News Features အောင်ဒင်

Aung Din – The Future of Irrawaddy (1)

(ကုမုဒြာသတင်းဂျာနယ်၊ စက်တင်ဘာလ ၃ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၂၇)
ဧရာဝတီရဲ့ အနာဂတ် (၁) အောင်ဒင် 
စက်တင်ဘာ ၈၊ ၂၀၁၃
မငြိမ်းချမ်းသေးတဲ့ မြစ်ဧရာ
မြန်မာနိုင်ငံရဲ့ မြောက်ဖက်ဖျား၊ ကချင်ပြည်နယ်ကဧရာဝတီမြစ်ကြီးရဲ့ မူလအစမှာ မြစ်ဆုံဆည်ကြီး တည်ဆောက် မှာကို မြန်မာပြည်သူတရပ်လုံးက အုန်းအုန်းကြွက်ကြွက်ကန့်ကွက်နေကြပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ မြန်မာနိုင်ငံ၊ မြန်မာပြည်သူများရဲ့ အသက်သွေးကြောကြီးပါ၊ တရုတ်ပြည်အတွက် ရေအားလျှပ်စစ်ဓာတ်တွေ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ တရုတ်အစိုးရပိုင်ကုမ္ပဏီများ ဆောက်လုပ်နေကြတဲ့ မြစ်ဆုံဆည်ကြီးဟာ မြန်မာပြည်အတွက် ကြီးမားလှတဲ့ ပြန်ပြင်လို့မရတဲ့ ပျက်ဆီးဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေမှာပါ၊ မြန်မာပြည်သူများရဲ့ မြစ်ဆုံဆည်ဆောက်လုပ်ရေးကို ကန့်ကွက်မှုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အင်မတန်မှ အားကောင်း၊ ခိုင်မာ၊ ပြင်းထန်လှတာမို့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်တည်ဆောက်ရေးလုပ်ငန်းများကို သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ကြောင်း ကြေညာလိုက်ပါတယ်၊
ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပတဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့စွဲနဲ့ သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများအား လိပ်မူလျက်ပေးပို့တဲ့ သဝဏ်လွှာမှာ သမ္မတဦးသိန်းစိန်က အောက်ပါအတိုင်း ရေးသားတင်ပြပါတယ်၊
“၁၀၊ မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေးထားရပါမည်၊ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်၊ သို့ပါ၍ မိမိတို့အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေပဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်၊ နိုင်ငံတော်အတွက် လိုအပ်နေသော လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ်စီမံကိန်းများကိုသာ စနစ်တကျလေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊ အိမ်နီးချင်းမိတ်ဆွေနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့်ပါတ်သက်သော စာချုပ်စာတန်းများကို မိတ်ဝတ်မပျက်စေပဲ သဘောတူလက်ခံအောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဤလွှတ်တော်သို့ အသိပေးအပ်ပါသည်။”
ဒီလိုဆုံးဖြတ်လိုက်တော့ ပြည်သူလူထုက ကောင်းချီးဩဘာပေးကြပါတယ်၊ သမ္မတဦးသိန်းစိန်ကိုလည်း လူထုဆန္ဒကို လေးစားသူ၊ ဧရာဝတီမြစ်ကြီးကို ကယ်တင်သူ၊ မြန်မာပြည်ရဲ့ မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေကို နှစ်ပေါင်းများစွာ သွေးစုတ်အမြတ်ထုတ်နေတဲ့ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီများကို အာခံရဲသူအဖြစ် အသိအမှတ်ပြုကြပါတယ်၊ ဒါပေမည့်လည်း သမ္မတသက်တမ်းတစ်ခုအတွင်း ရပ်ဆိုင်းတယ်ဆိုတာ အပြီးတိုင် ဖျက်သိမ်းတာမဟုတ်ပါ၊ ဧရာဝတီမြစ်ကြီးအတွက် အန္တရာယ်ရှိနေဆဲပါ၊
သမ္မတဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်အတိုင်း မြစ်ဆုံဆည်တည်ဆောက်ရေးကို ရပ်ဆိုင်းခဲ့တာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ နှစ်နှစ်ပြည့်ပါပြီ၊ သမ္မတဦးသိန်းစိန်ရဲ့ ငါးနှစ်သက်တမ်းကလည်း တစ်ဝက်ကျိုးခဲ့ပြီး နောက်ထပ် လ သုံးဆယ်ပဲ ကျန်ပါတော့တယ်၊ ကျန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်းမှာ ဒီစီမံကိန်းကို တခဏရပ်ဆိုင်းရုံတင်မကပဲ ပြည်သူလူထု ဆန္ဒရှိတဲ့အတိုင်း ထာဝရဖျက်သိမ်းဖို့ ဦးသိန်းစိန်အစိုးရ ကြိုးစားခဲ့သလား၊ တရုတ်အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ခဲ့သလား၊ ကျနော်တို့ ပြည်သူများ မသိရပါ၊ လွှတ်တော်ကိုယ်စားလှယ်များကလည်း လွှတ်တော်အစည်းအဝေးတွေမှာ အကြောင်းအရာပေါင်းစုံကို ကြယ်ပွင့်ပြမေးခွန်းတွေ  မေးမြန်းကြ၊ အရေးကြီးအဆိုတွေ တင်သွင်းကြပေမည့် ဧရာဝတီမြစ်ကြီးရဲ့ ကံကြမ္မာနဲ့ပါတ်သက်ပြီး ဘယ်သူကမှ နိုင်ငံတော်သမ္မတဘာတွေလုပ်နေသလဲဆိုတာကို မေးခွန်းမထုတ်ကြပါ၊
တစ်ဖက်မှာတော့ တရုတ်အစိုးရနဲ့ China Power Investment (CPI) ကုမ္ပဏီတို့က သမ္မတဦးသိန်းစိန်ရဲ့ သက်တမ်းကုန်ဆုံးတာနဲ့ တပြိုင်နက် မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ပြန်လည်စတင်ဖို့ မျှော်လင့်နေတာ၊ ပြင်ဆင်နေတာ၊ စည်းရုံးနေတာတွေကို တွေ့မြင်နေရပါတယ်၊ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီများက ဒေါ်အောင်ဆန်းစုကြည် နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များအပါအဝင် အရပ်ဘက်လူ့အဖွဲ့အစည်းတွေကို အသည်းအသန်ချဉ်းကပ်စည်းရုံးနေတာ တွေ့ရပါတယ်၊ သေချာပါတယ်၊ ဧရာဝတီမြစ်ကြီးဟာ အန္တရာယ်စက်ကွင်းက လုံးဝမလွတ်မြောက်နိုင်သေးပါ၊ ကျနော်တို့ရဲ့ အမိဧရာဝတီဟာ မငြိမ်းချမ်းနိုင်သေးပါ၊
ဧရာဝတီအရေး မအေးသေးပါ
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက အမေရိကန်ပြည်ထောင်စုကို အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘေနာ (John Boehner) ရဲ့ ဖိတ်ကြားချက်အရလေ့လာရေးခရီးလာရောက်ခဲ့ပါတယ်၊ အဲဒီခရီးစဉ်အတွင်းမှာပဲ သူရဦးရွှေမန်းက ၂၀၁၅မှာ နိုင်ငံတော်သမ္မအဖြစ် အရွေးချယ်ခံချင်တဲ့ အကြောင်းထပ်မံ ပြောဆိုခဲ့ပါတယ်၊ ဇွန်လ ၁၃ ရက်နေ့မှာ ဝါရှင်တန်ဒီစီမြို့တော်က The Wilson Center မှာ သူရဦးရွှေမန်းနဲ့ အဖွဲ့ကို ကျနော်အပါအဝင် ဝါရှင်တန်ဒီစီအခြေစိုက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပါတယ်၊ ကျနော် က ဦးရွှေမန်းကိုမေးတဲ့ မေးခွန်းတွေထဲက တစ်ခုကတော့ မြစ်ဆုံဆည်တည်ဆောက်ရေးနဲ့ ပါတ်သက်လို့ပါ၊
ကျနော်က မေးပါတယ်၊
” ပြည်သူလူထုရဲ့ ဧရာဝတီမြစ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်ပူပန်မှုနဲ့ ဆန္ဒကို လေးစားနားထောင်တဲ့အနေနဲ့ သမ္မတဦးသိန်းစိန်က မြစ်ဆုံဆည်တည်ဆောက်ရေးကို သူ့အစိုးရသက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ရပ်ဆိုင်းတာဟာ အပြီးတိုင် ဖျက်သိမ်းတာမဟုတ်ပါ၊ သမ္မတသက်တမ်းကလည်း ငါးနှစ်ပဲဖြစ်လို့ ငါးနှစ်ပြည့်ပြီးရင် ဒီစီမံကိန်းကြီးကို ပြန်စခွင့်ပေးမယ်ဆိုတဲ့ သဘောသက်ရောက်ပါတယ်၊ အခု ဥက္ကဋ္ဌကြီး ဦးရွှေမန်းက ၂၀၁၅ မှာ နိုင်ငံတော်သမ္မတဖြစ်ဖို့ မျှော်လင့်ကြောင်းအတိအလင်းထုတ်ဖော်ပြောဆိုထားတော့ ဥက္ကဋ္ဌကြီးများ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရင် မြစ်ဆုံဆည် တည်ဆောက်ရေးကို အများပြည်သူ ဆန္ဒအတိုင်း အပြီးတိုင် ဖျက်သိမ်းမှာလား၊ တရုတ်ကုမ္ပဏီကို ပြန်လည်ဆောက်လုပ်ခွင့်ပေးမှာလား၊ သိချင်ပါတယ်၊” လို့ မေးခဲ့ပါတယ်၊
ဦးရွှေမန်းက ဖြေပါတယ်၊ (စကားလုံးအတိအကျတော့မဟုတ်ပါ)၊ သူ့အနေနဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားနားထောင်ဖို့ ဆန္ဒရှိပါတယ်၊ တစ်ချိန်တည်းမှာပဲ နှစ်နိုင်ငံအစိုးရများ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို လေးစားလိုက်နာဖို့ဆိုတဲ့ တာဝန်လည်းရှိပါတယ်၊ ဒါကြောင့်မို့လို့ သူသမ္မတဖြစ်တဲ့အခါမှာ ကျွမ်းကျင်သူပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဒီစီမံကိန်းကြောင့်ဖြစ်လာမည့် ကောင်းကျိုးဆိုးကျိုးတွေကို လေ့လာမယ်၊ ပြီးခဲ့တဲ့အစိုးရ (နအဖ) နဲ့ တရုတ်အစိုးရတို့ စာချုပ်ကို ဘယ်လိုချုပ်ဆိုထားလဲဆိုတာ လေ့လာမယ်၊ ပြည်သူတွေရဲ့ အသံကို နားထောင်မယ်၊ ဘက်ပေါင်းစုံက လေ့လာသုံးသပ်ပြီးမှ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်တာကို ဆုံးဖြတ်မယ်လို့ ပြောပါတယ်၊ 
သူက အဲဒီလိုဖြေပြီးတဲ့အခါ ကျနော်က “ဥက္ကဋ္ဌကြီးရယ်၊ ဥက္ကဋ္ဌကြီးပြောတဲ့ လေ့လာသုံးသပ်မှုအားလုံးကို အခုကိုပဲ စတင်ဆောင်ရွက်သင့်နေပါပြီ” လို့ပြောတော့ သူက သဘောတူသလို ခေါင်းညှိတ်ပြပါတယ်၊ သူ့ရဲ့ ရပ်တည်ချက်က သဘာဝကျတဲ့ ရပ်တည်ချက်ဖြစ်ပေမည့် ကျနော့်လို ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရလက်ထဲပါမသွားအောင် ကြိုးစားကယ်တင်ချင်တဲ့ သာမာန်လူတစ်ယောက်အတွက်တော့ ကျေနပ်စရာမရှိပါ၊ ကျနော့်လိုပဲ ဧရာဝတီမြစ်ကြီး တရုတ်ပိုင်ဖြစ်သွားမှာကို စိုးရိမ်ပူပန်နေကြတဲ့ ပြည်သူတွေလည်း လက်ခံနိုင်မယ် မထင်ပါ၊
သမ္မတဖြစ်လိုကြောင်း ဆန္ဒဖော်ထုတ်ထားသူ နောက် တစ်ယောက်ရှိပါသေးတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါ၊ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့မှာ “ဧရာဝတီအတွက် ပန်ကြားချက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ ၃ မျက်နှာပါ ပန်ကြားလွှာတစ်စောင်ကို မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ထုတ်ပြန်ပြီး ဧရာဝတီကို ကယ်တင်ဖို့ တောင်းဆိုခဲ့ပါတယ်၊ အဲဒီပန်ကြားလွှာမှာ ဒေါ်အောင်ဆန်းစုကြည်က “ဤစီမံကိန်းကို စတင်အကောင်အထည်ဖော်ရန်အတွက် ငွေကြေးအမြောက်အများစိုက်ထုတ်သုံးစွဲပြီးသည်ကို ကျွန်ပ်တို့ သတိပြုမိပါသော်လည်း အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတဖြစ်ရေးကို ရှေ့ရှူလျက် သက်ဆိုင်သူအားလုံးက ဤမြစ်ဆုံစီမံချက်အားပြန်လည်သုံးသပ်ကာ မလိုလားအပ်သောအကျိုးဆက်များကို ရှောင်ရှားလျက် ဧရာဝတီမြစ်ကို ကာကွယ်လိုသူအားလုံး၏ စိုးရိမ်စိတ်များ ဖြေဖျောက်နိုင်မည့်အဖြေတစ်ရပ်ကို ပူးပေါင်းရှာဖွေကြပါရန် တိုက်တွန်းပါသည်၊” လို့ နှိုးဆော်ထားပါတယ်၊အဲဒီ ပန်ကြားလွှာနဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေဘက်က ရပ်တည်ခဲ့ပါတယ်၊
အဲဒီအချိန်တုံးက ဒေါ်အောင်ဆန်းစုကြည် အစိုးရခေါင်းဆောင်တွေနဲ့ ပြေလည်မှုမရသေးပါ၊ လွှတ်တော်ထဲကိုလည်းမရောက်သေးပါ၊ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီပေါ် သဘောထားဟာ အရင်အတိုင်းပဲလား၊ ကျနော်တို့ မသိနိုင်ပါ၊
 ဒါပေမည့် လက်ပန်းတောင်းတောင်အရေးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်များကို လေးစားလိုက်နာဖို့လိုတယ်ဆိုတဲ့ ဘက်မှာရှိကြောင်းသိရပါတယ်၊ ဒါဆို ဧရာဝတီမြစ်ကြီးကိုရော နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်အရ တရုတ်အစိုးရကုမ္ပဏီများက ဆည်ကြီးတွေ တည်ဆောက်ခွင့်ရှိတယ်လို့များ ဆုံးဖြတ်လေမလား၊ ကျနော်တို့ မသိနိုင်ပါ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဧရာဝတီမြစ်ကြီးအပေါ် သဘောထား မပြောင်းလဲရင်တောင်မှ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ပဲနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုတာ မလွယ်လှပါ၊ တကယ်လို့ ဖွဲ့စည်းပုံကို အချိန်မီပြင်ဆင်ပေးလိုက်လို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပြီး နှစ်နိုင်ငံချုပ်ဆိုထားတဲ့ စာချုပ်များကို လေးစားလိုက်နာရမယ်ဆိုတဲ့ ရပ်တည်ချက်နဲ့ မြစ်ဆုံဆည်ကြီးကို ပြန်လည်တည်ဆောက်ခွင့်ပေးလိုက်ရင် ကျနော်တို့အားလုံး ရင်ကျိုးကြရမှာပါ၊
၂၀၁၅ မှာ ဘယ်သူ သမ္မတဖြစ်မလဲ၊ ကျနော်ကတော့ “နှစ်နိုင်ငံစာချုပ်များကို လေးစားလိုက်နာရမယ်” ဆိုပြီး ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရထံရောင်းချမည့် သမ္မတမျိုးကို မလိုချင်ပါ၊ ကျနော်တို့ နိုင်ငံရဲ့ ကျေးဇူးရှင်၊ အသက်သွေးကြော၊ အတိတ်၊ ပစ္စုပန်၊ အနာဂတ် ကာလသုံးပါးစလုံးမှာ တန်ဘိုးအကြီးမားဆုံးဖြစ်တဲ့ မိခင်ဧရာဝတီမြစ်ကြီးကို တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေလက်ထဲ ရောက်မသွားအောင် အကာအကွယ်ပေးမည့် သမ္မတမျိုးကိုပဲ မျှော်လင့်မိပါတယ်၊
ဆက်ပါဦးမယ်၊
အောင်ဒင်
ဩဂုတ်လ ၁၇၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts