Uncategorized

Zayar Thuka Ashin Nandawuntha (Amarillo,Texas,U.S.A) – Articles

ကျွမ်းမြိုက်စွာ နွေထဲ လူပမာ … လွမ်းလိုက်ပါ့ အဇူဇာ
ဇေယျသုခ အရှင်နန္ဒဝံသ (Amarillo,Texas,U.S.A)
စက်တင်ဘာ ၁၉၊ ၂၀၁၃

ခုတစ်လော စာရေးသူတို့ မှီတင်းနေထိုင်ရာ မြို့လေးမှာ ပို၍ ပူလာသလိုလို ခံစားနေမိသည် ၊ ကြည့်လေ နေမင်းရဲ့ ပူပြင်းမှု စွမ်းအားက ၁၀၄..ဆိုသော ဒီကရီ အထက်မှာချည်း …၊  ဒီကြားထဲ မိုးက နဲ ၊ လေက ပြင်းသော လယ်ကွင်းများ စိုးမိုးထားသော ဒေသဖြစ်တာမို့ ပူပြင်းမှုက ပြိုင်ဘက်ကင်း မင်းမူနေသည်မှာ ဆန်းသည်ဟု မဆိုသာ ။
● ပူပြင်းရခြင်း အကြောင်းရင်း
ကံ  စိတ် ဥတု အာဟာရ ဟူသော အကြောင်းတရားလေးပါးတို့ကြောင့် လောကကြီးသည် အမျိုးမျိုး ပြောင်းလွဲ ဖောက်ပြန် ပျက်စီးနေကြရကား  ပူပြင်းရခြင်း အကြောင်းရင်းတို့တွင် ဒီလေးပါးကို ဖယ်ရှားထား၍ ရမည် မထင်ပါချေ ။
 အိပ်ရာမှ ထသည်မှ အစပြု၍ အိပ်ရာထဲ ပြန်ဝင်သည့် ကာလတိုင်အောင် တစ်နေ့တာ ခရီးကိုပဲ တွေးကြည့်လိုက်တဲ့အခါ …အဆင်ပြေတော့ တဏှာလောဘဖြစ် ၊ အဆင်မပြေတော့ ဒေါသဖြစ်နဲ့ စိတ်တွေ ညစ်နွမ်းနေမိတာ တွေ့နိုင်ပါတယ် ။
စိတ်တည်းဟူသော မနောကံမှာ လောဘ ဒေါသ မောဟ၊မာန တွေ ယှဉ်နေပြီဆိုရင် ဒီစိတ်ဟာ ကြည်လင်နေနိုင်စွမ်းရှိမည်မထင်ပါချေ ။ ဒါ့အပြင်  ဒီစိတ်ကို အခြေခံပြီး ကာယကံ တွေ ဝစီကံတွေ ဆက်တိုက်ဖြစ်နကြရတာဆိုတော့ ကံသုံးပါးလုံးပင် မဖြူမစင်ဖြစ်နေရကာ အပူ အပင် ကင်းကင်းနေနိုင်ဖို့ မလွယ်တာကို အသက်အရွယ် အတွေ့အကြုံအရ သဘောပေါက်လာမိပါတယ် ။
ဗုဒ္ဓစာပေတွေမှာ ဖွေရှာကြည့်ပြန်တော့ စိတ္တေန နီယတေ လောကော စသည်ဖြင့် လောကကြီးကို စိတ်ကဆောင်နေကြာင်းလဲ သိလာရပါ တယ်။ တခါ လောဘ၊ဒေါသ မောဟ ဆိုသော ဒီတရားသဘောတွေကို ကို မီးလျှံနဲ့ တင်စားထားတာတွေ ကို တွေ့ရနိုင်ပါတယ် ၊ဒေါသ အပူ ၊ ဒေါသ ပူဗျာ  စသည်ဖြင့် တွဲသုံးတာကိုလဲ သတိထားမိပါတယ် ။ ဒီတော့ လူသားတွေမှာ လောဘ ဒေါသ မောဟ စသည့် ကိလေသာ တရားတွေ အားကြီးလေလေ အပူတွေ အားကြီးလေလေ လို့ ဆိုရမည်ပဲ ထင်ပါရဲ့.. ဒီလိုဆိုရင် လူသားတို့ရဲ့ ကြံစည်ပြောဆို ပြုမူနေတဲ့ ကံ တွေ ၊ လိုက်နာ ကျင့်သုံး ခံယူထားတဲ့ စိတ်သဘောထားတွေဟာ ရာသီဥတု ပူပြင်းခြင်းရဲ့ အကြောင်းရင်းထဲမှာ ထိပ်ဆုံးက ပါနေမှာ သေချာပါတယ်
● ဥတုသဘာဝ ဆန်းဆစ်ကြ
အရင်တုန်းကလဲ ဒီ နေတစ်စင်းတည်း ရှိခဲ့တာပါပဲ ။ဒါပေမဲ့  ဘာလို့ ယခုမှ ဒီလောက်ပူပြင်းမှုတွေ လွန်ကဲလာသလဲ လို့ အဖြေရှာကြတဲ့အခါ သိပ္ပံရှင်များစွာရဲ့ သုတေသနပြုမှု များစွာကတော့ အိုဇုန်းလွှာ ပေါက်လို့  ဖန်လုံအာနိသင် ထုတ်လုပ်တာ များလို့ စသည်စသည်ဖြင့် အဖြေများစွာကို ပေးနေကြပြီဖြစ်ပါတယ် ထို့အပြင် သဘာဝအရင်းအမြစ်တွေ ဖြစ်တဲ့ သစ်တော သစ်ပင်တွေ ခုတ်ထွင် အသုံးပြုမှုတွေကလဲ အကြောင်းရင်းဇစ်မြစ်ထဲမှာ ပါဝင်နေတာ သေချာမှာပါ ၊ သဘာဝကို ထင်သလို နှိပ်စက်ပြုမူခဲ့ကြတဲ့သူတွေကို အခုတော့ သဘာဝတရားကြီးကတစ်ဖန် တုန့်ပြန်လို့ အပူတွေပေးနေလေပြီ လို့ထင်မိပါတယ် ၊ ဒီတော့ ရာသီဥတု သဘာဝကိုလဲ ဆန်းစစ်လေ့လာ ပြုပြင်ရမှာပါပဲ
● ပူပြင်းပေမဲ့  လူပျင်းလို့ မရခဲ့
လူပျင်းတို့ရဲ့ ပျင်းရိရခြင်း အကြောင်းပြတရား ခြောက်ပါးထဲ မှာ ပူပြင်းမှုလဲ တစ်ခု အပါ အဝင် ဖြစ်ပါတယ် ၊ အမေရိကန်နေသူတို့မှာတော့ ပူပြင်းတာကို အကြောင်းပြပြီး လူတွေက ပျင်းနေလို့ မရတာ သေချာ နေပါတယ် ၊ စား ဝတ်နေရေး ကျန်းမာရေး နဲ့ လုံးထွေးလည်ပတ်နေရတာဖြစ်တော့ မိုးလင်းမိုးချုပ် အလုပ်လုပ်မှ အများနည်းတူ နေထိုင်နိုင်မှာ မဟုတ်လား ၊ ဒီအတွေးတွေက စိုးမိုးထားလေတော့  အိပ် စား အလုပ် နဲ့ပဲ ဘဝနေ့ရက်တွေ ကုန်မှန်းမသိ ကုန်နေကြရပါတော့တယ်၊
● ကိုယ့်အားကိုယ်ကိုး  ကုသိုလ်တိုး
အိပ် စား အလုပ်တွေကပဲ ဘဝကို ဝါးမျိုးခံနေရသူတွေထဲမှာ စာရေးသူလဲ တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ် ဘာလို့လဲ ဆိုတော့ စာရေးသူရဲ့ ကျောင်းလေးဟာ သေးသေးလေးပါ၊ မြေအနေအထားလေးဧကဝန်းကျင်ကျယ်ပေမဲ့ ကျောင်းဆောင်တွေက သက်တမ်းရင့်နေပြီလေ ၊ မြေသားကလဲ ကျောက်စရစ်တွေ … ပြီးတော့ ခမ်းခြောက်တဲ့ ဒေသက ကွင်းထဲမှာဆိုတော့ သစ်ပင်မရှိတော့ ပိုပြီးဆိုးပါတယ် အေးတော့လဲ အေးတဲ့ဒဏ် ၊ ပူတော့လဲ ပူတဲ့ဒဏ် အလူးအလဲ ခံရပါတယ် ။ ဒီတော့ ကျောင်းပြုပြင်ရေး တည်ဆောက်ရေး ကျောင်းဝိုင်းသာယာစိုပြေရေးတွေမှာ ကိုယ့်ခြေကိုယ့်လက် ကိုယ့်အားကိုယ်ကိုး သဘောမျိုးတွေလဲ အများကြီးပါပဲ ။ လက်တွဲဖေါ်စေတနာရှင်များတွေက ကိုယ်ပိုင်မိသားစု စားဝတ်နေရေး အလုပ်များနဲ့ မအားကြတဲ့အခါ ကိုယ့်ဖာသာ ပြုပြင်တည်ဆောက် စိုက်ပျိုးလုပ်ရသဖြင့် ကုသိုလ်တွေ တိုးနေတယ်လို့ ထင်မိပါတယ်
● ရင်ထဲအံကြိတ် ဖြေသိမ့်ရုံသာ 
တကယ်တော့ ရဟန်းဆိုတာ ရဟန်းတရား အားထုတ်နေရုံနဲ့ အေးငြိမ်းချမ်းသာမှုကို ရစေနိုင်တာ အမှန်ပါ  ။ ဘုရားပေးခဲ့တဲ့ တာဝန်က စာသင် စာချ ၊တရားဟော တရားပြဖို့ပါ ၊ ထို့အပြင်လဲ အတောင်သာလျှင် ဝန်ရှိတဲ့ ငှက်အသွင် ဘုရားရှင် ကျင့်စေချင်ခဲ့တာ သေချာပါတယ် မြန်မာပြည်မှာဆိုရင်တော့ လိုက်နာကျင့်နိုင်ဖို့ လွယ်မလားပဲ တွေးမိတယ် ၊ အမေရိကန်လို နေရာမျိုးမှာတော့ ရဟန်းဆိုပြီး ဦးစားပေးထားတာ ဘာမှ မရှိဘူးလေ၊  ပြီးတော့ ခရစ်ယာန် အင်အားကြီးနိုင်ငံမို့ ရဟန်းတော်တွေအတွက် အခွင့်ထူးဘာမှ မရှိပါဘူး ။         စား ဝတ်နေရေးမှ အစ ကျန်းမာရေးအဆုံး ကိုယ့်တာဝန် ကိုယ်ယူစနစ်ပါပဲ။ သူ့နိုင်ငံ သူ့ယဉ်ကျေးမှုအရ ရင်ထဲအံကြိတ်ဖြေသိမ့်နေရုံပါပဲ  ။
● အပူများစွာ ဆင့်၍လာ
အမေရိကန်ရှိ ကျောင်းအများစုမှာ  အာရုံဆွမ်း နေ့ဆွမ်း စသည်ကို ကိုယ်တိုင်စီစဉ် သုံးဆောင်ရတာများပါတယ် အလှူရှင်တွေက လှူဒါန်းနိုင်ပေမဲ့ အလုပ်ချိန်နဲ့မို့ ကိုယ်တိုင်ကိုယ်ကျ ကပ်ဖို့ အခက်ခဲကြောင့် ကြိုတင်ပို့ပေးထားလေ့ရှိပါတယ် ၊ နေရေးဆိုလဲ ကြည့်ပါ ၊ အမေရိကန် စနစ်အရ အကြွေးနဲ့ ဝယ်ယူတည်ထောင်ထားကြတာများပါတယ် ။ကျောင်းတိုင်းကျောင်းတိုင်းမှာ အနည်းနဲ့အများ ပေးစရာကြွေးတွေနဲ့ပါ ။ လစဉ်မှန်မှန်ပေးသွင်းနိုင်ဖို့ အရေး တွေးတွေးပူနေရပါတယ် နေရတော့လဲ ကျောင်းမှာ တစ်ပါးတည်း သာ များပါတယ် ဘယ်သူမှ လာနေပေးနိုင်သူမရှိကြပါဘူး ဒီတော့ သန့်ရှင်းရေး စသည်ကို ကိုယ့်ဘာသာပဲ ပေါ့ ၊
တစ်ခါ တခါ ဓါတ်လေးပါး မညီညွတ်လို့ ကျန်းမာရေးဖောက်ပြန်ရင် ပိုခက်ပါတယ် ၊  ကျန်းမာရေးစရိတ် အလွန်ကြီးမားတာကြောင့် ဆေးခန်း တစ်ခါပြဖို့ပင် မလွယ်ပါဘူး ၊ သူ့နိုင်ငံနေတာမို့ သူ့ဒေသစကား နားလည်တတ်ကျွမ်းဖို့ ပညာသင်ဖို့ သက်ဆိုင်ရာ ကျောင်းတွေလဲ သွားရပါသေးတယ် ၊ခြုံပြောရရင် စားဝတ်နေရေး ကျန်းမာရေး ပညာရေး စသည့်အရေးတွေကြောင့် အမေရိကန်နေ ရဟန်းသံဃာ အများစုမှာ အပူကင်းကင်းနဲ့  တရားနှလုံးသွင်းနေဖို့ဆိုတာ မလွယ်ကူကြောင်းကို သိလိုက်ရပါတယ်
● ပရဟိတ ခက်ခဲလှ
ကိုယ့်ကို ထောက်ပံ့လှူဒါန်းနေသူတွေ ဝန်းကျင်နေသူတွေ အကျိုး သယ်ပိုးမည်ကြံတော့လဲ မလွယ်ကူလှပြန်ပါဘူး ၊ လူဆိုတဲ့ သဘောကလဲ အထင်ကြီးလောက်မှ အထင်ကြီး လေးစားလောက်မှ လေးစားတာမလား ၊  အဆောက်အအုံ ခန့်ညားထည်ဝါးမှု ၊ကျောင်းဝန်းစိမ်းလန်း စိုပြေ သာယာမှု ကျောင်းအတွင်း အပြင်ဆင် တွေက ကျောင်းလာသူတို့စိတ်ကို မဆွဲဆောင်နိုင်ရင်လဲ ကျောင်းကို မလာချင်ကြပါဘူး။ ကျောင်းနေ သံဃာတော်တွေရဲ့ သီလ သမာဓိ ပညာ ဆိုတာ သူတို့ ထည့်မတွက်တဲ့ အရာထဲမှာပါပါတယ် ၊  ဒီတော့ အများအကျိုးပြုအလုပ်တွေဖြစ်တဲ့ တရားဟော တရားပြ စာသင် စာပြတွေ လုပ်နိုင်ဖို့ ဗဟိဒ္ဓသာသနာအရင် ပြုနေရပါတယ် ။ ဒီမှ တစ်ဆင့်တက်ပြီးတော့ အဇ္ဈတ္တ သာသနာဆီကိုပေါ့..
● အားကျဖွယ်ရာ ကျောင်းများစွာ
ကျောင်းနေ သံဃာနဲ့ ဂေါပက အဖွဲ့တွေ စိတ်တူ ကိုယ်တူ ပူးပေါင်းလို့ အောင်မြင်မှုသရဖူ ဆောင်းနေကြတဲ့ ကျောင်းပေါင်းများစွာလဲ အမေရိကန် မှာ ရှိပါတယ် ။ အော်စတင်မြို့တော်က သီတဂူကျောင်း ၊ နယူးယောက် နယူးဂျာစီက လောကချမ်းသာကျောင်း ၊  ပေါ့တလန်က သီရိမင်္ဂလာကျောင်း ၊ ဟေးဝပ်က မုဒိတာရွှေကျောင်း ၊ ဝါရှင်တန်ဒီစီက မင်္ဂလာရာမကျောင်း၊ အယ်လ်အေ က အဇူဇာကျောင်း စသည် စသည်ပေါ့ ၊  ကျောင်းနဲ့တူသော ကျောင်း ၊ ဘုရားနဲ့ တူသော ဘုရားတွေ လို့ ပြောရင် မှားမယ်မထင်ပါဘူး ၊ အဆောက်အအုံ ခန့်ထည်မှု ၊ ကျောင်းဝန်းကျယ်ပြန့် သာယာ သန့်ရှင်းမှု၊ ကျောင်းအတွင်း အသွင်ပြင်တွေက အဆင့်မှီခန့်ငြားလှပါတယ် ၊ ဘာသာခြား လူမျိုးခြားတို့ရဲ့ ဘုရားကျောင်းတော်များနဲ့ အပြိုင်  အမျိုး ဘာသာ သာသနာအကျိုးကို သယ်ပိုးနေတဲ့ ကျောင်းတော်တွေမို့ ဂုဏ်ယူ အားကျ အတုယူစဖွယ်တွေပြည့်နေမယ်လို့ ထင်မိပါတယ်၊ ဒီကျောင်းတော်တွေဟာ လာလာသမျှသော ပရိသတ်တို့ရဲ့ အာရုံကိုလဲ ဖမ်းစားထားနိုင်သလို အတွင်း အပြင် အပူစင်အောင်လဲ ဓမ္မအမြိုက်ဆေးတွေနဲ့ တိုက်ကျွေးပြီးအေးချမ်းအောင် စွမ်းဆောင်နေကြတာကို အားကျ ဂုဏ်ယူလေးစားလောက်ဖွယ်ရာ တွေ့သိမြင်နေရပါတယ်
● ကျွမ်းမြိုက်စွာ နွေထဲ လူပမာ
အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးလိုကြပေမဲ့ မပြည့်စုံမှုတွေ ကြောင့်ကြမှုတွေက ဘာသာ သာသနာ့ဝန်ထမ်းများရဲ့ စိတ်နှလုံးကို အပူဖြစ်စေတာကတော့ အမှန်ပါ ။ ဒီအပူတွေက ဘာလို့ စာရေးသူတို့ကို အနိုင်ယူ စိုးမိုးနေသလဲ ဆိုတာတော့ တွေးစရာပါ ၊ ပုထုဇဉ်သာဖြစ်သော စာရေးသူတို့မှာ အနုသယမကင်းတဲ့အလျောက် တရားဓါတ်ခံ ဝေးလို့လဲ ဖြစ်နိုင်တာပ… ကာမစ္ဆန္ဒ နီဝရဏစသော နီဝရဏ တရားတွေကလဲ လူကို ကျွမ်းမြိုက်လောင်စေနိုင်တာမို့ ဒီတရားတွေ အားကြီးနေလို့လဲဖြစ်နိုင်ပါတယ်  ။
ဒီလိုဆိုရင် အလိုဆန္ဒ ဖြစ်ချင်ဇောတွေ များလွန်းနေလို့များလား  ထိုင်းထိုင်းမှိုင်းမှိုင်း နဲ့ ဘာသာ သာသနာအရေး ကိုယ်နဲ့မဆိုင်သလို နေသာသလို နေကြတဲ့ အတွက်တွေကြောင့်လား  လား လား လား လားပေါင်းများစွာပါ ..
နွေရာသီအတွင်း နေမင်းရဲ့ပူပြင်းမှုဟာ ကန္တာရခရီးသွားများကို ညိုးနွမ်းလွယ်စေ မောပန်း လွယ်စေသလို သာသနာပြု ရဟန်းတော်များရဲ့ စားဝတ်နေရေး ကျန်းမာရေးအတွက် ကြောင့်ကြများနေရ ပူပင်နေရမှုတွေဟာ အတွေ့အကြုံမကြွယ် နုနယ်သေးသော သူတို့ကို လျှောက်လှမ်းနေရာလမ်းမှ အလွယ်တကူ သွေဖယ်စေနိုင်တဲ့ အရာတွေလို့ ထင်မိလိုက်ပါရဲ့… ဘာပဲ ပြောပြော သာသနာအလုပ်သည် သဒ္ဓါအလုပ်ပေမို့ သဒ္ဓါထက်သန် သူတွေကတော့ ဇွဲသန်သန် ရှေ့သို့ချီနေကြစမြဲ ဖြစ်မှာပါ ပဲ ။
● လွမ်းလိုက်တာ အဇူဇာ
နောက်ဆုံးမှာတော့ ဒုက္ခရောက်ရင် ချမ်းသာကို တောင့်တတာဟာ လူတို့ထုံးစံ ဓမ္မတာဖြစ်တဲ့အတိုင်း တစ်စုံတရာ မပြည့်စုံတာ ၊ ကျန်းမာရေးချို့ယွင်းတာ ဖြစ်လာရင် ပြည့်စုံတဲ့ နေရာဋ္ဌာနတွေကို အောက်မေ့နေမိတတ်ပါပြီ …။
ဟုတ်တယ်လေ ။ တစ်နှစ်တစ်ခါ  ကမ္ဘာ့ပဋ္ဌာန်းပွဲတော်ကြီးကို ဦးစီးကျင်းပပေတဲ့ ကာလဖိုးနီးယားပြည်နယ် အဇူဇာမြို့က သုန္ဓရာရာမ ဗြဟ္မဝိဟာရ ရောက်ရင် ဘဝအမော သောကတွေ ပြေပျောက်သွားသလိုပါပဲ ကြွလာသမျှ သံဃာတွေ အတွက် အဘက်ဘက်က လိုလေသေးမရှိအောင် စွမ်းဆောင်ကူညီပေးကြသလို ကြွလာတဲ့ သံဃာတွေရဲ့သက်ဆိုင်ရာ ကျောင်းတိုင်းအတွက် လိုအပ်ချက် လေးတွေကိုလဲ ဆရာတော်က အများသိအောင် မိတ်ဆက်ကြေငြာပေးတယ်မဟုတ်လား ။
အဓိကတော့ သွား၊ မျက်စိ ၊ စသည့် ကျန်းမာရေးဆိုင်ရာ ကုသမှုတွေကို မြန်မာပြည်ဖွား ဆရာဝန်ကြီးများက စေတနာ သဒ္ဓါထက်သန်စွာ ကုသပေးကြ ကုသိုလ်ယူကြတာမို့  တစ်ခုခု ချို့ယွင်းမှုကြုံတိုင်း ဒီဆရာတော် ဒီကျောင်းနဲ့ ဒီကောင်းမှုရှင်တွေရဲ့ ဂုဏ်ကျေးဇူး ၊ အမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်ချက်တွေကို သတိရနေမိတာပါ… မှတ်မှတ်ရရ  အဇူဇာ ပဋ္ဌာန်းပွဲတော်မှာ ပါဝင်ပူဇော်ခွင့်ရခဲ့ပြီးဖြစ်တဲ့ နှစ်နှစ်လုံးမှာ ကျန်းမာရေးဆိုင်ရာ ပုံမှန် စစ်ဆေး ကုသပေးခြင်းခံရလို့ ကိုယ့်ရပ် ကိုယ့်ကျောင်းပြန်ရောက်တဲ့အခါ အမျိုး ဘာသာ သာသနာအကျိုးကို ကျန်းမာ ချမ်းသာ အပူကင်းစွာ ဆောင်ရွက်နိုင်ခြင်းဖြစ်တယ်လို့ပင် ဆိုလိုက်ချင်ပါတော့တယ်…….
ဘာပဲ ပြောပြော စာရေးသူကတော့ ကျွမ်းမြိုက်စွာ နွေထဲ က လူပမာ သတိရနေမိတာက စေတနာ သဒ္ဓါ မေတ္တာများစွာနဲ့  ဗုဒ္ဓသာသနာကမ္ဘာလွှမ်းရအောင် ကြိုးပန်းနေတဲ့ အဇူဇာရပ်ဝန်းလေးပဲ ဖြစ်ပါတော့တယ် ဆိုတာတင်ပြရင်း ဒီတစ်ည အတွေးလေးကို နိဂုံးချုပ်လိုက်ပါရစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts