ခေတ်ပြိုင်အတွေ့အကြုံ

K Thwe – 20$ due if you do not vote in Australia

တယောက်မှ မကြိုက်ရင် ငွေ ၂၀ ပေးရတဲ့ အော်ဇီရွေးကောက်ပွဲ
K. ကေသွယ်၊ စက်တင်ဘာ ၁၀၊ ၂၀၁၃
I confirmed that the government of Australia has changed  . . .
အသံ ခပ်တုန်တုန် နဲ့ ပြောလိုက်တဲ့ သြစတြေလျ လစ်ဘရယ်ပါတီ ခေါင်းဆောင် တိုနီအဲဘတ် ရဲ့ မိန့်ခွန်း မှာ၊ အပျော်တွေ ဘယ်လောက် စွတ် နေမယ်ဆိုတာ မေးစရာပင် မလိုပါ။ ပြုံးနေတဲ့ သူ့မျက်နှာ ဘေး မှာ ၊ ပြုံးနေတဲ့ သူ့မိသားစု သမီး သုံးယောက်ရဲ့ အပြုံးတွေ။ တကယ်တော့ ၊ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မူ နဲ့ အားကစားလှုပ်ရှားမူတွေကို အမြဲ ဂုဏ်ယူနေတတ်တဲ့  ပြုံးဖြဲဖြဲမျက်နှာ ရယ်. . . လေဘာပါတီ ကို ပြောစရာ တခု ရသွားတိုင်း အားရနေတတ်တဲ့ မျက်နှာပြုံးစပ်စပ် ရယ် ကို မကြာခဏ ဆိုသလို မြင်နေကြ ဖြစ်နေပြီမို့ ၊ အခု မဲ အနိုင်ရသွားတဲ့ သူ့မျက်နှာဟာ ထူးပြီးတော့  ပြုံးပျော်နေတယ်လို့ မထင်မိတော့။
အဲဒီလိုပဲ ၊ မဲ ရှုံးသွားတဲ့ လေဘာပါတီ ခေါင်းဆောင် ကီဗင်ရုဒ် မျက်နှာကို ကြည့်တော့လည်း ၊ တလျှောက်လုံး မကျေမနပ်မူတွေနဲ့ မဲ့ ခွက် လာခဲ့ ပြီးမှတော့ ၊ ထပ်ပြီး မဲ့ စရာ ရှိတော့ဟန်မတူ ။ အကောင်းဆုံး အတိုက်အခံ အဖြစ် ဆက်လက်ကြိုးစားသွားမယ်လို့ ထူးခြားစွာပင် ပြုံး ပြီး ပြောနေ ပေမဲ့လည်း  မဲ့ပြုံး သာ ဖြစ်တော့သည်။ အရင်တခေါက် ၀န်ကြီးချုပ်အဖြစ်ကနေ ဆင်းရတုန်းက မျက်ရည်ကျ ခဲ့သလို များ ဖြစ်အုံးမလားလို့ စိတ်ပူပန်နေပုံ ရတဲ့ သူ့အမျိုးသမီးက၊ ဘေးမှာ အရိပ်တကြည့်ကြည့်။ မကြာလှသေးခင် လေးငါးလ တုန်းကမှ ၀န်ကြီးချုပ် ပြန်ဖြစ်လာရတဲ့ သူ ၊ အခုတော့..နောက်ထပ် တဖန် ၀န်ကြီးချုပ်အဖြစ်က ဆင်းပေးရပေအုံးမည်။ ရွေးကောက်ပွဲ ရှုံးရတဲ့ အပြင် ၊ အားလုံးက ဒီအရှုံးအတွက် သူ့မှာ တာဝန်ရှိတယ် ဆိုပြီး ပါတီခေါင်းဆောင်အဖြစ်တောင် အလိုမရှိ နေ တော့တဲ့ ၊ သူ့အဖြစ်က ဆိုးတော့ ဆိုးလှသည်။ သူကိုယ်တိုင်ကလည်း ဒီ အရှုံးအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ၀န်ခံ ပါသည်။ ဒီမိုကရေစီ ဆိုတာမှာ နိုင်ငံရေး လောကဓံ ကိုလည်း ခံနိုင်ရည်ရှိ ဦးမှကိုး ။
ပြောလည်း ပြောချင်စရာ ကောင်းလောက်အောင် လေဘာပါတီမှာ သူ့ ပြသာနာတွေနဲ့ သူ ရှုပ်ထွေးနေခဲ့သည်။ ရှားရှားပါးပါး အနိုင်ရ ခဲ့တဲ့ ၆ နှစ်တာ ကာလ သက်တမ်းလေးကို ဒီ့ထက်ရှည်အောင် ဆက်မဆွဲဆန့် နိုင်ခဲ့။ ကိုယ်တွေ သြစတြေလျ ကို စရောက်တော့. . . ဂျွန်ဟားဝဒ် အဘိုးကြီးရဲ့ လစ်ဘရယ်ညွန့်ပေါင်းအစိုးရ က၊ သက်တမ်း တော်တော် ရင့်နေပြီ။  လုံခြုံရေး သုံး လေးယောက် လောက် နဲ့ ညနေတိုင်း လမ်းလျှောက်တတ်တဲ့ ၀န်ကြီးချုပ် အဘိုးကြီးကို ၊ အားကစားဝတ်စုံ ကြီးနဲ့ အေးဆေးပဲ လမ်းလျှောက် နေတာ မြင်တော့ သဘောတွေ ကျ ခဲ့မိသေးတယ်။
 နောက်တော့. . . ၀န်ကြီးချုပ်မပြောနဲ့ . . . သြစတြေလျ တနိုင်ငံလုံး  သာတူညီမျှ စနစ်အောက်မှာ ဆင်းရဲ ချမ်းသာ မကွာလှ မခွဲခြားလှပဲ ရိုးရိုးရှင်းရှင်း နေထိုင်ကြတာ ကို ၊ တွေ့လာရတော့၊ ဆရာကြီး ရွှေဥဒေါင်း လိုချင်တဲ့ လွတ်လပ် မျှတ တဲ့ ဆိုရှယ်လစ်လူ့ဘောင် ဆိုတာ.. ဒါပဲဟ လို့ သိလာရတော့တယ် ။  အဲ့ဒီတော့ လည်း ၂၀၀၈ ခုနှစ်မှာ လက်ဝဲယိမ်းတဲ့ လေဘာပါတီ ထူးထူးခြားခြား အနိုင်ရလာတော့ ၊ တိုင်းပြည်အတွက် ဘာမှပိုပြီး ဆိုရှယ်လစ် ထပ်ဆန်စရာ အကြောင်း မရှိတော့ ။ ဒီလိုပဲ အားလုံး စရိတ်မျှကူ စနစ်နဲ့  လခ များများရတဲ့ လူတွေက အခွန် များများဆက် ထမ်း. . . လခ နည်းတဲ့ လူတွေ ၀င်ငွေ မရှိတဲ့ လူတွေကို အစိုးရ က အဲ့ဒီ အခွန်တွေ နဲ့ ပြန် ထောက်ပံ့ ပြန်ပြုစု ပြန်စောင့်ရှောက်. . . ဒါပါပဲ ။ အဲ့ဒီတော့ လေဘာပါတီ က နည်းနည်း စတန့် ထွင်ပြီး ၊ လေထုညစ်ညမ်းခ ကာဘွန်အခွန် ကောက်မယ် တို့ ၊  သတ္တုခွန်တွေ တိုးမြှင့်မယ် တို့ ၊ ဆိုပြီး လုပ်လာတယ်။ သာမာန်ပြည်သူတွေ ကို ဘာမှမထိခိုက်ဘူး လို့ ယူဆရပေမဲ့ ၊ အခွန်ထိ မဲ့ ကော်ပိုရေးရှင်းကြီး တွေက အကြီးအကျယ်ကို လှုံ့ဆော် ကန့်ကွက်ကြတယ်။ နေ့စဉ် ရက်ဆက် သတင်းစာ အလယ် တမျက်နှာလုံးပြည့် ကြော်ငြာကြီးတွေ ထဲ့ ပြီး သူတို့ ကို အခွန်တိုးရင်. . .  လုပ်ခ လစာတွေ မပေးနိုင်ရင် . . .အလုပ်တွေ လျှော့ရင် . . .  ပြည်သူတွေပဲ ထိခိုက်မယ် လို့  ပြန် ခြိမ်းခြောက်တယ်။ ရေဒီယိုတွေ တီဗွီတွေ မှာ နေ့တိုင်း အော်တယ်။ နောက်တော့ အဲ့ဒီ အကြောင်းရင်းခံ ကြောင့်ပဲ ၊ လေဘာပါတီ ခေါင်းဆောင် ၀န်ကြီးချုပ် ကီဗင်ရုဒ် ကို သူ့လက်ထောက်  ဂျုလီယာဂေးလာ့ဒ် က၊  ပါတီဝင် မဲ နဲ့ ဖြုတ်ချပြီး  ပထမဆုံး ကြားဖြတ် အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာတော့ တယ်။ ဂျုလီယာဂေးလာ့ဒ် က ၊ အဲဒီ Mining Super Profit Tax ကို နည်းနည်း ညှိပေး ပြီး ပြသာနာကို ဖြေလျော့ပေးလိုက်တယ်။ 
ဒါပေမဲ့ မိုင်းနင်း ကုမ္ပဏီ ကြီးတွေ ၊ သတ္တုလုပ်ကွက် ပိုင်ရှင် သူဌေးကြီးတွေ အတွက်တော့ လေဘာပါတီ ဦးဆောင်လာတာ ကို ဘယ်လိုမှ ကြည့်မရ ရှုမရ ဖြစ်နေမှာကတော့ အသေအချာ ။ ဒီကြားထဲ ၊ အဖြုတ်ခံလိုက်ရတဲ့  ကီဗင်ရုဒ် ကလည်း ၊ နိုင်ငံခြားရေးဝန်ကြီး ပေးထားတာနဲ့ မကျေနပ်နိုင်ဘူး ။ သူ့ကို အကြောခံလိုက်ရတာကို အခဲမကြေ ဆင်ကြံ ကြံ နေခဲ့တယ် ထင်ပါရဲ့ ။ ဂျုလီယာဂေလဒ်  ၀န်ကြီးချုပ်သက်တမ်း ၃ နှစ်အကြာ မှာ ၊ ဇာတ်လမ်းက ပြန်စ တော့ တယ်။ ဒီတခါ တော့ ဂျုလီယာဂေလာ့ဒ် အလှည့်ပဲ ။ ပါတီထဲမှာ မဲ ပြန်ခွဲပြီး ဂျုလီယာဂေလာ့ဒ် ကို ပြန်ဖြုတ်ချ လိုက်ပြန်တယ်။ ဒီတခါတော့ ဂျုလီယာဂေလာ့ဒ် က ပြတ်တယ်။ မျက်နှာကြီး မဲ့ပြီး အီပိတ် ဆင်ကြံကြံနေတဲ့ ကီဗင်ရုဒ် ထက် ပိုပြတ်သားတယ်။ ဒီတခေါက် မဲခွဲ လို့ သူရှုံးရင် ပါလီမန်ထဲကို ကို ပြန်ကို မလာတော့ဘူး ဆိုပြီး ၊ တခါတည်း ပျောက်သွားလိုက်တာ ၊ အခု သူတို့ပါတီ ကြီး အရှုံးကြီး ရှုံးသွားတဲ့ အချိန်ထိကို သူမ ကို ဘယ်မီဒီယာသတင်း မှာမှ မတွေ့ရ ။
 ဒါပေမဲ့ မနေ့ညကတော့ ၊ လပေါင်းများစွာ ညိမ်သက်နေတဲ့ သူ့ ဖေ့စ်ဘွတ် စာမျက်နှာကနေပြီး၊  ကီဗင်ရုဒ် နဲ့ လေဘာပါတီခေါင်းဆောင် တချို့ကို အားပေးထားတဲ့ ၀ါကျ တချို့ နဲ့ အတူ ၊ အနိုင်ရ ပါတီကို ကွန်ဂရက်ကျုလေးရှင်း လုပ်ထားတဲ့ စာကြောင်းလေးတွေ တက်လာခဲ့တယ်။ သူ့ခမျာ . . . ဟို ယောက်ျားကြီး ၂ ယောက်ကသာ ၊ မဲ နိုင် မိန့်ခွန်းမှာရော မဲရှုံး မိန့်ခွန်းမှာပါ ၊ ၀န်ကြီးချုပ်တာဝန် ၃ နှစ် ထမ်းဆောင်ခဲ့တဲ့ မိန်းမ တယောက် နာမယ်ကို တခွန်းတပါဒ မှ ၊ ထဲ့မပြောပေမဲ့ လို့ ၊ သူကတော့ ပြောရှာ အားပေးရှာပါတယ်။
ဘာပဲပြောပြော ဒီအမျိုးသမီးကို တော့ သဘောကျမိတယ်။ သူကိုယ်တိုင် အင်္ဂလန်ကနေ ရွှေ့ပြောင်းအခြေချ လာတဲ့ ကျောက်မီးသွေးမိုင်းတူးသမားတယောက်ရဲ့ သမီး အဖြစ် ၊ အလုပ်သမား လူတန်းစား နဲ့ သာမန်ပြည်သူတွေရဲ့ အကျိုးကို ပိုကြည့်တာကတော့ သိသာလှသည်။ ၀န်ကြီးချုပ်တယောက် ဖြစ်လာလို့ တာဝန်ပိုခံ လာရတာကလွဲ လို့ နေ့စဉ် ပါလီမန်ထဲမှာ သူမ ၀တ်နေတဲ့ အပေါ်ဝတ် ကုတ်အကျီ င်္တွေ တောင် မှတ်မိနေရလောက် တဲ့ နိုင်ငံခေါင်းဆောင် လုပ်သူ တယောက် ကို မြင်တော့ ၊ မုန့်ဟင်းခါးရောင်းမယ်တို့ ကော်ဖီဆိုင်ဖွင့်တာတို့ ထမင်းဆိုင်ဖွင့်တာတို့  ယာတောအိမ်ကြီးနဲ့ မွေးမြူရေးလုပ်ပြတာတို့ ၊ လယ်သမားတွေ မြေသိမ်းတာတွေ ရပ်ပါဆိုပြီး လူလို အသံကောင်းဟစ်ပြီး အစိုးရပိုင် စက်ရုံတွေ မြေတွေကို လက်သိပ်ထိုး ယူထားတဲ့ မြန်မာပြည်က အသီးသီး အသက သော နိုင်ငံခေါင်းဆောင် ဆိုသူများကို သတိရမိတယ်။  အဲဒီလို အပေါ်ယံ ရွှေမှုန်ကျဲပြီး အထဲက လောက်ထိုး ချစား နေတဲ့ အုပ်ချုပ်မူ လူနေမူပုံစံ တခုစီကနေ   ပြောင်းရွှေ့ လာသူ တယောက်မို့  ၊ ( အခွန်ထမ်းရတာ လေးလံသော်ငြားလည်း ) သာတူညီမျှ ဆိုရှယ်လစ်ဝါဒ စစ်စစ်ကို မူအားဖြင့် နှစ်သက်ထောက်ခံ မိတာ ဆန်းတော့မဆန်း ။ ပြီးတော့ လတ်တလောမှာ မှ ၊ အလုပ်သမားသမဂ္ဂတွေ ကို စိတ်ဝင်တစား လေ့လာနေမိတော့ ၊  ဒီ တချီ ရွေးကောက်ပွဲ မှာ ၊ လေဘာပါတီ ရှုံးသွားရတာ ကို ၊ စိတ်တော့ မကောင်းမိဘူး။ ဒီပုံအတိုင်း ဆို နောက်တချီ ပြန်လာဖို့ တောင် မလွယ်။ အားလုံးကလည်း ၊ ပါတီတွင်း ခေါင်းဆောင် မညီညွတ်မူကြောင့် ၊ လူထု ရဲ့ ယုံကြည်မူတွေ လျော့ပြီး ရွေးကောက်ပွဲ ရှုံးရတယ် ဆိုတာကိုပဲ ထပ်ကာ ထပ်ကာ ပြောနေကြတော့တယ် ။ အင်္ဂလန်က မီလီဘန် တို့ လေဘာပါတီကတောင် သြစတြေလျ လေဘာပါတီ ကို သင်ခန်းစာ ယူဖို့ သုံးသပ်နေကြရသတဲ့။
ပြောသာ ပြောတယ်။ လေဘာကို မူအားဖြင့် သဘောကျရင်တောင် ၊ ဒီ မျက်နှာမဲ့ကြီး နဲ့  ကြိတ်ကြံနေတတ်တဲ့ ကီဗင်ရုဒ် ဆက်အနိုင်ရရင် လည်း ၊ လူအားဖြင့်တော့ ၊ စိတ်ပျက်မိမှာပဲ ။ သြစတြေလျ နိုင်ငံရေးများ. . . လူရှား လိုက်ပုံ ။  တဖက်က ပြောင်စပ် စပ် မျက်နှာပေး နဲ့ ကာယဗလ တပြပြ လုပ်နေတဲ့ တိုနီအဲဘတ် ကြီး ၊ တက်လာတော့ လည်း ၊ အခု စိတ်ညစ်ရတာပါ ပဲ။  အသိ အဖိုးကြီး တယောက်က ဆို . . .  ငါတော့  တယောက်မှ မကြိုက်လို့ မဲသွားမပေးဘူး ဒဏ်ကြေးပဲ ဆောင်လိုက်တယ် . . . တဲ့။ ဒီမှာက.. မဲ မပေး မနေရ ကိုး။ တယောက်မှ မကြိုက်လို့ မဲမပေးချင်ရင်တော့ ဒဏ်ငွေ ၂၀ ပဲ ။
တကယ်တော့ ကိုယ်တွေ နေတဲ့ မြို့မှာက ၊ လေဘာ လည်း အားသိပ်မကောင်း ၊ လစ်ဘရယ် လည်း အားသိပ်မကောင်းပဲ ၊ နေရှင်နယ် လို့ ခေါ်တဲ့  ပါတီက အစဉ်အလာ ရှိတာ။  ဒါမဲ့ ကိုယ် မှ နေရှင်နယ် မဟုတ်တာ  ၊ နေရှင်နယ်ပါတီ ဆို ပိုတောင် ဝေးရော ။  
တကယ်က ဒီနှစ် ၊ ဂျုလီယမ်အာဆမ် ရဲ့  ၀ီကီလိ ပါတီအသစ်ကို စိတ်ဝင်စားနေမိ တာ။ ဖြစ်ချင်တော့ သူ့ခမျာ . . . ၀ီကီလိ ကသာ တကမ္ဘာလုံးမှာ ဟိုးဟိုးကျော်ခဲ့ပေမဲ့ ၊ သူ့ ၀ီကီလိ ပါတီလေးမှာဖြင့် ၊  မဲက တစ်  ရာနှုံးတောင် မပြည့် ရှာ။  အကယ်လို့ ကံကောင်း မီးကောင်း ပါလီမန် မှာ ၀ီကီလိ က ၊ ခုံ တခုံ ရ ရင်တောင် ၊ အီကွေဒေါ သံရုံးထဲက အပြင်ထွက်တာနဲ့ ဖမ်းခံထိ နိုင်တဲ့ မစ္စတာ ဂျုလီယမ်အာဆမ် ခမျာ ၊ သူ့ မိခင် သြစတြေလျနိုင်ငံ ကို ဘယ်လို ပြန်လာ ပြီး ၊ နိုင်ငံရေးလုပ်မယ်လို့ စိတ်ကူးယဉ် နေခဲ့ လေ သလဲ မသိ။ ခုတော့ အီကွေဒေါ မှာ ပဲ ဆက်နေပေဦးတော့ အာဆမ်း ရေ ။
တကယ်တော့လည်း ၊ ဒီမိုကရေစီ လူ့ဘောင် နဲ့ ပါလီမန် စနစ်ကို အသေအချာ အကျအန တည်ဆောက်ထားပြီး တဲ့ နောက်မှတော့၊ ဘာပါတီပဲ တက်တက် . . . လက်ဝဲပဲ ယိမ်းယိမ်း . . .လယ်ယာပဲ ထိုးထိုး . . . အလယ်ခေါင်ပဲ ကျကျ . . . ဘာမှ ထူးပြီး ကြောင့်ကြစရာ မလိုလှတော့ပါဘူးလေ။ နောက်ပြန်သွားမှာ တို့ . . . ချောက်ထဲ ကျခါနီးမှာတို့  ကိုလည်း ပူပင်နေစရာ မရှိ ပါဘူး။ ပြောကြစတမ်းဆို ၊ မြန်မာပြည်က ၁၉ ၉ ၀ ဒီမိုကရေစီ ပါတီစုံ ရွေးကောက်ပွဲကြီးမှာ ခြိမ့်ခြိမ့်သဲသဲ အူလှိုက်သဲလှိုက် သောင်ပြိုကမ်းပြို မဲတွေထဲ့ခဲ့  အောင်ပွဲခံခဲ့တာကြီး ကို ကြုံဘူး ခဲ့တဲ့  မြန်မာ လူမျိုး တယောက် အနေ နဲ့ တော့ ၊ သြစတြေလျ က ရွေးကောက်ပွဲ ဆိုတာ စိတ်လှုပ်ရှားစရာ နည်းပါးလွန်းလှပါတယ်လေ။ အင်းလေ. . .   ဒါကပဲ နိုင်ငံ တနိုင်ငံ ရဲ့ တည်ငြိမ်တဲ့ အလှတရား တခု . . . ခိုင်မာတဲ့ ယန္တယားတခု မဟုတ်လား. . . ။

K.ကေသွယ်
၈ ရက် စက်တင်ဘာ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts