Than Win Hlaing – Articles

ကာတွန်းရွှေမင်းသား (သို့မဟုတ်) အရုပ်များဖြင့် စကားပြောသူ
သန်းဝင်းလှိုင်
စက်တင်ဘာ ၇၊ ၂၀၁၃

“ကာတွန်း” ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ပန်းချီအချိုးအစားကို ဖျက်ကာ ရယ်ဖွယ်ဖြစ်အောင် သွက်လက်စွာ ရေးဆွဲထားသော ရုပ်ပုံကလေးများကို မျက်စိထဲတွင် မြင်မိကြပေလိမ့်မည်။ အဆိုပါ ကာတွန်းရုပ်ပုံလေးများသည်  နေ့စဉ်ထုတ် သတင်းစာများတွင်လည်း ပါရှိသည်။ အပတ်စဉ်ထုတ် ဂျာနယ်၊ စာစောင်များနင့် အွန်လိုင်းပေါ်တွင်လည်း တွေ့ရသည်။ ထို့အတူ လစဉ်ထုတ် မဂ္ဂ္ဂဇင်းအသီးသီးတွင်လည်း ရှေ့တန်းမှ နေရာယူလျှက်ရှိသည်။ မှန်ပေသည်။ စာနယ်ဇင်းတိုင်းလိုလိုတွင် ကာတွန်းမပါလျှင် မပြည့်စုံသကဲ့သို့ ရှိသည်။ မြန်မာ့ရှေးဦး ကာတွန်းပညာရှင်ကြီး တစ်ဦးဖြစ်သူ ကာတွန်းဦးဟိန်စွန်းက မဂ္ဂ္ဂဇင်း ၊ဂျာနယ်၊ သတင်းစာမှန်လျှင် ကာတွန်းပါရမည်။ ကာတွန်းမပါလျှင် ဆားမပါသော ဟင်းလျာနှင့် တူသည်ဟူ၍ပင် ဆိုဖူးသည်။ စာနယ်ဇင်း ဖတ်ရှုသူသည် မိနစ်ပိုင်း စက္ကန့်ပိုင်း အတွင်း အကြောင်းအရာ တစ်ခုအပေါ်တွင် ဝေဖန်၊ သရော်၊ လှောင်ပြောင် ၊ပညာပေးမှုကို ကားတွန်းရုပ်ပြောင်ဖြင့် သိရှိခံစားနိုင်သည်။ ထို့ကြောင့် စာလုံးပေါင်းတစ်ထောင်အစား ကာတွန်းတစ်ပုံဖြင့် တင်ပြနိုင်ပေသည်။ တစ်နည်းအားဖြင့် ကာတွန်းဟူသည် “ဟာသ သကာရည်” ဖုံးထားသော “ဝေဖန်ရေး ဆေးခါးကြီး” ဟုပင် တစ်ချို့က အနက်ဖွင့်ကြလေသည်။

 ကျွန်တော်သည် စာနယ်ဇင်း တစ်ခုခုကို ကောက်ယူလိုက်ပါက အဦးဆုံးကြည့်ဖြစ် ဖတ်ဖြစ်လိုက်သည်မှာ ရယ်မောဖွယ် ရေးဆွဲထားသော ကာတွန်းရုပ်ပြောင်များသာ ဖြစ်သည်။ ထိုကာတွန်းရုပ်ပြောင်များကို အားပါးတရ ကြည့်ရှုပြီးပါမှ တခြားသော ၀တ္ကု၊ ဆောင်းပါး၊ ကဗျာတို့ကို လှန်လျောဖတ်ရှုမိသည်။ ကာတွန်းရုပ်ပြောင်များအနက် ဆရာရွှေမင်းသား ရေးဆွဲထားသော ကာတွန်းရုပ်ပြောင်များသည် ကျွန်တော်နှစ်သက်သော ရုပ်ပြောင်များ၌ ပါဝင်သည်။ သူ့ကာတွန်းရုပ်ပြောင်များကို  ဆရာရွှေမင်းသားနှင့် ကျွန်တော်လူချင်းမသိကျွမ်းခင်ကပင် ရင်းနှီးနေသည်။ ထို့နောက် ရန်ကုန်မြို့ ၃၅ လမ်း (အလယ်) အမှတ် ၁၆၆ အပေါ်ဆုံးထပ်ရှိ ဒီဇိုင်းကိုသန့်ဇင် ပန်းချီဆရာမ မမွှေး၊ ကိုသုယဉ်၊ ကိုအောင်မြတ်၊ သန်းထွန်းအောင်တို့ အလုပ်ခန်းသို့ မကြာခဏ အလည်အပတ် ရောက်ရှိရာမှ မမျှော်လင့်ဘဲ ဆရာရွှေမင်းသားနှင့် ရင်းနှီးသိကျွမ်း ခဲ့ရပေသည်။ ဆရာသည် သူတို့နှင့် တစ်ချိန်က ဗိုလ်ချုပ်လမ်းနှင့် ၂၉လမ်းဒေါင့်ရှိ ကိုဝင်းဇော်၏ အခန်းကို စုပေါင်းဌားရမ်းကာ အတူ အလုပ်လုပ်ခဲ့ဖူးသည်ဟု ဆိုသည်။

ယခုအခါ ဆရာသည် သာကေတ (၁) ရပ်ကွက် တိုးချဲ့လမ်းသစ် (၁)လမ်း၊ အမှတ် ၁၆၇၁ ရှိ နေအိမ်၌ပင် အလုပ်ခန်းဖွင့်ထားသည်။ အလုပ်ပြီးလျှင် တစ်နေ့တစ်ခေါက် ဆိုသလို မြို့ထဲထွက်လာတိုင်း ကိုသန့်ဇင်တို့ အလုပ်ခန်းသို့ လာလည်လေ့ ရှိသည်။ ဆရာရွှေမင်းသားကို မမွှေးတို့ အလုပ်ခန်း၌ မတွေ့ပါက ကာတွန်းကိုငွေကြည်၊ ကိုမြေဇာ၊ ကိုသော်က ၊ ကိုဝဏ္ဏ၊ ကိုမောင်မောင်အောင်၊ ကိုသစ်ထွဏ်း၊ ကိုတင်အောင်နီတို့နှင့် စုပေါင်းဖွင့်လှစ်ထားသော ၃၄ လမ်း အမှတ် ၁၃၇ (ပထမထပ်) ရှိ The Best ကာတွန်း အလုပ်ခန်း၌ တွေ့ရများသည်။ ထိုနေရာမှ မတွေ့လျှင် ဆရာကို အိမ်၌ သွားစောင့်လျှင် အသေချာဆုံး ဖြစ်သည်။ ဆရာရွှေမင်းသားအား တစ်ကြိမ်တွေ့လျှင် မမေ့နိုင်သော အချက်မှာ အနုပညာဆံသော သူ၏မျက်နှာပင် ဖြစ်ပေသည်။ စာရေးဆရာ ၊ ပန်းချီဆရာ ၊ကာတွန်းဆရာ စသော အတွေးသမား၊ အရေးသမား၊ အနုပညာရှင်များသည် ရင့်ကျက်လာသော အခါ၌ ယေဘုယျအားဖြင့် အနုပညာဆံလာကြသည်သာ ဖြစ်၏။ သို့ရာတွင် ဆရာမှာကား ရိုးသားတည်ငြိမ်သော အသွင်သည် ပင်ကိုကပင် ပေါ်လွှင်လျှက် ရှိနေပေသည်။

 ဆရာရွှေမင်းသားသည် အသားဖြူဖြူ မျက်လုံး မျက်ဖန်ကောင်း၍  နှာတံပေါ်သည်။ ဆံပင်ကို သေသပ်စွာ ဖြီးသင်ထားလေ့ရှိသည်။ ဆရာ့ကို မည်သည့်နေရာ၌တွေ့တွေ့ လွယ်အိတ်ထဲတွင် ပန်းချီပစ္စည်း ပစ္စယများ ၊ စာအုပ်များ၊ မဂ္ဂ္ဂဇင်းများနှင့် မဂ္ဂ္ဂဇင်းတိုက်များကို ပေးရန် ရေးဆွဲပြီးသောဆရာ့ကာတွန်း ရုပ်ပြောင်များ ၀တ္ထုသရုပ်ဖော် ပန်းချီကားလိပ်များဖြစ်သည်။ ဆရာသည်ယခုအခါ အသက်ခုနှစ်ဆယ်ကျော်ရှိပြီး ဖြစ်သော်လည်း သူ့ရုပ်ရည်မှာခုနှစ်ဆယ်အရွယ်နှင့်မတူအလွန်နုသည်။အမှတ်တမဲ့ကြည့်လျှင်မသကာအသက်ငါးဆယ်ကျော်ခန့်သာမှတ်ထင်ရသည်။ ဆရာနှင့်မရင်းနှီးသော သူတစ်ယောက်က ဆရာ့ ရုပ်ပုံလွှာကို ကြည့်၍ ခပ်တည်တည် ဘုကန့်လန့် ဂွစာသမားဟု ထင်လျှင် တက်တက်စင် လွှဲသွားပေမည်။ ဆရာသည် လူတိုင်းအပေါ် စိမ်းစိမ်းကျက်ကျက် ဖေါ်ရွှေစွာ ဆက်ဆံတတ်သည်။ တစ်ဖက်သား၏ စကားကိုလည်း  လေးလေးစားစား နားထောင်တတ်သည်။  သို့သော် အနုပညာနှင့် ပတ်သက်လျှင်  ဆရာ့မာနသည် တစ်ပြားသားမှမလျှော့။ အနုပညာအပေါ် တန်ဖိုးထား လေးစားရမှန်း မသိသောသူများနှင့် အနုပညာအပေါ် အလွဲသုံးစားပြုသူများကို  ဆရာသည် အရွံမုန်းဆုံးဖြစ်သည်။ ဆရာသည် စကားပြောလည်း အလွန်ကောင်းသူဖြစ်သည်။ သူကာတွန်းဆရာဘဝ ရောက်လာပုံအကြောင်းစုံ ကိုယ်တွေ့အဖြစ်အပျက်များကို ပြောပြရာ ရုပ်ရှင်ဇာတ်လမ်း တစ်ခု ကြည်ရသည့်ပမာ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။

ဆရာရွှေမင်းသား၏ နာမည်အရင်းမှာ ဦးမောင်မောင်လှိုင်ဖြစ်သည်။ ဆင်ဖြူကျွန်းသားဖြစ်သည်။ ဆင်ဖြူကျွန်း အုန်းရှစ်ကုန်းရွာ၌  အဖ ဦးလူရင်၊ ဒေါ်အေးတင်တို့မှ ၁၉၄၂ ခု သြဂုတ်လ ၂၇ ရက် ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းသုံးယောက်အနက် အလတ်ဖြစ်သည်။ သူ့အထက်၌ အမကြီး ဒေါ်သင်းမြိုင်ရှိ၍ အောက်၌ ညီမငယ် မခင်ဦးရှိသည်။ အဖိုးဖြစ်သူသည် သူ့ကဲ့သို့ အနုပညာရှင် တစ်ဦးဖြစ်၏။ သို့သော် ပန်းချီဆရာ ကာတွန်းဆရာတော့ မဟုတ်ချေ။ ရုပ်သေးမင်းသမီးကြီး “ဦးပြောင်” ဖြစ်သည်။ သူသည် ငယ်စဉ်က တာမွေ နတ်ချောင်းရှိ အမက (၂၄) တာမွေ၌ စတင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဗိုလ်စိန်မှန်လမ်းရှိ အလက (၂) ဗဟန်းနှင့် အထက (၁ဝ) တာမွေမြို့နယ်သို့ ပြောင်းရွှေ့ ပညာဆည်းပူးခဲ့သည်။ ထို့နောက် အနုပညာလောကသို့ ခြေစုံပစ် ၀င်ရောက်ခဲ့တော့သည်။ ငယ်စဉ်ကပင် ပုံဆွဲဝါသနာပါခဲ့ပြီး မိမိဘာသာ လေ့ကျင့်ရေးခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အိုကေ၊ ပေါ်ပင်၊ ကာတွန်းပဒေသာ၊ ဖိုးပြုံးချို၊မြတ်လုလင်၊ မြင်ကွင်းကျယ် စာစောင်တို့တွင် ရေးဆွဲခဲ့သည်။
ဆရာကာတွန်း ရွှေမင်းသားက “ကျွန်တော်ရွှေမင်းသား ရုပ်သေးရုပ်လေး အကကောင်းခြင်းမှာ ကြိုးဆွဲကောင်းသော ရုပ်သေးဆရာကြီးနှစ်ဦးဖြစ်သည့် ဆရာကြီး ဦးဟိန်စွန်းနှင့် ဆရာကြီး ဦးဖေသိန်းတို့ကြောင့် ဖြစ်သည်ဟု ” ဆိုသည်။ သို့သော် ဆရာကြီး ဦးဖေသိန်းကမူ “ကာတွန်းရွှေမင်းသား အကကောင်းခြင်းမှာ ကျွန်တော်တို့ ကာတွန်းဆရာကြီး နှစ်ဦး ကြိုးဆွဲကောင်းခြင်းကြောင့် မဟုတ်ပါ။ သူ့ပါရမီနှင့်သူ အကကောင်းခြင်းကြောင့်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ကြိုးဆွဲရန် မလိုပါ။ ကြိုးဆွဲသည့်တိုင် ကြိုးပြတ်သွားပါစေ၊ သူ့ဟာသူကနိုင်သူဖြစ်ပါတယ်။ကျွန်တော်တို့နှစ်ဦးက ရွှေမင်းသားကို ကနိုင်ရန် ကြိုးမဆွဲကြသော်လည်း သူကိုယ်တိုင်က ကျွန်တော်တို့ ကာတွန်းဆရာကြီးများ၏ ကြိုဆွဲခြင်းကို ခံချင်နေသူ ဖြစ်ပါသည်။ ရွှေမင်းသားသည် ဦးဟိန်စွန်းနှင့် ကျွန်တော်တို့ကို တပည့်ခံပေါင်းသင်းလာခဲ့သည်မှာ နှစ်ပေါင်း (၃ဝ) ကျော်ခဲ့ပါပြီ။ အထူးသဖြင့် ဦးဟိန်စွန်းမှာ အသက်ကြီးရင့်လာပြီဖြစ်၍ ပုံဆွဲရာတွင် စိတ်တိုင်းကျ မဆွဲနိုင်သောအခါ ဦးဟိန်စွန်း၏ ကြေငြာကာတွန်းများကို ရွှေမင်းသားကပင် ကူညီရေးဆွဲပေးရပါတယ်။ ထိုနည်းအတူ ကျွန်တော်လည်း အသက်ကြီးရင့်လာသောအခါ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ခဲ့ရတာကြောင့် သူကပင် အကူအညီပေးခဲ့တာများပါတယ်။ အဲဒါကြောင့် ရွှေမင်းသားကပင်  ကျွန်တော်အဖိုးကြီးနှစ်ဦးကို စင်ပေါ်ပြန်တင်၍ ကြိုးဆွဲကနေတယ်လို့ ခံစားမိပါတယ်။

အမှန်စင်စစ် သူသည် ကျွန်တော်တို့ ကာတွန်းဆရာကြီးများရဲ့ ကာတွန်းပညာကိုချည်း ဆည်းကပ် ပညာရှာမှီးနေသူ မဟုတ်ပါ။ ကျွန်တော်နှင့် ဦးဟိန်စွန်းမှာ ပန်းချီကျောင်း မနေဖူးပါ။ သို့သော် ရွှေမင်းသားမှာ ၁၉၇ဝ ပန်းချီကျောင်းဆင်းတစ်ယောက် ဖြစ်ပါတယ်။ ပန်းချီအခြေခံကောင်းသည့်အပြင် ရေဆေး၊ ဆီဆေးများကို ရေးဆွဲရသော ပန်းချီဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။ သူသည် ကျွန်တော်တို့ကို သာမဟုတ် အခြားကာတွန်းဆရာများရဲ့ ရေဆေးနဲ့ ဆီဆေး သရုပ်ဖော်ပုံများကိုလည်း ကူညီပေးလေ့ ရှိပါတယ်” ဟူ၍ ရွှေမင်းသားကာတွန်းအယ်လ်ဘမ် စာအုပ်လေးတွင် ရေးသားထားလေသည်။
ယင်းနောက် ၁၉၅၉ ခုနှစ်တွင် ဆရာဦးအောင်ရှိန်နှင့်အတူ မော်ဒန်ကာတွန်းညွန့်ပေါင်းစာအုပ်တို့တွင် ရေးဆွဲရင်း တစ်ဖက်မှလည်း မြင်ဆရာများဖြစ်သည့် ကာတွန်း ဦးမောင်စိန်၊ ကာတွန်းဦးသန်းကြွယ်တို့၏ လက်ရာများကို နှစ်သက်ကာ နည်းနာအတုယူလေ့ကျင့်ခဲ့သည်။ သူငယ်ချင်းကာတွန်းဆရာများဖြစ်သော ကာတွန်းဝင်းမောင်နှင့် ကာတွန်းသော်ကတို့ထံမှလည်း မိမိမသိသေးသည့်အချက်များကို မေးမြန်းကာ မိမိလိုအပ်ချက်များကို ပြုပြင်ခိုင်းသည်။ နိုင်ငံခြားကာတွန်းပညာရှင်များဖြစ်သော  “ဒေဗစ်လိုး” (David Low) ၊ ဟားဘလောက် (Har Block)၊ ဝေါ့ဒစ္စနေးလ် (Walt Disney) တို့၏ ကာတွန်းလက်ရာများကို လေ့လာ အတုယူခဲ့သည်။ ကာတွန်းဆရာတစ်ယောက် ဖြစ်ရန်မှာလည်း စင်စစ် လွယ်ကူလှသည် မဟုတ်ပေ။ ထိုစဉ်က ကာတွန်းဆရာ၏ ဘဝမှာ ယခုခေတ်နှင့်မတူ။ ဝင်ငွေမကောင်းရှာသဖြင့် ဆရာသည် ငွေကြေးဘက်တွင် အတော်ကသီလင်တ ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ဆရာရွှေမင်းသားသည် ဝင်ငွေနည်းသည် များသည်ကို ပဓာနမထား ဆင်းရဲသည်ကိုလည်း မတုန်လှုပ်။ သူ့လက်စွမ်းကိုသာ ထက်မြက်အောင် ကြိုးစားခဲ့ပေသည်။ ထို့နောက် စုံထောက်မဂ္ဂ္ဂဇင်း၊ လျှို့ဝှက်သည်းဖို မဂ္ဂ္ဂဇင်း၊ သောကြာ၊ အဟိစာစောင်များနှင့် တစ်ကျပ်တန် ပန်တော်မူ၊ ကေသီပန်၊ ချိုတေးသံမဂ္ဂ္ဂဇင်းတို့တွင်  လစဉ်မပြတ် ရေးဆွဲခဲ့သည်။
၁၉၆၃ ခုနှစ်တွင် ရူမ၀ ရုပ်စုံမဂ္ဂ္ဂဇင်း၊ ကလေးဂျာနယ်၊ မြတ်လုလင်၊ ကာတွန်းရုပ်စုံ၊ မြဝတီ၊ ငွေတာရီမဂ္ဂ္ဂဇင်းနှင့် ကြေးမုံသတင်းစာအသီးသီးတွင် ရေးဆွဲခဲ့သည်။ ဆရာရွှေမင်းသား၏ ထူးခြားချက်မှာ သူ့ဘဝတစ်လျှောက်၌ မည်သည့်အစိုးရအလုပ်ကိုမှ မလုပ်ခြင်းပင်ဖြစ်သည်။ ဆရာရွှေမင်းသားသည် နဂိုဗီဇအားဖြင့် ဟာသဓါတ်ခံ ရှိသူဖြစ်သည့်အပြင် လူ့ဘဝ၏ လူမှုဒုက္စ္ခ၊ သုခတို့ကိုလည်းကောင်း၊ လောကကြီး၏ အမြီးအမောက် မတည့်သော ကိစ္စတို့ကိုလည်းကောင်း၊ ဟန်ဆောင်မှု အ၀၀တို့ကိုလည်းကောင်း ၊အပြင်ဗန်း အလှတို့ကိုလည်းကောင်း ၊ကောင်းစွာမြင်သူကြားသူဖြစ်သည်။ တစ်ဖန် ထိုအမြင် ထိုအကြားတို့ကိုလည်း အကောင်းအဆိုးခွဲခြား၍ ဆင်ခြင်သုံးသပ်နိုင်သူ ဖြစ်လေသည်။ ထို့ကြောင့် သူ၏ကာတွန်းတို့မှာ အကြောင်းအရာအားဖြင့် ပြောင်မြောက်နေခြင်း ဖြစ်သည်ဟု ယူဆမိသည်။ ယင်းသို့အကြောင်းအရာက ပြောင်မြောက်သည်သာမက အရုပ်တို့မှာလည်း အထူးအသက်ပါ၍ ပြောင်မြောက်လှပေသည်။
ပန်းချီပညာကို မလျှော့သောဇွဲ၊ လုံ့လဖြင့် လေ့လာမှုကြောင့်ပင် ဖြစ်လေသည်။ သူသည် ပန်းချီပညာကို ၁၉၆၇ ခုနှစ်တွင် ရန်ကုန်မြို့ ပန်းချီပန်းပုကျောင်းသို့ သုံးနှစ်တက်ရောက်၍ ဆရာဦးသုခ ၊ ဆရာဦးသိန်းဟန်၊ ဆရာ ဦးလွန်းကြွယ်တို့ထံတွင် စနစ်တကျ သင်ကြားတတ်မြောက်ခဲ့လေသည်။ ကျောင်းဆင်းပြီးနောက်လည်း သွားလေရာရာသို့ ပုံဆွဲစာအုပ်တစ်အုပ်ယူသွားကာ မြင်တွေ့သမျှကို လေ့ကျင့်ရေးဆွဲခဲ့သည်။ ဆရာ ရွှေမင်းသား၏ ကာတွန်းတို့မှာ အကြောင်းအရာနှင့် အရုပ်တို့ပါ ပြောင်မြောက်သည်သာမက ကာတွန်း၌ပါသော စာသားတို့မှာလည်း ထူးခြားပြောင်မြောက်လှသည်ကို တွေ့ရသည်။ ဆရာသည် ကာတွန်းရုပ်ပြောင် ရေးဆွဲရာ၌ စိတ်ကူး ၆၀ ရာခိုင်နှုန်းနှင့် သရုပ်ဖော်ပုံ ၄ဝ ရာခိုင်နှုန်းထား၍ ရေးဆွဲခဲ့သည်။ သို့မှသာ စိတ်ကူးနှင့် လက်ရာ မျှတကာ မိမိ၏ ဆိုလိုရင်းအဓိပာယ်ကို အပြည့်အ၀ခံစားနိုင်သည်ဟု ဆိုသည်။ ဆရာ ရွှေမင်းသားသည် စာလည်း အလွန်ဖတ်သူဖြစ်၏။ ထို့ကြောင့် သူ့စာများ ပြောင်မြောက်သည်ဟု ထင်သည်။
သူသည် ၀တ္ထု၊ မဂ္ဂ္ဂဇင်း ၊ဂျာနယ်မှစ၍ ဗုဒ္ဓဝင်စာပေအဆုံး တွေ့သမျှအစုံ ဖတ်သူဖြစ်သည်။ ဆရာကြီးသခင်ဘသောင်း၊ ဆရာ ဒဂုန်ရွှေမျှား၊ ဆရာရွှေဥဒေါင်း၊ ဆရာသော်တာဆွေ၊ ဆရာ မဟာဆွေ ၀တ္ထုများ၊ ဆရာပီမိုးနင်း၏ တက်ကျမ်းနှင့် ဗိုလ်မှူးဘသောင်း၏ စာပေရေးရာ စာအုပ်များကို အနှစ်သက်ဆုံး ဖြစ်သည်ဟု ပြောပြသည်။ ဆရာရွှေမင်းသားသည် ကာတွန်းရုပ်ပြောင်များကိုသာ ရေးဆွဲသည်မဟုတ် ပန်းချီကားများလည်း ရေးသူဖြစ်သည်။ ၀တ္ထု၊ ကျမ်းစာအုပ် အဖုံးများနှင့် မဂ္ဂ္ဂဇင်း ၌ ပါရှိသောဝတ္ထု၊ ဆောင်းပါး သရုပ်ဖော်ပုံများကိုလည်း ယနေ့တိုင် ရေးဆွဲလျှက်ရှိသည်။ ပုံတူပန်းချီနှင့် ကေရီကေးချား (Caricature) ခေါ် ရုပ်ပြောင်ပုံတူများကိုလည်း မပြတ်ရေးဆွဲနေသူဖြစ်သည်။ ယခုနှစ်တန်ဆောင်မုန်းလတွင်လည်း ဆရာရွှေမင်းသားနှင့် အခြားကာတွန်းပညာရှင်များ စုပေါင်း၍လမ်းမတော် ၁၃လမ်း (ဦးဘဂျမ်းလမ်း)၌ ရုပ်ပြောင်မီးထွန်းပွဲတော် ပြုလုပ်ရန် စီစဉ်လျှက်ရှိသည်ဟု သိရသည်။ ဆရာရွှေမင်းသားသည် ယခုနှစ် (၁၉၉၇ခုနှစ်)တွင် ဂျပန်ဖောင်ဒေးရှင်း အာရှစင်တာမှ ကြီးမှူးကျင်းပသော တတိယအကြိမ် အာရှကာတွန်းပြပွဲ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း ၊ ဂျပန်တို့မှ ကာတွန်း ပညာရှင်များနှင့်အတူ မြန်မာနိုင်ငံကိုယ်စား သွားရောက်ပြသခွင့် ရရှိခဲ့လေသည်။ ဂျပန်ဖောင်ဒေးရှင်း အာရှစင်တာသည် အာရှကာတွန်းပြပွဲများကို ၁၉၉၅ ခုနှစ်မှ စတင်ပြသခဲ့ရာ ယခုနှစ်သည် တတိယမြောက် ပြပွဲပင်ဖြစ်သည်။ ယခုနှစ်တွင် ကျင်းပပြုလုပ်သည့် အာရှကာတွန်းပြပွဲသို့ တင်သွင်းပြသရသည့် အကြောင်းအရာ ခေါင်းစဉ်မှာ “အာရှစားနပ်ရိက္ခာ အကြောင်း” ဖြစ်သည်။
ဆရာရွှေမင်းသားသည် အဆိုပါကာတွန်းပြပွဲသို့ မြန်မာ့စားနပ်ရိက္ခာနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရေးဆွဲထားသည့် ကာတွန်းရုပ်ပြောင် (၁ဝ)ခုကို တင်သွင်းပြသခွင့် ရခဲ့လေသည်။ ဆရာသည် ယခုအခါ အနုပညာလောကသို့ လျှောက်လှမ်းလာခဲ့သည်မှာ သက်တမ်းရှည်ကြာ လာသည်နှင့်အမျှ အတွေ့အကြုံများလည်း အတော်ရင့်ကျက် နေပြီဖြစ်သည်။ အလုပ်ကိုလည်း အဆက်မပြတ် လုပ်ကိုင်နေရပေသည်။ ကျွန်တော်သည် ဆရာ့ဆီသို့ သွားရောက်သည့်အခါတိုင်း ဆရာ့အား သရုပ်ဖေါ်ပန်းချီ ရေးဆွဲနေလျှင် ရေးဆွဲ၊ မရေးဆွဲလျှင် ကာတွန်းရုပ်ပြောင် ရေးနေသည်ကို တွေ့ရသည်။ ဆရာ့ဇနီး၏ အမည်မှာ ဒေါ်လှစိန်ဖြစ်ပြီး မော်လမြိုင် ၊ ဘီးလူကျွန်းသူဖြစ်သည်။ ဆရာနှင့် ၁၉၇၄ ခုနှစ်တွင် အိမ်ထောင်ကျကာ မောင်နိုင်ထွန်း၊ မောင်သီဟ၊ မောင်စည်သူ အမည်ရှိ သားသုံးဦးထွန်းကားခဲ့သည်။ သားသုံးယောက်စလုံးသည် ဆရာ့အမွှေဆက်ခံမည့် အလားအလာရှိနေသည်။  သားကြီး မောင်နိုင်ထွန်းနှင့် မောင်သီဟတို့သည် ယခုအခါ ယဉ်ကျေးမှုတက္ကသိုလ်၌ ပန်းချီအဓိကဖြင့် ကျောင်းဆင်းပြီးနောက်အနုပညာလောလျှောက်လှမ်းလျက်ရှိပြီး သားအငယ်ဆုံးမောင်စည် သူသည် ဆရာကဲ့သို့ ကာတွန်းဆရာဖြစ်ရန် လေ့ကျင့်ရေးဆွဲလျှက် ရှိသည်။ ဆရာသည် အလုပ်နှင့်လက် မပြတ်လုပ်ကိုင်နေရသော်လည်း မိမိအားလပ်သည့်အချိန်မှ ဖဲ့၍ ပန်းချီဆရာ ဦးမြတ်အောင်နှင့်အတူ လျှပ်တစ်ပြက် ကာတွန်းရေးဆွဲခြင်းနှင့် အခြေခံပန်းချီ သင်တန်းကို မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အမှတ် ၇၇/၈၃၊ အခန်း ၅၂ တိုက်သစ် (၆)လွှာ၊ မန္တလေးလမ်းရှိ ဂုဏ်ရည်နည်းပြသင်တန်းခန်းမ၌ အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း ၁၂း၃၀ မှ ၂း၃၀ အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ သင်တန်းဖြစ်မြောက်ရေး အတွက် အစစအရာရာ တာဝန်ယူပေးခဲ့သူကား ကဗျာဆရာ မြတ်ထိုက်ဖြစ်သည်။ ကိုမြက်ထိုက်အမည်ရင်းမှာ ကိုဝင်းမြင့်ဖြစ်သည်။ ကျွန်တော်သည် ဤသင်တန်းမှ သင်တန်းသား ဘယ်နှစ်ယောက်မျှ ထူးချွန်သော ပညာရှင်များ ပေါ်ထွက်လာမလဲဟု တွေးတောနေစဉ်….။ သင်တန်းမှူးက ကျွန်တော်တို့သင်တန်းက ငွေကြေးကို အဓိကမထားပါဘူး။ အနုပညာ မျိုးဆက်သစ် လူငယ်များ ပြန့်ပွားရေးကို ဦးတည်ပြီး ဖွင့်လှစ်ထားပါတယ်။ သင်တန်းကြေးကို လူတိုင်းတက်နိုင်အောင် စီစဉ်ထားပါတယ်။ သင်တန်းကာလဟာ စုစုပေါင်း ရက်ပေါင်း ၆၀ ဖြစ်ပြီး သင်တန်းကြေးကတော့ ၂ လမှ ကျပ်တစ်ထောင်ပဲ သတ်မှတ်ထားပါတယ်။ ပန်းတိုင်းပွင့်ပြီး ပွင့်သောပန်းတိုင်း မွှေးစေချင်တာကတော့ ကျွန်တော်တို့သုံးဦးစလုံးရဲ့ ဆန္ဒ အမှန်ပါပဲ ဟု ရှင်းပြသည်။
ကျွန်တော်တို့ရဲ့ ကာတွန်းဖခင်ကြီး ရွှေကလေးက ဘယ်သူ့ထိပ်ကိုမှ ပိတ်ရော့လို့ မောင်မဆော်။ ဟုတ်တိုင်းဗျာ မှန်ရာတွေးလို့ ရေးရပါသော်။ နာလုံးတွေ ဖော်အောင်ခါဗျ။ မည်သူဆဲ။ ရွှေတလေးမှာဖြင့် ကြေအေးတင် ခါမဟူပ၊ ကမ္ဘာသူ ဓါတ်မှန်ပြသည်သို့၊ အမှားကို  အမှန်ကျအောင်ဗျာ….ရေးရတာပဲ ဆိုပြီး တစ်ခါက ပြောဖူးပါတယ်။ ကျွန်တော့်သဘောထားကလည်း ဆရာ့ဝါဒနဲ့ ထပ်တူထပ်မျှပါပဲ။ ချစ်သူမို့လည်း မသာစေချင်ဘူး။ မုန်းသူမို့လည်း မနာစေဘူး။ ချစ်သူပဲဖြစ်ဖြစ် မုန်းသူပဲဖြစ်ဖြစ် ဓမ္မတာ သဘာဝတ္တ္တတွင်  တွေ့မြင်ရတဲ့အတိုင်း မှန်ရာကို ရေးဆွဲတင်ပြချင်တာပါပဲ။
မည်သို့ပင်ဖြစ်စေ ဆရာသည် စိတ်ကူးအား ၊ဟာသအားကောင်းသည့် ကာတွန်းဆရာဖြစ်သလို ဆရာပန်းချီကားများသည် မြန်မာမှု မြန်မာ့ဓလေ့စရိုက်များ ထင်ဟပ်နေသည်။ တစ်နည်းအားဖြင့် ဆရာသည် စွယ်စုံ ပညာရှင်တစ်ဦးအဖြစ် တသီးတသန့် ရပ်တည်နေသူဖြစ်သည်။ အချို့က ကာတွန်းပန်းချီ နှစ်လီရေးစား ရွှေမင်းသား ဟု ပင်ကျီစယ်နောက်ပြောင်တတ်ကြသည်။ ကျွန်တော့်အမြင်တွင် ဆရာသည် ကျွန်တော်နှင့် တွေ့စတုန်းကလိုပင် ကျန်းမာဆဲ အရေးသွက်လက်ဆဲပင် ဖြစ်သည်။ ရှေ့ဆက်၍လည်း ဆရာသည် ကျန်းမာ ပျော်ရွှင်စွာဖြင့် ဆရာ့အနုပညာဘဝခရီးတွင် အောင်မြင်စွာ လျှောက်လှမ်းနေမည်ကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်နေမိပါတော့သည်။

(ဤ ဆောင်းပါးအားဖြင့် ဆရာ့အား နိဝါတ ဂါရ၀ပြုလျှက်)