခဲ့သည်။
 ကျွန်ုပ် ၏ မိဘများ ကာလတွင် တရုတ်နွယ်ဖွားများသည် စာကျိုးစားသဖြင့် ထိပ်ဆုံးမှ  အောင်မြင် လေ့ရှိကြသည်။  Top talent များကို Personal Gain အတွက် ဆေးကျောင်း မှ ကန်ထုတ်ခြင်းသည် ဆေးကျောင်း အဆင့်အတန်း ကျဆင်းစေရုံသာမက အခွင့်အလမ်း မရှိသည့် ဆိုရှယ်လစ် ခေတ် တွင် နိုင်ငံခြား ထွက် ရန်   Food for thought ဖြစ်စေခဲ့သည်။ အတန်းဖော် ကန်ထုတ်ခံရသည့် သူများ USA, England, Australia, Hong Kong များတွင် အထူးကုဆရာဝန်များ ဖြစ်နေချိန်တွင် ပြည်တော်ကျန်များ မှာ ရသည့် လခ မလောက်င သဖြင့် အလုပ်မှ ပြန်လာလျှင် မိသားစုနှင့်အတူမနေရပဲ ဆေးခန်းထိုင်ရခြင်း၊ ဆေးကျောင်းသားများကို Tuition ပေးရခြင်း များ လုပ်လာရရှာ သည်။ 
ကျွန်ုပ် တရုတ် မဟုတ်ပါ။ တရုတ်လူမျိုးသာမက၊ ကမ္ဘာအရပ်ရပ်မှ ဆရာဝန် များကို တရားသဖြင့်သာ ယှဉ်ပြိုင်လိုသည်။ ယှဉ်ပြိုင်ခဲ့သည် မှာ ၁၀တန်း စာမေးပွဲမှ စခဲ့သည်။ မိန်းမလို၊ မိန်းမရဖြင့် “မုန့်ကိုတော့ ဝေမစားနိုင်၊ သူပါလာလျှင် ကျွန်ုပ် မကစားတော့ ” ဟု ဝန်ကြီးထံတွင် ထွက်စာတင်မည် မဟုတ်ပါ။  ထို အချိန် မဆလ ကျန်းမာရေး ဝန်ကြီး ၏ နိုင်ငံခြား သွားခွင့် မရသဖြင့် ပြည်တွင်းဖြစ် M.MedSc. ကိုသာ တက်ခွင့်ရသော သူ များကို အမိတိုင်းပြည် တွင် အိမ်ထမင်း စား ကြရသဖြင့် စာ ပိုမို ကြိုးစားကြရန်၊ သူ၏ သားဆို လျှင် (အောင် အောင် ပြီး ခြင်း) England  တွင် MRCP မည်သို့ ခက်ခက်ခဲခဲ အောင် ရန် ကြိုးပမ်းနေရကြောင်း မှာကြား သွားသည် မှာ စံတင်ရလောက်၏။
          စာဖတ်သူ များကို ထောက်ပြလိုသည်မှာ ဆိုရှယ်လစ်ခေတ်တွင် မြန်မာ့ ဆေးလောက ကျရိပ် ပြလာသော်ငြား ဆေးရုံများတွင် ဆေးရှိသေး၏။ ပြည်သူများဆေးရုံ လာလျှင် အခမဲ့ ဆေးကုပေးရုံ မက ထမင်း၊ ငါးရံ့ဆန်ပြုတ် တို့ပင် ကျွေးမွေးလိုက်သေးသည်။ သို့သော် မြန်မာပြည်တွင် အရူးချေးပန်း အထက်တွင်ဖော်ပြသကဲ့သို့ ပြုမူနေချိန် အနောက်နိုင်ငံ ဆေးလောက မှ ရပ်စောင့် နေသည် မဟုတ်ပါ။ တော်တတ်သည့် သမားတော် လိုအပ်သော်ငြား သမားတော်ကို ပံ့ပိုးမည့် Technology (e.g. ယခု ပွဲဆူနေသော နှလုံးသွေးကြောချဲ့ ကုသမှု Percutaneous Coronary Intervention (PCI)  ထိုသို့ ချဲ့မရလျှင် Major Surgery ဖြစ်သော သွေးကြော အစားထိုး ကာ ပိတ်ဆို့နေသောသွေးကြောကို alternate လမ်းကြောင်းဖော်ပေးသော coronary Bypass Surgery) and Training မရှိလျှင် နိုင်ငံခြားပြန် ဆရာဝန်လည်း လူနာ အတွက် ဘုရား ရှိခိုးပေးရုံသာရှိသည်။ စစ်မြေပြင်သို့ လက်ချည်း ဗလာစေလွှတ်ခါ တိုက်စေခြင်းပင်။
          ဗိုလ်သန်းရွှေ လက်ထက် တွင်တော့ ပိုဆိုးတော့သည်။ Technology တိုးတက် လာသည် နှင့် အမျှ မြန်မာဆရာဝန် များကို ပံ့ပိုးမှုမှာ သုံည ဖြစ်သည်။စစ်တပ် ဆေးကက္ကသိုလ် ကို စစ်တပ်အကျိုးအတွက် စတင်တည်ထောင်သည်။  စစ်ဆေးရုံတွင် Singapore အကူဖြင့် PCI များပြုလုပ်ခဲ့သော်လည်း ပြည်သူ့ဆေးရုံမှ အထူးကု များကို လိုအပ်သည့် Technology & Training မပေး သဖြင်. ကမ္ဘာနှင့် မဆိုထား နှင့် စစ်ဆေးရုံ နှင့် ယှဉ်လျှင်ပင် နှစ်၂၀ နီးပါး နောက်ကျနေလေပြီ။
(စကားချပ်၊ MRCP မအောင်သည့် ဗိုလ်ချုပ်သမက် စစ်ဆေးရုံ တွင်    PCIပြုလုပ်ပြီး Singaporean Cardiologists များဖြင့် စာတမ်းပြုထားသည့်နှစ် ကို Internet တွင်  ကြည့်ရှုနိုင်သည်။   ကျွန်ုပ်သာ မြန်မာပြည် တွင် အရေးပေါ် PCI လိုအပ်ပါက ထိုဆရာကြီး၏ ပြင်ပဆေးရုံကိုသာရွေးချယ်ပါမည်။ နှစ်ပေါင်းများစွာ PCI အတွေ့အကြုံရှိသဖြင့် ဖြစ်သည်။ MRCP ရှိ မရှိ ကို ဘေးချိပ် ထားဦးမည်။ ) 
ပြည်သူအတွက်မူ  ဆေးရုံသာရှိ ဆေးမရှိပါ။ ဆေးရုံများကို အခွံသာထားပြီး အလကားပဲတင်းရသည့် ဆရာဝန်များကို ထားပေး၏။  စရိတ်မျှပေး ကျမ်းမာရေး ဟုဆိုခါ “Shifting/Abandoning Responsibility” လူနာကိုဆေး အိတ်စိုက်ဝယ်စေသည်။ ထမင်း မပြောနှင့် သောက်ရေပင်အလကား မရတော့ပါ။ ပိုက်ဆံ မတတ်နိုင်သူ၊ ဆရာဝန် မှ အိတ် စိုက် မကု လျှင် သေရုံသာ။  တာဝန်ကျဆရာဝန် များ မှာ ဆေးကုသရုံ မျှ မက Business Degree ရထားသော CEO များ သဖွယ် မြို့ခံ လူထုကို အလှူ ခံခြင်း၊ ရှားရှား ပါးပါး အစိုးရ ထံမှရထားသည့် Intravenous Drip (မိုးရေ) များကို ဆေးရုံအတွင်း မှာ ရှိသည့် ဆေးအရောင်းဆိုင် တွင် ရောင်းချခါ မတတ်နှိုင်သော လူနာများ အတွက် ကြံဖန် ရသည်။ တတ်နိုင်သည့် လူနာများကို EEG စသည့် ငွေရသည့် test များလုပ်စေပြီး ထို ပိုက်ဆံဖြင့် ဆေးဝယ်ရသည်။
 Problems at Working Level: အလုပ်ခွင်ပြဿနာများ – ဆရာဝန် Problem
          အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း နိုင်ငံတော်မှ မှားယွင်းမှု များ ရှိနေချိန် တွင် ဆရာဝန်ကြီး အချို့၏ လုပ်ရပ်ကလည်းမေးခွန်း ထုတ် စရာ ဖြစ်သည်။ ဥပမာ ဒေါက်တာဦးတင်မျိုးဝင်း ကို FRCS exam Part I မြန်မာပြည်တွင် လာစစ် စဉ်က လူကြီး မဆန် စွာ ဖြေခွင့် permit ကို နှောင့်နှေးကာ စာမေးပွဲ နေ့ မှ ဖုန်းဆက် အကြောင်းကြားသည်။ (စာအမြဲ ခေါင်းထဲတွင်ရှိသော ဆရာ စာမေးပွဲ အောင် ခဲ့ ပါသည်။) သူ၏ အပြစ် မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆေး ကုသသဖြင့် ဖြစ်သည်။ ဗိုလ်သန်းရွှေ ကို အမြဲ ကုတ်ကြောဆွဲ ပေးသူကား ဝန်ကြီးဖြစ်လာ၏။
တဖန် Surgery အလွန် ထူးချွန် သဖြင့် FRCP Part I ကို လက်ထောက်ဆရာဝန် ဘဝတွင် အောင်မြင် သူ ကိုလည်း အမိန့် မနာခံမှု ဖြင့် နယ်ခြား ပို့ပစ်သည်။ ထို MBBS သာ ရှိသော သူက စာမေးပွဲ အောင်ပြီး လူကြီးများ စိတ်ကြိုက် ရွေးချယ် ထားသော ဘွဲ့လွန် M.MedSc အချို. မအောင်မြင်ခြင်းက အရှက်ရစေသော်ငြား လူကြီး မဆန်မှုကို ပြသခဲ့သည်။ Personal jealousy could be the most contributing factor in downfall of Myanmar Medicine, even worse than Military Generals! 
          ပြန်ကောက်ရလျှင် MRCP, FRCS, MRCOG ဖြေရန် ဘွဲ့လွန် ပြီးစရာ မလိုပါ။ Ko Htut Kyaw Win ဖော်ပြသကဲ့ သို့ MRCP, FRCS ဆိုသည်မှာ မှတ်ကျောက် တင် သည့် Entry Level Exam သာဖြစ်သည်။ နောက်ဆက်တွဲ အနေဖြင့်သာ အထူးကု ပညာရပ်များ e.g. Cardiology, Urology, Neurosurgery  များ training သင်ယူပြီးမှသာ အထူးကု ဖြစ်ပေမည်။ United States   တွင်မူ Entry Level – USMLE  အောင်မြင်မှ Residency Training သင်ယူရ၏။ အဖန်တလဲလဲ ဖော်ပြနေသော Training မှာ အရေးကြီး လှ၏။ အချို့သည် MRCP အောင်မြင်သော်ငြား အလုပ် အခြေတကျ မရပဲ ဟိုဆေးရုံတွင်၃လ၊ သည်ဆေးရုံတွင် ၆လ စသည်ဖြင့် half trained ဖြစ်ပြီး ပြည်တော်ပြန် လျှင် အထူးကုဟု မဆိုနိုင်ပါ။ Ko Htut Kyaw Win တီထွင် ပြောသည် မဟုတ်။ အလွန် ပွင့်လင်းစွာ သင်ပြ ပြောတတ်သူ ၊ အခွဲအစိတ်လည်း တော်သူ ဆရာ ဦးသန်းအေး လဲ ထိုသို့ပင် ပြောပြဘူး၏။ 
          ဒုတိယ အနေဖြင့် ဆွေးနွေးလိုသည်မှာ ၁၉၈၈-၁၉၉၀၊၁၉၉၁ တွင် တကြိမ်၊ ၁၉၉၆-၁၉၉၈ တွင် တကြိမ် ဆေးကျောင်း ပိတ်ခြင်း ဖြစ်သည်။ ၁၉၈၈ တွင် ပြည်သူ ထောင်သောင်း မက သွေးမြေကျ ခဲ့ ရ သဖြင့် ထပ်မံ သွေးမြေကျမှု မဖြစ်ရန် ကျောင်းပိတ်သည်ကို ကျွန်ုပ်တို့ မလိုလားသော်လည်း လက်ခံခဲ့ရသည်။ ၁၉၉၆ တွင် တဖန် ကျောင်းပိတ်သော အခါ ကျွန်ုပ်တို့ ပညာရေး ၄နှစ် မက နှောင့်နှေးခဲ့ရသည်။ သည် ဖြစ်ရပ် မှာ ဗိုလ်ချုပ် များနှင့် မဆိုင်တော့၊ ဝန်ကြီးဖြစ်သူ ဗိုလ်ကက်စိန် မှ ဆရာဝန် ကြီးများ နှင့် ဆွေးနွေးတိုင်း “အခွင့်အခါ မသင့်သေးကြောင်းပါ ဘုရား” များသာ ကြားရကြောင်း သိရသည်။ အစည်းအဝေး တွင် သားသမီး ရှိသူ များက ငြင်းခုံ ခဲ့ကြောင်း သိရသည်။  သမိုင်း အချက် တို့ကို လူကြီးများ သက်ရှိထင်ရှား ရှိ ချိန် တွင် ရှင်းလင်းသင့်သည်။ ဖက်ဆစ် ဂျပန်များ လက်ထက် ပင် ကျောင်း နှစ်ရှည် ပိတ် မှု မရှိ ပါ။ 
          အဆိုးဆုံး က တော့ “မည်သို့ပြုလိုက်သည် မသိ” နည်းစနစ် ဖြင့် ရွေးချယ်သဖြင့်၊ တော်သူများမှာလည်း သိပ်မရှိတော့သဖြင့် ယခုခေတ် M.MedSc တန်းတွင်မူ Viral Hepatitis ဘယ်နှစ် မျိုး ရှိသလဲ မသိသော၊ (နယ်စပ် ဝေးလံဒေသ တာဝန် ထမ်းဆောင် သဖြင့် ဝန်ကြီး စိတ်တိုင်းကြ ရွေးချယ်) ရောဂါ ဆေးပညာ အခြေခံ ခေါင်း ထဲ တွင် မရှိတော့ သော ဆရာဝန် များသာ ရွေးချယ် တော့ သည်။ အခြား ဌာနများနည်းတူ ကျန်းမာရေးဌာနသည်လည်း ပျက်စီးခဲ့သည်မှာ ဘွဲ့လွန်ရွေးချယ်၊ ဝန်ထမ်း နေရာချထားရေး အစုံပါဝင်သည်။ ဆေးကျောင်းတွင် ကျောင်းသား ဘဝ ပြီးနောက် အလုပ်သင် နှင့် M.Med.Sc ဘွဲ့လွန်များ အတွက်မူ Training Curriculums သေသေချာချာ မရှိပါ။ သည်အချက်သည် UK, USA training နှင့် အဓိက ကွာခြားချက် ဖြစ်သည်။ ဆေးထိုး သွေးဖေါက်သာ အဓိက ခိုင်းနေပါက တောက်တို မယ်ရ လုပ်သားသာ ဖြစ် လာမည်။ ဘွဲ့လွန် များကိုမူ စာပိုသင်သင့်သည်။ 
           သို့ဖြစ်၌ သည် level တွင် ပိုမို ပြုပြင်သင့်သည်။ နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ပိုက်ဆံ တပြားမျှ ပို မကုန်သွားပါ။
၁) အဖြစ်များသော၊ အသက်အန္တရာယ် ရှိနိုင်သည့် ရောဂါ e.g. Stroke, DKA, Acute Myocardial Infarct (လေဖြတ်၊ ဆီးချို အဆိပ်သင့်၊ နှလုံးသွေးကြောပိတ်) များကို Protocol/guideline, checklist များ ချမှတ်ခါ ကုသသင့်သည်။ စာရွက်ဖိုးသာကုန်မည်။ ပထမ အကျိုးအမြတ် အနေဖြင့် လူနာကို မြန်ဆန်စွာ ကုသမှု ပေးနိုင်မည်။ စက္ကန့် တိုင်းသည် အရေးကြီးသည်။ ဒုတိယအနေဖြင့် တပြေးညီ treatment ပေးနိုင်မည်။ ဥပမာ ဂုဏ်ထူးရ ကျောင်းသား၊ဆရာဝန်က ဆေး ၈ မျိုး စရန် သိပြီး တခြား supple ဖြင့် ကပ်အောင်လာသူက ဆေး ၄မျိုးသာပေးလျှင် လူနာအတွက် မကောင်း နိုင်ပါ။ သည် အချိန်သည် ဉာဏ်စမ်း ပဟေဋ္ဌိ  လုပ်ရမည့် အချိန် မဟုတ်ပါ။
၂) လူကြီးများကလည်း ego များကို လျှော့ပြီး တိုင်းပြည် အနာဂါတ် အတွက်၊ လက်အောက် ငယ်သား တပည့်များ လုပ်ငန်းခွင် ပျော်လာအောင်၊ အနာဂါတ်မဲ့ ဖြစ်နေသည် မထင်ရအောင် လုပ်ဆောင်သင့်သည်။ ဥပမာ ဆရာဦးညွှန့်သိန်း ကဲ့သို့ MRCP exam ကို မြန်မာပြည်သို့ ခေါ်ဆောင်လာပြီး အားလုံး ဖြေဆိုနိုင်အောင် လုပ်ဆောင်ခြင်းသည် ဂုဏ်ယူစရာပင် ဖြစ်သည်။ MRCP သည် လူကြီးသားသမီးတို့အတွက်သာ မဟုတ်တော့။ အထက်တွင်ဖော်ပြခဲ့သော FRCS exam ဖြစ်ရပ်များနှင့် ယှဉ်လျှင် “ဆီနှင့်ရေ” ကွာခြားလှ၏။ ထို့ပြင် အစိုးရ အနေဖြင့်လည်း ပိုက်ဆံ တပြားမျှ ပို မကုန်သွားပါ။
၃) သည် အချက်သည် အရေးအကြီးဆုံး ဖြစ်သည်။ နိုင်ငံတော်မှ Technology & Training ကို တတ်နိုင်သမျှ ပံ့ပိုးလာချိန် (ယခင်ကလို အနာဂါတ်မဲ့ နှစ်၄၀-၅၀၊ ၁၉၆၂-၂၀၁၀ ခန့်) ဆရာဝန် များကလည်း ရှေးရိုးကျသော်လည်း အမြဲ လိုအပ်နေဆဲ ဖြစ်သည့် Knowledge (Human Resources) ကို အမြင့် ဆုံး ရှိနေစေရမည်။ ၁၀တန်း အောင်ပြီးသူတိုင်း English စာဖတ်တတ်ပါသည်။ Text book ဆိုသည်မှာ ကျောင်းသားဘဝကတည်းမှ ဖတ်ရန် ဖြစ်သည်။ ပျော်လျှင်လည်း စာဖတ်ပါ။ စိတ်ညစ်နေလဲစာဖတ်ပါ။ မတရား အလုပ်ခံလိုက်ရလည်း စာဖတ်ပါ။ ကိုယ်ကသာ ပညာပြည့် လျှင် တကမ္ဘာလုံး ဘယ်သွားသွား အလုပ် လုပ်လို့ရပါသည်။  
နိဂုံး
        မနာလို ဖြစ်နေသူများ အတွက် အသက် ရွယ်တူ ဖြစ်သည့် Ko Kyaw Soe Win (KSW)  vs. Ko Htut Kyaw Win (HKW) တို့ကို နှိုင်းယှဉ်ပြပါမည်။ နှစ်ဦးလုံး မှာ အသက် ၄၅ ခန့်ရှိပြီး ဆေးကျောင်း ပြီး သည်မှာ နှစ် ၂၀ နီးပါး ရှိသည်။ ကျောင်းများ သာ ၃-၄နှစ် မပိတ် ပါက အလုပ်လုပ်ရန်၊ လူနာများကို ကူညီနိုင်ရန် ၃-၄နှစ်ပိုမည် ဖြစ်သည်။. 
KSW ကျောင်းပြီးသည့် အချိန်တွင် အလုပ်ဝင်သည်ဟု ယူဆပါသည်။ မြန်မာ နိုင်ငံ၏ စနစ် အရ ပထမ ဘွဲ့လွန် တက်ရပါသည်။ Training က ၂နှစ်ကြာသည် ဟုထင်သည်။  ဘွဲ့လွန် တက်ခွဲ့ မရမှီ ၂-၃ နှစ် စောင့်ရသည် ဟုထင်သည်။ (အဘယ်ကြောင့် မူ မရှင်းပါ။ လူကြီးများ အလိုဟုသာ ဆိုပါစို့။ ) ဘွဲ့ လွန် ပြီးသွား ချိန် တွင်မူ Interventional Cardiology ပေါ်လာပြီး (ကြား ကာလ မည်မျှ စောင့်ရသည် တော့ မသိပါ။) Singapore, England တွင် training ရခဲ့ပြီး ၂၀၁၃ တွင်တော့  PCI ကို မြန်မာပြည် တွင် Independent လုပ် နိုင်သည်။ ကျောင်း ပြီးချိန်မှ သူ ဝါသနာ ပါရာ လုပ်ရဖို့ ၁၈ နှစ်ခန့်စောင့်ရသည် ဟု ထင်သည်။
HKW မှာမူ ကျောင်းပြီးသည် နှင့်   England သွား ပြီး  MRCP မြန်ဆန်စွာ အောင်မြင် ခဲ့ပြီး အလုပ်လုပ် နေသည် ဟု ယူဆသည်။ ထို့နောက် အခွင့်အလမ်း ပိုရသည့် United States သို့ရောက်လာသည်။  (တချက်ထောက်ပြလိုသည်မှာ စွန့်စားကာ ပြည်ပ ထွက်ခဲ့သူတိုင်း ပန်းခင်းလမ်း လျှောက်ရသည် မဟှတ်။ ဒေါ်လာ ၁၀၀၊ ၁၀၀၀ စသည်ဖြင့် ကုတ်ကပ်စုလာပြီး Comfort zone မှ ထွက်ခါ လာခဲ့သည်။ England သို့ Non-EU countries မှလာသူများ အလုပ်ရ၇န် ခက်ခဲတတ်သည်။ ) US တွင် Another entry level   ဖြစ်သည့်  USMLE ထပ်မံ ဖြေဆိုရပြီး fellowship training – Interventional cardiology (4years) ကို ၂၀၀၈ တွင် training ပြီးဆုံး သည်။ သူ ဝါသနာ ပါ ရာ လုပ်ဖို့ ၁၄နှစ် စောင့်ရသည်။
၁၈နှစ် နှင့် ၁၄နှစ်၊ ၄ နှစ်သာ ကွာသည်ကို အဘယ်ကြောင့် ပြောမဆုံးအောင်ဖြစ်နေကြသနည်း။ နှစ်ဦးစလုံးမှာ ခေတ်ဆိုး၏ သားကောင်များသာ။ သို့မဟုတ်ပါက Interventional Cardiology Training သည် USA တွင်၇နှစ်သာ အများဆုံးကြာမည်။ အခြားတိုင်းပြည်တွင် သင်ကြားပါက ထိုမျှပင် မကြာနိုင်။   ငွေကြေး အတွက် ဆို လျှင် KSW, HKW တို့ ၁၄-၁၈နှစ် လုံးပါးစရာမလို။ စီးပွားရေး လုပ်သည့် အတန်းဖော် သူငယ်ချင်း အချို့ ဒေါ်လာ သန်းကြွယ် သူဌေး ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ် တခု မကတော့ပါ။ 
