Than Win Hlaing – Articleschurchill-study-of-boats

ထူးထူးခြားခြား ဝါသနာရှင်များ
သန်းဝင်းလှိုင်
စက်တင်ဘာ ၉ ၊ ၂၀၁၃

လူတိုင်း လူတိုင်းတွင် အနည်းဆုံး ၀ါသနာအရင်းခံတစ်မျိုးစီ ပါရှိကြသည်။ ၀ါသနာဘာဂီ ဆက်တိုင်းမှီဟု ဆိုရိုး စကားရှိခဲ့လေသည်။ ၀ါသနာဟူသည် ပါဠိစကား၌ အထုံ၊ စွဲလန်းခြင်း ဟု အဓိပ္ပါယ်ရပြီး ၀ါသနာဘာဂီ ဆက်တိုင်းမှီဆိုသော ဆိုရိုးကို စေ့ငုစစ်ဆေးကြည့်ပါက လူတစ်ယောက်၏ အတိတ်ဘဝများမှ ၀ါသနာအထုံ သည် ဘဝအဆက်ဆက်တိုင်အောင် မှီခိုတွယ်ကပ်လာသည်ဟု ဆိုလိုပေသည်။
ဝါသနာဟူသည် အမိဝမ်းတွင်း၌ပင် ပဋိသန္ဓေနေစဉ်ကပင် ပါရှိလာသော်လည်း ထိုပဋိသန္ဓေ ၀ါသနာသည် ထိုပုဂ္ဂိုလ် အဖို့ ထာဝစဉ်မပါရှိ နိုင်ပေ။ အချို့သောသူတို့မှာ “ တံငါနားနီး တံငါ ၊ မုဆိုးနားနီး မုဆိုး “ ဟူသော  စကားကဲ့သို့ မိဘမျိုးရိုး၏ အလုပ်အကိုင် အနေအထိုင် အမူ အကျင့်ကိုလိုက်ကာ ပဋိသန္ဓေက ပါလာ သော ၀ါသနာသည် တိမ်မြုပ်နေပြီး နီးစပ်ရာ ၀ါသနာအသစ်ပေါ်ထွန်းလာ တတ်ပေသည်။
ထို့ကြောင့် ၀ါသနာကိုခွဲခြား  စိတ်ဖြာကြည့်ပါက ၀ါသနာသည် ဘဝအစဉ်အဆက်က ပါလာသော ၀မ်းတွင်းသန္ဓေပါ ၀ါသနာ၊ ပါတ်ဝန်းကျင်၊ အပေါင်းအသင်း၊နေရာ ၊ဌာန အားလျော်စွာ စွဲကပ်လာသော ၀ါသနာ၊ အပေါင်းအသင်းမဟုတ်စေကာမူ တစ်ဦးတစ်ယောက်၏ အပြုအမူ အနေအထိုင် အပြောအဆိုတို့ကို သဘော ကျပြီး မသိမသာ အတုခိုးရာမှ စွဲကပ်လာသော ၀ါသနာ၊  အခြားအကြောင်းအရာတစ်ခုခုကို အကြောင်းပြု၍ စွဲကပ်လာသော ၀ါသနာ ဟူ၍ ၀ါသနာအမျိုးမျိုးရှိလေသည်။
တစ်မိသားစုချင်း တအူတုံဆင်း အရင်းအချာများ၊ စာသင်ကျောင်းတစ်ကျောင်းတည်း၊ တစ်ဆရာ တည်းဖြစ်ကြသော ကျောင်းနေဘက် များဖြစ်ပါလျက် ၀ါသနာချင်းမတူကြသည်လည်း အများအပြားရှိလေသည်။
Aung san

မည်သို့ဆိုစေကာမူ ၀ါသနာသည် ဘိန်းကဲ့သို့ပင် စွဲတတ်သဖြင့် စွဲမိလျှင်ဖြစ်ရခက်သည်။ ၀ါသနာတွင် ကောင်းသော ၀ါသနာ ဆိုးသောဝါသနာ ဟူ၍ ရှိတတ်ပေရာ ကောင်းသောဝါသနာသည် မိမိအကျိုး ၊သူတစ်ပါး အကျိုး ဖြစ်စေနိုင်၍ ၊ဆိုးသောဝါသနာသည် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို ထိခိုက်စေနိုင်သည်။

ရှေးခေတ်က ရှင်ဘုရင်အချို့သည် တောလိုက်ဝါသနာပါကြသည်။ “ ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် “ ဟူသောစကားမှာ  ရှေးခေတ်ဘုရင်အချို့ တောလိုက်ရာမှ ထွက်ပေါ်လာသော စကားဖြစ် သည်။ ဝိဓူရဇာတ်တော်လာ ကောရပ္ပမင်းမှာ အန်ကစား ၀ါသနာပါလွန်းသည်။ အကြီးအကျယ် လောင်းတန်း ကစားခဲ့သောကြောင့် အဖိုးတန်ပညာရှိ တစ်ပါးဆုံးရှုံးဖူးလေသည်။ မြန်မာ့ရာဇဝင်၌ ငါးစီးရှင်ကျော်စွာသည် ကာအက (ကာက) ၀ါသနာထုံ၍ ၊ ဒုတိယမင်းခေါင် သည် မြင်းစီးဝါသနာပါလေသည်။ တစ်သက်လုံး သုံးခါသာ ပြုံးဖူးသော ရမည်းသင်းစား သီလဝသည် ကြက်တိုက်ဝါသနာထုံလေသည်။
မြန်မာ့နောက်ဆုံးမင်းဆက်ဖြစ်သော ကုန်းဘောင်မင်းဆက်မှ နောင်တော်မင်းကြီးမှာမူ ငယ်သူငယ်ချင်း ရောင်းများနှင့်အတူ မန်ကျည်းပင်တက် အလွန်ဝါသနာပါသည်ဟု ရာဇ၀င်မှတ်တမ်းများ၌ တွေ့ရလေသည်။
Prince philic

လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံသည် စစ်တုရင်ကစားရာ၌ အလွန်ကျွမ်းကျင်လိမ္မာလှသည်ဟု ရတနာပုံ သတင်းစာ ဆရာကြီး ဘိုးဝဇီရ ( မြန်မာ ၁၂၁၀ – ၁၂၉၈) က ရေးသားခဲ့ဖူးသည်။ သူ၏ ဗျူဟာစက္ကိပျို့၌ စစ်တုရင်နှင့် ပတ်သက်သော အကြောင်းခြင်းရာများကို ရေးသားဖော်ပြထားသည်။

Stalin

နာတော်ခံဦးရွှေနီ ၊ ဦးကြင်ဥ စသည်တို့မှာ သုံးပုံသမားများဖြစ်ကြသည်။ တီ ပါတင်းထင်ရင်း စီတင်း စသော ဝေါဟာရများကို ဆီလျော်ရာတွင် သုံးဆွဲရေးစပ်လေ့ရှိသည့် ဦးပုညကား “ သုံးစားဝါကျ “ ဟူသော သူသုံးဖူးသည့် ဝေါဟာရကို ထောက်ရှူ၍ ကြွေသမားဖြစ်ဟန်တူသည် ။ ကြွေပိုရှည်ကစားရာ၌ ပါခေါ် နှစ်ပွင့် ကျသောအခါ တော်တော်နှင့်မပြီးနိုင်။ ဆယ် ငါးပို တစ်ခုခု ကျမှ ပြီးနိုင်ခြင်းကို ဥပမာ ပေးထားခြင်းဖြစ်သည်။

မြန်မာရာဇဝင်၌သာ လူထူးလူဆန်း ၀ါသနာဆန်းများကို တွေ့ရသည်မဟုတ်ဘဲ ကမ္ဘာ့သမိုင်း စာမျက် နှာကို လှန်လှော ကြည့်ပါကလည်း ထူးထူးခြားခြား ၀ါသနာရှင်များ တွေ့ရှိရပေသည်။
Queen mary

ဗြိတိသျှဘုရင်မကြီး ဒုတိယမြောက် အယ်လီဇဘတ်၏ အဘွားတော်စပ်သော ကွယ်လွန်သူ မေရီမိဖုရားကြီးသည် ရှေးဟောင်းပစ္စည်းများကို ရှာရှာဖွေဖွေ အစုအဆောင်း ၀ါသနာပါ သူဖြစ်သည်.။ မေရီမိဖုရားကြီး စံမြန်းသွားခဲ့သည့် စံအိမ်တော်တွင် ရှားပါးသည့် ရှေးဟောင်းပစ္စည်း အဖိုးတန်များကို တွေ့ရသလို ထိုပစ္စည်းများကြားတွင် မြင်းခွာသံများကိုလည်း တွေ့ရပေသည်။ ထို မြင်းခွာသံစုဆောင်းခြင်းမှာ လူသိနည်းလှသည့် မေရီမိဖုရားကြီး၏ ၀ါသနာဟောင်းဖြစ်သည်။ ဗြိတိန် နိုင်ငံတွင်သာမက ကနေဒါ၊ သြစတေးလျ၊ အာဖရိက စသည့် နိုင်ငံရပ်ခြားသို့ အလည်အပတ် ရောက်ခိုက်၌လည်း  သူ့ဝါသနာအလျောက် လမ်းပေါ်မှ အမှတ်မထင်တွေ့ရသော မြင်းခွာသံများကို ကောက်ယူစုဆောင်းလေ့ရှိသည်။

king george 6 stamp

ပဉ္စမမြောက် ဂျော့ဘုရင်နှင့် ဆဌမမြောက် ဂျော့ဘုရင် ( ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီး၏ ခမည်းတော်) တို့သည် တံဆိပ်ခေါင်းစု ၀ါသနာထုံကြသည်။ လက်ရှိ အိမ်ရှေ့စံ ဝေလမင်းသား (ချားစ် မင်းသား) သည် ပန်းချီဆွဲခြင်း ၊ ပိုလိုကစားခြင်း ၀ါသနာထုံလေသည်။ သူ၏ အဘိုးတော်စပ်သော နန်းစွန့်ဘုရင် (အဌမမြောက် အယ်ဒွပ်ဘုရင်) သည် ရုပ်ရှင်ရိုက် ၀ါသနာပါလေ့ရှိသည်ဟု သိရသည်။ လက်ရှိ ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အယ်လစ်ဇဘတ်သည် ရုပ်ရှင်နှင့် ပြဇာတ်ကြည့်ရန် ၀ါသနာပါသည်။ သူမကြည့်ဖူးသော ပြဇာတ်နှင့် ရုပ်ရှင်ဇာတ်ကားများမျာ ခပ်ရှားရှားပင်ဖြစ်သည်။ ထို့ပြင် သူမသည် မြင်းမွေးခြင်း၊ မြင်းစီ်းခြင်း၊ ရေကူး၊ ကားမောင်း၊ သေနတ်ပစ် ခြင်းတို့ကို လည်းဝါသနာထုံသည်။

GeorgeVI

ဆွီဒင် (၆) ဆက်မြောက် ဂုစတပ်အဒေါ့ဖ်ဘုရင်၏ ၀ါသနာမှာမူ ရှေးဟောင်းသုတေသန ပညာရပ်ဖြစ်သည်။ တော်ရုံတန်ရုံ ၀ါသနာထုံခြင်းမဟုတ်ဘဲ အရူးအမူးဝါသနာစွဲ ထက်သန်သူဖြစ်သည်။

ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်စ် သည် စန္ဒယားတီးခြင်း၊ လှေလှော်ရွက်တိုက်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း ၀ါသနာပါသူဖြစ်သည်။ ထိုင်းဘုရင်သည် သွားလေရာတွင် ကင်မရာတစ်လုံးကို ယူသွားလေ့ရှိသည်။ ပန်းချီနှင့် ဂျာ့ဇ်တေးဂီတကိုလည်း ငယ်စဉ်ကတည်းကပင် ၀ါသနာထုံခဲ့သည်။ ဘူမိဘောဘုရင် ၏ ဂျာ့ဇ် တေးဂီတအပေါ် ၀ါသနာကြီးပုံကလည်း ထူးခြားသည်။ ဂီတတွင် သူသည် တူရိယရှစ်မျိုးကို ကျွမ်းကျင်စွာ တီးမှုတ်နိုင် သူဖြစ်သည်။ ဆက်ဇိုဖုန်း နှင့်ကလဲရင့်နက် သည် သူ၏ အသည်းစွဲ ဂီတတူရီယာဖြစ်သည်။ သူရေးစပ် သီကုံးခဲ့သည့် တေးသီချင်းများပင် အပုဒ်ပေါင်း ၅ဝ ကျော် ရှိခဲ့ပြီဟု  သိရသည်။

Thai king

သူ၏ သမီးတော် သီရိဒုံသည်လည်း ဖအေတူသမီးဟု ဆိုရမလောက် ပန်းချီရေးဆွဲခြင်း၊ ကဗျာစပ်ခြင်း၊ စာပေဖတ်ရှူခြင်း၊ ပန်းပုထုခြင်း၊ တယောထိုးခြင်း ၀ါသနာပါသူတစ်ဦးဖြစ်သည်။
Stalin

ရုရှအာဏာရှင်ဟောင်း ကွယ်လွန်သူ စတာလင်၏ ၀ါသနာမှာ ဖိနပ်ချုပ်ဝါသနာပါခြင်း ဖြစ်သည်။ အားလပ်ချိန်များ၌ စတာလင်သည် အိမ်နောက်ဖေး အဖီ၌ သူ၏ ချစ်ဇနီး နာဂီယာအတွက် လက်ဆောင်ဖိနပ်ကို ချုပ်လုပ်နေတတ်သည်ဟု စတာလင် အထ္ထုပ္ပတ္တိတစ်ခု၌ ရေးသားဖော်ပြထားသည်။ သူ၏ အခြားဝါသနာမှာ စာဖတ်ဝါသနာပါ၍ အမြဲမပြတ် ဆေးတံသောက်လေ့ရှိပြီး အထူးသဖြင့် ထမင်းစားနေစဉ်မှာပင် ဆေးတံသောက် ရှူလေ့ရှိ၏။

ဂျာမနီအာဏာရှင် ဟစ်တလာသည် မိန်းမ၊ အရက်သေစာနှင့် ဆေးလိပ်သောက်ခြင်းကို ၀ါသနာမပါဘဲ သတ်သတ်လွတ်စားသောဝါသနာရှိသည်။ထို့ပြင်စာကိုလည်းသဲသဲမဲမဲဖတ်ရှူလေ့ရှိသည်။တနေ့   လျှင်စာအုပ် သုံးအုပ်ခန့် ဖတ်ရှုလေ့ ရှိသည်။
Hitler

စတာလင်နှင့် ခေတ်ပြိုင်သမ္မတကြီး ဖရန်ကလင်ဒီရုစဘဲ့ ၏ ၀ါသနာကို လည်းရှူပါဦး။ ကွယ်လွန်သူ အမေရိကန်သမ္မတဟောင်း ရုစဘဲ့သည် သစ်သားရွက်လှေအငယ်စားများကို ပြုလုပ်ရာတွင် ၀ါသနာထုံ သူဖြစ်သည်။ သမ္မတကြီးသည် ကလေးကစားစရာ အရွယ်ရှိ သစ်သားဖြင့်ပြုလုပ်ရသည့် ရွက်လှေ ကလေးများကို ကိုယ်တိုင်ပုံစံဆွဲလေ့ရှိသည်။ ဤ ကဲ့သို့ ကလေးကစားစရာ အရွယ် ရွက်လှေငယ်များပြိုင်ပွဲတွင် ရုစဘဲ့၏ ရွက်လှေများ မကြာခဏပင် အောင်ပွဲရခဲ့ဖူးလေသည်။

Churchill-painting-at-the-Easel

ဗြိတိသျှ နန်းရင်းဝန်ဟောင်း ဝင်စတန်ချာချီသည် ပန်းချီရေးဆွဲခြင်းကို ၀ါသနာပါလှသည်။ သူရေးဆွဲခဲ့သော ပန်းချီကားအများစုမှာ ဈေးကြီးပေး၍ ဝယ်ယူခြင်းကိုပင် ခံခဲ့ရသည်။ ထို့ပြင် ချာချီသည် စာဖတ်ဝါသနာပါသူလည်းဖြစ်သည်။ စာဖတ် ၀ါသနာထုံသလို စာအုပ်ကောင်းများကိုလည်း စုဆောင်းလေ့ ရှိသည်။ သူသည်စာပေဆိုင်ရာ နိုဘယ်ဆုကိုပင် ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

churchill-study-of-boats

ချာချီကဲ့သို့ ပန်းချီဆွဲဝါသနာပါသူတစ်ဦးမှာ အမေရိကန်သမ္မတဟောင်း အိုက်စင်မောင်ဝါ ပင်ဖြစ်သည်။ ပန်းချီဆွဲ ၀ါသနာပါကြသော ကမ္ဘာကျော် ပုဂ္ဂိုလ်များမှာ အမေရိကန် ရုပ်ရှင်မင်းသားကြီး ဟင်နရီဖောင်ဒါး ၊ ဖိလစ်ပိုင်  စာရေးဆရာနှင့် နိုင်ငံရေးသမားကြီး ကာလို့စ်ပီရောမြူလို နှင့် ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန် ပီယံဟောင်း ဂျိုးလူဝီ တို့ဖြစ်သည်။ ယင်းတိှု့မှာ ပန်းချီဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများ မဟုတ်ပေ။ ပန်းချီကို ၀ါသနာပါလွန်းသဖြင့် အပျင်းပြေ ရေးဆွဲကြသူများဖြစ်သည်။ ပန်းချီဆွဲဝါသနာပါသော ကမ္ဘာကျော် စာရေးဆရာကြီးများ၌ ရုရားစာရေးဆရာကြီး တော်စတွိုင်း၊ ဘင်္ဂါလီစာရေးဆရာကြီး တဂိုး၊ အမေရိကန် စာရေးဆရာကြီး အက်ဂါအယ်လင်ပိုး၊ ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူရိုး ၊ အင်္ဂလိပ်စာရေးဆရာမကြီး ချာ့လော့ဘရွန်တီ၊ ဂျာမန် စာရေးဆရာကြီး ဂါတာတို့ ပါဝင်ကြသည်။
ရုရှားစာရေးဆရာကြီး တော်စတွိုင်း သည် ကမ္ဘာကျော် ၀တ္ထုကြီးများကို ရေးသားရင်း တဖက်ကလည်း ပန်းချီရေးဆွဲသည်။ သူသည် ပန်းချီပညာကို သင်ယူခဲ့ဖူးခြင်း မရှိပေ။ ခဲတံတစ်ချောင်းဖြင့် မိမိဘာသာ လေ့ကျင့်ရေးဆွဲသူဖြစ်သည်။ သူသည် ပြင်သစ်စာရေးဆရာကြီး ဂျူးဗန်း၏ ၀တ္ထုများကိုနှစ်သက်သည်။ သူ့ သားသမီးများအား ဂျူးဗန်း၏ ၀တ္ထုများကို အသံထွက်၍ ဖတ်ပြလေ့ရှိသည်။ ယင်းသို့ ဖတ်ပြရာ၌ ကလေးများ စိတ်ဝင်စားမှု ရှိစေရန်လည်းကောင်း၊ သဘောပေါက်နားလည်စေရန်လည်းကောင်း၊ ရုပ်ပုံများ ရေးဆွဲပြတတ်သည်။ ရက်ရှစ်ဆယ် ( Around the World in Eighty Days ) ၀တ္တုအတွက် တော်စတွိုင်းက ကလေးများအား ရုပ်ပုံပေါင်း ၁၇- ပုံ ရေးဆွဲပြခဲ့သည်။
ကမ္ဘာကျော် “ စစ် နှင့် ငြိမ်းချမ်းရေး “ ၀တ္ထုကြီးကို ရေးသားရာ၌ ၀တ္ထုထဲ၌ပါသော စစ်မြေပြင်အချို့သို့ သူကိုယ်တိုင် ထပ်မံ၍ သွားရောက်ကြည့်ရှူ့ကာ စစ်မြေပြင် အရေးအသားကိုလည်းကောင်း ၊ အခြား သင့်နိုးရာရာ တိုကိုလည်းကောင်း ပုံဆွဲမှတ်သား သည်။ ထို့နောက် ယင်းပုံတို့ကို ကြည့်ကာ ၀တ္ထု၌ သရုပ်ဖော်ခဲ့သည်။
အိန္ဒိယ နိုင်ငံမှ ဘဂါင်္လီစာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးသည်လည်း ပန်းချီဆရာကြီးအဖြစ်  ထင်ရှားသူဖြစ်သည်။ တဂိုးသည် အသက် (၆၇) နှစ် အရွယ်သို့ရောက်မှ စတင်ပန်းချီဆွဲသည်။ သူသည် သူရေးဖွဲ့ထားသော ကဗျာစာရွက်ပေါ်တွင် ပြင်ချက်တို့ကို အမျိုးမျိုးရေးခြစ်ကြည့်ရာမှ ပန်းချီဆွဲလာခြင်း ဖြစ်သည်ဟု ဆိုသည်။  သူသည် ၁၂- နှစ်တိုင်တိုင် ခွန်စိုက်အားစိုက် ပန်းချီရေးဆွဲခဲ့သည်။ ( ၁၉၄၁ – ခုနှစ် အသက် ( ၈၀ )ရွယ် ၌ ကွယ်လွန်ခဲ့ရာ ကွယ်လွန်ချိန်၌ ပန်းချီကားပေါင်း ၂ဝဝဝ ခန့် ကျန်ရစ်ခဲ့သည်။
အမေရိကန် ကဗျာဆရာ စာရေးဆရာကြီး အက်ဂါအယ်လင်ပိုးသည် ပန်းချီကား သုံးကားမျှသာ ရေးဆွဲခဲ့သော်လည်း လက်ရာအထူးကောင်း မွန်လှသဖြင့် ထင်ရှားလှပေသည်။
“ နော်တာဒမ် ဘုရားရှိခိုးကျောင်းမှ “ခါးကုန်းကြီး”၀တ္ထု၊ “ ဒုက္ခအထွေထွေ “  ဝတ္ထု စသည်တို့ကို ရေးသားခဲ့သော ပြင်သစ် စာရေးဆရာကြီး ဗစ်တာဟူးဂိုး သည် ပန်းချီကားပေါင်း ၄၅ဝ ကျော်ကိုရေးဆွဲခဲ့သည်။ ငယ်စဉ်ကပင် ပန်းချီပညာကိုဆည်းပူးခဲ့သော်လည်း စာပေကိုသာ လိုက်စားရေးသားခဲ့သည်။ သူသည် အသက် (၃ဝ) အရွယ်ရောက်မှ ပန်းချီ စတင်ရေးဆွဲခြင်းဖြစ်သည်။
hirohito hobbies

အင်္ဂလိပ်  စာပေသမိုင်း၌ စာရေးဆရာမ ဘရွန်တီညီအမ သုံးဖော်သည် အလွန်ထင်ရှားသည်။ သူတို့မှာ ချားလ်လော့ ဘရွန်တီ၊ အမ်မလီဘရွန်တီ၊ အဲန်ဘရွန်တီ တို့ဖြစ်သည်။ သူတို့သည် အထီးကျန်လှသော အရပ်ဒေသ၌ ကြီးပြင်း၍ အသက်တိုတိုဖြင့် ဘဝနိဂုံးချုပ်ခဲ့ရရှာသူများဖြစ်သည်။ သို့ရာတွင် သူတို့၏ နှလုံးသားမှ စိမ့်ထွက်လာသော စာတို့ကား အင်္ဂလိပ်စာပေသမိုင်း၌ သာမက ကမ္ဘာ့စာပေသမိုင်း၌ပါ ထင်ရှားခဲ့သည်။ ချားလ်လော့ဘရွန်တီသည် ဂျိမ်းအဲယား ၀တ္ထုကိုလည်းကောင်း၊ အမ်မလီဘရွန်တီသည် ဝတ်သရင်းဟိုက် (လေထန်ကုန်း) ၀တ္ထုကိုလည်းကောင်း၊ အဲန်ဘရွန်တီသည် အက်ဂနက်ဂရေး ၀တ္ထုကိုလည်းကောင်း ရေးသားခဲ့လေသည်။

သူတို့ ညီအမသုံးဖော်တွင် ချားလ်လော့ဘရွန်တီသည် ပန်းချီရေးဆွဲ ၀ါသနာပါသူဖြစ်သည်။ သူ့ပန်းချီကား အချို့သည် ထင်ရှားခဲ့လေသည်။
Queen elezabath

ကမ္ဘာကျော် ပြဇာတ်ဆရာကြီး ဂါထာသည်လည်း ပန်းချီရေး ၀ါသနာပါသူဖြစ်သည်။ ဂါထာသည် ရေဆေး၊ ဆီဆေး၊ နံရံဆေး မှစ၍ နည်းမျိုးစုံ ရေးဆွဲခဲ့သည်။ ရေးဆွဲသော အကြောင်းအရာမှာ များသောအားဖြင့် တောတောင်ရှူခင်းများဖြစ်သည်။ ဂါထာက သူ့မိတ်ဆွေတစ်ဦးအား ကျွန်ုပ်၏ အတွေးကို စကားဖြင့် ပြောဆိုဖော်ကျူးသည်ထက် စာရေး၍ လည်းကောင်း၊ ပန်းချီရေး၍လည်းကောင်း ဖော်ကျူးခြင်းကို ပိုမိုနှစ်သက်ပါသည်ဟူ၍ ပြောခဲ့ဖူးလေသည်။

ဟစ်တလာသည် အာဏာရှင်မဖြစ်မီက ပန်းချီဝါသနာပါသူ တစ်ဦးဖြစ်သည်။ သူသည် မတတ်တခေါက် ရေးဆွဲခဲ့သော ပန်းချီကားပေါင်းမှာ သုံးရာကျော်မျှရှိသည်ဟု သိရသည်။ သူ၏ လက်ရာများမှာ အထူးကောင်း မွန်လှသည်ကား မဟုတ်ပေ။ ကြည့်ပျော်ရှူပျော်ကားရှိသည်။ ဟစ်တလာ၏ ပန်းချီကားတစ်ခုလျှင် ယခုထက် ပေါက်ဈေး ဒေါ်လာတစ်သိန်းခွဲခန့် ရှိသည်ဟုဆိုသည်။ ဗီယက်နမ် အမျိုးသားခေါင်းဆောာင်ကြီး ဟိုချီမင်း၏ ၀ါသနာမျာလည်း တစ်မျိုးတစ်ဘာသာ ပင်။ သူသည် စာပေနှင့် စိုက်ပျိုးရေး ၀ါသနာပါသည်။ သမ္မတ ဟိုချီမင်းသည် အားလပ်ရက်၌ ကဗျာစပ်လျှင်စပ်နေ၊ မစပ်နေလျှင် ပန်းပင် ၊ သစ်ပင်များကို ယုယစိုက်ပျိုးနေတတ်သည်။ သူသည် ကလေးများကို ချစ်တတ်သူပီပီ အားလျှင်လည်း ကလေးများကို ပုံတိုပတ်စကလေးများ ပြောပြနေတတ်သည်။
HoChiMinh

ဗီယက်နမ် အမျိုးသားခေါင်းဆောင်ကြီးနှင့် ၀ါသနာတူသူကား အမျိုးသားခေါင်းဆောာင်ကြီး ဗိုလ်ချုပ် အောင်ဆန်းပင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စာပေ ၀ါသနာထုံသူဖြစ်သည်။ ကျောင်းသားဘ၀မှ စ၍ အပေါင်းအဖော် သူငယ်ချင်းများနှင့် ရောရောနှောနှော နေလေ့နေထမရှိပဲ အချိန်အားလျှင် စာရေးစာ ဖတ်နေတတ်သည်။ ကျောင်းသားဘ၀ကပင် စာနယ်ဇင်းများ၌ ဆောင်းပါးများ ကိုရေးသားခဲ့သည်။ စာပေ မွေ့လျော်သူပီပီ အိုးဝေမဂ္ဂဇင်း အယ်ဒီတာပင် လုပ်ခဲ့သေးသည်။ သူ မည်မျှ စာပေ၀ါသနာထုံခဲ့ သနည်းဆိုသော်  ၁၉၄၇- ခုနှစ်၊ ဧပြီလ ၌ မေမြို့ ( ယခု ပြင်ဦးလွင် မြို့) တွင် အနားယူနေစဉ်က သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှ (တက္ကသိုလ်နေ၀င်း) အား “ လွတ်လပ်ရေးရပြီးရင် ငါတော့နိုင်ငံရေးက ထွက်ပြီး စာတွေရေးမယ်။ နိုင်ငံရေး၊ ရာဇ၀င်တွေအပြင် အိမ်ထောင်ရေး၊ သားသမီးစောင့်ရှောက်ရေး၊  ပြုပြင်ရေး၊ အချစ်ပြဿနာ၊ လိင်ပြဿနာ (Sexology) နဲ့ ပတ်သက်လို့ ငါ့အယူအဆ သဘောထားတွေကိုပါ စာအုပ်ရေးအုံးမှပဲ” ဟု သူ့ဆန္ဒကို ဖွင့်ဟခဲ့သည်။ ဤသည်ကိုထောက်ရှူ၍ သူ၏ စာပေ၀ါသနာကို အကဲခတ်နိုင်ပေသည်။

ကွယ်လွန်သူ ဂျပန်ဧကရာဇ် ဘုရင် ဟီရိုဟီတိုသည် အားလပ်ချိန်များ၌ မျက်မှန်စုစောင်းခြင်း နှင့် အဏ္ဏ၀ါဇီဝဗေဒကို ၀ါသနာပါသူဖြစ်သည်။ ဟီရိုဟီတိုမှာ မျက်စိအလွန်မှုန်၍ (၁၄) နှစ်သား အရွယ်မှစ၍ မျက်မှန်အမျိုးမျိုးကို စုဆောင်းရန်ဝါသနာထက်သန်ခဲ့သူဖြစ်သည်။ ဧကရာဇ်ဘုရင် ဟီရိုဟီတို၌ မျက်မှ ပြားပြား အလက်ပေါင်းများစွာကို တွေ့ရှိရသည်။ ယင်းတို့အထဲတွင် သန်းပေါင်းများ စွာတန်သည့် စိန်စီမျက်မှန် တစ်လက်လည်း ပါရှိသည်။ ထိုမျက်မှန်ကို သူကိုယ်တိုင်က တပ်ဆင်မဟုတ်ပေ။ ၀ါသနာအလျောက်  စုဆောင်း ထားခြင်းသာဖြစ်၏။ ဟီရိုဟီတို၏ အခြားဝါသနာတစ်ခုမှာ အဏ္ဏ၀ါပြင်အောက် အပင်များနှင့် သတ္တ၀ါငယ်များကို လေ့လာသည့် အဏ္ဏ၀ါဇီဝဗေဒ ဖြစ်သည်။ သူသည် ယင်းဘာသာရပ်နှင့် ပတ်သက်၍ ကျမ်းပေါင်းများစွာကိုလည်း ရေးသားပြုစုခဲ့သူဖြစ်သည်။ သူ၏ သားတော်လက်ရှိ ဂျပန်ဧကရာဇ်ဘုရင် အကီဟီတိုသည် တင်းနစ်ရိုက်ခြင်း၊ ဂီတ ၀ါသနာထုံသူဖြစ်သည်။ ယင်း၏သားတော် အိမ်ရှေ့စံ နာရိုဟီတိုမှာ တောင်တက်ဝါသနာပါသူ ဖြစ်သည်။
နိုင်ငံရေးလောကမှ ပုဂ္ဂိုလ်များကိုခွာပြီး ၀ိဇ္ဇာသိပ္ပံ အစရှိသည့် အတတ်ပညာရှင်၊ အသိပညာရှင်များကို လေ့လာကြည့်ရှူပါကလည်း ၀ါသနာဆန်းလေးများကို တွေ့နိုင်ပေသေးသည်။ ကြံကြံဖန်ဖန် ၀ါသနာပါသူမှာ ဘင်ဂျမန်ဖရန်ကလင်ဆိုသူ အမေရိကန်သိပ္ပံပညာရှင် တစ်ဦးသည် တစ်ညအတွင်း အိပ်ရာမှ ကုတင်လေးခု ပြောင်းအိပ်သည့် ၀ါသနာပင်ဖြစ်သည်။ ဘင်ဂျဖင်ရန်ကလင်မှာ မိုးကြိုးပစ်ခြင်းသည်ကား လျှပ်စစ်ဓါတ် သဘောတစ်ရပ်ဟု ယုံကြည်ပြီး ကောင်းကင်သို့ စွန်လွှတ်စမ်းသပ်ကြည့်ခဲ့သူမှန်း လူတိုင်းသိပြီး ဖြစ်ပါလိမ့်မည်။ လျှပ်တ၀င်းဝင်းရှိသော ကောင်းကင်လေထုတွင် ၀ဲနေသည့် စွန်၏အမှီး နှင့်တဆက်တည်း ကြိုးမှလျှပ် စစ်ဓါတ်စီးပြီး ဖရန်ကလင် လက်တွင်ကိုင်ထားသော သတ္တုမှတစ်ဆင့် ဓါတ်လိုက်သည်ကို ကိုယ်တွေ့ လေ့လာ စပ်းသပ်ခဲ့သူဖြစ်သည်။
ဖရန်ကလင် ခုတင်လေးခုပြောင်းအိပ်တတ်သည့်အကျင့်မှာ အအေးဓါတ်ကို ခုံမင်လွန်းရာမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ လီယိုနာဒိုဒါဗင်ချီ ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်းငါးရာမျှရှိခဲ့သည်။ သို့သော် ခေတ်သစ်သိပ္ပံပညာရပ်များကို လေ့လာလိုက်စားသူတိုင်း လီယိုနာဒိုဒါဗင်ချီကို ယနေ့တိုင် သတိရနေ ဆဲဖြစ် သည်။ လေယာဉ်ပျံ၊ တင့်ကား၊ သံချပ်ကား၊ ရေငုပ်သဘောင်္၊ ရဟတ်ယာဉ်၊ လေထီး၊ စက်ယန္တရားများကို နှစ်ပေါင်း ၅ဝဝ ခန့်ကပင် စဉ်းစားတွေးဆခဲ့သူဖြစ်သည်။ သူ၏ ၀ါသနာဆန်းမှာ စာကို ပြောင်းပြန်ရေး လေ့ရှိသော ၀ါသနာပင်ဖြစ်သည်။ သူ ရေးထားသော  စာများကို မှန်ထောင်ကြည့်မှ ဖတ်နိုင်သည်။
သူရဲကောင်းသုံးယောက်၊ ရတနာသိုက် စသည့် ၀တ္တုများကိုေ၇းသားပြုစုခဲ့သော အလက် ဇန္ဒြားဒူးမားသည် စာအမျိုးမျိုးကိုလိုက်၍ မင်ရောင်အမျိုးမျိုးဖြင့် ခွဲခြားရေးရန် ၀ါသနာပါခဲ့သူဖြစ်သည်။ သူသည် လှို့ဝှက်သဲဖိုအတွက် မင်ရောင်တစ်မျိုး၊ အချစ်ဝတ္တုအတွက် မင်ရောင်တစ်မျိုး စသည်ဖြင့် မင်စိမ်း၊ မင်နီ အမျိုးမျိုးထား၍ ရေးသားတတ်လေသည်။
hirohito hobbies

မည်သို့ဆိုစေ လူုတိုင်းလူတိုင်း ၀ါသနာကိုယ်စီရှိကြသည်။ အချို့သည် မကောင်းမှုဘက်၌ ၀ါသနာထုံ၍ အချို့သည် ကောင်းသည့်ဘက်၌ ၀ါသနာထုံတတ်သည်။ တစ်ဦးနှင့်တစ်ဦး ၀ါသနာချင်းမတူရုံနှင့် သူတစ်ဦး၏ ၀ါသနာကို မကဲ့ရဲ့အပ်ပေ။ မိမိဝါသနာ မပါသောကြောင့် ကဲ့ရဲ့လျှင်လည်း နည်းလမ်းမကျပေ။ သို့သော် ထိုသူ၏ ၀ါသနာကား မျက်မှောက်၌လည်းမကောင်း၊ သံသရာတစ်လျှောက်၌လည်း နစ်မွန်းတတ်သည်ဆိုပါက ယင်း၏ ၀ါသနာမှာ မကောင်းဟုဆိုလိုက်လေသည်။ ကာယကံရှင်ကိုယ်၌ ကလည်း မိမိ၏ ၀ါသနာဆိုးကိုဖျောက်၍ ၀ါသနာကောင်းတစ်ခု၌သာ မွေ့လျော်သင့်သည်။

Emperor Showa & Empress Kojun &_Prince Akihito playing Shogi 1955

အထက်က ဆိုခဲ့သည့်အတိုင်း မိဘကတစ်မျိုး၊ သားသမီးကတစ်ဖုံ ၀ါသနာမျိုးစုံရှိတတ်လေရာ အချို့သော မိဘများသည် သားသမီးတို့၏ ၀ါသနာကို လျစ်လျှူပြုလျှက် မိမိတို့၏ စိတ်တိုင်းကျသော အတင်းအကျပ် လုပ်ဆောင်စေသည်ကို တွေ့   ရလေသည်။ ငါးသား (၁ဝ) တန်းအောင်ရင် ဆေးတက္ကသိုလ်တက်ခိုင်းပြီး ဆရာဝန်ဖြစ်အောင်လုပ်ရမယ်။ အင်ဂျင်နီယာပဲ လုပ်ရမယ် စသည်ဖြင့် တယူသန်မျက်မွေးတဆုံးသာ ကြည့်တတ်သော မိဘများလည်း ရှိသည်ကိုတွေ့ ရသည်။ မိဘတိုင်းသည် မိမိတို့၏  သားသမီးများကို ဆင်စီး၍ မြင်းရံစေချင်သည်မှာ ဓမ္မတာပင်ဖြစ်လေသည်။ သို့သော် မိမိဖြစ်စေချင်သည့်အတိုင်း သားသမီးများက ၀ါသနာအထုံမပါခဲ့သော် ဆင်နင်း၍ မြင်းကန်ခံရသည့် ကိန်းမျိုးမဖြစ်အောင် မိဘတိုင်း သတိချပ်သင့်ပေသည်။

မိဘများ၏ စေတနာကား ချမ်းသာစေလို၍ ဖြစ်သော်လည်း သားသမီးများအား အမှောင်တွင်းသို့ တွန်းပို့နေသကဲ့သို့သာ ရှိပါသည်။ ထို့ကြောင့်လည်း ထိုသို့သော မိဘတို့၏အချစ်မှာ ချစ်ရာမရောက် နစ်ရာ သို့ရောက်နေတော့သည်သာမက သားသမီးတို့မှာသာ မနိုင်မနင်း ပင်ပန်းခဲယဉ်းစွာဖြင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ ရောက်တတ်သဖြင့် “ မိဘမကောင်း သားသမီးခေါင်း “ ဟူ၍ပင် ဆိုသင့်ပေတော့သည်။

ထို့ကြောင့် မည်သည့်ကိစ္စ၌မဆို စီးပွားရေး၊ ကြီးပွားရေး ၌ဖြစ်စေ၊ ပညာရေး၌ဖြစ်စေ၊ မိမိတို့ သားသမီးများ၏ ၀ါသနာကို လေ့လာဆန်းစစ်၍ ယင်းတို့၏ ၀ါသနာအလျှောက်သာ ဆောင်ရွက်ပေး သင့်ပေသည်။
Queen elezabath

လူတိုင်းသည် မိမိဝါသနာမပါသော အလုပ်ကို လုပ်နေရလျှင် တိုးတက်မှုမရနိုင်သည်သာမက တဖြည်း ဖြည်း “ လဆုတ် နောက်သိမ်၊ လေတိုက်တိမ် “ ကဲ့သို့ မှေးမှိန်ဆုတ်ယုတ်၍ သွားတတ်သွားကြောင်း မိမိကိုယ်မိမိ “ ငါ ဘာဝါသနာပါသလဲ “ ဟူသော မေးခွန်းဖြင့် မိမိဝါသနာအစစ်အမှန်ကို ဖော်ထုတ်ကာ ကြိုးစားခြင်းဖြင့် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိနိုင်ပေမည်။ ၀ါသနာပါသောအလုပ်ကို စွဲမြဲစွာ လုပ်ကိုင်လျှင် ချမ်းသာမည်မှာမလွဲပေ။ နောက်ဆုံး ကံမလိုက်၍ လူမချမ်းသာသော်လည်း စိတ်ချမ်းသာနေမှာ အမှန်ပင် ဖြစ်ပါတော့သည်။