International News

Budget without Health Care and Food Stamps

အမေရိကန်အောက်လွှတ်တော်က သမ္မတကို အာခံပြီး ဘတ်ဂျက်နှင့် ကျန်းမာရေးဥပဒေကို ဖြတ်တောက်
မိုးမခသတင်းကောက်နုတ်ချက်၊ စက်တင်ဘာ ၂၁၊ ၂၀၁၃
စက်တင်ဘာ ၂၀၊ ၀ါရှင်တန်ဒီစီ၊ အောက်လွှတ်တော် အစည်းအဝေးကနေ ဒီနှစ် အစိုးရအသုံးစာရိတ်ခွင့်ပြုချက်ကို အတည်ပြုပေးလိုက်ပေမယ့် လက်ရှိ အိုဘားမားအစိုးရရဲ့ အဓိကလုပ်ဆောင်မှုဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေအသုံးစာရိတ်ကို ဖြတ်တောက်တဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။ အတိုက်အခံ ရီပတ်ဘလစ်ကန်ကြီးစိုးတဲ့ အောက်လွှတ်တော်အမတ်တွေက ဒီမိုကရက်အစိုးရခေါင်းဆောင်တွေရဲ့ ‘နိုင်ငံသားတိုင်းကျန်းမာရေးစောင့်ရှောက်မှုအာမခံရှိရေး ဥပဒေ’ (Obama Care) ကို တောက်လျောက် ဆန့်ကျင်ခဲ့တာဖြစ်ပြီး သည်တခေါက် နိုင်ငံတော်ဘတ်ဂျက်အတည်ပြုပေးတဲ့ဆီမှာ Obama Care အတွက် အသုံးစာရိတ်ကို ဖြုတ်ချပြီး အာခံလိုက်တာဖြစ်ပါတယ်။ အာဏာရဒီမိုကရက်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်နဲ့ လက်ရှိသမ္မတကိုယ်တိုင်က အခုလို ဘတ်ဂျက်ဆုံးဖြတ်ချက်ကို ပယ်ချမှာ ဖြစ်တယ်လို့ တုန့်ပြန်လိုက်ပါတယ်။
၂၀၁၃ နှစ်ကုန်အထိ အစိုးရအသုံးစာရိတ်များ လည်ပတ်နိုင်ဖို့ အောက်လွှတ်တော်က သဘောတူခွင့်ပြုရာမှာ ပြည်ထောင်စု ဘတ်ဂျက်များကို ဖြတ်တောက်ဖို့ လျော့ချဖို့ ဆက်လက် တောင်းဆိုနေတဲ့အထဲက ချို့တဲ့တဲ့ နိုင်ငံသားများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များအတွက် အဟာရဖူလုံမှုထောက်ပံ့ရေး (food stamp assistance/ support) အသုံးစာရိတ်ကိုလည်း အောက်လွှတ်တော်က ၄၀ ဘီလျံဒေါ်လာဖိုး ဖြတ်တောက်လိုက်ပါသေးတယ်။ အဲသည်လို ဖြတ်တောက်လိုက်တာကြောင့် အကူအညီလိုနေတဲ့ အမေရိကန်သား လူဦးရေ ၄ သန်းအတွက် စားစရာလက်မဲ့ ဖြစ်ရလိမ့်မယ်လို့ ဝေဖန်ကြပါတယ်။
ဒီမိုကရက်ပါတီအနိုင်ရတဲ့ အစိုးရ၊ သမ္မတ အိုဘားမားလက်ထက် သက်တမ်း ၂ ဆက်လုံးလုံးမှာ အောက်လွှတ်တော်ကို ကြီးစိုးထားတဲ့ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီက အာဏာရအစိုးရရဲ့ မူဝါဒတွေ အကောင်အထည်ဖော်မှုတွေကို တောက်လျောက်ဆန့်ကျင်ပြီး အာခံလျုက် ရှိပါတယ်။ အဓိကလက်သည်ကတော့ ကွန်ဆားဗေးတစ်၊ တီးပါတီလို့ လူသိများတဲ့ ရှေးရိုးစွဲ လူဖြူအများစု အားကောင်းတဲ့ အုပ်စုတွေ၊ အမတ်တွေကြောင့်ဖြစ်ပါတယ်။ အိုဘားမားနဲ့ ဒီမိုကရက်တွေဟာ သဘောထားပျော့တယ်၊ ဆင်းရဲသားတွေ (အချောင်သမားတွေ)ကို ဦးစားပေးတယ်၊ လူချမ်းသာတွေဆီက အခွန်ပဲ တိုးကောက် (အချောင်နှိုက်တယ်)၊ အရင်းရှင်မဆန်ဘူး (ဆိုရှယ်လစ်ဆန်တယ်) စသည်ဖြင့် အမြဲတစေ ပုတ်ခတ် စွတ်စွဲ ပြစ်တင်လျက်ရှိပါတယ်။ 
Photo – From left, House Majority Leader Eric Cantor, Speaker John Boehner and Republican Whip Kevin McCarthy. (Melina Mara/The Washington Post)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts