နိုလှိုင်း ● အပျော်ကိုအရည်ဖျော် နွေထဲရေနည်း လေနဲ့ခြွေတဲ့ပိတောက်

April 8, 2019

နိုလှိုင်း ● အပျော်ကိုအရည်ဖျော် နွေထဲရေနည်း လေနဲ့ခြွေတဲ့ပိတောက်
(မိုးမခ) ဧပြီ ၈၊ ၂၀၁၉


၁။
ဒီတစ်နှစ်လည်း ဘယ်လိုအဆွေးဓာတ်မျိုးနဲ့ အသက်တစ်နှစ်ထပ်ကြီးသွားရဦးမယ်မသိဘူး။ ဒီဘက်နှစ်ပိုင်းတွေမှာ သင်္ကြန် ရက်တွေကို ဘယ်လိုလွမ်းဆွတ်တမ်းတမှုမျိုးနဲ့ စတင်ရဦးမလဲဆိုတာကိုပဲ နှစ်တိုင်းတွေးနေမိတယ်။ သင်္ကြန်ရက် ရုံးပိတ် ရက်ရှည်တွေကို မွေးနေ့တစ်နေ့နဲ့သာ စတင်ရတတ်တယ်ဆိုပေမဲ့ အဲဒီမွေးနေ့တစ်ရက်ကြောင့်ပဲ နွေဟာပိုပိုပြီး ခြောက် ခမ်းနေတတ်ပါလားဆိုတာကို နွေရောက်တိုင်း ကိုယ့်မှာသက်သေပြမိလျက်သားဖြစ်နေတတ်ပြန်တယ်။ နွေရာသီရဲ့ခြောက် သွေ့လွန်ကဲပုံကို နွေရောက်တိုင်း အကြောင်းအရာတစ်ခု မဟုတ်တစ်ခုနဲ့ အမြဲချပြနေမိသလိုဖြစ်နေတတ်လို့ နွေရောက်မှာကိုတောင်တွေးကြောက်လာမိသလိုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဘက်နှစ်တွေထဲသင်္ကြန်ပိတ်ရက်တွေဆိုရင် အလွမ်း အဆွေးနဲ့သာ တစ်နေရာရာမှာ အားကုန်နွမ်းလျ ငေးမော့နေမိသလိုလိုသာ ထိုင်နေဖြစ်မယ်။ ဒီလိုမှမဟုတ်ပဲ ပျော်ဖို့ကြိုးစား မိတာနဲ့ အလွမ်းရေချိန်ကိုပိုတိုး အဆွေးဓာတ်ကိုပြန်နှိုးဆွ ကိုယ့်ကိုတွင်းဆုံးရောက်သည်အထိထောက်ပံ့ပေးမယ့်အရာတစ်မျိုးမျိုးနဲ့သာ အမြဲကြုံတွေ့ရင်ဆိုင်နေရတော့တာကိုး။ အဲဒါကြောင့်မို့လည်း အသက်တစ်နှစ်ထပ်ကြီးလာမှာကိုပိုကြောက်နေမိသလို သင်္ကြန်ပိတ်ရက်တွေရောက်လာမှာကြိုတွေးပြီး လန့်နေမိတော့တာပေါ့။ နောက်ထပ်တစ်ခုက သင်္ကြန်ပြီးသွားခဲ့ပြီဆိုရင်တောင်မှ အဲဒီလိုဖြစ်နေတတ်ကြုံနေရတတ်တဲ့အဆွေးဓာတ်ထဲကနေ ဘယ်လိုရုန်းထလွတ်မြောက်အောက်လုပ်ရမလဲဆိုတာကို ပြန်ပြန်တွေးယူနေရသေးတယ်ဆိုတော့လည်း သင်္ကြန်ကိုပျော်ရဖို့အားခဲ ကြိုရင်ခုန်နေရတယ်ဆိုတာထက် စိတ်ကိုဘယ်လိုအကြောင်းကများ တွင်းထဲဆွဲချခေါ်သွားလိမ့်ဦးမလဲလို့သာ ကြိုတင်ဘုရားတနေရတော့တာပါပဲ။

၂။
ဖြစ်နေတာက နွေရာသီအပူငွေ့ထဲ ကိုယ်မှမဟုတ် အရာအားလုံး ပိုပြီးခြောက်ခမ်းလွယ်လာတယ်လို့ပဲ ဆိုပါတော့။ အသက်ကြီးလာတယ်လို့မဆိုနိုင်သေးပေမဲ့ လူ့သက်တမ်း တစ်ဝက်ကျော်လာတာကြောင့်လားတော့ မသိဘူး။ အရင်ကလောက်လည်း ပျော်ချင်ပါးချင် လည်ချင်ပတ်ချင်စိတ်မရှိတော့သလို ပျော်ပါးဖို့ထက် ဘဝကိုစိတ်အေးသက်သာစွာနေရဖို့ပဲ ပို အလိုရှိနေမိ တယ်။ အဲဒီလိုဆိုတော့ ခန္ဓာကိုယ်ထဲကအပျော်ဓာတ်ဟာပျက်သွား စိတ်ထဲမှာအပျော်ပျောက်ပြီး တစ်ဘဝလုံးအဆွေးနဲ့သာနေတော့မယ်လို့ ဆိုလိုချင်တာတော့လည်း မဟုတ်ဘူးပေါ့။ ဒီနှစ်အပိုင်းအခြားတွေလောက်မှ ဒီရက်တွေရောက်လာမှသာ သူ့အလိုလိုဖြစ်လာတာတွေပါ။ ကြားဖူးတာတစ်ခုကလည်း လူတစ်ယောက်ကို လမ်းပေါ်မှာချည်း အမြဲမြင်နေရပြီဆို အဲဒီလူဟာသူ့အိမ်မှာမပျော်တော့လို့ပါပဲတဲ့။ အိမ်မှာစိတ်မပျော်ရွှင်တော့လို့ကို လမ်းမပေါ်ကိုပဲ ရည်ရွယ်ချက်မရှိရောက်လာရတယ်ဆိုပါတော့။ ပြီးရင် ဦးတည်ရာမရ လျှောက်သွားနေတတ်တယ်ပေါ့လေ။ ကိုယ်တိုင်ကလည်း အခုအချိန်တွေကျမှ လမ်းပေါ် မှာချည်း ရှိနေမိတယ်။ ကိုယ်ဖြစ်နေတာကတခြား အဲဒီလိုပြောကြသေးတယ်ဆိုတာလည်းရှိတော့ ပိုပြီးကိုယ့်စိတ်ကိုယ်ပျော် အောင်နေပြရ အရာရာကိုလုံးဝအရသာလျော့ကျမသွားအောင်သာ ပြုံးပြုံးပြနေရသေးတာပေါ့။ ဒါကလည်း ယေဘုယျ အမြင်တစ်ခုဖြစ်မှာပါ။ အမြင်နဲ့သတ်မှတ်လိုက်တဲ့ အယူအဆတစ်ခု ပေါ့လေ။ အဲဒီလိုပဲ ပြန်ဖြေလျော့နေမိတယ်။

လူကသာ လမ်းပေါ်ရည်ရွယ်ချက်မရှိလျှောက်သွားနေတတ်ပေမယ့် ကိုယ်ဟာ ကိုယ့်နေအိမ်မှာမပျော်မရွှင်ဖြစ်နေတဲ့သူတစ်ယောက်တော့လည်း မဟုတ်ပြန်ပါဘူး။ ဖြစ်နိုင်ရင်အိမ်ထဲမှာပဲ မိသားစုနဲ့ချစ်ခြင်းမေတ္တာကိုမျှားယူ မိသားစုအပျော်မှာအရာရာပြန်မျှလို့ အေးအေးလူလူနေနေချင်ခဲ့တာပေါ့။ ဒါပေမဲ့ အခုလောလောဆယ် အိမ်မှာမိသားစုထဲကတစ်စုံတစ်ယောက်မှကိုရှိမနေ အိမ်မှာပြန်ရောက်လာရင်တံခါးဖွင့်ကြိုဆိုမယ့် မိသားစုဝင်တစ်ဦးမှအဆင်သင့်ရှိမနေဘူး ဖြစ်နေပြန်တယ်။ အခုရက် ပိုင်းတွေမှာ ပိတ်ရက်ကလည်းများနေ ရန်ကုန်မြို့ကြီးရဲ့ခြောက်ကပ်တိတ်ဆိတ်လာမယ့်လမ်းတွေကို ရှောင်ရှားချင်ကြတာ နဲ့ လူတွေအားလုံးခရီးရက်ရှည်ထွက်ဖို့ကိုချည်း အားခဲနေကြတာမဟုတ်လား။ ကိုယ့်မိသားစုမှာလည်း ကျန်တဲ့သူအားလုံးတစ်နေရာရာထွက်သွား ကိုယ်တိုင်ကတော့ဘာကြောင့်မှန်းမသိ ကျန်နေရစ်ခဲ့တာပါပဲ။ အဲဒီလိုအဖြစ်အပျက်မှာ ကိုယ်ကလမ်း တွေပေါ်ရောက်မလာလို့ အိမ်ထဲ အသင့်ရှိနေတတ်တဲ့ အလွမ်းမှာမွန်းပိတ်ပြီး တစ်ယောက်တည်း ဘယ်နေနေချင်ပါ့မလဲ။ ကိုယ့်စိတ်နဲ့ကိုယ် အိမ်ထဲမှာတစ်ယော်တည်း ဘယ်လိုမှပျော်အောင်နေလို့မရ အပျော်မှာကံမပါဘူးလို့သာတွေးနေရသလိုပါပဲ။ အဲဒါကြောင့်မို့ ကိုယ့်ကိုပျော်လားလို့လားမေးရင် အခုဆိုရင်တော့ ပျော်မနေဘူးဆိုတာလောက်တော့ ပြန်ဖြေရတော့မှာပေါ့။ မဟုတ်ဘူးလား။

၃။
ထူးတော့လည်း မထူးပါဘူး။ လမ်းပေါ်ရောက်လာတော့လည်း လမ်းမတွေဟာ နွေနေအဆွေးဓာတ်နဲ့ ပူလောင်ခြောက်သွေ့ နေခဲ့တာပဲ။ ပိတ်ရက်တွေကပ်လာလို့ပဲလားတော့မသိဘူး။ လမ်းပေါ်တွေ့သမျှလူတွေလည်း အဲဒီပိတ်ရက်အတွက်ကိုအားခဲ အလောတကြီးဖြတ်သန်းသွားလာနေကြလေရဲ့။ အရေးတကြီးလှုပ်ရှားနေကြ ဝယ်နေခြမ်းနေ အပျော်ဓာတ်ကို မျှားခေါ်နေကြတယ်။ လက်ထဲကအထုပ်ကိုပစ်ချ အပျော်ရဖို့ဖြေချနေကြတယ်။ ကိုယ်ကသာပူလောင်မွန်းကျပ်ပြီး အထီး ကျန်ဖြစ်နေတာ လမ်းပေါ်မှာတွေ့တဲ့လူတွေကတော့ ပျော်ဖို့ အတွက်ကြိုတင်ပြင်ဆင်ပြီး ရင်ခုန်စိတ်လှုပ်ရှား အပျော်အတွက်တာစူနေကြသူတွေချည်းပဲ။ အဲဒီလို မြင်နေတွေ့နေရပြန်တော့လည်း သူတို့ပျော်ဖြစ်ကြတော့မှာကို သူတို့နေရာကနေ ကြိုတွေးမိပြီး အများအပျော်မှာ ဝမ်းသာလှိုက်လှဲဖြစ်နေမိပြန်တယ်။ ဒါပေမဲ့ ကိုယ်ကဘာတတ်နိုင် ဘာလုပ်လို့ရမှာမို့လဲ။ ကိုယ်လည်းသူတို့ဖြစ်နေသလို အပျော်ကိုကြိုတွက် ကြိုစဉ်းစား လို့ရနေရင်တောင် တစ်ခုမဟုတ်တစ်ခုကိုအပျော်အတွက်တပါတည်းယူဆောင်သွားဖို့ လိုက်စဉ်းစားနေမိမှာပေါ့။ အခုကျတော့ အဲဒီလိုမဟုတ် တစ်ခုခုမှကိုမဟုတ်ဘူးလေ။ အပျော်အတွက်ကို ဘယ်လိုစိတ်အကြံအစည်မှမရှိတော့တဲ့ ဟာလာဟင်းလင်းဖြစ်နေပုံမျိုးနဲ့သာ လျှောက်သွားနေမိတော့ တာ။ အများတကာဖြစ်နေတဲ့ အပျော်စိတ်ကိုသာ လိုက်ငေးနေမိတတ်တာ အရာရာလွှတ်ချကွဲကြေလိုက်တော့မယ်ဆိုတဲ့ ဆွေးမြေ့နေပုံမျိုးနဲ့သာ ရှိနေခဲ့တာပေါ့။ အဲဒီနေ့တွေကို ရင်ဆိုင်ရဖို့ဆိုတာကလည်း ….။

ရက်ကသိပ်မကျန်တော့ဘူး။ ဒီတစ်ရက်နှစ်ရက်အတွင်းမှာမှ ဒီအခမ်းအခြောက်မြို့ကြီးကမထွက်ခွာဖြစ်ခဲ့ရင် ပိတ်ရက်တွေထဲ ဒီပတ်ဝန်းကျင်ကနေ အလောတကြီးထွက်သွားနိုင်ဖို့ဆိုတာ ဘယ်လိုမှလွယ်ကူတော့ဘူး။ ကိုယ်လည်းတစ်ယောက်တည်းကျန်ခဲ့တယ်ဆိုပေမယ့် လက်ကျန်ရက်တွေထဲနောက်ကလိုက်သွားနိုင်သေးတယ်ဆိုတဲ့အတွေးမှာ စိတ်ပေါ့လျော့နေမိတာ လည်း ပါပါတယ်။ ဒီထက်ပိုနောက်ကျသွားရင်တော့ ဘယ်လိုမှလိုက်သွားဖို့မဖြစ်နိုင်တော့ဘူးပေါ့။ အမှန်တကယ်တော့ ကိုယ်လည်း တစ်ခါတည်း စိတ်လိုလက်ရကြိုတင်စိတ်ကူးမှာ မိသားစုနဲ့အတူပျော်ဖို့ကြိုတွက်ခဲ့မိသေးတာပါပဲ။ ဒါပေမယ့် အဲဒီရက်တွေမှာ ဘာကြောင့်မှန်းမသိ စိတ်အနှောက်အယှက်တစ်စုံတစ်ရာနဲ့ ကိုယ်ကကျန်ခဲ့ရပြီး အခုလိုနေနေမိတယ်။ အဆိုးကကြုံချင်ပြီဆို ဒီရက်တွေတိုင်းတိုက်ဆိုင်စွာကြုံနေရတတ်တယ်။ အခုလိုအချိန်တွေဆို ဖြစ်နေကျပုံစံအတိုင်း ဆွေးမြေ့ကြေကွဲဖို့ကိုပဲ အလိုလိုဦးတည်နေမိတာပဲလားဆိုတာတော့ မပြောတတ်ဘူးပေါ့။ မှန်တာပြောရရင် မသွားခင် ကလေးပဲ စကားများရန်ဖြစ်ကြတယ်။ အကြောင်းအရာက ဘာမှမဟုတ်ပဲပြီးသွားခဲ့ပေမယ့် စိတ်ထဲကတော့ ထိခိုက်နာ ကျင်မှုနဲ့ သူ့အလိုလိုနေခဲ့မယ်ဆိုတဲ့အတွေးကိုတွေးမိလျက်သား တကယ်လည်းနေခဲ့ဖြစ်သွားခဲ့တယ်ပေါ့။ ဘာမှပြောပလောက်တဲ့ကိစ္စမဟုတ်ဘူးဆိုရင်တောင် ကိုယ့်အထီးကျန်မှုကို ကိုယ်တိုင်ဆွဲခေါ်သလိုဖြစ်သွားခဲ့တာကို အခုအချိန်ဘယ်လိုမှကို နားမလည်ဘူးဖြစ်နေတယ်။ ငါဘာတွေလုပ်မိနေတာလဲဆိုတာထက် ဒီအချိန်ကျမှ ဘယ်လိုအကြောင်းတိုက်ဆိုင်မှုတွေက ဘဝထဲလာလာဖြစ်နေရတာလဲဆိုတာကို ပိုတွေးနေဖြစ်ခဲ့တာပေါ့။ လူဆိုတာကိုယ့်အဆိုးတရားကိုတွေးမိဖို့ထက် ကံကြမ္မာကိုသာယိုးမယ်ဖွဲ့အပြစ်ပုံချပစ်တတ်ကြတာပဲ မဟုတ်လား။ အခုလည်း ဒီအတိုင်းပါပဲ။

၎။
ကိုယ်အိမ်မှာနေပျော်ပါတယ်ဆိုတဲ့အကြောင်းကို အိမ်ထဲမှာတစ်ယောက်တည်း အထီးကျန်စွာနေနေရင်း အလွမ်းနဲ့အတူ သက်သေပြ ငေးမော့နေရပြန်တော့တာပေါ့လေ။ ဘာမှမတတ်နိုင်ပါဘူး။ လေးငါးရက်တစ်ပတ်ဟာ သူ့အလိုလိုကုန်ဆုံးသွားမှာပါပဲလို့ ကိုယ့်စိတ်ကိုပြန်ဖြေတွေးပြီး အသဲကိုအရည်စိမ် စိတ်ပြန်ပျော်ဖို့ကို ဦးလှည့်ရတော့တာပေါ့။ ဒါပေမယ့် အဲဒီလိုလွတ်နေတဲ့စိတ်နဲ့ နေရာတွေလပ်သွားတဲ့အသဲမှာ ခဏတာပျော်ရွှင်မှုမျိုးဆိုတာမျိုးကလည်း တစ်ရက်နှစ်ရက်အပြင် တာရှည်စွာမခံတတ်ဘူးမဟုတ်လား။ အိမ်ထဲမှာတစ်ယောက်ထဲ ပျော်သလိုဖြတ်သန်းနေရတယ်ဆိုတာ နှစ်ရက်လောက်ကြာ ရင် ပျင်းစရာကောင်းလာတတ်ပြန်ရောဆိုပါတော့။ ဆိုတော့ အရင်ကလည်း ဒီလိုပုံစံခံစားချက်မျိုးနဲ့ အလွမ်းကို သီတံမှာ သီထားသလို စာတစ်ပုဒ်ရေးဖြစ်ခဲ့ဖူးသေးတယ်။ မှတ်မိမလားတော့မသိဘူး။ အချစ်ဆိုတာ တစ်နှစ်ကြာလည်း တစ်သက်စာ နောက်ကျမသွား နောက်ထပ်စကားထပ်ပြောသွား ထပ်လွမ်းစေပြန်တာပဲဆိုတာလေ။ ကိုယ်ကသာ နောက်အဖြစ်အပျက် တစ်ခုနဲ့ နောက်အတွေ့အကြုံတစ်ခုကိုချရေးနေမိတာ အားလုံးကအဲဒီအကြောင်းကိစ္စတစ်ခုတည်းကိုပဲ ပြန်ပြန် ကျော့ရေးနေ တယ်ထင်မှာလို့လည်း ကြိုတွေးမိပါသေးတယ်။ ဒါပေမယ့် အခုလည်းတကယ်ထပ်ဖြစ်နေပြန်တာပဲ မဟုတ်လား။ အဝေးတစ် နေရာ မိသားစုကိုလွမ်းတဲ့စိတ်ဆိုတာ စာတစ်ပုဒ်တည်းနဲ့တော့ အပြည့်အစုံဘယ်ပါနိုင်ပါ့မလဲ။ တစ်ခါတည်းတစ်ထိုင်တည်း ဘယ်ပြောပြလို့ပြီးနိုင် ကိုယ်ခံစားနေရတာတွေကိုအများသိစေပါ့မလဲ။  အလွမ်းဆိုရင်လည်း စံပယ်တွေလို သီထား ကိုယ်တိုင်ကတော့ အလွမ်းသီတံမှာ ကပ်နားနေတဲ့ယင်ပမာ အညှီမကုန်သေးတဲ့အထိတော့ ကပ်ပြီးလွမ်းနေရတော့တာပဲပေါ့။

သစ္စာလေးပါးတရားထဲမှာမှ ဒုက္ခကိုလည်း သစ္စာတရားတစ်ခုအနေနဲ့တောင် သတ်မှတ်ထားနေရသေးတယ် ဆိုမှတော့ ဘယ်လိုအရာမဆိုဒုက္ခ အရာရာဟာ ဒုက္ခတရားလို့ တောင် ဆိုလို့ရသေးတာပေါ့။ ရုပ်ခန္ဓာဖြစ်လာပြီဆိုကတည်းကိုက ဆင်းရဲခြင်းရဲ့အကြောင်းလို့လည်း ဗုဒ္ဓကဆိုပါတယ်။ ပျော်ရတာလည်းဒုက္ခ နေရတာလည်းဒုက္ခ စည်းစိမ်ချမ်းသာရရှိခြင်းဆိုတာကတောင် ဒုက္ခလို့ဆိုထားမှတော့ ကိုယ့်ဦးနှောက် နှပ်တစ်ညှစ်စာနဲ့မစဉ်းစားတတ်သေး သဘောမပေါက်နိုင်သေးတဲ့ အဲဒီသိမ်မွေ့နက်နဲတဲ့တရားတော်တွေကိုထားလိုက်ဦး။ လော လောလတ်လတ်ထင်ရှားပြနေတဲ့ ကွေကွင်းခြင်းဆင်းရဲဒုက္ခဆိုတဲ့ အကြမ်းစားဒုက္ခမှာတင်ကိုယ်ဟာ မခံမရပ်နိုင်လောက်အောင်ဖြစ်နေပါပြီ။ မေ့ဖျောက်ပစ်လို့ဘယ်လိုမှမရဘူးဖြစ်နေခဲ့ပြီ။ အခုလိုဆိုတော့လည်း သင်္ကြန်တွင်းမှာ ကောင်းသောစကားတွေသာဆို ကောင်းမှုကုသိုလ်တွေချည်းလုပ်နေတယ်လို့လည်း တလွဲမထင်စေချင်ဘူး။ သတိရစိတ်တွေနှိပ်စက်နေပြီဆိုမှတော့ ကိုယ်နှုတ်အမူအရာ ဘာလုပ်လုပ်မကောင်းမှုချည်းဖြစ်နေတတ်တာက သဘာဝတရားပဲမဟုတ်လား။ ကိုယ်လည်းမလွန်ဆန်နိုင်ပဲ လူကသာမလောက်လေးမလောက်စားအသိဉာဏ် လောက်နဲ့ ပါးစပ်ကတော့နတ်စကားတွေပြောထွက်ချင်ပြောထွက်ဖြစ်နေတယ်။ လုပ်နေတာတွေကတော့ လွမ်းတယ်ဆိုတာနဲ့ဘယ်အချိန်မဆိုလိုက်ဖက်နေတတ်တဲ့ သေရည်မူးတယ်ဆိုတဲ့ အလုပ်လောက်ပဲ။ ဒီလိုရက်မျိုးမှာ စိတ်ဒဏ်ရာကိုတရားဓမ္မနဲ့ဆေးဖို့ဆိုတာကလည်း ကိုယ်လိုအသိဉာဏ်လောက်နဲ့မလွယ် အလှမ်းဝေးနေသေးတယ်မဟုတ်လား။ ကိုယ်ကလည်း လွမ်း စရာဆို ဝါသနာနဲ့ဖြေဖို့ ဝန်လေးတတ်သူမဟုတ်ဘူးဆိုတော့ သူ့ဟာနဲ့သူတော့ ကိုက်နေတော့တာပေါ့။ ကိုယ့်ဝါသနာကလည်း လူလစ်ပြီဆို သေရည်မူးနေမယ်ဆိုတဲ့အစားထဲကကိုး။ ဟန်တောင်ကျနေပါသေးတယ်။

၅။
မေ့မေ့ပျောက်ပျောက်ဆိုပေမယ့် မေ့ပြီးရင်ပျောက်မသွားတတ်တာအဲဒီလွမ်းတဲ့စိတ်ပဲရှိတာကိုး။ မေ့ချင်ပျောက်ချင်ပေမယ့် စိတ်ဟာမပြတ်သား ဒီအကြောင်းကိုချည်းတွေးနေ မှတော့ ပုံရိပ်တွေကသူ့အလိုလိုပေါ်လာတော့တာပေါ့။ သတိတွေချည်းရနေတယ်။ အမြန်ထလိုက်သွားချင်ပေမယ့် တစ်ခုခုကလိုက်လံပိတ်ဆို့နေသလို ဖြစ်နေပြန်တယ်။ လွယ်လွယ်ကုန်လွန်သွားမယ်ထင်ရတဲ့ရက်တွေကလည်း တော်တော်နဲ့ကို မကုန်နိုင်ပြီးဆုံးဖို့ခဲ့ယဉ်းလွန်းနေပြန်တယ်။ မခက်ဘူးလား။ ကိုယ့်မျက်ကွယ်အဝေးမှာရှိနေလို့လည်း သူတို့တစ်စုံတစ်ခုဖြစ်မလားအစိုးရိမ်လွန် ပူနေရတာကလည်း နှိပ်စက်တဲ့အကြောင်းတရားတစ်ခုပဲပေါ့။ ဆိုတော့ လူကဘယ်လိုမှကိုစိတ်အေးသက်သာစွာနေလို့ကို မရတော့ဘူး။ ဒီရက်တွေကို အေးဆေးစွာကျော်လွှားလို့ မဖြစ်နိုင်တော့ဘူး။ အစွဲအလန်းရှိနေလို့လားတော့ မပြောတတ်ဘူးပေါ့။ ဒီရက်တွေရောက်တိုင်း လွမ်းနေဆွေးနေလိုက်တော့မယ်လို့သာ မသိစိတ်မှာကြိုတင်ကြံစည်နေခဲ့သလို ပါပဲ။ ကိုယ့်အပြစ်နဲ့ကိုယ် ကိုယ့်ရူးစိတ်နဲ့ကိုယ်ပဲဆိုပါတော့လေ။ သင်္ကြန်ရောက်တိုင်းဖြစ်ပေါ်လာတတ်တဲ့ စာရေးမယ်စာဖတ်မယ်ဆိုတဲ့အတွေးကိုလည်း အခုထက်ထိအကောင်အထည် ဖော်မရသေးဘူးဖြစ်နေတယ်။ အိမ်ထဲမှာပဲကိုယ့်ကိုကိုယ်အမှောင်ချ သောက်စားမူးရစ်နေမိတယ်။ ရည်ရွယ်ချက်မရှိကြောင်ငေးတွေဝေ အထီးကျန်နေဖြစ်တယ်။ အိမ်ထဲကနေဘယ်မှမသွားပေမယ့် အိမ်ထဲမှာနေတော့လည်း ဘာမှအရာမထင်ပြန်ဘူး။ တစ်ခုခုထလုပ်ဖို့ တစ်နေရာရာထသွားလိုက်ဖို့ကိုလည်း စိတ်မပါလက်မပါဖြစ်နေ တစ်နေရာတည်းမှာထိုင်နေရတာကိုလည်းပျင်းစရာကောင်းတယ်လို့ထင်နေပြန်တယ်။

နောက်ဆုံးတော့ရထားဟာ ဒီဘူတာချည်းပဲဆိုက်ရလွန်းလို့ ရိုးနေသလိုတောင်ဖြစ်နေခဲ့ပါပြီ။ လွမ်းတယ်ဆွေးတယ်ဆိုတဲ့စကား ကလည်း နှစ်ခွန်းသုံးခွန်းကျော်လာရင် လူတွေသိပ်လက်မခံချင်တော့ဘူးဆိုတော့လေ။ ကိုယ်ပျော်ပါတယ်လို့ကိုယ်က ပြောင်းပြောရတော့မှာပေါ့။ ဆွေးတဲ့ကြားထဲ လွမ်းနေလျက်သားနဲ့ကို ဒီလိုအမြဲကြုံလာလိမ့်မယ်ဆိုတာ ကြိုတင်ပြီးသိနေခဲ့တာပေါ့လို့ဟာသလုပ်ပြောလိုက်လည်း ရတာပေါ့။ ရယ်ရယ်မောမောပြောပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ်မျောနေရုံပဲပေါ့။ ဘာမှမတတ်နိုင်ပါဘူး။ ဒီဘက်နှစ်တွေမှာ သင်္ကြန်ပိတ်ရက်တွေအရင်လောက်မများတော့တာကိုပဲ ကျေးဇူးတင်ရမလိုပါ။ မဟုတ်ရင် တစ်ကမ္ဘာတည်းမှာအတူရှိနေဆဲပဲဆိုပေမယ့် တစ်ကမ္ဘာတည်းဟာ ပြောတော့သာလွယ်တာလေ။ ဆုတ်ကပ်တစ်ကပ်တည်းမှာကိုပဲ ကိုယ်တွေဘယ်လောက်တောင်များသံသရာလည်ခဲ့ပြီးပြီလဲ။ ဗြဟ္မာ့ဦးခေါင်းကြီးလို လက်ပြောင်းပေးလိုက်လို့လည်းမရ ဖြစ်နေတဲ့ခံစားချက်က ဘာနဲ့မှကို မတူ ဘူးရယ်။ ပင်လယ်ပြင်ကျယ်ကြီးလို မိုးကုပ်စက်ဝိုင်းတစ်ခြမ်းစာ ဟိုဘက်ထိပ်ဒီဘက်ထိပ်လက်ပစ်ကူးသွားဖို့ဆိုတာ လွယ်တာမှမဟုတ်တာ။ ကဗျာဆရာညီလင်းနိုင်အပြောနဲ့ဆို ထွက်ခွာ သွားတဲ့သင်္ဘောကိုရပ်စေချင်လို့ ပင်လယ်ရေကိုခပ်ထုပ်နေမိသလို ဟုတ်တယ် အဲဒီလိုမင်းကိုငါချစ်တယ် ဆိုသလိုမျိုးပဲ။ ကိုယ့်အဖြစ်ကလည်း အာခေါင်သာခြစ်အော်နေရတယ် ငရဲက အသံဆိုတာ အိပ်မက်ထဲမှာပဲ ကြားရတတ်တယ်ဆိုရမှာပေါ့။ အဲဒီလိုဆိုတော့ ကိုယ်ကသာသူတို့ကိုလွမ်းနေရတယ်။ အမြဲကြုံနေရတယ်ဆိုတဲ့ ဒီရက်တွေထဲဖြစ်နေကျအဆွေးဓာတ်ဟာ တဖြေးဖြေးနဲ့သာ ရှည်ကြာလာခဲ့တယ်။ ဝဋ်ဟာ အခုထက်ထိလည်း မြဲနေခဲ့တာပဲလို့တောင်ထပ်ပြီးပြောရမလိုပါ။ ခုနက ကိုညီ့စကားလိုပေါ့။ ဟုတ်တယ် ကိုယ်လွမ်းတယ် ကိုယ့်ကျောကို ကိုယ်ဒဏ်ရာနဲ့ ပြန်သပ်နေမိတယ်ပေါ့။ ဒီလောက်ပါပဲ။

နိုလှိုင်း
၂၀၁၈ ဧပြီ ၂၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

Archives