(မိုးမခ) ဧပြီ ၁၀၊ ၂၀၁၉
သဲတုန်လေးဟာ ချိန်ခွင်ရဲ့လျှာကလေးကို ဘောင်ထဲမှာပိတ်မိနေအောင် လက်ကလေးနှစ်ဘက်နဲ့ ဆုပ်ကိုင်ထားတယ်။ လွှတ် လိုက်တာနဲ့ ချိန်ခွင်လျှာကလေးက တဖက်ကို စောင်းပြီးထွက်လာတယ်။ အဲဒီလျှာကလေးကို ချိန်ခွင်လက်ကိုင်ဘောင် ထဲပြန်ပိတ်မိအောင် ဇွတ်အတင်းပြန်ထည့်ပြီးဆုပ်ကိုင်ပြန်တယ်။ နောက် လက်ပြန်လွှတ်လိုက်တာနဲ့ ချိန်ခွင်လျှာက ပြန် ထွက်လာပြန်ပါတယ်။
မနေ့က သူ့ကြီးဒေါ်ကြီး ခင်မမ အညာကရောက်လာတော့ သဲတုန်လေး ကစားဖို့ဆိုပြီး ချိန်ခွင်ကလေး လက်ဆောင်ပေးပါ တယ်။ သဲတုန်လေးက ချိန်ခွင်ထဲ သူကစားနေကျ ပလတ်စတစ် လယ်ဂို (lego) ရောင်စုံအတုံးလေးတွေထည့်ချိန်ပြီး စျေး ရောင်းတမ်း ကစားတယ်လေ။
သဲတုန်လေးက နိမ့်မြင့်ဖြစ်နေတဲ့ ချိန်ခွင်ခွက်တွေကို ပြန်ကြည့်ပါတယ်။ ပြီးတော့ ပလတ်စတစ်တုံးကလေးတွေကို ဟိုဘက် ဒီဘက် ပြောင်းပါတယ်။ ချိန်ခွင်လျှာက စောင်းနေတုန်းပါပဲ။ ဘွားအေ ကျမလဲ ကစားနေတဲ့မြေးကိုကြည့်ပြီး “သမီးလေးရယ်၊ တဖက်မှာက အတုံးတွေက အလေးချိန်များနေတာလေ၊ ဟိုဘက်က အတုံးသေးတွေဘက်ကို ထပ်ဖြည့်လိုက်၊ ဒါဆို ညီ သွားမယ်” လို့ပြောလိုက်တော့ “ထပ်ထည့်စရာမရှိတော့ဘူး ဘွားဘွားရဲ့” လို့ ပြန်ဖြေပါတယ်။ “ဒါဖြင့် ဒီဘက်ကအတုံး တွေတွေကို ဟိုဘက်ကိုမျှ ထည့်ပေးလိုက်ပေါ့” လို့ ဘွားအေပီပီ လျှာရှည်မိပြန်တော့ “ဘွားဘွားကလည်း ဒီမှာကြည့် သမီး က အရောင်တွေ ညီနေအောင်မျှထားတာ၊ ဒီမှာလဲ အစိမ်းအဝါအနီအပြာ ခရမ်း၊ ဒီဘက်မှာလဲ အစိမ်း အဝါ အနီ အပြာ ခ ရမ်း” လို့ ပြန်ပြောတယ်။
ဒေါ်လေး၊ မချောက ဘယ်အချိန်ပြန်ရောက်မလဲလို့ ကိုးရီးယားကားပြီးလို့ ထလာတဲ့ ခင်မမကမေးလိုက်တာနဲ့ သဲတုန်လေး ဆီက အာရုံကို ခင်မမဆီပြောင်းရတယ်။ ညနေ ခြောက်နာရီခွဲ ခုနှစ်နာရီလောက်ဆို ရောက်ပါတယ်။ မောင်တင်မောင်ဦးက တော့ ရှစ်နာရီ ကိုးနာရီလောက် ရောက်တတ်တယ်လို့ဖြေတော့ မိုးချုပ်တယ်နော်၊ အင်းလေ၊ ကားတွေကလည်း ကျပ်တာ ကိုးလို့ ခင်မမက ညည်းသလို ဆိုပါတယ်။ ဒါဖြင့် ညနေစာက ဘယ်လိုစားကြတုန်းလို့ ဆက်မေးပါတယ်။
ဒေါ်လေးက ထမင်းတလုံးတည်ထားလိုက်တယ်လေ၊ ဟင်းကတော့ မနက်ကတည်းက မချောချက်သွားတာကို ပြန်နွှေးစား ကြတာပေါ့။ ဒေါ်လေးနဲ့ သဲတုန်လေးကတော့ သူတို့ပြန်လာတဲ့အချိန်ဆို စားပြီးပါပြီ။ မောင်တင်မောင်ဦးအတွက် မချော ပြန်လာမှ လုပ်ပေးလိမ့်မယ်။ တခါတလေလည်း ညနေစာ စားချင်မှ စားကြတာဆိုတော့ …
ပြောနေရင်း ရုံးကအပြန် မောမောနဲ့စီစဉ်ရတဲ့ သမီး မချောကိုမြင်ယောင်ပြီး သက်ပြင်းချလိုက်မိပါတယ်။
မောင်တင်မောင်ဦးက မချောချက်တာမှ စားတာဆိုတော့လည်း ချက်ရပေသပေါ့။ အရင်ကတော့ အိမ်ဖော်ကောင်မလေးက အကုန်ပြင်ဆင်ပေးပြိး မချောက ချက်ရုံပဲဆိုတော့ သိပ်တော့မမောလှပါဘူး။ ဒါပေမဲ့ ဒီဘက်နှစ် မချောရာထူးတိုးပြီး ခရီး ယာယီတွေများလာတော့ အိမ်ဖော်ကောင်မလေးကိုလည်း ခေါ်မထားတော့ဘူး။ မီးကို မလောင်ခင်ကတားချင်တဲ့သဘောထင်ပါရဲ့။ ဒီတော့ ခရီးမထွက်ဖြစ်တဲ့ ရက်များဆိုရင် မချောခမျာ ပင်ပင်ပန်းပန်းချက်ရရှာတယ်။ သမီးမပင်ပန်းပါဘူးအမေရဲ့၊ ရုံးမှာ တနေကုန်ထိုင်နေရတာ၊ အိမ်မှာမှ လှုပ်လှုပ်ရှားရှားရှိသေးလို့ပြောပေမဲ့ ဒီအမေလဲ အလုပ်လုပ်ခဲ့သူပဲ။ သိတာပေါ့။
တင်မောင်ဦးရုံးနဲ့ မချောတို့ရုံးနဲ့ သိပ်မှ မဝေးပဲဟာ အတူပြန်လာရင် ရသားနဲ့၊ တင်မောင်ဦးက ဘာလို့နောက်ကျရတာပါလိမ့် လို့ ခင်မမက မကျေမနပ်လေသံနဲ့ ပြောတယ်။ အော် သူလည်း အပေါင်းအသင်းနဲ့ လ္ဘက်ရည်ဆိုင်ကလေး ဘာကလေး ထိုင် တာနေမှာပေါ့အေလို့ပဲ ပြန်ပြောရတယ်။ သူ့မောင်အကြောင်း ဒီယောက္ခမက မကောင်းပြောလို့ဖြစ်မတဲ့လား။ မချောမရှိတဲ့ ရက်များ အိမ်မှာစားတယ်ရယ်လို့မရှိဘူး။ ပြီးတော့ မချောခရီးထွက်ရမယ်ဆိုရင် လင်မယားနှစ်ယောက် ကျိတ်ပြီးစကားများ တာတွေ ပြောမနေတော့ပါဘူး။
တကယ်တော့ မချောက ဒီမန်နေဂျာရာထူးကို အတိုက်အခံတွေကြားကရတာ။ ဒါရိုက်တာတယောက်က မချောရဲ့အရည် အချင်းကိုကြိုက်ပေမဲ့ မိန်းမဖြစ်နေလို့ဆိုပြီး ကန့်ကွက်သတဲ့။ မိန်းမတွေက ကလေးကိစ္စ၊ အိမ်ကိစ္စနဲ့ တာဝန်ကိုနိုင်အောင်ထမ်းနိုင်မှာမဟုတ်ဘူး၊ ခရီးရော ထွက်နိုင်ပါ့မလားလို့ အကြောင်းပြသတဲ့လေ။ သဲတုန်ကလေး ငယ်သေးတာကို သိနေတာကိုး။ စျေးကွက်ထိုးဖောက်တဲ့နေရာမှာ မချောကိုယှဉ်နိုင်တဲ့သူ မရှိကြောင်း၊ အရင်သမိုင်းကြောင်းတွေရော၊ လုပ်ငန်းအတွေ့အကြုံ တွေရော၊ ရထားတဲ့ ဘွဲ့တွေရော အကုန်ကြည့်ပြီးမှ မချောကို ဒီရာထူးပေးတာ။ ဒါတောင် မချောကိုထောက်ခံတဲ့ ဒါရိုက် တာနဲ့ သမုတ်ချင်ကြသေးတာကိုပါ ရင်ဆိုင်ရတာ။ မောင်တင်မောင်ဦးက ဒီနေရာမှာတော့ တော်ရှာပါတယ်။ သူ့မိန်းမ စိတ်ဖိ စီးမှုများနေမှန်းသိတော့ ဖေးမဖော်ရပါတယ်။ ဘေးကပြောတဲ့ ဒါရိုက်တာနဲ့သမုတ်တဲ့ စကားတွေကိုလည်း မသိချင်ယောင် ဆောင်နေတယ်။ ဒါပေမဲ့ ခရီးထွက်ရမယ်ဆိုရင်တော့ မကျေနပ်တဲ့စိတ်ကလေး ထွက်ထွက်လာတယ်ထင်ပါရဲ့။
ရာထူးတိုးလာတော့ ညစာစားပွဲတက်ရတာတွေလည်း များလာတယ်။ မချောကတော့ ရှောင်လို့ရသမျှ ရှောင်ပါတယ်။ သမီး လေးလည်းရှိနေတော့ အကြောင်းပြရတာပေါ့။ ဒါကိုပဲ ဟိုဒါရိုက်တာက လက်ညှိုးထိုးချင်တယ်။ ဒါကြောင့်မချောက အလုပ် ထဲမှာ ပိုကြိုးစားရတဲ့အကြောင်း ခဏခဏပြောပြတယ်။ ဒီလောက်မအားတဲ့ကြားက ဘွဲ့လွန်နောက်တခုရဖို့ လုပ်နေသေး တယ်။ ဒီနေရာမှာတော့ မောင်တင်မောင်ဦးနဲ့ အတွဲညီပေလို့တော်သေး။ မချောအဖေ ဦးထွန်းတင် ကိုးရို့ကားယားလုပ်လို့ ကျမအလုပ်ထွက်ခဲ့ရတာကို ပြန်သတိရမိသေးတော့တယ်။ အစိုးရဝန်ထမ်းတွေဖြစ်ကြတော့ တနယ်စီမနေနိုင်ဘူးတဲ့လေ၊ မင်းမလိုက်လာရင် င့ါကို ဘယ်သူချက်ကျွေးမလဲ၊ ပြုစုမလဲတဲ့၊ မင်းသဘောပဲ၊ နောက်မှ င့ါကိုအဆိုးမဆိုနဲ့ဆိုလို့ ကျမ အလုပ်ကထွက်ပြီး သူ့နောက်လိုက်ရပါရောလား။ မိသားစုအရေး ရှေ့တန်းတင်ခဲ့ရတာကိုး။
အခုတော့ ခေတ်တွေလည်းပြောင်းကုန်ပြီ။ မောင်တင်မောင်ဦးကိုယ်တိုင်လည်း အရာရှိကလေး၊ မချောကလည်း အခု မန်နေ ဂျာ၊ တက်ညီလက်ညီ ကြိုးစားကြတယ်။ အလုပ်လုပ်ကြတယ်။ ခုခေတ်ကတော့ ကြိုးစားသူတွေအတွက် အခွင့်အလမ်းတွေ ကလည်းအများကြီး။ အဲ အပြိုင်အဆိုင်အတိုက်အခိုက်တွေကလည်း များလှတယ်။ မချောရဲ့လုပ်ဖော်ကိုင်ဖက်တယောက်က မချောကိုဖြုတ်ချဖို့ အမြဲစောင့်ကြည့်နေတာဆိုပဲ။ ကလေးနေမကောင်းလို့များ ခွင့်ယူမိရင် ဟိုဒါရိုက်တာက ဒါကြောင့်ပဲ ဒါ ကြောင့်ပဲလို့ ခနဲ့သလို ရွဲ့သလို လုပ်တတ်သတဲ့။ ဒါကြောင့် မချောလဲ တခြား အမျိုးသားဝန်ထမ်းတွေထက် အများကြီး ပိုကြိုးစားရရှာတယ်။ မိန်းမမို့လို့ မလုပ်နိုင်ဘူးဆိုတာ မရှိစေရဘူးတဲ့လေ။
သဲတုန်လေးကို စောင့်ရှောက်ဖို့ကလည်းလိုသေးတော့ ကျမလည်း မချောတို့နဲ့ လာနေရတယ်။ မချောအဖေဆုံးပြီးကတည်းက ကျမလည်း အထီးကျန်နေတာဆိုတော့ အခုမြေးလေးနဲ့ အဖော်လုပ်ရတာပဲ။
ဟိုတလော မချော ရုံးသွားကာနီး၊ အရေးကြီးအစည်းအဝေးကလည်းရှိတဲ့အချိန်၊ သဲတုန်လေး ကောက်ကာငင်ကာ ဖျားတော့ မချောမယ် ဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ မောင်တင်မောင်ဦးက မင်းဖြောင့်ဖြောင့်သွား၊ ကလေးကို ငါကြည့်ထားမယ်၊ ငါရှိ တယ်၊ မပူနဲ့ဆိုပြီး အလုပ်ကခွင့်ယူတယ်လေ။ ဒါကြောင့် မောင်တင်မောင်ဦးကို ကျေးဇူးတောင်တင်ရသေး။ ဦးထွန်းတင် သာဆို ဘယ်ရလိမ့်မတုန်း။ ကလေးနေမကောင်းတိုင်း ကျမချည့် အလုပ်ပျက်ခဲ့ရတာပဲ။
မောင်တင်မောင်ဦးက အစားအသောက် ချေးများပေမဲ့ စိတ်သဘောထားလေး ကောင်းပါတယ်လို့ ခင်မမကို ဆက်ပြော မိတယ်။ ခင်မမက အမလေး ဒေါ်လေးရေ၊ အဲဒါကျမတို့အမေလုပ်တဲ့အကျင့်လေ၊ သူ့သားဆိုရင် ဘာစားမလဲ ဘာစားမလဲ နဲ့၊ ကျမတို့ကိုသာ ရှိတာနဲ့စားလို့ ကျွေးတာ၊ ခုတော့ သူလုပ်ခဲ့တဲ့ ဒဏ်ကိုချွေးမက ဆက်ခံနေရတာပေါ့၊ လို့ ရေရွတ်ပါတယ်။ ဒါပေမဲ့အေ၊ မောင်တင်မောင်ဦးမှာ ဒီလို စိတ်ဓါတ်ကလေး ဖြစ်လာအောင် ပြုစုပေးထားတာကို ကျေးဇူးတင်ပါရဲ့၊ မဟုတ်ရင် မချော အလုပ်ဒီလောက် ဘယ်လုပ်နိုင်လိမ့်မလဲ လို့ပြန်ပြောရတယ်။ ဟုတ်တယ်လေ။ ကျမတို့ဝန်းကျင်မှာ ယောက်ျားနဲ့၊ က လေးနဲ့ အလုပ်နဲ့ ဖတ်သီဖတ်သီဖြစ်နေတဲ့ မိန်းမတွေ တပုံကြီး။ အလုပ်ထွက်ပြီး အိမ်မှာနေရင်း ကလေးထိန်းရင်း စိတ်ဓါတ်ကျ နေတဲ့ မိန်းမတွေလဲ ပြည့်လို့။ သဲတုန်လေးကို ကျောင်းပို့ကျောင်းကြိုလုပ်တိုင်းတွေ့ရပါ့။
အဲဒါ အဖေ့ကြောင့် ဒေါ်လေးရဲ့၊ အဖေက သိပ်ခေတ်မီတာ၊ ဒါနဲ့ မနက်ဖြန် မချော မော်လမြိုင်ဘက် သွားရမယ်မဟုတ်လား၊ ဒူးရင်းသီးလေး မှာလိုက်ဦးမှပဲလို့ ခင်မမက ပြန်ပြောတယ်။ ပြီးတော့ ဒီနေ့ညနေအတွက် ကျမချက်လိုက်မယ် ဒေါ်လေး၊ မချော နားပါစေလို့ဆက်ပြောရင်း ထိုင်နေရာက ထသွားတယ်။ ဒီလိုယောင်းမမျိုးရတာလဲ မချော အတော်ကံကောင်း တာပါပဲလေ။
သဲတုန်က “ကြီးကြီးချိန်ခွင်က ညီလဲမညီဘူး” လို့ လှမ်းအော်ပြောတော့ ခင်မမ ပြန်လှည့်လာတယ်။ ကျမလဲ အဲဒီတော့မှပဲ သဲတုန်ဆီအာရုံပြန်ရောက်တော့တယ်။ ခင်မမက “သမီးကလည်း ထည့်ထားတဲ့ အတုံးတွေကမှ မညီတာ” လို့ ပြောပြော ဆိုဆိုနဲ့ ပလတ်စတစ်တုံးကလေးတွေကို အကြီးအသေးပါညီအောင် မျှထည့်လိုက်တယ်။ “အဲဒါတွေကိုရောလို့မရဘူး။ ဒါက ဒီဘက်၊ ဒါတွေက ဟိုဘက်၊ အရောင်ကိုက်၊ အရွယ်ကိုက်အောင်လုပ်ထားတာ” လို့ သဲတုန်က အော်ပါလေရော။ ခင်မမက “သမီးလေးရယ်၊ ဒီအတုံးတွေက အရောင်တွေလဲတူပါရဲ့၊ အရေအတွက်လဲ တူပါရဲ့၊ အကြီးအသေးမှ မတူတာကွယ်၊ ချိန်ခွင် လျှာကလေး ဒီလိုတည့်နေစေချင်ရင် များနေတဲ့ဘက်ကလည်း နည်းနည်းလျော့၊ နည်းနေတဲ့ဘက်ကိုလည်း နည်းနည်းဖြည့်မှ ရမှာပေါ့ သမီးရဲ့” လို့ စိတ်ရှည်လက်ရှည်ရှင်းပြနေလေရဲ့။
လွင် (ဘော်တွင်း)