         ကျွန်ုပ်သည် သန်းကြွယ် သူဌေး သား မဟုတ်ပါ။  တာဝန်ထမ်းဆောင်ချိန် ရသော လစာသည် လူနာအတွက်ပင် ဆေးဝယ် လို့ မလောက်ပါ။ ကျွန်ုပ်တို့၏ Professor တဦး ထွက် ခွင့် တောင်း ချိန် တွင် “ကျမသည် နိုင်ငံတော်မှ စေလွှတ်သော ပညာတော်သင် ပြီး ချိန် နောက်ပိုင်း နှစ်ပေါင်း များစွာ တာဝန်ထမ်းဆောင် ပြီးပြီ။ ယခု ရရှိနေသော လခ သည် သူမ၏ ယဉ်မောင်း လစာ ပင် မရှိသဖြင့် ထွက်ခွင့် တောင်း ပါ သည်။” ထိုခေတ်ကို ရုပ်လုံးပေါ်စေသောစကား ဖြစ်သည်။ သူသည် Basic Science ဆရာ ဖြစ်သဖြင့် ဆေးခန်း မထိုင်ပါ။ ကျန်းဦးစီး အနေဖြင့်မူ ဆရာဝန် မှန်သမျှ “ဘုရားကျွန် (အသက်ရှိသရွေ့ စေလိုရာစေပိုင်ခွင့်ရှိ)” ဟု သဘောထားပုံ ရသည်။ မည်သူမျှ ဆေးကျောင်း တက်ချိန်၊ အလုပ် ဝင်ချိန် တွင် ၁ နှစ်၊ ၁၀ နှစ်၊ တသက်လုံး စသည်ဖြင့် ကတိခံဝန်ချက် မပေးခဲ့သော်ငြား ကျန်းဦးစီး အနေဖြင့် ထွက်ခွင့်ပေး ခြင်း သည် they are doing us  a big favor ဟု ထင်ပုံ ရသည်။
ပထမတွင် ကျွန်ုပ် သည် ဆိုးဝါးသော စနစ်ကြောင့် ကျွန်ုပ် အပါအဝင် ဆရာဝန် များ ၏ အနာဂါတ် ကို စိတ်ပူမိသည်။ ဒုတိယ အနေဖြင့် အသက်ကြီးလာသော မိဘ များ အတွက် ကျန်းမာရေး၊ သားသမီး များ ရှိ လာ လျှင် ပညာရေး အတွက် စိတ်ပူ၏။ ယခုနောက်ဆုံးတွင် ကျွန်ုပ် ၏ Senior, teacher များ ထွက်ခွင့် ကန့်သတ် ခံရသော အခါ နောက်ကျသည့်ခြေထောက် သစ္စာဖောက် ဟုသာ ထင်မြင်မိပါတော့လေသတည်း။      ။ 
(ဟောသည်က (ဗွိုက်စ်ဂျာနယ်မှာ ပါတဲ့ဆောင်းပါး) စာကို ဖတ်ရှုပြီးနောက် ရေးသည်ဟု ဆိုပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts