Khaing Aung Kyaw Memories

Khaing Aung Kyaw – 18th Sept, the day your father died

 
စက်တင်ဘာ-၁၈-ဆိုတာ သမီးအဖေ သေတဲ့ နေ့  
ခိုင်အောင်ကျော် ( နယူးယောက် ) ၊ စက်တင်ဘာ ၂၀၊ ၂၀၁၃

ဦးက စကားပြောရင် ဒဲ့  ဘဲ ပြောချင်တယ်-စာရေးရင်တော့ ရှည်နေတတ်တယ် ။ ဒါပေမဲ့  သမီးရယ်- သမိုင်းနဲ့ ချီပြီး ပြောရမဲ့  စကားက တိုတိုလေးနဲ့  ပြောပြလို့ မှ မရတာ ။ ခုတော့ သမီးလဲ နိုင်ငံခြားမှာ ရောက်နေပြီဘဲ- ဦးပြောပြတာ နားလည်လာပြီပေါ့- ဦးပြောချင်တာက ပထမဦးစွာ ဦးကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုချင်တာပါ သမီးရယ်-ဘာကြောင့်လဲ ဆိုတော့ သမီးအဖေအတွက် ဦးစိတ်မကောင်း ဖြစ်ရလွန်းလို့ ပါ-

၁၉၈၈- ကာလမတိုင်မှီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးဆိုတာ လုံးဝမရှိဘူးသမီး ။ အဲဒီအခြေအနေမျိုးမှာ တိုင်းရင်းသားလူမျိုးပါလို့  လက်ညိုးထိုးခံ ပြောကြားနေရတဲ့  ဦးတို့ ရခိုင်လူမျိုးတွေဟာ ပိုပြီးအထိနာဆုံးသော လူမျိုးပေါ့သမီးရယ် -ဒါ့ကြောင့်လဲ ဦးတို့ ရဲ့  နိုင်ငံရေးသမားတွေဟာ သူ့ ခေတ်နဲ့  သူ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့ ကြလေတယ်ပေါ့- ထင်ရှားတဲ့  နိုင်ငံရေးသမားများနဲ့  အညတရ နိုင်ငံရေးသမားတွေသာ ကွာခြားနေခဲ့ တာပါ သမီးရယ် –

တစ်နေ့ မှာ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်က ရုန်းထွက်ဖို့  အကြောင်းဖန်လာတယ် သမီး -အဲဒါကတော့ ဗိုလ်ချုပ်ကြီးနေ၀င်းကို တော်လှန်ဖြုတ်ချချင်တဲ့  စိတ်ထားတွေဟာ သူ့ ကို တိတိကျကျ ဖြုတ်ချဖို့ ရလာတဲ့ အဖြေတစ်ခုကို ရရှိလာခဲ့ ကြတယ် ။ သူကိုယ်တိုင်ကလဲ သူဦးဆောင်ဖွဲ့ စည်းခဲ့ တဲ့  မဆလပါတီက အနားယူပြီး ပါတီ ဥက္ကဋ္ဌ တစ်ယောက်ကို ရွေးချယ်ခန့် အပ်တော့မယ်- သူက သမ္မတရာထူးက အနားယူတော့မယ်လို့  ကြေညာတာပေါ့ သမီးရယ် –

ဒီလိုကြေညာတဲ့ အခါမှာ သူပါတီမှာ ရှိစဉ်ကာလရော-သမ္မတအဖြစ် ရှိစဉ်ကာလရော ဘယ်လောက်များ မြန်မာနိုင်ငံ တိုးတက်နေခဲ့ လဲ ဆိုတာ ဆန်းစစ်တာတွေ ပေါ်လာတယ် ။ သွားလေသူ ဗိုလ်ချုပ်အောင်ကြီးက စာတမ်းတွေ ထုတ်ပြန်တယ်- သမ္မဂအဆောက်အဦကို ဒိုင်းနမိုက်နဲ့ ခွဲတာ သူမဟုတ်-ဗိုလ်ချုပ်နေ၀င်း အမိန့် သာဖြစ်တယ် ။ ငွေစက္ကူတွေ တရားမ၀င်ကြေညာတယ် ။ ပြသနာတွေဟာ မီးခိုးတောက်လျှောက်တွေ ထွက်ပေါ်လာတယ် သမီး ။

မဆလပါတီဟာ မြန်မာနိုင်ငံကို ဘယ်လိုမှ ထိမ်းသိမ်းလို့ မရတော့တဲ့  အချိန်တွေ ဖြစ်လာတယ် ။ သမ္မတတွေ -၃-ဦးမြောက် အပြောင်းအလဲ လုပ်ကြရတယ် ။ မရတော့ဘူး -သမီး- တော်လှန်ရေးအရှိန်အဟုန်တွေ မြင့်တက်နေပြီ- လူတွေဟာ လမ်းပေါ်ထွက်လာကြပြီ ။ မဆလအစိုးရက သေနတ်နဲ့  ပစ်ခတ်လို့  သေနေကြပြီ- ရန်ကုန်မှာ ကျောင်းသားနှစ်ဦးဖြစ်တဲ့  မောင်ဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကို သေနတ်နဲ့ ပစ်သတ်တာကို လူတွေ ကြားလာကြပြီ ။ ဦးနေ၀င်းက စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး-တဲ့ တဲ့  ပစ်တာ ဆိုပြီး ခြိမ်းခြောက်သံတွေ ညံလာနေပြီ ။

လမ်းပေါ်မှာ လူတွေ ထွက်လာချိန်မှာ ၀န်ကြီးချုပ်ဦးနုက စင်ပြိုင်အစိုးရဖွဲ့ စည်းပြီဆိုပြီး ကြေညာတယ် ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်တို့ က လက်မခံဘူး- ဦးနုဟာ အဲဒီတုံးက အစိုးရကို ဖြုတ်ချရင် အစိုးရတစ်ရပ် ရှိနေရမယ် ဆိုတဲ့  အတိုက်အခံ သီအိုရီကို ထုတ်ပြလိုက်တာဖြစ်တယ် ။ ဒါပေမဲ့  သူ့ ရဲ့ ပေါ်လီစီကို ဘယ်သူကမှ မထောက်ခံခဲ့ ကြဘူး ။ သူ့ နိုင်ငံရေးပညာကို နားမလည်ကြဘူး- ဒီလိုနဲ့  လမ်းပေါ်ထွက်သူများကို ငြိမ်သက်သွားအောင် သမ္မတဒေါက်တာမောင်မောင်က ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုပြီး တက်လာတယ် ။ အဲဒီအချိန်မှာ လူတွေဟာ မဆလအစိုးရရဲ့  ယန္တယားကို ရိုက်ချိုးနိုင်ပြီဖြစ်တဲ့ အချိန်ပေါ့ သမီးရယ် ။

သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေမှာ မြို့ နယ် ကျေးရွာတွေကို သပိတ်ကော်မီတီတွေနဲ့  ရပ်ကွက်အုပ်ချုပ်ရေးတွေဟာ ကိုယ့်ရဲ့  မြို့ ရွာ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေကြပြီ ။ ဒေါက်တာမောင်မောင်က ရွေးကောက်ပွဲ လုပ်ပေးမယ်လို့  ပြောတာကို လူထုတွေက လက်မခံကြဘူး- မဆလအစိုးရကို လက်မခံကြတော့ဘူး-သူတို့ ကို မြန်မာ့နိုင်ငံရေးလောကမှာ မရှိစေချင်ကြတော့ဘူး- ဒါပမေဲ့  ဘယ်သူက ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်အောင် လုပ်ကြရမှာလဲ ဆိုတာ အဖြေမရှိကြဘူး- ဦးနုရဲ့  စင်ပြိုင်အစိုးရဖွဲ့ စည်းတာကိုလဲ လက်မခံကြဘူး-

ဒီလိုအချိန်မျိုးမှာ အုပ်ချုပ်ရေးပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့  တပ်မတော်ဟာ ဘယ်လိုလက်နက်မဲ့ ပြည်သူတွေကို ထိမ်းချုပ်ရမယ် ဆိုတာ ကောင်းကောင်းသိနေတာပေါ့ သမီးရယ်- ဦးတို့ ရဲ့ လက်ထဲမှာက ဖေါင်တိန်နဲ့  ခဲတံ လောက်ဘဲရှိနေတာလေ- မဆလအစိုးရမှာက အစိုးရဖြုတ်ချခံနေရတာ မဟုတ်ဘူး- စစ်တပ်က သူတို့ နဲ့  တစ်သွေးထဲ တစ်သားထဲ ရှိနေတာပေါ့-သမီးရယ် ။ သမ္မတသာ ပြောင်းလဲ ပေးနေတာဖြစ်တယ် ။။

စက်တင်ဘာ-၁၈-ရက်နေ့ မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းလိုက်ပြီဆိုတာ ရေဒီိယိုက ကြေညာတယ် ။ အဲဒီအချိန်မှာ ဦးက မင်းကြီးကျောက်တန်းမှာေ ရာက်နေချိန်ဖြစ်တယ် ။ လူထုတွေနဲ့  နိုင်ငံရေးဆွေးနွေးပြီး စကားပြောနေချိန်ဖြစ်တယ် ။ တပ်မတော်က အာဏာသိမ်းလိုက်ပြီ ဆိုတဲ့  သတင်းကို လူတစ်ယောက်က သတင်းလာပေးတော့ ကျေးပင်ကြီးရပ်ကွက်ရုံးကိုသွားပြီး စာရွက်စာတမ်းတွေကို ဖျက်ဆီးလိုက်တယ်- ဦးက ရပ်ကွက်လုံခြုံရေးကော်မီတီမှာ အတွင်းရေးမှူးပေါ့- ပြီးတော့ မြို့ ပြလုံခြုံရေးနဲ့  အုပ်ချုပ်ရေးကော်မီတီရုံးဖွင့်ထားတဲ့  မြရုပ်ရှင်ရုံကို လာခဲ့ ရတယ် ။

ဦးက မြို့ ပြလုံခြုံရေးနဲ့  အုပ်ချုပ်ရေးကော်မီတီိရုံးရောက်သွားတော့ ရှေ့နေဦးဘသိန်းမောင်-ကရာတေးဆရာကြီး ဦးထွန်းရွှေမောင်-ဘဏ်စာရေးကြီး ဦးစောလှထွန်းတို့ တွေ့ တယ် -အခြားလူတွေကိုတော့ မမှတ်မိတော့ဘူး သမီး ။ စစ်တပ်က အာဏာသိမ်းပြီ ဆိုတော့ မြို့ ပြလုံခြုံရေးကော်မီတီရုံးအနေနဲ့  ပြည်သူလူထုကို လမ်းပေါ်ထွက်နေရင် ပြသနာတွေ ဖြစ်လာမှာ စိုးရတယ် ။ ဒါကို သတိပေးဖို့ လိုအပ်တယ် ဆိုပြီး ကြေညာမဲ့  စာတိုလေး တစ်ခုကို ဦးကရေးတယ်- လိုအပ်တာကို ဘဏ်စာရေးကြီး ဦးစောလှထွန်းက ဖြည့်တယ် ။

မြို့ ပြလုံခြုံရေးကားဟာ လမ်းမကြီးက နေ စစ်တွေမြို့  မြောက်ပိုင်းကို စတင်ထွက်ခွာလာတယ် – ဦးရဲ့ အနားမှာ ကရာတေးဆရာကြီး ဦးထွန်းရွှေမောင်က ထိုင်လို့ - ဒီလိုနဲ့  ဦးက အခုအချိန်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီ -ဒါ့ကြောင့် လူထုတွေအနေနဲ့  လမ်းပေါ်ထွက်ပြီး နေကြတာကို သတိထားကြဖို့ လိုကြောင်း- မြို့ ပြလုံခြုံရေးနဲ့  အုပ်ချုပ်ရေးကော်မီတီဟာ လူထုတွေနဲ့  အခုအချိန်ထိ ရပ်တည်နေပါကြောင်း သတိပေးကြေညာချက်ကို ထုတ်ပြန် ကြေညာတယ် ။ ဦးရဲ့  ကားပေါ်က လော်စပီကာနဲ့  ကြေညာသံကို ကြားကြရတဲ့  လူထုတွေဟာ ရပ်ကွက်တိုင်း လမ်းဆုံလမ်းခွတိုင်းမှာ လက်ခုပ်သံ တညံညံနဲ့  ပေါ့ သမီး ။

မြို့ သူကြီးရပ်ကွက်ရောက်တော့ ဦးတို့ ကားကို နောက်ကနေပြီး လိုက်လာတဲ့  စစ်တပ်ကားက လမ်းခွဆုံမှာ ပိတ်ဆို့ ထားတဲ့  အတားအဆီးတွေနဲ့  ရှေ့ ကို ကျော်သွားလို့ မရတော့ဘူး- ဆရာကြီးဦးသာကျော်ဟာ စစ်တပ်ကားကို ကျော်မသွားရအောင် ရရာအတားအဆီးတွေနဲ့  လမ်းကိုပိတ်ဆို့ ထားခိုင်းတယ် ။ တကယ်လို့  ဦးတို့ ကားကိုမှီရင် ပစ်သတ်လေမှာ စိုးရိမ်တယ်လို့  နောက်ပိုင်းမှာ သူပြောပြတယ် သမီး ။

ဦးတို့ က ရှေ့ဆက်ပြီး ကားကို မောင်းထွက်ခွာပြီး မြို့ ပတ် ကြေညာသွားနေတယ် ။ မြို့ သူကြီးရပ်ကွက်မှာတော့ စစ်တပ်ကားဟာ ရှေ့ကို ကျော်မတက်နိုင်လို့  လမ်းဆုံမှာ လမ်းပိတ်နေကြတဲ့  လူငယ်တွေကို ပစ်ခတ်တော့တယ် ။ ဦးတို့ မိဖများနေတဲ့ ခြံ အိမ်နောက်က ကျောင်းသားလေးဖြစ်တဲ့ -မောင်လှမောင်သန်း( ၁၈-နှစ် ) ဟာ ဦးခေါင်းကို ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားတယ် ။ မောင်ကျော်ကျော် ( ၂၂-နှစ် ) ပေါင်ကို ထိမှန်ယင်း ခြေထောက်သွင်သွင် ကျိုးသွားရတယ် ။ သူတို့ ဟာ သေဆုံးသူနဲ့  ဒဏ်ရာရသူကို ချက်ချင်း ကောက်ယူပြီး ပြန်လှည့်သွားတယ် ။

ဦတို့ က မြို့ တစ်ပါတ်လှည့်လာပြီး ညဈေးနားရောက်ခါနီးမှာ လမ်းပေါ်က လူတွေက အော်ဟစ်သတိပေးတယ်- စစ်တပ်က မြို့ မ ရဲစမ်းရောက်နေပြီ- ကားပေါ်က ဆင်းလိုက်တော့ဆိုပြီး အော်ပြောကြတယ်- ဦးတို့ က မြို့ ပြလုံခြုံရေးကော်မီတီရုံးက လာခဲ့ ကြတာဖြစ်တယ် ။ မြို့ သူမြိ့ သားတွေရဲ့  လုံခြုံရေးနဲ့  ကာကွယ်ရေးအတွက် ဦးတို့ မှာ တာဝန်ရှိတယ် – တာဝန်ယူထားပြီးနောက် သူရဲဘောကြောင်တဲ့  ပုံစံမျိုးနဲ့  လမ်းတစ်ဝက်က ထွက်ပြေးမယ် ဆိုတဲ့  အသိ ဦးတို့ စိတ်မှာ မပေါ်ပေါက်ခဲ့ ဘူး- အဲဒီအချိန်မှာ ကရာတေးဆရာကြီး ဦးထွန်းရွှေမောင် ( ကွယ်လွန် ) က ရူပမြောက်တံထားကြီးမှာ ဆင်းကျန်ခဲ့ လို့  ဦးချင်းလွှာအောင် ( စခမ်းမှူး-ငြိမ်း-အိုးတန်း ) ပါလာတယ် ။

မြရုပ်ရှင်ရုံ ရှေ့က ဖြတ်သွားတဲ့ အခါ ဦးကကားမီးကို ပိတ်ခိုင်းလိုက်တယ် -ပြီးတော့ မြို့ ပြလုံခြုံရေးနဲ့  အုပ်ချုပ်ရေးကော်မီတီက လူထုနဲ့ အတူ ရှိနေတယ်- လမ်းပေါ်ကို မထွက်ကြပါနဲ့ လို့  ကြေညာပေးတယ်- စစ်သားတွေဟာ ဦးရဲ့  ကြေညာချက်ကို နားလည်ရခက်ခဲနေတယ်- ဘာဖြစ်လို့ ဆိုတော့ မြို့ ကို လျှောက်ပြီး ကြေညာတဲ့ အချိန်က ရခိုင်စကားနဲ့  ဖြစ်ပေမဲ့  သူတို့ ရှေ့မှာ ကြေညာလာတဲ့ အခါကျတော့ ဗမာစကားနဲ့  ကြေညာလာတာဖြစ်တယ် -သူတို့ လက်ထဲမှာတော့ သေနတ်မောင်းတင်ပြီးသားပေါ့ သမီးရယ် ။

ဒီလိုနဲ့  တစ်ပတ်လှိမ့် လာခဲ့ ကြနိုင်တဲ့  ဦးတို့ ဟာ မြရုပ်ရှင်ရုံကို အောင်မြင်စွာ ပြည်သူတွေကို အသိပေးနိုင်ခဲ့ ပြီး ရောက်ရှိလာတယ် ။ မြရုပ်ရှင်ရုံရှေ့က စိန်ကဖီး လဘက်ရည်ဆိုင်ကိုဝင်ပြီး ဗိုက်ဆာဆာနဲ့  ဦးတို့ ခဏလေးဝင်စားသောက်တယ်- ပြီးတာနဲ့  မြရုပ်ရှင်ရုံထဲ ၀င်မယ် အလုပ်မှာ သံချောင်းခေါက်သံတွေ ကြားလာရတယ် – လူတိုင်းလူတိုင်းဟာ နီးစပ်ရာ သံချောင်းတွေကို ရပ်ကွက်တိုင်းမှာ လူထုတွေက အသိပေး သံချောင်းခေါက်နေကြတာပေါ့-

ဒါပေမဲ့  သမီးရယ်- မြို့ ပြလုံခြုံရေးနဲ့  အုပ်ချုပ်ရေးကော်မီတီရုံးနားမှာ လူထုတွေ စုရုံးနေတာကို မြို့ မရဲစခမ်းမှာ ရောက်နေကြတဲ့  စစ်တပ်က မြင်နေတာပေါ့ ။ သိနေတာပေါ့ ။ မကြာပါဘူးသမီး ။ အဲဒီနေရာကနေပြီး လှမ်းပစ်ခတ်လိုက်တာကို ဦးတို့ ကကြားလာရတယ် ။ ဒါ့ကြောင့်ဘဲ ဦးတို့ က မြရုပ်ရှင်ရုံထဲကို ပုန်းအောင်းဖို့  ပြေးဝင်ကြရတယ် ။ ဦးချင်းလွှာအောင်ရဲ့  ညာဖက်နားရွက်မှာ ကျည်ဆံစ မှန်လာတယ် ဆိုတာ ပြောပြတော့တယ် ။

မြရုပ်ရှင်ရုံလမ်းမခွဆုံမှာ လူထုတွေကို လမ်းပေါ်မထွက်စေဖို့  သံချောင်းခေါက် အသိပေးနေတဲ့  သမီးရဲ့ အဖေ ဦးခင်မောင်ဝင်းဟာ စစ်တပ်ကနေပြီး လူမဆန်စွာ လူအုပ်ကို ပစ်ခတ်ရာမှာ ရက်ရက်စက်စက် အဲဒီနေရာမှာတင် သေနတ်ကျည်ဆံထိမှန် ကျဆုံးကွယ်လွန် သွားခဲ့ ရရှာတယ်- ဦးခင်မောင်ဝင်းဟာ ဦးနဲ့ အတူ ရခိုင်လူငယ်များ ဗဟိုအစည်းအရုံးက ဗဟိုကော်မီတီဝင်ဖြစ်ပြီး အရေးအခင်းအတွင်းမှာ စာစောင်တွေထုတ်ဝေခဲ့ တဲ့  ဦးရဲ့  လက်ရုံးတစ်ဆူပေါ့ သမီးရယ် ။

စက်တင်ဘာ-၁၈-ဟာ သမီးအဖေ သေတဲ့ နေ့ ပေါ့ ။

( ၁၉၈၈-ခုနှစ် စက်တင်ဘာ-၁၈-ရက်တွင် ကျဆုံးသွားသော ဦးခင်မောင်ဝင်း ခေါ် ရွေဘန်း ( ကျောင်းဆရာ ) -အိုးတန်းရပ်ကွက်-စစ်တွေမြို့ -ရခိုင်ပြည် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts