ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

နှလုံးလှသူတို့၏ ပေးဆပ်မှုတရပ်
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
စက်တင်ဘာ ၁၀၊ ၂၀၁၃

၈.၉.၂ဝ၁၃ ရက်နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခခန်းမဆောင်ကြီး၌ “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်းအနားအား နံနက် (၉းဝဝ) နာရီမှ ညနေ (၅းဝဝ) နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအား နံနက် (၆း၃ဝ) နာရီမှစတင်၍ နာရေးကူညီမှုအသင်း(ရန်ကုန်) အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ် ရုံးချုပ်ဝန်းအတွင်းသို့ မိုးရေစက်များနှင့်အတူ တဖွဲဖွဲ ရောက်ရှိလာကြသော ရဟန်းသံဃာများ၊ သီလရှင်များ၊ အသင်းအဖွဲ့များ၊ ကိုယ်စားလှယ်များ၊ ဧည့်သည် တော်များ၊ လေ့လာသူများနှင့် ပြည်တွင်း/ပ မီဒီယာများ အသီးသီးရောက်ရှိခဲ့ကြပြီး နံနက် (၇း၃ဝ) နာရီ အချိန်တွင် အခမ်းအနားကျင်းပမည့် သုခ ခန်းမဆောင်ကြီးသို့ လက်မှတ်ရေးထိုး၍ ဝင်ခွင့်လည်ဆွဲကဒ်ပြား များ ထုတ်ယူ၍ သတ်မှတ်ထားသည့် နေရာထိုင်ခုံများသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဧည့်ကြို-နေရာ ချထားရေး တာဝန်ခံများတို့မှ စနစ်တကျ လိုက်လံ၍ ပို့ဆောင်ပေးခဲ့သည်။

“မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်း အနားအား နံနက် (၉းဝဝ) နာရီမှ (၁၁း၃ဝ) နာရီအထိ ပထမပိုင်းအစီအစဉ် အခမ်းအနားမှူးအဖြစ် နာရေး ကူညီမှုအသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာစိုးမှ စီစဉ်ဆောင်ရွက်ခဲ့ပြီး နာရေးကူညီမှု အသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အဖွင့်နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ ပြီးနောက် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ အခမ်းအနားကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင်မှ အသင်းအဖွဲ့ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး နေပြည်တော်တွင် တက်ရောက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြခြင်းများ ဦးစွာ အနေဖြင့် အခမ်းအနားအား စတင်ခဲ့သည်။ ထို့နောက် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတို့မှ သဘော ထား ထုတ်ပြန်ချက်များအား ဖတ်ကြားတင်ပြခဲ့ရာ – ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) လူမှုရေးအသင်း အဖွဲ့ (၃၄) ဖွဲ့တို့၏ကိုယ်စား “ကရုဏာလက်များကွန်ယက်” ဒေါ်ဆုဝေဖြိုးမှ၎င်း၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူး မြို့ရှိ လူမှုရေးအသင်းအဖွဲ့ (၂၁) ဖွဲ့တို့၏ကိုယ်စား “ကရုဏာဖြူစင် သွေးလှူရှင်အသင်း” ဦးလှအောင်မှ ၄င်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) “နမ့်ခုံးရှမ်းများပရဟိတအသင်း” ဦးစိုင်းဆိုင်မှိုင်းမှ၎င်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ လူမှုရေးအသင်းအဖွဲ့ (၄) ဖွဲ့တို့၏ကိုယ်စား “မဇ္ဈိမလူမှုကူညီရေးအသင်း” ဒေါ်သန်းသန်းဌေး မှ၎င်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ မိုင်းကိုင်-မိုင်းယွန်း အထူး ဒေသ၊ ငြိမ်းချမ်းရေးအဖွဲ့ Shan State National Army (S.S.N.A-ခွဲထွက်) ဒေါ်လွင်လွင်ရန်နောင်မှ၎င်း ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့၊ “ရွှေမေတ္တာ လူမှုစောင့်ရှောက်ရေးနှင့် နာရေးကူညီမှုအဖွဲ့” ဦးအောင်အောင်မှ၎င်း၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ “မနောဖြူ လူမှုကူညီရေးအသင်း(ချောက်)” ဦးအောင်ထွန်းဦးမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ “သန္တိသုခ (အခမဲ့) လူမှုကူညီရေးအသင်း” ဦးဇော်သန်းမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးမြို့နယ်၊ လူမှုရေးအသင်းအဖွဲ့ (၁၈) ဖွဲ့တို့၏ ကိုယ်စား “ကရုဏာရှင်(အခမဲ့)ဆေးခန်းနှင့် နာရေး(အခမဲ့)ကူညီမှုအသင်း” ဦးသစ်လွင်မြင့်မှ၎င်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ “ကရုဏာရှင် လူမှုကူညီရေးအသင်း(ဖျာပုံ)” ဦးမျိုးမြင့်မှ၎င်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့၊ “မေတ္တာသွေး ကျန်းမာရေးဖေးမကူညီမှုအသင်း”  ဦးကျော်အေးမှ၎င်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ “မေတ္တာရိပ် ကျန်းမာရေးကူညီစောင့်ရှောက်မှုအသင်း(ပုသိမ်)” ကိုဇော်ထွန်းခိုင် မှ၎င်း၊ ကရင်ပြည်နယ်၊ ဘားအံမြို့၊ “မာဃလူမှုကူညီရေးအသင်း” ဦးအောင်သန်းမှ၎င်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာမြို့ရှိ လူမှုရေးအသင်းအဖွဲ့ (၂၆) ဖွဲ့တို့၏ကိုယ်စား “ဘုန်းစိုးလူမှု ကူညီရေးအသင်း” ဦးစိန်ဝင်းမှ၎င်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၊ ပဲနွယ်ကုန်းမြို့ “တစ်ရာစွမ်းအား ကျန်းမာရေးနှင့် ပညာ ရေး အထောက်အကူပြုအဖွဲ့” ဦးသန်းဇော်မှ၎င်း၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ “ဝေယျဝစ္စအလှူရှင်များ နာရေးကူညီမှုအသင်း” ဦးစံဆင့်မှ၎င်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ “ဖြူစင်မေတ္တာ ဆေးလှူဒါန်းရေးအဖွဲ့” ဦးကျော်ဝင်းမှ၎င်း၊ ကယားပြည်နယ်၊ ဖယ်ခုံမြို့ “လောကပါလ လူမှုကူညီရေးအသင်း” ကိုကျော်ထင် အောင်မှ၎င်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဟိတကာရီ ပရဟိတအဖွဲ့” ဦးကျော်လင်းထွန်းမှ၎င်း၊ မကွေး တိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ “သမ္မာဆန္ဒ နာမှုကူညီရေးအသင်း” ဦးဌေးဝင်းမှ၎င်း၊ မန္တလေးတိုင်း၊ သပိတ် ကျင်းမြို့၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဖက်ရှည်ဆရာတော် ဥူးဣိသကမှ၎င်း၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ ကောလင်းမြို့၊ “လူမှုကူညီရေးအသင်း” ဦးကျော်ကျော်လွင်မှ၎င်း အသီးသီး ပြောကြားခဲ့ပြီးနောက် နံနက် (ပထမပိုင်း) အစီအစဉ်အား ခေတ္တရပ်နားပြီး နေ့လည်စာအား နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခ အာဟာရ၌ ဧည့်ခံကျွေးမွေးရာတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) သုခအလင်း ပညာဒါနမှ ဖွင့်လှစ် ပို့ချသည့် ဟိုတယ် ဝန်ဆောင်မှုသင်တန်းမှ သင်တန်းဆင်းများနှင့် သင်တန်းတက်ရောက်လျှက်ရှိကြသော သင်တန်းသား/သူများတို့မှ ပါဝင်ကူညီအားဖြည့်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

နေ့လည် (၁းဝဝ) နာရီအချိန်တွင် ဒုတိယပိုင်းအစီအစဉ်အား အခမ်းအနားမှူးအဖြစ် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ အလုပ်အမှုဆောင် ဦးကျော်ကျော်မြင့်မှ စီစဉ်ဆောင်ရွက်ခဲ့ပြီး ဦးအောင်ခင်ဆင့် (ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့)၏ “ဦးကျော်သူ (သို့) သုဘရာဇာကြီးတစ်ဦးထံသို့ အိတ်ပိတ်ပေးစာ” အား “သုခကုသိုလ်ဖြစ်ဆေးခန်း(ကြို့ပင်ကောက်)” ဦးမင်းသူရမှ ဖတ်ကြားပြီးနောက် သဘောထား ထုတ် ပြန်ချက်များအား ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ပြည်မြို့ “မိုးမေတ္တာ ပရဟိတလူငယ် သွေးလှူရှင် များအသင်း(ပြည်)” ဦးညီညီအောင်မှ၎င်း၊ ရန်ကုန်တိုင်းဒေသကြီး၊ “Better Burmese Health Care” ဒေါက်တာအောင်မြင့်သိန်းမှ၎င်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ “ပရဟိတလူငယ်အသင်း” ဦးထင်လင်းကျော် မှ၎င်း၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် “သုဂတိစေတနာ လူမှုကူညီရေးအသင်း” ဦးကျော်ဝင်းမှ၎င်း၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ “ကံဦးသွေးလှူရှင်အသင်း” ဦးကျော်ဇောအောင်မှ၎င်း၊ ရခိုင်ပြည် နယ်၊ မြေပုံမြို့နယ် “စေတနာရှင်များ နာရေးကူညီမှုအသင်း” ဦးရန်နိုင်ဖြိုးမှ၎င်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ “ကရုဏာရှင်များ နာရေးကူညီမှုအသင်း” ဦးအုန်းရွှေမှ၎င်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ “ကရုဏာရှင်နာရေးကူညီမှုအသင်း” ဦးခင်မောင်ဌေးမှ၎င်း၊ ဧရာဝတီတိုင်း၊ မော်ကျွန်းမြို့ “ဓမ္မပါလ ဘုန်း တော်ကြီးကျောင်း၊ ဓမ္မပါလ ကုသိုလ်ဖြစ်ဆေးခန်း” ဆရာတော် ဦးဝိမလမှ၎င်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေမြို့နယ် ကိုယ်စားပြုအဖြစ် ဦးစောလွင်မှ၎င်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့ “ရွှေပန်းတိမ် ပရ ဟိတအသင်း” ဦးကိုနိုင်မှ၎င်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ “မေတ္တာရှင် လူမှုကူညီရေးအသင်း” ဦးသောင်းတန်မှ၎င်း၊ မွန်ပြည်နယ်၊ မုဒုံမြို့ “မြတ်စေတနာ လူမှုအထောက်အကူပြုအဖွဲ့” ဦးသိန်းဌေးမှ၎င်း၊ ကချင်ပြည်နယ် “မေတ္တာလေညှင်း လူမှုထောက်/ကူပြုအဖွဲ့” ဦးထွန်းမြင့်နောင်မှ၎င်း အသီးသီး ပြောကြားခဲ့ ပြီး နေ့လည် (၂းဝဝ) နာရီအချိန်တွင် ဒုတိယပိုင်း အစီအစဉ်အား ခေတ္တာရပ်နားပြီး ကော်ဖီနှင့် အကြော် များဖြင့် သုခ အာဟာရ၌ ဧည့်ခံကျွေးမွေးခဲ့သည်။

နေ့လည် (၃းဝဝ) နာရီအချိန်တွင် တစ်နေ့တာ (ပထမပိုင်း၊ ဒုတိယပိုင်း) ဖတ်ကြားတင်ပြခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့၏ သဘောထား ထုတ်ပြန်ချက်များအား စုပေါင်းမှတ်တမ်းတင် စိစစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘော ထား ထုတ်ပြန်ခြင်း အခမ်းအနားကြီး၌ ဖတ်ကြားတင်ပြသော သဘောထား ကြေညာချက်များ အပေါ် အခြေပြု၍ထုတ်ပြန်သည့် “ဘုံသဘောထားကြေညာချက်” အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှ ဖတ်ကြားတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော လူမှုရေးအသင်း အဖွဲ့များ အား လူမှုရေးတေးသီချင်းများ ဖြင့် ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦးလှိုင်တို့မှ ဂုဏ်ပြုသီဆို ဖျော်ဖြေ ခဲ့ပြီးနောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဒု-ဥက္ကဌ ဒေါ်သန်းမြင့်အောင်မှ ကျေးဇူးတင်စကား ပြောကြား ခဲ့ပြီး တဆက်တည်းပင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံတွင်းရှိ အသင်း အဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘောထား ထုတ်ပြန်ခြင်း အခမ်းအနား အောင်မြင်စွာပြီးမြောက် ကြောင်း အခမ်းအနားမှူးမှ ပြောကြားလိုက်ချိန်တွင် သုခ ခန်းမဆောင်ကြီးအတွင်းရှိ လူထုတစ်ရပ်လုံးတို့ ၏ လက်ခုပ်သံများသည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ခြံဝန်းအပြင်ထိတိုင် လွှမ်းခြုံသွားခဲ့သည်။
၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက် နိုင်ငံပိုင်သတင်းစာမျက်နှာတွင် ဖော်ပြခဲ့သည့် “အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ လိုအပ်ချက်များအား ၈.၉.၂ဝ၁၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကြီးမှူးကျင်းပသည့် “မြန်မာနိုင်ငံတွင်းရှိ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်း” အပေါ် သဘော ထား ထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့မှ အသင်းအဖွဲ့ (၅ဝဝ) ခန့်၊ လူဦးရေ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ကြပြီး လူမှုရေးအသင်းအဖွဲ့များ၏ ဖတ်ကြားတင်ပြခဲ့သော သ ဘောထား ကြေညာချက်များအပေါ် အခြေပြုပြီး ပြန်လည်ထုတ်ပြန်ခဲ့သည့် “ဘုံသဘောထား ကြေညာ ချက်”အား ပြည်ထောင်စုလွှတ်တော်မှ ဥပဒေပြဋ္ဌာန်းရာတွင် ထည့်သွင်းဆွေးနွေးနိုင်ရန် တင်ပြသွားမည်ဖြစ် သည်။

အခမ်းအနားသို့ ပြည်နယ်၊ တိုင်းအသီးသီးတို့မှ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့ဖြင့် ခရီးပင်ပန်းစွာဖြင့် တက်ရောက်၍ တင်ပြခဲ့ကြသော အသင်းအဖွဲ့များ၊ အချိန်မအားသည့်ကြားမှ အသင်း အတွက် အမြဲတမ်း Welcome ဟု ပြောကြသော အထူးဧည့်-အသင်းသား ဦးရဲလွင် (မဇ္ဈိမလှိုင်း)နှင့် ကိုဆောင်းဦးလှိုင်၊ အခမ်းအနားသို့ တက်ရောက်လာကြသူများ လက်မှတ်ရေးထိုးသည့်ကောင်တာ၌ အခမ်းအနားပြီးဆုံးချိန်အထိ လုပ်အားပေးခဲ့သော မနန်းခင်ဇေယျာ၊ အခမ်းအနားဖြစ်မြောက်အောင် နေ့ည မရွေး (တာဝန်များအား နေရာမရွေး) ထမ်းရွက်ပေးဆပ်ခဲ့ကြသော အလုပ်အမှုဆောင်များ၊ အကြံပေးများ၊ ဝန်ထမ်းများ၊ အသင်းသား/သူများ၊ ဧည့်-အသင်းသား/သူများ၊ ကြက်ခြေနီအဖွဲ့သူ/သားများ၊ ဟိုတယ် ဝန် ဆောင်မှု သင်တန်းနည်းပြဆရာများ၊ သင်တန်းဆင်းများနှင့် သင်တန်းသား/သူများ၊ ကိုခင်မောင်အေးနှင့် အဖွဲ့နှင့် ကျေးဇူးတင်ထိုက်သူများ အားလုံး အားလုံးတို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။

(၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်နေ့တွင် ပြည်နယ်၊ တိုင်းဒေသအသီးသီးတို့မှ လူမှုရေး အသင်းအဖွဲ့များ ဖတ်ကြားတင်ပြခဲ့သော သဘောထား ကြေညာချက်များအပေါ် အခြေပြုပြီး ပြန်လည် ထုတ်ပြန်ခဲ့သည့် “ဘုံသဘောထားကြေညာချက်” အား နေပြည်တော်ရှိ အစိုးရအဖွဲ့ရုံးများ၊ သက်ဆိုင်ရာ ဌာနများ၊ သံရုံးများ၊ တိုင်းနှင့်ပြည်နယ် လူမှုရေးအသင်းအဖွဲ့များထံသို့ တင်ပြပေးပို့သွားမည် ဖြစ်ပါသည်။)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts