Min Kyaw Khine – Me and My Musician Heroes (2)

ကျနော်နဲ့ ဂီတသူရဲကောင်းများ အပိုင်း (၂)
မင်းကျော်ခိုင် (ပန်းချီ)
မိုးမခမှ ပြန်လည်တင်ဆက်သည်၊ စက်တင်ဘာ ၅၊ ၂၀၁၃
 Electronic Machine တေးဂီတအဖွဲ့ (Circa ၁၉၇၄-၇၅)
ဝဲမှယာ – ရဲလွင်၊ စိုးပိုင်၊ နောင်နောင် ။ ဓာတ်ပုံ မျှဝေသူ – ရဲကျော်စွာ
သီရိဆောင်ပွဲနေ့ကျတော့ ကိုစိုးပိုင်ကို ကျနော် တယောက်တည်း သူ့အိမ်သွားခေါ်ရတယ်။  သူ့ အိမ်ရောက်တော့ ခဏ စောင့်ပါဦး၊ ကိုယ် နည်းနည်း တင်လိုက်ဦးမယ် ဆိုလို့ ခဏ ထိုင်စောင့်ရတယ်။  ခဏနေတော့ ချာတိတ် တယောက်က ပုလင်း လာပေးတယ်။  ကျနော် တို့ခေတ်က BE ပေါ့ဗျာ။  တပိုင်းတည်းပါ။  “မင်း ကော ချဦးမလား” လို့ မေးတော့ “ကိုစိုးပိုင်ပဲ ချပါဗျာ” လို့ပဲပြောလိုက်ပြီး သူ့ကို ကျနော် ကြည့်နေလိုက်တယ်။  ဘီအီး တပိုင်းကို ပဲလှော်လေးဝါး သောက်နေတဲ့ ကိုစိုးပိုင်၊ အပေါ်အဖြူ၊ အောက်က ဘောင်းဘီကလည်း အဖြူ၊ ကုတ်အင်္ကျီကလည်း အဖြူ…။
“အိုကေ… သွားကြစို့” ဆိုတော့ ကျနော် ငှားလာတဲ့ လေးဘီး ရှေ့ခန်းမှာ သူ့ကို ထိုင်ခိုင်းပြီး ကျနော်က နောက်က သီရိဆောင်ကို ချီတက်ကြတယ်။  အဆောင်ရှေ့ရောက်တော့ သီရိဆောင်သူ ပျိုပျိုချောများ က ကြိုလို့စောင့်လို့ ..။  “ဟယ် ကိုစိုးပိုင်လာပြီ…” ဆိုပြီး ဝိုင်း ကြိုကြတယ်။  ဒါပေမယ့် ကိုစိုးပိုင်က ကျနော့် အနားကပ်ပြီး “ကိုယ် အပေါ့သွားချင်တယ်” လို့ပြောလာတယ်။  ခုနက သောက်ထားတာတွေ ရွှေပြွန်က သွန်တော့မယ်လေ။  ဒါနဲ့ အကြိုတော်တွေကို အိမ်သာ လိုက်ပို့ခိုင်းလိုက်ရတယ်။
အဲဒီညက ကိုစိုးပိုင် သီချင်း (၆) ပုဒ် မနားတမ်း ဆို သွားခဲ့တယ်။
သူ့ဆန္ဒမို့မငြင်းရက်ဘူး၊ သံစဉ်/စာသား – ကိုနေဝင်း၊ တေးဆို – စိုးပိုင် (၁၉၈၂)
ကျန်တဲ့ အဆိုတော်တွေ မှတ်မိတာဆိုရင် မေခလာ၊ ဟေမာနေဝင်း၊ ကံ့ကော်တောမျိုးအောင်။
အဆာင်က ကျူတာ မမချို ကို ကျနော် ကြိုပြောထားလို့ ကိုစိုးပိုင် အတွက် လက်ဆောင် အပြင် သူ့ဇနီး မညို အတွက် ချိတ်ထမီ တထည် လက်ဆောင် ပေးလိုက်ကြပါတယ်။  ကျနော့် အတွက်က ၅ ကျပ်တန် လက်ကိုင်ပဝါ ၁ ထည်။  ဒါပေမယ့် ကျနော်ဝတ်ထားတာက ဂျင်းဘောင်းဘီနဲ့ အဲဒီခေတ်က ခေတ်စားတဲ့ catalogue shoes လည်ရှည်နဲ့ ပေါ့ဗျာ။  သီရိဆောင် Fan Fair တုန်းက မရွှေချောတို့ ကောင်းမှုနဲ့ ရတဲ့ ဘတ် ထားတဲ့ပိုက်ဆံနဲ့ ဝယ်ထားတာလေ။
ကြားဖြတ်ပြီး မိုးကျော်အကြောင်း ရှင်းပြချင်ပါတယ်။  မိုးကျော် မွန်းအောင်ဆီမှာ သွားနေတယ်ဆိုတာ မဟုတ်ခဲ့ပါဘူး။  မိုးကျော်က ညဘက် အဆောင်မှာ ဂစ်တာတီးပြီးရင် မွန်းအောင်ရဲ့သူငယ်ချင်း နော်ဂျာ နေတဲ့ ပညာရေး တက္ကသိုလ်ဝင်းထဲက နဝဒေး အမျိုးသား အဆောင်မှာ သွားသွားအိပ်တတ်တယ်။  သူ အနေများ ခဲ့တာက ရန်ကုန်တက္ကသိုလ်ဝင်းထဲက Judson ဘုရားရှိခိုး ကျောင်းနားက ဆရာ အိမ်တအိမ်ဖြစ်တဲ့ အာသာကိုလေး တို့ အိမ်ပါ။  အာသာကိုလေးရဲ့ သားတွေဖြစ်တဲ့ ကိုကို၊ ညီညီတို့နဲ့ သွားနေခဲ့တာပါ။  နောက်တချက် ကျနော်ပြန်ရှင်းချင်တာက ကျနော်ရေးတဲ့ထဲမှာ မွန်းအောင် ရဲ့ သူငယ်ချင်း Bass ဂစ်တာ သမား ဂွတို ဟာ ဗိုလ်ချုပ်ဂွမ်မော် လို့ ရေးခဲ့မိတဲ့ကိစ္စပါ။  တကယ်တော့ မဟုတ်ပါ။  KIA G-1 R ခေါင်လွမ်း ဖြစ်ပါတယ်ဆိုတာ ပြန်ပြင်ပါရစေ။  ကျနော့် အမှားပါ။  လေးစားစွာနဲ့ တောင်းပန်ပါတယ်။
မွန်းအောင်နဲ့ ကိုရဲတို့ စတွေ့ခဲ့ကြတာက အင်းစိန်မှာ နေတဲ့ အဆိုတော် ဂျမ်ဘို့ အိမ်မှာပါ။  ဂျမ်ဘို ဆိုတာက စိုင်းထီးဆိုင်ရဲ့ “စတ္တဇအလွမ်း” စီးရီးမှာ တွဲဆိုခဲ့သူပါ။  “အရင်တခါနေလာခဲ့တဲ့ ဘဝ ကို ပြန်နေချင်သေးတယ်” ဆိုတဲ့ ဂျမ်ဘို။
အရင်လိုဘဝမျိုးရောက်ချင်တယ်၊ သံစဉ်/စာသား – ဆလိုင်းဆွန်ကျဲအို၊ တေးဆို – ဂျမ်ဘို (၁၉၇၇)
မိုးကျော်အဆောင်တွေမှာ ညဘက် ဂစ်တာ လာလာ တီးတဲ့အခါ တခါတလေ ကျ Ground Sheet အခင်းနဲ့ ရေနွေးဘူးနဲ့ လာတတ်တယ်။  သူအမြဲဆိုနေကြက တေးမြုံငှက်၊ နောက်တပုဒ်က ကော်ပီသီချင်း။  မှတ်မိတဲ့စားသားတွေက “နေညိုချိန်မှာ ရေးခပ်ဆင်းတဲ့ တောဓလေ့ဟာ၊ ပုလွေသံရှည် ရေတွင်းနားမှာဝေ၊ လပြည့်ညမှာ စကားဝိုင်းဖွဲ့ကာ အကြမ်းအိုးလေးနဲ့ ပျော်ရွှင်စရာ…။
သူနဲ့ ကျနော် စာမေးပွဲ ကျခဲ့ကြပေမယ့် စာပေးစာယူ ပြောင်းတက်ကြမယ်ဆိုပြီး တိုင်ပင်ခဲ့ကြသေးတယ်။  ဘိုတင့် (ရာပြည့်) အသံသွင်းတဲ့ မေ စတူဒီယိုမှာ “နဒီမင်္ဂလာ” သွင်းတော့ ကျနော်တို့ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်း အတူရှိကြတယ်။  အဲဒီအခွေမှာ သီချင်းအချို့က ကိုမောင့်သီချင်းတွေ၊ “ပန်းဇာတ်သိမ်း” အပါအဝင်ပေါ့။
ဟာမိုနီ ဆိုအလှည့်ရောက်တော့ ကျနော်တို့ သူငယ်ချင်းအားလုံး Vocal ခန်းထဲဝင်ပြီးဝိုင်းအော်လိုက်ကြတာ အသံဖမ်းနေတဲ့ ကိုရဲခေါင် တော့စိတ်ညစ်မှာပဲလို့ ခုမှ ပြန်တွေးမိတယ်။  တကယ်တော့ သူအသံမဖမ်းခဲ့ပါဘူး။   တယောက် တပေါက် ကောင်းကောင်းနဲ့ ဝိုင်းအော်နေကြတာကိုး။  ခဏနားတဲ့အချိန်ကျတော့ အသံသွင်းခန်းမအပြင် ခြံထဲမှာ ကိုဗစ် (ကိုဇာလျန်း)၊ Drumer အော်စကာသန်းတင်တို့ မိုးကျော်တို့ ကက်ဆက်ဖွင့်ပြီး သီချင်းတွေနားထောင်နေကြတယ်။  (အဲဒီခေတ်က ကက်ဆက်ခေတ်ကိုး)။
သူတို့ တဝိုင်းထဲ အတူတီးနေကြပေမယ့် အကြောင်း ကိစ္စမရှိရင် တယောက်နဲ့တယောက် သိပ်စကားမပြောကြဘူး။  ကိုယ့် အတွေးနဲ့ ကိုယ်ပဲနေကြတာ။  ခဏနေတော့ ကိုရဲခေါင်ကလှမ်းမေးတယ်။  အတီးပိုင်းမှာ ဘယ်သူတွေ ဘာတွေထပ်ဖြည့်ချင်ကြသေးလဲ တဲ့။ အဲဒီမှာ မိုးကျော်က ကျနော်ထပ်လိုက်ချင်သေးတယ်ဆို လို့ ကျနော်ပါ မိုးကျော်နဲ့ အတီးခန်းထဲ သူတီးတာ လိုက်နားထောင်တယ်။  မိုးကျော်က အဲဒီတုန်းက Second Lead တီးတာ၊ Lead တီးတာက ပက်ထရစ်၊ မိုးကျော်က သူ့ ဂစ်တာနဲ့ သူလိုမယ်ထင်တဲ့နေရာတွေမှာ Slide လိုက်ဖြည့်တာ။
နာမည်ပျက်လူဆိုး၊ သံစဉ်/စာသား – ကိုမောင်မောင်၊ တေးဆို – ရာပြည့်၊ တေးစု – နဒီမင်္ဂလာ (၁၉၈၄)
၁၉၈ဝ မှာ ကျနော်တို့ ဒေသကောလိပ် အမှတ်(၂) မှာ ပန်းချီပြပွဲလုပ်ကြတယ်၊ ကျောင်းပြပွဲပေါ့။  ကျနော်ရယ်၊ လူရွှင်တော် ပိန်ပိန် (ခေါ်) အောင်ကျော်ဦး (စိန်ဂျွန်း) သူကတော့ ကျောင်းမဂ္ဂဇင်းမှာ နံမည်ကြီးပေါ့။  ဓာတ်ပုံ ဒီဇိုင်းတွေလုပ်ပြီး သူ့နံမည် ဂျွန်းကို ဂျွမ်းထိုးသလို လှိမ့်ထိုးသွားတာ။  နောက် ဝင်းနိုင်ဗိုလ်၊ နောက်တယောက်က ကျော်ဝင်း (အရင်က ရုပ်ရှင်မင်းသား၊ ခု အသုဘမင်းသားလုပ်နေတဲ့ ပြည်သူ့အချစ်တော် ကျော်သူ အဲဒီတုန်းက မင်းသားကျော်သူရယ်လို့မဖြစ်သေးဘူး)။
 
Illustrated by Min Kyaw Khine
 အမှတ်တရ အုပ်စုလိုက်ဓာတ်ပုံကတော့ RC2 နှစ်လည် မဂ္ဂဇင်းမှာပါပါတယ်။ ပြပွဲအတွက် ပုံရေးဖို့ ဘာရေးရမှန်း မသိဖြစ်နေချိန်၊ ကိုရဲနဲ့ အင်ကြင်းဆောင် နောက်မှာ မိုးရွာကြီးထဲ ဂစ်တာတီးခဲ့ကြတာကို သတိရပြီး ကိုရဲကို ဂစ်တာပေးမကိုင်ဘဲ တယော ထိုးနေတဲ့ပုံ မင်လိုင်း ရေမျော ရေးဖြစ်ခဲ့တယ်။  နောက်တပုံက သူငယ်ချင်း စပ်ဆိုင်စီရီကစ် (ငကစ်) ရဲ့အမေ ဆရာမ စပ်ခေမာဝတီ (ရင်းနှီးတဲ့သူငယ်ချင်းတွေက မာမီလို့ ခေါ်ကြတယ်) ရဲ့ မင်္ဂလာဆောင်တုန်းက သတို့သမီးပုံကို ခဲခြစ် ရေးပြီးတင်ခဲ့တယ်။  ကိုရဲပုံ ပန်းချီကားကို အီတလီ သံအမတ်က ဝယ်သွားတယ်။  ကျပ် ၁ဝဝ နဲ့ စပ်ဆိုင်အမေပုံကို ဝယ်ပါရစေဆိုတော့ ဒါ ရောင်းဖို့ မဟုတ်ပါဘူး၊ ကာယကံရှင်ကို အမှတ်တရ လက်ဆောင်ပေးဖို့ပါဆိုပြီး မရောင်းခဲ့ပါ။
ကိုရဲကို တခါတလေ ရန်ကုန်တက္ကသိုလ် ပန်းချီ ခန်းမကို ကျနော်ခေါ် ခေါ်သွားတယ်။  Eco Canteen က ကိုအောင်ရင့် လ္ဘက်ရည်ဆိုင်မှာ ထိုင်ရင်း ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပန်းချီ ကေမြိုး နဲ့မိတ်ဆက်ပေးခဲ့တယ်။  ကေမြိုးက ကဗျာလည်း ရေးတတ်တယ်လေ။  “ကေမြိုးဆိုလို့ ဘာလို့ ရရစ်နဲ့ ‘မြိုး’ တာလဲ” လို့ မေးလာသူတိုင်းကို “ရ ရင် ရစ်တတ်လို့ ရရစ်နဲ့ ‘မြိုး’ ထားတာ” လို့ ရင်းနှီးတဲ့သူငယ်ချင်းတွေကို ကျနော်ပြောနေ နောက်နေကြ။  လွမ်းပါတယ်  ကိုကေမြိုးရေ…။
 
Illustrated by Min Kyaw Khine
ကေမြိုး ရေးတဲ့ကဗျာ “အိမ်မက်မှနှင်းဆီ” ဆိုတာကို ကိုရဲက သံစဉ်သွင်းပေးတယ်။  မွန်းအောင် ဆိုခဲ့တယ်။
အိမ်မက်မှနှင်းဆီ၊ ကိုရဲလွင် (ပန်းချီ ကေမြိုး ၏ ကဗျာ)၊ တေးဆို – မွန်းအောင် (၁၉၈၈)
အဲဒီသီချင်း သံစဉ်သွင်းပြီးစ တုန်းက ကေမြိုး တော်တော် မြူးနေတာ ပြန်မြင်မိတယ်။  ကျနော်တို့က စ တာပေါ့။ ကိုရဲက ခင်ဗျား ကဗျာကို သံစဉ်နဲ့လိုက်အောင် Edit လုပ်ရင်း လုပ်ရင်း နောက်ဆုံးကျတော့ ခင်ဗျား ရေးတာဆိုလို့ ခေါင်းစဉ်ပဲ ကျန်တော့တယ်လို့ ပြောတော့ “ငါ….မသားတွေတဲ့….”။  နောက် သူ့သီချင်းကို ကျနော်တို့က အိမ်မက်မှ ဘောင်းဘီ ဆိုပြီး ပြောင်းဆိုကြတယ်။  ဘောင်းဘီ အသစ်သည် စုတ်ပြဲခဲ့ပြီ..၊ ဝေးခဲ့ရပြီ မောင့် ဘောင်းဘီ..၊ သြော် ..အိမ်မက်မှ ဘောင်းဘီရေ.. မောင့်အိမ်မက်မှ ဘောင်းဘီရေ..။
သူ့သီချင်း ကောင်းကြောင်း မြှောက်ပေးလိုက်ကြတာ၊ မောင်ကေမြိုး ရွှေဘောတော်တွေကျကျနဲ့ ကျနော်တို့ကို အရက် ရက်တော်တော် ကြာကြာ တိုက်သွားခဲ့ပါသေးတယ်။  ကမာရွတ် ဘူတာရုံလမ်းက BE အဖြူဘုံဆိုင်မှာ။
တရက် စမ်းချောင်းထဲက ကိုရဲ မိတ်ဆွေတယောက် အိမ်သွားရှာကြတော့ ကိုရဲ အိမ်နံပါတ် ဘယ်လောက်လဲ လို့မေးတော့ “ခြောက်ခြား” တဲ့ နံပါတ်တဲ့။  ကျနော် ကတော့ သူပြောတဲ့နံပါတ် တန်းသိတာပေါ့။  ကိုရဲက ခေတ်မီတာ မဟုတ်ဘူး၊ ခေတ်ကိုကျော်နေတာ၊ အဲဒီတုန်းက သူပြောတဲ့ ဘန်းစကား ဘယ်သူမှ လိုက်မပြောနိုင်ကြဘူး။  ဥပမာ “ကိုရဲ ဘယ်က လာတာလဲ” လို့ မေးလိုက် သူပြန်ဖြေတာက “အိမ်က ဆင်းလာတာ” တဲ့။ သူ ပြောတာက အင်းစိန်က လာတာ…။
ကေမြိုးက ကျတော့ ရိုးတယ်၊ သူ့ကို ကြပ်လို့ ကြပ်မှန်း မသိဘူး၊ သူ့နံမည်အရင်းက မျိုးကြွယ်၊ ဘာလို့ ရှေ့က K (ကေ) ထည့်သလဲဆိုတော့ သူအိမ်ထောင်မကျခင် သူ သွားသွားပိုး နေတာက RC3 က ဆရာမ ကေခိုင်၊ ဒါကြောင့် အမောင် သကောင့်သား ကေမြိုး ဖြစ်သွားတာ။
လွမ်းတမ်းတတယ်ခိုင်၊ သံစဉ်/စာသား – ခင်မောင်တိုး + ကိုရဲလွင် (ပန်းချီ ကေမြိုး ၏ ကဗျာ)၊ တေးဆို – ခင်မောင်တိုး (၁၉၉၃)
သူ့ အမျိုးသမီး ကေခိုင် ကို ကျနော် တခါမှ မမြင်ဖူးဘူး။  တခါသား ကျနော်က ရန်ကုန်မြို့ထဲ သွားမလို့ ၁၂ စီးသန့်ကား (ဟံသာဝတီအဝိုင်းနဲ့ သီတာ သင်္ဘောဆိပ် ပြေးတဲ့ ကား၊ ဘယ်စီးစီး တယောက် ၁ ကျပ်) စီးတော့ သူလည်း ကျနော်နဲ့ပါလာတယ်။  သူက RC2 မှာ သွားကြူတာ။  ကျနော်သိတော့ “အေးဗျာ ကိုမြိုး ကျနော်က အချိန်စောနေသေးတယ်၊ ခင်ဗျားနဲ့ လိုက်ခဲ့မယ်ဗျာ..” ဆိုပြီးပြောတော့ “ဟေ့ကောင် မင်းလိုက်လို့မရဘူး..၊ ငါ့ကို မနှောက်ယှက်နဲ့” လို့ဆိုတယ်။  “မရဘူးဗျာ၊ လိုက်မှာပဲ၊ ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ၊ ဒါလေး လိုက်ကြည့်တာကို..”။  အဲဒီမှာ ကျနော့် ဘော်ဒါ ကိုကေမြိုးက “ကဲ.. ပြောမရမယ့် အဆုံး ငါလည်း မသွားတော့ဘူး၊ မင်းနဲ့ပဲမြို့ထဲ လိုက်ခဲ့တော့မယ်” ဆိုပြီး ကျနော်နဲ့ပါလာတော့တာပဲ။
သူဘာလို့ ကျနော့် ကိုကြောက်လဲ ဆိုတော့ သူ ကြိုက်ခဲ့ဖူးတဲ့ ကောင်မလေးတွေ အားလုံးက ကျနော့် အသိအကျွမ်းတွေ ဖြစ်ဖြစ်နေလို့။  ကေခိုင်နဲ့ သူမတွေ့ခင် သူ ပိုးနေတဲ့ ကောင်မလေး တယောက်ရှိတယ်။ သင်္ချာက။  လ္ဘက်ရည်ဆိုင်မှာ 8126.. 8126 နဲ့ ခဏ ခဏ လာလာ ညည်းနေတာနဲ့ “အဲဒါ ကားနံပါတ် မဟုတ်လား၊  Volkswagen လေ” လို့ သူ့ပြောလိုက်တော့၊ “မင်းက ဘယ်လိုလုပ်သိလဲ” တဲ့။  “ဟား.. ဟား…အဲဒီ ခင်ဗျား ပိုးနေတဲ့ ကောင်မလေးရဲ့ မောင်အရင်းက ကျနော့်နဲ့ အရမ်းခင်တဲ့ ကျောင်းနေဘက် သူငယ်ချင်း၊ TTC က သူ့နာမည် ကြည်ဝင်း၊ တောင်ဥက္ကလာ ဘောက်ထော်မှာ နေတယ်ဆိုတော့”..၊ “ဟ.. တကယ်လား လုပ်ပါဦးကွာ၊ အားကိုးပါရစေ” ဆိုတာနဲ့ တည ကေမြိုးကို ကြည်ဝင်းတို့ အိမ်ခေါ်သွားပြီး.. ဘာရယ် မဟုတ်ပါဘူး၊ ကြည်ဝင်း ကို ငါတို့ အရက်ဖိုးပြတ်သွား လို့ မင်း ဆီ ဝင်လာတာ၊ ဘာညာ လုပ်ရတာပေါ့။  ကြည်ဝင်းက ဒါနဲ့ သူ့ အမ ဆီက ပိုက်ဆံတောင်းလာပြီး ကျနော်တို့နဲ့ အရက်ဖြူ ဘုံဆိုင်ကို လိုက်လာပြီး စကားတွေပြောကြတာပေါ့။  ကြည်ဝင်းက ကေမြိုးကိုမသိဘူး။  ဒါ ဘယ်သူ၊ ဘယ်ဝါ အဲလောက်ပဲ မိတ်ဆက်ပေးလိုက်တယ်။  ကေမြိုးက သူ့ ယောက်ဖလောင်းလေးဆိုပြီး သူ့ပန်းချီပုံတွေပါတဲ့ ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း တအုပ် လက်ဆောင်ပေးလိုက်တယ်။  အမှန် သူပေးချင်တာက ကြည်ဝင်း အမ ကို၊ ကျနော်ကလည်း ကြည်ဝင်းကို အဲဒီစာအုပ် “မင်း အမ ကိုပေးလိုက်၊ ဘာလို့ဆို သူက ငါတို့ အတွက် အရက်ဖိုး ပေးလိုက်တာမို့လို့” လို့ ဆိုတော့ ကေမြိုးမျက်နှာ ပြုံးဖြီးဖြီး။  ကြည်ဝင်းက အရက်မသောက်ဘူး၊ အေးအေးနေတတ်တာ။  ကြည်ဝင်းနဲ့ လမ်းခွဲပြီး ပြန်ကြတော့ ကေမြိုးက ကြည်ဝင်းကို မူးမူးနဲ့ ကျေးဇူးတင်ကြောင်း ပြောတာတွေက ထပ်နေပြီ၊ “ဟေ့လူ တော်လောက်ပြီ၊ ပြန်ကြမယ်” ဆိုပြီး ပြန်လာကြတော့ လမ်းမှာ.. “ကိုမြိုးရေ..ဒီညသောက်တဲ့ အရက်ဖိုးက ကြည်ဝင်းပိုက်ဆံမဟုတ်ဘူး၊ သူ့အမ ခင်ဗျား မဒီကြီး ပိုက်ဆံနဲ့သောက်တာ၊ သောက်လို့ ကောင်းမှကောင်း” ဆိုတော့ ကိုယ့်ဆရာကေမြိုး ပြုံးပြုံး  ပြုံးပြုံးနဲ့ပေါ့။  ဒါက အရင် ကေခိုင်နဲ့ မတွေ့ခင်ကပါ။  သူနဲ့ 8126 လည်း ဘာဆို ဘာမှ မဘာခဲ့ကြပါဘူး။
ဘာလိုလိုနဲ့ ခုလာမယ့် စက်တင်ဘာ ၁၁ ရက်နေ့ဆို ကေမြိုးဆုံးတာ ဆယ်နှစ်တင်းတင်းရှိခဲ့ပြီ။  သူမဆုံးခင် က ကျနော် မက္ကစီကိုနိုင်ငံမှာ ရောက်နေတယ်။  သူနဲ့ ဖုန်းပြောဖြစ်တယ်။  သူဆုံးခါနီး လှမ်း နှုတ်ဆက်လိုက်ခဲ့မိသလို ပါပဲ။  နောက် သူငယ်ချင်း အရင်း ခေါက်ခေါက် သောက်ဖော် သောက်ဖက် ပန်းချီ ဝင်းမော်ဟန် လည်း ကိုကေမြိုးနဲ့ ရှေ့ဆင့် နောက်ဆင့် ဆိုသလိုပဲ ဆုံးသွားခဲ့တယ်။
သွားလေသူ မော်ကြီး (ဝင်းမော်ဟန်) ရေးတဲ့ သွားလေသူ ပန်းချီ ကေမြိုး ပုံ
ကေမြိုးက သူ့ ကဗျာတွေ ကိုရဲ သံစဉ်နဲ့ သီချင်းသာ ဖြစ်သွားခဲ့တာ၊ သူက ဂစ်တာ လုံးဝမတီးတတ်ဘူး။
ကျနော်တို့ ကေမြိုးတို့ ရန်ကုန်တက္ကသိုလ် နှစ်လည် ပန်းချီပြပွဲတွေ လုပ်ကြတဲ့အချိန် ကျနော်တို့ ဆီ လာလာ လည်နေကြက ကွယ်လွန်သွားပြီဖြစ်တဲ့ ရန်ကင်းသား အဆိုတော် ချစ်လူမိုက် စိုးလွင်လွင်။  စိုးလွင်လွင်က သမိုင်းဝင်းထဲက မိန်းကလေး အဆောင်တွေ ဘက်ကိုမလာဘူး။  သူ သွားဆိုနေကျက အင်းလျား၊ မာလာ၊ သီရိဆောင်တွေ၊ ဘယ်အချိန်ကြည့်ကြည့် စစ်အင်္ကျီ တပါတ်နွမ်း ဆေးပေါ့လိပ် လက်ကြားညှပ်နဲ့ပဲ။
ကျနော် ကိုတိုး၊ ကိုရဲတို့ အုပ်စုနဲ့ တွဲနေတဲ့အချိန်မှာပဲ။  ၁၉၈ဝ ထဲလို့ထင်တယ်။  ကျနော်တို့ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမကို အလည်လာနေကျ စီးပွားရေးတက္ကသိုလ် ကျောင်းသား မြင့်မိုးအောင်။  သူက သမိုင်းဝင်းထဲက ခပေါင်းဆောင် မှာနေတယ်။  တရက် ကျနော် မြင့်မိုးအောင် အခန်းမှာရှိနေတုန်း ကျနော်နဲ့ TTC ကျောင်းနေဘက် ငယ်သူငယ်ချင်း ငချို (တင်မောင်ချို) နဲ့ မျက်မှန်ထူထူ တပ်ထားတဲ့ သူ့ သူငယ်ချင်းရောက်လာတယ်။  ငချိုက (သူ့အဖေက တက္ကသိုလ်ကဆရာ) တာဝန်နဲ့သူ့အဖေ ပြောင်းသွားတဲ့ ပုသိမ်ကောလိပ် ကနေ လာတာ။  သူနဲ့ပါလာတဲ့ သူ့သူငယ်ချင်းကို ကျနော်နဲ့ မိတ်ဆက်ပေးတယ်။  သူ့ နာမည်က ကျော်မြင့်လွင်။  ငချိုက သူ့ သူငယ်ချင်းနဲ့ လာတာ လက်ချည်းမဟုတ်ဘူး။  ထန်းရည် နှစ်ပုံး (ပလပ်စတစ်ပုံးနဲ့) တောင်ပါလာတာ။  ကျော်မြင့်လွင်ဆိုတာ တချိန်မှာ အောင်မြင်တဲ့ အဆိုတော်ဖြစ်လာမယ့် ထူးအိမ်သင်ပါပဲ။
အဲဒီတုန်းက မြင့်မိုးအောင်နဲ့ သူတို့ သီချင်းတွေ စပ်ကြ၊ ဆိုကြပေမယ့် ကျနော့် အပေါ် လွှမ်းမိုးနေတာက ကိုတိုးရဲ့ အဉ္ဇလီအတွက် ဂီတဉ္ဇလီ ထဲက သီချင်းတွေ။
ကျော်မြင့်လွင် အဆိုတော်ဖြစ်ပြီး ကျနော်နဲ့ မတွေ့ဖြစ်ခဲ့ပါဘူး။  ၁၉၈၈ ကျနော် တောခိုတဲ့အချိန် ဘုရားသုံးဆူ သွားတဲ့လမ်း၊ ဒေါန တောင်တန်း တောတွင်း တနေရာမှာ သူနဲ့ပြန်ဆုံကြတာ။  တောထဲ သူ့တွေ့တော့ ကိုယ့်ဆရာ အဆိုတော် ထူးအိမ်သင်က “ဟေ့ကောင် ဒါပဲ..ဒါပဲ…ဒါပဲ ငါတို့အတွက်လိုတာ” လို့ ပြောရင်း သူ့ လက်ညှိးကို သေနတ်ပစ်သလို အမူအယာနဲ့ ပြတယ်။  သူ ဝတ်ထားတာကြည့်လိုက်တော့ အင်္ကျီအဖြူ၊ ဂျင်း ဘောင်းဘီ အဖြူနဲ့။

 
Illustrated by Min Kyaw Khine
ဘုရားသုံးဆူ ရောက်ကြတော့ ဘာ အဖွဲ့အစည်းမှ မရှိသေးဘူး။  ရှိပြီးသား မွန်ပြည်သစ်ပါတီ တော့ ရှိတာပေါ့လေ။  ကျနော်တို့ကလည်း ကျနော်တို့ ကျောင်းသားအဖွဲ့တွေ အားလုံး ဆုံပြီးမှ ဆုံးဖြတ်ချက်ချမယ် ဆိုပြီး မွန်ပြည်သစ်ပါတီရဲ့ စည်းရုံးမှုကို ရှောင်ရတယ်။
သုံးဆူမှာ ထူးအိမ်သင်တို့က အိမ်တလုံးငှားနေကြတယ်။  ကျနော်တို့က ဝါးဖေါင်မှာနေတဲ့ လှေသမား ကိုန ရဲ့ဖေါင်အိမ်မှာနေကြတယ်။  နောက်ရက် တော်တောကြာမှ ဘုန်းကြီးကျောင်းက ဦးပဉ္ဇင်းတပါးဆီမှာ ပြောင်းနေဖြစ်တယ်။  ဦးပဉ္ဇင်းဘွဲ့နံမည်က ဦးဇင်းခမ်းချွန်။  ဦးဇင်းက ဟိုး အရင် ဝန်ကြီးချုပ်ဟောင်း ဦးနုတောခိုတုန်းက မျိုးချစ်ပါတီက ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လယ်ျာ၊ ဆရာ ရန်ကုန်ဘဆွေ တို့ရဲ့တပည့်အရင်း။
တကယ်တမ်း ဘုရားသုံးဆူ နယ်စပ်မှာ ကြာကြာနေလာရတော့ စားရေး သောက်ရေး အခက်အခဲ ဖြစ်လာကြတယ်။  ကျနော်အဖွဲ့မှာက ကျောင်းသူ နှစ်ယောက် အပါအဝင် သူငယ်ချင်း အားလုံး ၁၄ ယောက်။  ဘန်ကောက် တက်ပြီး အဆက်အသွယ်တွေ ရှာမယ်ဆိုပြီး ကြိုးစားရင်း ဝါးကုန်သည်ပွဲစား ထိုင်းစကားတတ်တဲ့ မွန်လူမျိုးတယောက်နဲ့ ချိတ်မိတယ်။  ဒါနဲ့ စားသောက်ဆိုင်တခု ရှေ့က ကျောက်ခုံ စားပွဲဝိုင်းတခုံမှာ ထိုင်စကားပြောကြတယ်။  အဲဒီအချိန်တုန်းက တော်လှန် ကျောင်းသားတွေကို ထိုင်းက တော်တော်လေးစားနေကြတဲ့အချိန်။  ပွဲစားက ကျနော့ကို အရက်သောက်တတ်လား မေးပြီး ထိုင်းအရက် မဲခေါင်တပြားနဲ့ အမြည်းနဲ့ပေါ့။  သူနဲ့ပြောနေတုန်း မထင်မှတ်ဘဲ အနားရောက်လာတာ မွန်းအောင်။
ကျနော့် ကိုတွေ့တော့ “ဟာ…မင်းက ရှပ်ကီတွေ ဘာတွေနဲ့..၊ ငါလည်း ကစ်ချင်တယ်ကွာ၊ ပိုက်ဆံတော့ မရှိဘူး၊ ခု ငါ ဂျပန် ရေတွင်း Camp မှာ၊ ငါ့ အုပ်စု ၁ဝ ယောက်စာ တယောက်ကို တလ ဘတ် ၅ဝ နှုန်းနဲ့ အားလုံးအတွက် ရိက္ခာ တလစာ လာဝယ်တာ” လို့ပြောတယ်။
“ရတယ်… ဒါတွေ ငါ့ပိုက်ဆံနဲ့ ဝယ်တာလည်း မဟုတ်ဘူး။  ဒီမှာ ဝါး ပွဲစားက ပြုစုနေတာ” လို့ ပြောတော့၊ ပွဲစားက ပွဲစားပီပီ အထာ ပေါက်တယ်။  အားလုံး ကျသလောက် ရှင်းပေးခဲ့ပြီး သူအလိုက် တသိ ထပြန်သွားပါတယ်။  အဲ… ကျနော်တို့ နှစ်ယောက် ထိုင်နေကြတုန်.. ငေးတေး ငေးတေးနဲ့ အနားရောက်လာတာက ထူးအိမ်သင်။
“ဟား.. မင်းတို့ တယ်ငြိမ့်နေကြပါလား” ဆိုပြီး ဝင်ထိုင်တယ်။  “အေး ချ ကွာ” ဆိုတော့ “ငါ အရက်တော့မသောက်ချင်ဘူး၊ ဒါပေမဲ့ မင်းတို့မှာ ပိုက်ဆံရှီရင် ယိုးဒယားခေါက်ဆွဲပြုတ် တပွဲတော့ စားချင်တယ်ကွာ..” တဲ့၊ “အဲလောက်တော့ ငါ့ရှိပါတယ်ကွာ” ဆိုပြီး ခေါက်ဆွဲပြုတ်တပွဲ မှာပေးလိုက်ပါတယ်။  အဲဒီအချိန်က ခေါက်ဆွဲပြုတ်တပွဲ ၅ ဘတ်။  မြိန်ရေယှက်ရေနဲ့ စားနေတဲ့ သူ့ကို ပြန်မြင်ယောင်မိတယ်။  သူ့ကို စောစောစီးစီး ကြွေသွားလိမ့်မယ် လို့ အဲဒီတုန်းက လုံးဝ ထင်မထားခဲ့မိဘူးလေ။
မင်းကျော်ခိုင် @ Min Kyaw Khine (Artist)
၀၃၊ စက်တင်ဘာ၊ ၂၀၁၃