ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

“အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်း” အပေါ် သဘောထားကြေငြာချက်
စာအမှတ် – ဝ၂/နာကူ/စီမံ/ကြေငြာချက်/၂ဝ၁၃
ရက်စွဲ      – ၂ဝ၁၃၊ စက်တင်ဘာလ (၁) ရက်


ပြည်ထောင်စုမြန်မာနိုင်ငံတွင် ၁၉၆၄ ခုနှစ်မှစ၍ အသင်းအဖွဲ့များအား ကန့်သတ်ထိန်းချုပ်သည့် ဥပဒေပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကို တော်လှန်ရေးကောင်စီက ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေး ကာကွယ်သည့်ဥပဒေဟူ၍ အမည်တပ်ခဲ့သည်။ ဖြစ်ရပ်မှန်မှာ – ပုဂ္ဂိလက အဖွဲ့အစည်းများ၏ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်ကြောင်း အများသိရှိပြီးဖြစ်သည်။ အမျိုးသားစည်းလုံးညီညွတ် ရေးကို အကြောင်းပြ၍ နိုင်ငံရေးအဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပြီး ထိုအဖွဲ့အစည်းပိုင်းပစ္စည်းများ၊ ငွေများ နှင့် စာရွက်စာတမ်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့သည်။ သို့သော် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီနှင့် ယင်းပါတီ၏ ဦးဆောင်မှုခံယူသော အဖွဲ့အစည်းများမပါခဲ့သည်ကို တွေ့ရသည်။ ခွင့်ပြုချက်မရှိဘဲ အဖွဲ့အစည်းတစ်ရပ်ရပ်တွင် ဆက်လက်ပါဝင်လုပ်ကိုင်လျှင် (၅) နှစ်အထိ ထောင်ဒဏ်စီရင်ခြင်း ခံရနိုင် ကြောင်းကို တွေ့ရသည်။
၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင်လည်း အသင်း အဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အသင်းအဖွဲ့အမည် သီးခြားရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ရည်ရွယ်ချက်တစ်ခုခုအတွက် (သို့မဟုတ်) လုပ်ငန်းစဉ်တစ်ခုခုအတွက် လူအများစုပေါင်းဖွဲ့စည်း ထားသော အသင်းအဖွဲ့၊ အစည်းအရုံး၊ သမဂ္ဂပါတီ၊ ကော်မတီ၊ အဖွဲ့ချုပ်၊ အသင်းစု၊ တပ်ဦး၊ ကလပ်နှင့် အလားတူ အသင်းအဖွဲ့များကို ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနသို့ ဖွဲ့စည်းခွင့်ရရှိအောင် လျှောက် ထားရန် ပြဋ္ဌာန်းခဲ့သည်။ ခွင့်ပြုချက်မရဘဲ အသင်းအဖွဲ့များဖွဲ့စည်းခြင်း၊ လှုပ်ရှားခြင်းအပေါ် ကန့်သတ်ခဲ့ သည်။ ပြစ်ဒဏ်မှာ တော်လှန်ရေးကောင်စီဥပဒေအတိုင်း ထောင်ဒဏ် (၅) နှစ်ထိဖြစ်သည်။
ယခု အစိုးရသစ်လက်ထက်တွင် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ထုတ်ပြန်ခဲ့ပြန်ပါသည်။ ထိုဥပဒေကြမ်းသည် ယခင်ဥပဒေများနှင့် မခြားကန့်သတ်မှုပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထောင်ဒဏ် (၅) နှစ်အစား (၃) နှစ်ပြောင်းသွားသည်ကို တွေ့ရသည်။
ထို ၁၉၈၈ ခုနှစ်ဥပဒေသည် ယနေ့တိုင် အတည်ပြုလျှက်ရှိသည်ကို တွေ့ရသည်။ ယခုအစိုးရသစ် လက်ထက်အထိ မပယ်ဖျက်ဘဲ ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်လျှက်ရှိသည်။ ဒီမိုကရေစီနည်းလမ်း မကျ ပဲ ပြည်သူတို့အကျိုးမရှိသော ၄င်းဥပဒေကို လုံးဝဖျက်သိမ်းသင့်ပါသည်။
အဓိက အသိပေးလိုသည်မှာ – “ယင်းဥပဒေကို ပြဋ္ဌာန်းရန်လိုအပ်ပါသလား” မေးခွန်းကို စဉ်းစား ဆွေးနွေးလိုခြင်းဖြစ်သည်။
ခေတ်အဆက်ဆက်တွင် အကြောင်းကြောင်းကြောင့် အသင်းအဖွဲ့ဖွဲ့စည်းခြင်းကို ကန့်သတ်ထိန်း ချုပ်ခြင်းပြုသည်ကို တွေ့ရသည်။ ယခုအစိုးရသစ်လက်ထက်တွင် အတည်ပြုပြဋ္ဌာန်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ထိုသို့ ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ခွင့်ရှိသည်ဟု ကျွန်ုပ်တို့ မယုံကြည်ပေ။
တရားဥပဒေစိုးမိုးမှုရှိသော နိုင်ငံတစ်နိုင်ငံတွင် တည်ဆဲအရ မည်သည့်အဖွဲ့အစည်းမဆို ရိုးဖြောင့် မှန်ကန်မှုမရှိပါက တည်ဆဲဥပဒေများအရ တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်နိုင်ခြင်းများ ရှိနေပြီးဖြစ်သည့် အတွက် အသင်းအဖွဲ့များအတွက် ထပ်မံ၍ “နှစ်ထပ်ကွမ်း” ဥပဒေပြဋ္ဌာန်းရန် လိုအပ်သည်ဟု မယုံကြည်ပါ။
ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အဘက်ဘက်မှ နိမ့်ကျနေသော မြန်မာနိုင်ငံတွင်းရှိ လူအများစုအတွက် တာဝန်မရှိသော်လည်း တာဝန်သိ၍ အနစ်နာခံ ပေးဆပ်နေကြသော အောက်ခြေလူထု အခြေပြုလူမှုရေးအဖွဲ့အစည်းများအား ချုပ်ချယ်ကန့်သတ်မှုများ ပြုလုပ်ခြင်းသည် “မွန်မြတ်သောစိတ်ဓါတ်” ဖြင့် လူမှုရေးနှင့် ပရဟိတလုပ်ကိုင်လိုကြသော “မျိုးဆက်သစ်” များအတွက် ဖိနှိပ်ချုပ်ချယ်မှုများဖြစ်သည့် အတွက် ဥပဒေထပ်မံ ထုတ်ပြန်ရန် မလိုအပ်ဟု ယူဆပါသည်။
ဥပဒေအသစ် မဖြစ်မနေ ပြဋ္ဌာန်းမည်ဆိုပါက မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော အပိုင်းထက် မပိုသင့်ဟု ယူဆပါသည်။ အသင်းအဖွဲ့များအပေါ် မှတ်ပုံမတင်မနေရမဟုတ်ဘဲ မှတ်ပုံတင်လိုက တင်နိုင် သည့် ပြဋ္ဌာန်းမှုမျိုးသာ ဖြစ်သင့်ပေသည်။ မှတ်ပုံမတင်မနေရ ကန့်သတ်ခြင်း၊ အသင်းအဖွဲ့၏လှုပ်ရှားမှုအား ကန့်သတ်ထိန်းချုပ်ခြင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်သတ်မှတ်ခြင်းများ မပြုသင့်ကြောင်း ကျွန်ုပ်တို့ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ သဘောထား ကြေငြာအပ်ပါသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts