Uncategorized

Bharadwaj (Myanmar) – Essay

လက်မှတ်ရေးထိုးခြင်းနှင့် မြန်မာ့ယဉ်ကျေးမှု
ဘာရာဒွါဂျာ (မြန်မာပြည်)
စက်တင်ဘာ ၁၀၊ ၂၀၁၃


လက်မှတ်ထိုးခြင်းဟုဆိုရာတွင် မင်္ဂလာလက်မှတ်ရေးထိုးခြင်းမျှသာ ဟု သဘောပိုက် ကောင်းပိုက်ကြပါလိမ့်မည်။ တကယ်တော့ လက်မှတ်ထိုးခြင်းသည် လက်မှတ်ရေးထိုးသူက ထိုစာပါ အကြောင်းအရာနှင့် စပ်လျဉ်းပြီး သဘောတူလက်ခံခြင်းကို ပြသလိုက်ခြင်းသာဖြစ် ပါသည်။ ဌာနဆိုင်ရာ တာဝန်ထမ်းဆောင်သူများ အနေနှင့်မူ လက်မှတ်ထိုးခြင်းသည် တရားဝင်လက်ခံသည့် သဘော၊ တရားဝင်အသိ အမှတ်ပြုသည့်သဘော၊ ချမှတ်လိုက်သည့် အမိန့်တစ်ရပ်အပေါ် လက်မှတ်ထိုးထုတ်ပြန်လိုက်ခြင်းသည် ချမှတ်သည့် အမိန့်အ ပေါ် တာဝန်ယူသည့်သဘောများ သက်ဝင်နေပါသည်။
ထိုထိုသော ဌာနဆိုင်ရာ လက်မှတ်ထိုးခြင်းသည် တရားဥပဒေသဘောအရ အလွန်တရာပင် လေးနက်သော သဘောသက်ဝင်ပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ အစပြု၍ ညွှန်ကြားရေးမှူးချုပ်၊ ၀န်ကြီး၊ သမ္မတ တိုင်အောင် လိုအပ်သော လက်မှတ်ရေးထိုးမှုများသည် ပြည်သူ တို့နှင့်သက်ဆိုင်သော၊ တိုင်းပြည်တစ်ပြည်လုံးနှင့် သက်ဆိုင်သော အရေးကိစ္စများကို တရားဥပဒေ သဘောအရ အတည်ဖြစ်စေရန် အလို့ငှာ၊ တာဝန်ရှိသူမှ တာဝန်ယူ သိရှိသည့်သဘောသက်ရောက် ရန် လက်မှတ်ရေးထိုးခြင်းဖြစ်ပါသည်။ လက်မှတ်ရေးထိုးခြင်းသည် ၀န်ခံသည့်သဘော၊ တာဝန်ယူ သည့်သဘော၊ သိရှိသည့်သဘော စသည်ဖြင့် များစွာသော လေးနက်သည့် အဓိပ္ပါယ်သဘောသက်  ရောက်ပါသည်။
လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာထောက်ခံချက်များ၊ ခွင့်ပြုချက် များရယူရန် အတွက် သက်ဆိုင်ရာဌာနဆိုင်ရာ လူကြီးမင်းများထံ လက်မှတ်ရေးထိုးရန် တင်ပြရပါ သည်။  ဤသို့လိုအပ်ချက်များသည်လည်း သက်ဆိုင်ရာတိုင်းပြည်မှ ပြဌာန်းသော ဥပဒေအရ ဆောင် ရွက်ရခြင်းသက်သက်ဖြစ်ပါသည်။
သို့သော် ကျွန်မတို့နိုင်ငံတွင်မတော့ လက်မှတ်ထိုးပေးရန်အတွက် နောက်ဆက်တွဲ ကျေးဇူးပြု ခြင်းကပါလာပါသည်။ လာဘ်လာဘ ဟုပင် မမြင်နိုင်လောက်အောင် မိမိလိုအပ်သော စာရွက်၊ စာတမ်း အတွက် တာဝန်ရှိသူ၏ လက်မှတ်ကို လိုအပ်၍ တောင်းခံရမည်ဆိုလျှင် ထိုဌာနဆိုင်ရာလူကြီးမင်းများ အတွက် ကျေးဇူးပြုရန် ခြင်းက အနည်းဆုံးတော့ပါကို ပါသင့်သည်ဟု အောက်မေ့သည်။ မိမိ၏ စာရွက်၊ စာတမ်း၊ အထောက်အထား မည်မျှပင်ခိုင်လုံစေကာမူ ထိုအနှီ လူကြီးမင်း၏ လက်မှတ်သည် အရေးပါလျှင် ပါသရွေ့ ကျေးဇူးပြုသည့် တန်ဖိုးက ကြီးမားလှပါသည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ကျွန်မကိုယ်တိုင်ပင် သက်ဆိုင်ရာဌာနမှ အသိအမှတ်ပြု ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုအမိန့် ယူရန်အတွက် လိုအပ်သည့် အထောက်အထားပြည့်ပြည့် စုံစုံဖြင့် လျှောက်လွှာတစ်စောင် တင်ခဲ့ပါသည်။ လူကြီးမင်းကိုလည်း ကိုယ်တိုင် ၀င်တွေ့ရန် ၀င်လေး တတ်သူမဟုတ်သဖြင့် ကျွန်မအား ကူညီလုပ်ကိုင်ပေးသော တပည့်များက လူကြီးမင်း၏ ရုံးခန်းသို့ ခေါ်သွားပေးပါသည်။ ထိုအနှီလူကြီးမင်းသည်လည်း လက်မှတ်ထိုးဖို့အရေး အတော်ပင်ကြေးကြီး သည် ဟုထင်ပေါ်ကြော်ကြားပါသည်။ တစ်ခါတစ်ရံ ပေးတန်တာ ပေးပြီးသည့်တိုင် လက်မှတ်ထိုးစရာ ရှိသည်ကိုပင် ထိုးမပေးဘဲ အခန်းထဲမှ သွားလို့ရပြီ ဆိုသောစကားကို မော့ပင် မကြည့်အားဘဲ ဆိုတတ်သည့်သတင်းကလည်း မွှေးလှပါသည်။  သို့ဖြစ် ၍ တပည့်များက ကျွန်မအား တစ်ခါတည်း များများ မပေးရန်၊ အဆင်ပြေလျှင် ထပ်ပြီးကျေးဇူးပြုပါမည် ဆိုသည်ကိုလည်း တစ်ဖွဖွ ပြောခိုင်းပါ သည်။ ကျွန်မကတော့ ရုံးခန်းအပြင်ဖက်တွင် မတ်တပ်ရပ်လျက် ငူငူငိုင်ငိုင်ပင်။  လက်ထဲတွင်လည်း ကိုယ့်ဘ၀ တစ်သက်လုံးဤမျှလောက်သော ငွေကို ကိုယ့်အတွက်ပင် မသုံးဖူးကြောင်းကိုသာ ပုံသဏ္ဍာန် အမျိုးမျိုးဖြင့် တွေးနေမိပါသည်။ တပည့်များက ငြင်းရင်းခုံရင်းက ရှုပ်ပါတယ် ဆရာမရယ် .. အဆင်ပြေရင် ဆရာမ ဘယ်ရွေ့ဘယ်မျှ ကန်တော့ပါ့မယ် လို့သာ ပြောင်ပြောင်တင်းတင်းပြောချလိုက် ဟုဆိုသောအခါ ကျွန်မသွေးက နားထင်ရောက်လာပါသည်။
ဟဲ့ သူ့ကို ကန်တော့မယ်ပြောရအောင် ငါ့အမေလည်းမဟုတ်၊ အဖေလည်းမဟုတ်၊ ငါ့ဆရာလည်းမဟုတ် ၊ ပေးဆိုပေးမယ် ငါ့လာပြီး ကန်တော့မယ်တွေဘာတွေ မပြောခိုင်းနဲ့ ဟု လေသံမာမာနှင့် ပြောလိုက်သောအခါ တပည့်များက စိတ်ပျက်သော အမူအရာနှင့် … ခတ်ရှောင် ရှောင်။ တစ်ယောက်ကတော့ ဆရာမကတော့လုပ်ပြီ ဟု ဆိုလိုက်သေးသည်။
အနှီလူကြီးမင်းရှေ့ရောက်သောအခါ ၀င်လာသူကို မော့ပင်မကြည့်။ ဘေးက စာရေးက ထိုင်ပါ ဟုဆို၍ ထိုင်လိုက်ရသည်။ နောက်ကျောက မလုံ။ နောက်ကျောတွင် ချထားသော ကုလားထိုင်များပေါ် တွင် ယူနီဖောင်းဝတ်တစ်ဦးကိုတွေ့သည်။ ပါလာသော စက္ကူအိတ်ထူထူကို ဘာလုပ်ရမှန်းမသိ။ စားပွဲပေါ်တင်ရမလား။ သို့တည်းမဟုတ် စားပွဲအောက်မှာပင် ၀ှက်ထားသင့်သလား။ နောက်ကျောက လူကြီးမင်းကြီးရှေ့တွင် စားပွဲပေါ်တင်ပေးလိုက်၍ ဖြစ်မလား။ ကျွန်မဘေးတွင် ရပ်နေသော လက်ထောက် လူကြီးမင်းက ကျွန်မ၏ အမှုတွဲကို ကိုင်သူ(သို့သော် တရားရုံးတွင် မဟုတ်ပါ ၊ သို့သော် အမှုတွဲ ဟုသာ ခေါ်ကြပါသည်။)က ဖိုင်တွဲကိုလှန်ကာ အထောက်အထားများကို ပြောပြနေစဉ် စားပွဲတွင်ထိုင်နေသော လူကြီးမင်းက စာအိတ်ကို ဘာလုပ်ရမှန်းမသိဖြစ်နေသည့် ကျွန်မ အခြေအနေကို သဘောပေါက်၍ပင် ထင့်။ ယူလာတာကို ခြင်းထဲထည့်လိုက် ဟု ခတ်တည်တည်နှင့် မိန့်ရင်း ခေါင်းကလည်း သူ့ကုလားထိုင်ဘေးကိုငဲ့ပြပါသည်။ အိုး .. ခြင်းကြီးတစ်လုံးကို ပေးသမျှထည့် ရန်ပင် အဆင်သင့်ချထားလိုက်သေး။ နဖူးကိုထုကာ ငါ့နှယ်နော် ဟုသာ ဆိုလိုက်ချင်သည်။ ဘေးက ဆရာ ဟိုရောက်ဒီရောက်ပြောပြချက်ကို ခေါင်းညိတ်လိုက်စဉ် ကျွန်မက အဆင်ပြေရင် ဆရာ့ကို ကျေးဇူးပြုဦးမှာပါ ဟုဆိုလိုက်သည်။ အပြင်မှာခဏစောင့် ဟုဆို၍ ကျွန်မ အခန်းထဲက ထထွက်လာ ပါသည်။
အခန်းအပြင်သို့ ခြင်းအဆင်သင့်ချထားသောလူကြီးမင်းဘေးက အမှုကိုင်အရာရှိက ထွက်လာသည်။ လက်မကိုထောင်ပြသွားသည်။ နောက်မကြာမီ လက်မှတ်ထိုးထားသော စာရွက်ကလေး ကြလာပါသည်။ လက်မှတ်တစ်ခါတည်း ထိုးပေးလိုက်သည်မို့ တပည့်များက ထပ်ပေးစရာ မလိုဘူး ဟုဆိုလာပါသည်။ ကျွန်မကတော့ ကျွန်မအား နေပြည်တော်သို့အခါခါ မချိန်းဘဲ တစ်ခါတည်းလက်မှတ်ထိုးပေးသည့်အတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိပါသည်။

ကားအထွက်တွင် ယူလာတာကို ခြင်းထဲထည့်လိုက် ဟုပြောပုံကိုသာ တဖွဖွပြောတော့ တပည့်က ဆရာမက အနောက်က ယူနီဖောင်းသမားကြောင့် မပေးမှာစိုးလို့ လမ်းဖွင့်လိုက်တာလေဟု မှတ်ချက်ချသည်။ ကျွန်မကတော့ .. ဒါပေမယ့် ဒီလိုနေရာမှာထိုင်ပြီး ဒီလိုကိစ္စတွေကို ရှင်းလင်းဖို့ရာ နိုင်ငံတော်က လုပ်ခလစာပေးပြီးသားလေ … ငါကစာသင်တယ်၊ အဲဒါ ငါ့အလုပ်။ သူက တင်ပြလာတဲ့ အထောက်အထားကို ခိုင်လုံမှုရှိမရှိစိစစ်ပေးပြီးလက်မှတ်ထိုးရတယ်၊ အဲဒါ သူ့အလုပ်။ အဲဒီအတွက် လခလစာရပြီးသားလေ .. ငါက ဘာကြောင့် ကျေးဇူးပြုရတာလဲ။ သဘာဝမကျတာတွေ ဟုဆိုသောအခါ တပည့်တစ်ယောက်က .. သူက ဆရာမလို ကျူရှင်ပြစရာမရှိဘူးလေ … ဟုဆိုလိုက်သောအခါ တစ်ကားလုံး တဟားဟားနှင့်ဖြစ်ကုန်ကြပါတော့သည်။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts