Uncategorized

Bharadwaj – Op,Ed

အောင်မြင်ခြင်းဖြင့် ကျဆုံးသွားခြင်း
ဘာရာဒွါဂျာ (မြန်မာပြည်)
စက်တင်ဘာ ၁၇၊ ၂၀၁၃


အောင်မြင်ခြင်းဆိုသော အလုပ်တစ်ခုအတွက်ပေးဆပ်လိုက်ရသော အချိန်များ သည် ထိုက်တန်ပါရဲ့လား ဟု အကြိမ်ကြိမ်တွေး မိသော် ——- အောင်မြင်ခြင်းသည် မည်ကဲ့သို့သော အောင်မြင်ခြင်းနည်းဟု မေးခွန်း တစ်ခုကထပ်ဆင့်ပေါ်ပေါက်လာသည်။  လူသားအ ကျိုးပြု သုတေသနတစ်ခုခုဖြင့် အောင်မြင်ကျော်ကြား ခြင်းလား။ သို့တည်းမဟုတ် စီးပွားရေးဈေးကွက်၏ အကြီးမားဆုံးသော ဝေစုကို ရိုးသားစွာ ပိုင်ဆိုင်အောင် မြင်ခဲ့ခြင်းပေလား။ သို့မဟုတ် မိသားတစ်စုကို အောင်မြင်ခြင်းများစွာ ရင်ဝယ်ပိုက်ထားသော မိခင် တစ်ဦး၏ အောင်မြင်မှုမျိုးပင်လော။
အောင်မြင်ရေးသည် လူသားများအဖို့ ပန်းတိုင်တစ်ခုပင်။ ချစ်တတ်သော၊ တွယ်တာ တတ်သော၊ သံယောဇဉ်ကြီးတတ်သော လူတစ်ဦးအဖို့ အောင်မြင်ရေးလမ်းသည် ခလုပ်ကန်သင်း များလှပါ ပကော။ သေဆုံးလုလုဖြစ်နေသော ဖခင်၏ နောက်ဆုံး ငါးရက်မျှသောခရီးကို အပါးတွင် မစောင့်တော့ပဲ ဘဝအတွက် ထွက်ခွာသွားသောသားကြီ၏ ဆုံးဖြတ်ချက် သည် မှန်ကန်လှသည်ဟု ဆိုနိုင်မည်လော။ တွေဝေ နေကြမည်ဟု ထင်မိပါသည်။ နောက်ဆုံး ထွက်သက် ဝင်သက်ကို ပင်ပန်းကြီးစွာ ရှုရှိုက်ရင်း ဆရာဝန် သားကြီးကို အပါးတွင် ရှိနေစေချင်မည့် လူသားတစ်ဦး ဖြစ်သောဖခင်၏ ဆန္ဒကို မေးစရာလိုမည်မထင်။ အပါးမှထွက်ခွာခါနီး မောပန်းစွာ အသက်ရှုရင်းပင် သားဖြစ်သူ၏ ဦးခေါင်းကိုတုန်ယင်သောလက်ဖြင့် ပွတ်သပ်ရင်း ဆုတွေပေးလိုက်သည့်အတွက်အောင် မြင်ခြင်းများ၏ နောက်ကွယ်၌ ကျဆုံးခြင်းသည် လေယာဉ်ပေါ်မတက်မီကပင် တွဲလျက်ပါသွားသည်ကို သူကိုယ်တိုင်ပင် သိဟန်မတူပါ။
အောင်မြင်သော လူသားတစ်ယောက်သည် သူကိုယ်တိုင်ဝန်ခံခြင်းကင်း သော ကျဆုံးမှုများအတွက် သူသည် လူမသိ အောင် အကြိမ်ပေါင်းမည်မျှ မျက်ရည်ဝေ့ခဲ့ပါသလဲ။ အောင်မြင် မှုအတွက်ပေးလိုက်ရသောအချိန်များနှင့် ခွဲခွာခဲ့ရသော လူသားများ —– အားလုံးသည် အောင်မြင်မှု အတွက် ပေးဆပ်ထိုက်ပါရဲ့လား။ အောင်မြင်မှုသည် ဘာမှမရင်းနှီးဘဲ ရလာသည်မှ မဟုတ်ဘဲ။
အောင်မြင်ခြင်းအတွက် အချိန်များစွာရင်းနှီးရသည်။ ထိုအောင်မြင်ခြင်း လိုအပ် ချက်ပေလား။ ရင်သွေးငယ်အတွက် နို့မှုန့်တစ်ဗူး လိုအပ်သလို လိုအပ်ပါရဲ့လား။ ဘဝရဲ့ပန်းတိုင် သည်အောင်မြင်မှုပင်လား။ သေဆုံးခြင်းပေလား။ အောင်မြင်မှုသည် အလောင်းကို တန်ဆာဆင်ခြင်း သက်သက်လား။ တွေးကြည့်ဖို့တော့လို အပ်မည်ထင် ပါသည်။ အောင်မြင်မှုသည် မိမိမိသားစုနှင့် ပတ်ဝန်း ကျင်ကို မည်မျှမျှဝေခဲ့ပါလိမ့်။ တွေးကြည့်သင့် ပါသည်။
ပေးဆပ်မှုဆိုသည်မှာတော့ မိဘဖြစ်မှ၊ ဆရာသမားမှ၊ အရှင်သခင်မှ၊ ကျွန်မှ၊ အောင်မြင်သူမှ၊သို့တည်းမဟုတ် ကျဆုံးသူမှ ပေးဆပ်ရ သည်မဟုတ်ပါလေ။ မိဘကလည်း ပေးဆပ်ရသည်။ ပေးဆပ်ရင်းက အောင်မြင်မှု နောက်သို့လောဘ တကြီးလိုက်မိတော့ အော် မေမေက ဘာလုပ်ပေးခဲ့ လို့လဲ၊ ပိုက်ဆံပေးရင်ပြီးရော လို့မေမေက ထင်နေတာဆိုသော စကားသံမျိုးကို ပတ်ဝန်းကျင်တွင် ခဏခဏကြားဖူးသည်။ ပိုက်ဆံချည်းပေး လို့မရဘဲ ဘဝကိုလည်းစိတ်ဝင်စားရ၊ ပြောချင်တဲ့စကားတွေ လည်းနားထောင်ရဦးမည်ပဲ။ အရှင်ကလည်းအရှင်အလျောက် ကျွန်ကလည်း ကျွန်အလျောက် (ရင့်သီးမှန်းသိပါသည်။ ခွင့်လွှတ်စေ လိုပါသည်။ စာရေးသူ) ၊ လင်ကလည်း လင်အလျောက်၊ မယားကလည်းမယားအလျောက် ပြောစရာတွေ ရင်ထဲရှိကြသည်မှာအမှန်။ အောင်မြင်မှု က လမ်းကိုပိတ်သည်။ တံတားကိုဆို့သည်။ အမောတွေသာ ဘဝအဖော်တွေမှာကျန်ရစ်ကြသည်။
အောင်မြင်မှုမှာ ညူကလီးယားပါဝါ ထုတ်လုပ်နိုင်မှမဟုတ်၊မုန့်ဟင်းခါးသည်မှာလည်း အောင်မြင်မှုနှင့်၊ ကွမ်းယာသည်မှာလည်း အောင်မြင် မှုနှင့်၊ ကျောင်းဆရာမှာလည်း အောင်မြင်မှုနှင့်၊ စာရေးဆရာမှာလည်းအောင် မြင်မှုနှင့်။ ထိုထိုသူတို့ ထိုထိုအောင်မြင်မှုအတွက် ဘယ်လောက်မျှ ရင်းနှီးပေး ဆပ်လိုက်ရပါလိမ့်။ အင်တာဗျုး ပေါင်းမြောက်မြားစွာ လိုအပ်လာချေပြီဟုခံစားမိသည်။
ထိုထိုသော အောင်မြင်သူများ၏ မျက်ဝန်းနှင့် ဦးနှောက်သည် မည်မျှရိုးသားပါသနည်း။ မှန်ကန်ရိုးဖြောင့်သော သစ္စာတရားသည်ရော သူနှင့် ထပ်တူ မည်မျှကြာအောင်ရှိနေပါသလဲ။ ပျော်ရွှင်မှု သည် နှစ်ထောင်း အားရရှိပါရဲ့လား။ မည်သူမျှ မသိနိုင်။ ပူပန်သောကသည် အောင်မြင်လေလေ ကြီးမားလေလေ ဖြစ်မည်ကတော့ ကျိန်းသေလှပါ၏။ ကိုယ်ကိုကိုယ်တိုင် ကွမ်းယာတဗန်း၏ အောင်မြင်ကို မှုကို ထိန်းသိမ်းထားဖို့ ဆွဲဆောင်မှုတွေအများ ကြီးပြုခဲ့ရသည်ပဲ။
အောင်မြင်မှုနောက်က ကပ်၍ပါလာသော ကျဆုံးခြင်းသည် အထီးကျန်မှုလား။ ပျက်ကွက်မှု ပင်လား။  နားလည်မှုလွဲမှားခြင်းပေလား။ ထိုက်တန် သော စွန့်လွှတ်ခြင်းလား။ သေခြင်းတရားသည် နောက်ဆုံးပန်း တိုင်ဟုဆိုလျှင် ကျဆုံးခြင်းသည် နောင်တနှင့် တွဲလျက်မပါတန်ရာ။ သမရိုးကျမ ဟုတ်သော ကျဆုံးခြင်းသည် ပေးဆပ်မှု တစ်ခုသာ ဖြစ်ပေ၏။  စီးပွားရေးလောကတွင် လျှမ်းလျှမ်း တောက်အောင်မြင်ရေးအတွက်ကြိုးစားရင်း၊  ဒါမှမဟုတ် အထူးကုဆရာဝန်ကြီးအဖြစ် လူနာများ ကြား လောဘအတောမသတ်နိုင်အောင် ကျင်လည် ရင်း မိသားစုဘဝ ကျဆုံးသွားပါခဲ့လျှင် ——
အောင်မြင်သောဘဝ တစ်ခုပိုင်ဆိုင်ဖို့ ပေးဆပ်လိုက်ရသော ပမာဏနှင့် အရင်းအနှီးအတွက် နောင်တရစရာ ဖြစ်မလာဘူး ဟု အနည်းငယ် အာမခံချက်ပေးနိုင်လျှင်ပင် ဘဝသည် နေသာထိုင်သာ ရှိလိမ့်မည်ဟု။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts