Uncategorized

Ashin Nanika – Peaceful Mind

ငြိမ်းချမ်းတဲ့ စိတ် 
အရှင်ဉာဏိက၊ စက်တင်ဘာ ၄၊ ၂၀၁၃

တခါက လယ်သမားတစ်ယောက်ဟာ ကောက်ရိုးပုံကြားမှာ သူ့နာရီ ကျပျောက်သွားခဲ့တယ်။ ဒီနာရီက သူ့အတွက် အလွန်တန်ဖိုးကြီးတဲ့နာရီပါ။ မွေးနေ့လက်ဆောင်အဖြစ် လွန်ခဲ့တဲ့နှစ်က ဆုံးသွားတဲ့သူ့ဇနီးက မှတ်မှတ်ရရ ပေးခဲ့တဲ့ တစ်ခုတည်းသောလက်ဆောင်မွန်ပေါ့။

သူ့ချစ်ဇနီးရဲ့ ဒီလက်ဆောင်နာရီလေးကို သူ့လက်မှာအမြဲတမ်းပတ်ထားရရင် သူ့ဇနီးဟာ သူနဲ့အမြဲမကွာရှိနေတယ်လို့ ခံစားမှုကို ဖြစ်စေတယ်လေ။ သူ့အဖို့တော့ ဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ နာရီလေးပေါ့။

တနေ့မှာတော့ တလင်းထဲမှာ အလုပ်လုပ်နနရင်း ကောက်ရိုးကြားမှာ သူ့နာရီလေး ကျပျောက်သွားခဲ့တယ်။ တောင်လိုပုံနေတဲ့ ကောက်လှိုင်းနဲ့ ကောက်ရိုးတွေကြား သူ့နာရီလေးကို ပြန်လည်ရှာဖွေတွေ့နိုင်ဖို့က အခက်တကာ့ အခက်ဆုံးတစ်ခုဖြစ်နေခဲ့တယ်လေ။ ကောက်ရိုးပုံကြား အပ်ပျောက်ရှာရသလို ဆိုတဲ့စကားကို ကောင်းကောင်းသဘောပေါက်ရပြီပေါ့။

ဒါပေမယ့် ကွယ်လွန်သွားတဲ့ ချစ်ဇနီးရဲ့လက်ဆောင်မို့ ကောက်ရိုးပုံကြားကို အထပ်ထပ်အခါခါ အထက်အောက် လှန်လှောလို့ ကြိုးစားပြီး ရှာခဲ့တယ်။ သို့ပေမယ့် နာရီလေးကိုတော့ ပြန်မတွေ့ရတော့ပါဘူး။

ဒါကြောင့် နောက်ဆုံးမျှော်လင့်မှုအဖြစ် ကောက်ရိုးပုံတွေကြားမှာ တူတူပုန်းတမ်း ကစားနေတဲ့ ကလေးငယ်တွေကို သူ့အဖြစ်ကို ပြောပြခဲ့တယ်။ နောက်ပြီး သူတို့ကိုလည်း ဝိုင်းဝန်းရှာဖွေပေးဖို့၊ ရှာတွေ့ခဲ့ရင် တွေ့တဲ့သူကို ဆုကောင်းကောင်းချမယ်လို့လည်း ပြောလိုက်တယ်။

ဆုကောင်းကောင်းရမယ်ဆိုတော့ ကလေးတွေလည်း ကောက်ရိုးပုံကြား နေရာအနှံ့ ကြိုးစားရှာဖွေကြတယ်။ ဒါပေမယ့်လည်း နာရီလေးကိုတော့ ဘယ်သူမှ ပြန်မတွေ့နိုင်ခဲ့ကြပါဘူး။

ဒီလိုနဲ့ သူတို့အားလုံး လက်မြှောက်အရှုံးပေးကြတော့မယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီအချိန်မှာပဲ ကလေးငယ်တွေထဲက တစ်ယောက်က သူနောက်တကြိမ်ကြိုးစားကြည့်မယ်။ အားလုံး ဒီနေရာကနေ ခဏထွက်ခွါပေးကြပါလို့ ပြောလိုက်တယ်။ နာရီပိုင်ရှင်နဲ့ ကလေးငယ်အားလုံးလည်း သူဘယ်လိုများကြိုးစားမလဲဆိုတာ သိချင်ကြလို့ သူပြောသလိုပဲ ခဏထွက်ခွါပေးခဲ့ကြတယ်။

အနားမှာ ဘယ်သူမှမရှိလို့ တိတ်ဆိတ်ငြိမ်သက်သွားတော့ ကလေးငယ်က ကောက်ရိုးတွေကြားက မြေပေါ်ကို နားကပ်ထောင်လိုက်တယ်။ ဒီတော့ နာရီလေးရဲ့ စက္ကန့်လက်တံ လည်ပတ်တဲ့အသံကို သဲ့သဲ့ကြားလိုက်ရတယ်။ အသံကြားရာနေရာက ကောက်ရိုးနဲ့စပါးအချို့ကို ဖယ်ရှားလိုက်တဲ့အခါမှာတော့ နာရီလေးကို တွေ့လိုက်ရတယ်။

ဟော ဒီမှာတွေ့ပြီလို့ အော်ပြောလိုက်တဲ့အခါမှာတော့ နာရီပိုင်ရှင်နဲ့ သူ့ကစားဖော် သူငယ်ချင်းတွေက အပြေးအလွှား ရောက်လာကြတယ်။ သူတို့အားလုံး အရမ်းလည်း အံ့သြသွားကြတယ်။ သူတို့တွေ ဘယ်လိုမှ မရှာနိုင်ခဲ့တဲ့ ဒီနာရီလေးကို ဘယ်လိုလုပ်ပြီး ရှာခဲ့သလဲလို့လည်း တစ်ယောက်တပေါက် ၀ိုင်းမေးကြတယ်။

သူဘာမှ ထွေထွေထူးထူး မလုပ်ခဲ့ကြောင်း၊ မြေပေါ်မှာအသာနားကပ်ပြီးသာ နားထောင်ခဲ့ကြောင်း၊ အလွန်တိတ်ဆိတ်ငြိမ်သက်ချိန်မှာ တစ် တစ် တစ်ဆိုတဲ့နာရီသံကို ကြားရကြောင်း၊ အသံကြားရာနေရာကိုသွားပြီး နာရီကိုကောက်ယူရုံသာ ကောက်ယူခဲ့ကြောင်း ရှင်းပြခဲ့တယ်။

ဒီပုံပြင်လေးကနေပေးလိုက်တဲ့ အသိကတော့

တိတ်ဆိတ်ငြိမ်းချမ်းတဲ့စိတ်ဟာ လှုပ်ရှားနေတဲ့စိတ်ထက် ပိုမိုပြီး မှန်မှန်ကန်ကန် တွေးခေါ်နိုင်ပါတယ်။ ဒါကြောင့် မိနစ်အနည်းငယ်လောက်ပဲဖြစ်ဖြစ် နေ့စဉ်မှန်မှန် စိတ်ကိုငြိမ်သက်နေအောင် အနားပေးလိုက်ပါ။ အနားရတဲ့ စိတ်ဟာ စိတ်အားသတ္တိတွေ ဘယ်လောက်ပိုကောင်းလာတယ်ဆိုတာ ကိုယ်တိုင်တွေ့ရပါလိမ့်မယ်။

တည်ငြိမ်အေးချမ်းတဲ့စိတ်ကလေးက နေ့စဉ်ဘ၀ရဲ့ လှုပ်ရှားမှုတွေမှာ ဘယ်လောက်တောင် အထောက်အကူဖြစ်စေတယ်ဆိုတာကိုလည်း တွေ့ရပါလိမ့်မယ်။ ကိုယ်မျှော်လင့်ထားတာထက်ကိုပဲ ပိုလို့ပင် ကောင်းကျိုးတွေကို ဖြစ်ထွန်းစေနိုင်တယ်ဆိုတာကိုလည်း သိလာနိုင်ပါလိမ့်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts