မောင်နောင်မွန် ● စက်ဘီးပေါ်က နံနက်ခင်းတခု

March 27, 2019
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မောင်နောင်မွန် ● စက်ဘီးပေါ်က နံနက်ခင်းတခု
(မိုးမခ) မတ်လ ၂၇၊ ၂၀၁၉

လမ်းဘေးဝဲယာတွင် ပန်းချီကားများ တချပ်ပြီးတချပ်ပြောင်းနေသည့်အလား မြင်ကွင်းများက ပြောင်းလဲနေသည်။ နဖူးစမှ ချွေးစက်တို့ စို့ထနေသည်။ ဆောင်းလေအေးအေးသည်​ မျက်နှာကိုလာရောက်ထိခတ်နေသည်။ ဆောင်းရာသီ ယခုကဲ့သို့ နံနက်ခင်းချိန်လေးတွင် စက်ဘီးလေးနင်းရသည်မှာ ​ကျေနပ်စရာကောင်းလှသည်။ GTM တံဆိပ် ပြိုင်ဘီးလေးကိုနင်း၍ နံနက်ခင်းစောစောတိုင်း ကျန်းမာရေးလေ့ကျင့်ရသည်မှာ ပျော်စရာတော့တ​မျိုးကောင်းလှသည်။

ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကိုမူ နိုင်ငံအနှံ့ ခေတ်အဆက်ဆက်ကျင်းပမြဲဖြစ်သည်။ တနှစ်ပတ်လုံး မည့်​သည့်​ကျန်းမာ​ရေးလှုပ်​ရှားမှုမှမပြုလုပ်​ ယခုအတိုင်းနေပြီးနောက် ဒီဇင်ဘာလ၏ စနေနေ့နံနက်ခင်းများတွင် လမ်းထလျှောက်ခြင်းဖြင့် ကျန်းမာ ပျော်ရွှင်သည်ဟု မည့်သူကစခဲ့မှန်းမသိချေ။ သို့သော်ယခုချိန်​ထိ​ခေတ်​အဆက်​ဆက်​ ထိုသို့ပြုလုပ်နေမြဲဖြစ်သည်။ ဒီဇင်​ဘာ၏စ​နေ​နေ့နံနက်​ခင်းအာရုံတက်​ချိန်​များတွင်​ ရပ်​ကွက်​တိုင်းရှိအုပ်​ချုပ်​​ရေးမှူးရုံးများမှ ​လော်​စပီကာအသကုန်​ဖွင့်​ခြင်း မှာလည်း ကျန်းမာ​ရေးနှိုး​ဆော်​မှုအတွက်​အပထား၊ စိတ်​ကသိက​အောင့်​ဖြစ်​စရာ​တော့​ ကောင်းလှသည်​။ ထိုအ​ခြေအ​နေတွင်​ လမ်းဘေးတွင် စက်ဘီးကိုခဏဘေးချရပ်ကာ ကျောင်းသားလူငယ်များနှင့် ဌာနဆိုင်ရာမှလူများပါဝင်သော ကျန်းမာရေး လမ်းလျှောက်ပွဲကြီးငေးကြည့်နေမိသည်။ ကျန်းမာခြင်းသည် လာဘ်ကြီးတပါးဖြစ်သည်ဟု ​ရှေးပညာရှိကြီးများ​ပြောခဲ့သည်​မှာမှန်သည်။ ခြေထောက်နှစ်ချောင်းသည် အကောင်းဆုံးသော ဆရာဝန်တယောက်ဖြစ်သည်ဟု ဆရာကြီးရွှေဥဒေါင်းပြောခဲ့သည်မှာမှန်သည်။ သို့သော် အချိန်မှန်မှန်ပြုလုပ်လျှင် အကျိုးရှိမည်ဟု ပြောထားခဲ့သည်သာဖြစ်မည်ဟုထင်မိသည်။ ယခုကဲ့ သို့ တရေးနိုးထလုပ်ခြင်းမူ ဘယ်လိုအကျိုးရှိသည်ဟုတော့ ပြောခဲ့မည်မဟုတ်ချေ။ ​ခွေးမြီး​ကောက်​ ကျည်​​တောက်​စွပ်​​နေမည့် ပမာပင်​ဖြစ်​​နေမည်​ဟု ခပ်​ချဉ်​ချဉ်​​လေး​တွေး​နေမိခဲ့သည်​။

သူ နံနက်ခင်းတိုင်းလိုလို စက်ဘီးလေးကို ​လေးမိုင်ခန့်နင်းသည်။ နွေမိုးဆောင်း သုံးရာသီလုံးမပျက်မကွက်နင်း၍ ကျန်းမာ ရေးလိုက်စားသည်။ ထို့အတူစက်ဘီးနင်း၍ မရိုးနိုင်သောမြင်ကွင်းမျိုးစုံကိုလည်း မြင်ရသည်။ သူစက်ဘီးနင်းရာလမ်း တလျှောက်သည် ရာဘာတောများနှင့် လယ်ကွက်လေးများသာရှိသည်။ မိုးတွင်းအခါတွင် ရာဘာပင်စိမ်းစိုစိုများနှင့် ကောက် စိုက်သမများဖြင့်ပြည့်နေသော လယ်ကွက်များကိုတွေ့ရသည်။ ဆောင်းဦးရာသီတွင်မူ ရာဘာပင်များကြား အစေးခြစ်နေ သော လုပ်သားများနှင့် လယ်ကွက်များကြားတွင် ကောက်ရိတ်စပါးနယ်နေသောလယ်သမားများကို တွေ့ရသည်။ နွေရာသီ တွင် ရွက်သစ်ဝေနေသော ရာဘာပင်များနှင့် ကောက်ရိုးကောက်ပြတ်များဖြင့် ခြောက်သွေ့နေသော လယ်ကွယ်ကျယ်ကျယ် များကိုတွေ့ရသည်။ ထို့ကဲ့သို့ရာသီအလိုက်မရိုးနိုင်သော မြင်ကွင်းများကလည်း သူကိုစက်ဘီးနင်းစေရန်တိုက်တွန်းသော အချက်တခုဖြစ်သည်။ ထွှိုအပြင် စောစောအိပ်ရာထခြင်းသည် ခန္ဓာကိုယ်အားကြည်လင်လန်းဆန်းစေသည်။ ဖတ်​ခဲ့ဖူး​သောဆေးပညာဂျာနယ်​တ​ခုတွင်မူ ကော့တီဆော (cortisol) ဟုခေါ်သော ဟော်မုန်းတမျိုးသည် သန်းခေါင်ယံကျော်မှစ၍ နံနက်ခင်းစောစောအတွင်းသာထွက်သည်​။ ထို့ဟော်မုန်းသည် ကိုယ်ခန္ဓာကိုကြည်လင်လန်းဆန်းစေသည်ဟုအဆိုရှိကြသည်။ ခန္ဓာကိုယ်​၏ဇီဝကမ္မဖြစ်​စဉ်​ကိုထိန်း​ကျောင်း​ပေး​သော​ကြောင့်​ ထို​ဟော်​မှန်းအထွက်​များလျှင်​ လွတ်​လပ်​​ပေါ့ပါး၍ ကျန်း မာရွှင်​လန်း​စေသည်​ဟုဖတ်​ခဲ့ဖူးသည်​။ ထိုကြောင့်ပင် နံနက်ခင်းစောစောထ၍စက်ဘီနင်းရသော နေ့များသည် တကိုယ်လုံး ကြည်လင် လန်းဆန်း၍ တနေ့လုံးတက်ကြွနေသည်။ နံနက်မထဖြစ်၍ စက်ဘီးမနင်းဖြင့်သောနေ့များတွင်မူ တကိုယ်လုံးနုံး ချိနေသည်မှာ ထို့အချက်ကြောင့်ဖြစ်မည်ထင်သည်။

သူသည် စက်ဘီးဝါသနာကို ငယ်စဉ်ကတည်းကပိုးထခဲ့သည်ဟု​ ဆိုရမည်​။ ​ပြောရလျှင်မူ ဆွေနဲ့မျိုးနဲ့စက်ဘီးဝါသနာပါသည်ဟုဆိုရမည်ဖြစ်သည်။ သူ့အဘိုးမှစ၍သူအထိ စက်ဘီးစီးခြင်းကိုဝါသနာပါကြသည်။ စက်ဘီများရှားပါးသောကြောင့် တနာရီ တမတ်ခန့်ပေးရ၍ စက်ဘီးငှားစီးရသော အဘိုးတို့ခေတ်တွင်ပင် အဘိုးသည် လွတ်လပ်ရေးနေ့တိုင်း ကျေးရွာ၏စက်ဘီးနင်းချန်ပီယံဖြစ်သည်။ ထို့နောက် ဦးလေး၊ ဘကြီးနှင့်အဖေတို့သည်လည်း သူခေတ်သူအခါအလိုက် စက်ဘီးနင်းချန်ပီယံများဖြစ်ခဲ့သည်။ ထိုကြောင့် သူလည်းစက်ဘီးနင်းရသည်ကိုဝါသနာပါသည်ထင်ခဲ့မိသည်။ သူခေတ်တွင်မူ ကျေးရွာတွင် လွတ်လပ်ရေးနေ့ စက်ဘီးနင်းပြိုင်ပွဲမကျင်းပတော့သောအခါ ချန်ပီယံဖြစ်ခွင့်သူမရခဲ့ပေ။ သူခေတ်တွင် စက်ဘီးပြိုင်ပွဲအစား ကွန်ပျူတာဂိမ်းပွဲများကို အစားထိုးကျင်းပနေပြီဖြစ်သည်။

သူ့ဘဝတွင်ပထမဆုံးပိုင်ဆိုင်ခဲ့ဖူးသော စက်ဘီးမှာ သူ့အသက်လေးနှစ်သားခန့်တွင် အမေဝယ်ပေးသောစက်ဘီးလေးဖြစ် သည်။ ကလေးစီးစက်ဘီးတစီးဖြစ်ကာ ဘေးတွင် ထောက်ဘီးလေးများပါသည်။ တရုတ်လုပ်စက်ဘီးတစီးဖြစ်၍ ယိုးဒယား တွင် အလုပ်လုပ်နေရာမှ ခေတ္တပြန်လာသောအချိန်တွင် သူ့အမေက နယ်စပ်အဟောင်းဆိုင်တန်းမှဝယ်ပေးခဲ့သော ဘီးလေး ဖြစ်သည်။ အ​မေ​ပေး​သောပထမဆုံးနှင့်​​နောက်​ဆုံးလက်​​ဆောင်​ဖြစ်​ဖူး၍ ထိုအချိန်​မှစ၍ အိမ်​​ပေါ်မှဆင်းသွား​သော သူ့အ​မေကို ​နောက်​ထပ်​လုံးဝမ​တွေ့ရေ​တာ့​ချေ။ ထိုဘီးလေးကို သူအသက် ခုနစ်သားအရွယ်ထိစီးခဲ့ဖူးသည်။ ဘေးထောက်ကို ခဏသာတပ်၍စီးခဲ့ရသည်။ စက်ဘီးအစီးကျွမ်းကျင်လာသောအခါ ဘေးထောက်များကိုဖြုတ်၍နင်းတော့သည်။ ဘေးမှာ ထောက်ပံ့ ပေးသောအရာများသည် မကျွမ်းကျင်ခြင်းမရှိသောအခါတွင်သာ လိုအပ်မှန်းသူ ထိုစဉ်ကတည်းက သိခဲ့သည်။ ဘုရားပြီးသော်ငြမ်းဖျက်ခြင်းသည် ထိုသို့သဘောဖြစ်မည်ဟု သူထင်မိသည်။ အသက်ကြီးလာသောအခါ ဒူးနဲ့လက်ကိုင်မ လွတ်သောကြောင့် ထိုဘီးလေးကို အငယ်လေးများအား လက်ဆင့်ကမ်းလိုက်ရသည်။ မိမိနဲ့မသင့်တော်သောအရာများကို ကိုးရို့ကားယား လုပ်နေမည့်အစား သင့်တော်သည့်သူကို လက်ဆင့်ကမ်းသင့်သည်ဟု လူကြီးများက သူကိုဆုံးမခဲ့သည်။

ဒုတိယရင်နှီးခဲ့သော် စက်ဘီးမှာ သူ့အဘိုး၏ အမည်းရောင်မောင်ဗမာစက်ဘီးကြီးဖြစ်သည်။ သူ အလယ်တန်းကျောင်းသား ဘဝတွင် ရံဖန်ရံခါစီးခွင့်ရခဲ့သောစက်ဘီးကြီးသည်​ အထက်​တန်း​ကျောင်းသားဘဝတွင်​မူ သူကိုယ်​ပိုင်​စက်​ဘီးကြီးဖြစ်လာ သည်။ ယောကျာ်းစီးဟု အဘိုးကခေါ်သော ထိုစက်ဘီးသည် ဘားတန်းနှင့်ဖြစ်၍ ၂၇ ဆိုဒ်စက်ဘီးဖြစ်သည်။ အနက်ရောင် သံမဏိဖရိန်တွင် made in burma (ဗမာပြည်တွင်လုပ်သည်) ဟူသောစာတန်းနှင့်အတူ ရွှေရောင်ယောကျာ်းတယောက် စက်ဘီးစီးနေသော အသားတံဆိပ်ပါသည်။ အဘိုးပြောပြသည်မှာ မန္တလေးစက်ရုံထုတ်စက်ဘီးဖြစ်ပြီး သူလူပျိုအရွယ်က တည်းကစီးခဲ့သည်ဟုဆိုသည်။ ထိုစဉ်အခါတုန်းက နိုင်ငံခြားမှလာသောစက်ဘီးများထက် အရည်အသွေးကောင်းသော စက်ဘီးဖြစ်ကာ အလွန်တန်ဖိုးရှိသောဘီးလေးဖြစ်သည်ဟု ပြောပြသည်။ မြန်မာ့ဘောလုံးရွှေခေတ်၏ ဘောလုံးပွဲစဉ်တ​ခုတွင် သူငယ်ချင်းတယောက်နှင့် မြန်မာအသင်းဗိုလ်စွဲမစွဲလောင်းကစားလုပ်ရာမှ သူနိုင်ခဲ့သောငွေဖြင့်ဝယ်ခဲ့သည်ဟု ဆို သည်။ အလွန်စီး၍ကောင်းသောစက်ဘီးတစီးဖြစ်သည်ဟု အဘိုးကပြောသည်။ အဘိုးသည် အမြဲတမ်း ထိုစက်ဘီးကို တသ သ လုပ်လေ့ရှိသည်။ သူပိုင်ဆိုင်ခဲ့သောနှစ်မှာအလွန်ကြာရှည်သောကြောင့် ထိုဘီးအကြောင်း သူအကုန်သိသည်။ ထိုအပြင်သူကိုယ်တိုင်ထိုစက်ဘီးကိုသေချာပြင်ဆင်တတ်သည်။ ချိန်း၊ ဘလိတ်၊ တာယာ၊ ခွေ စသည်တို့မှအစ ဂီယာ၊ ဘောနှင့် အသေးဆုံးပင်နယံလေးများအထိသူဂရုစိုက်သည်။ စက်ဘီးတစီးတွင်အရေးကြီးဆုံးမှာ ချိန်းကြိုး၊ ဂီယာနှင့် ဘော (ဂေါ်လီလုံး)များဖြစ်ကြောင်းသူပြောပြသည်။ ဘောများအစားမမှန်၊ ချိန်းနှင့်ဂီယာအချိုးမညီပါက ဒီစက်ဘီး ဘယ်လိုမှရှေ့မရောက်နိုင် ကြောင်း သူပြောပြသည်။ ဘောများမညီ၍အလွန်စားနေလျှင် ထိုစက်ဘီးသည်လွယ်လွယ်နှင့်ပျက်မည်ဟု သူပြောပြသည်။ ထို့အပြင် အရည်အသွေးမကောင်းသော ပစ္စည်းကိရိယာများတပ်ထားသောဘီးသည်လည်း အချိန်ကာလတခုသို့မဟုတ် တကယ့်အရေးကြုံသောအခါတွင် အရည်အသွေးမကောင်းသော အကျိုးကိုခံစားရမည်ကြောင်းပြောပြသည်။ ထိုအပြင် စက်ဘီးမှာသာမက အခြားမည့်သည်ပစ္စည်း၊ စက်ယန္တရာတွင်မဆို ပင်နယံလေးကဲ့သို့ အသေးအဖွဲ့လေးမှအစ အရည်အ သွေးကောင်းမှစိတ်ချရကြောင်း၊ တာရှည်ခံမည်ဖြစ်​​ကြောင်းပြောပြသည်။ အဘိုး၏စက်ဘီးကို သူအတော်ကြာစီးခဲ့သည်။ အဘိုးပြောခဲ့သောစကားများကိုမှတ်သားကာ သူစက်ဘီးကိုရေရှည်နင်းနိုင်အောင်လုပ်သင့်တာလုပ်၊ ပြင်သင့်တာပြင်ခဲ့သည်။
ယခုစီးနေသောစက်ဘီးလေးမှာ ဂျပန်ကျတပတ်ရစ်ဆိုင်လေးတွင် သူရှာဖွေဝယ်ယူထည့်သော GTM တံဆိပ်စက်ဘီးလေး ဖြစ်သည်။ မောင်တန်း (mountain) ဟုခေါ်သော စက်ဘီးလေးသည် ဂီယာပါသည်။ အလွိုင်းနှင့်ပြုလုပ်ထားသည်ဟုဆို သည်။ ပေါ့ပါးကာ စီး၍ကောင်းသည်။ အမြန်​နင်း​တတ်​​သောသူအတွက်​ စက်​ဘီး​လေးသည်​ တိုက်​ပွဲ​ပေါင်းများစွာကိုအတူတူဝင်​ခဲ့ဖူး​သော စစ်​သူရဲ​ကောင်း၏မြင်း​ကောင်းတ​စီးပမာပင်​၊ သခင်​အလိုကိုအမြဲသိ​နေတတ်​သည်​။ တပတ်ရစ်ပစ္စည်းဖြစ်သော် လည်း အလွန်တန်သည်ဟုထင်မိသည်။ တောင်လိုပုံ စက်ဘီးအပျက်တွေကြားတွင် ရှာရှာဖွေဖွေတွေ့ရှိခဲ့သောဘီးလေးဖြစ်သည်။ ဟိုတစဒီတစ ပြန့်ကျယ်နေသောစက်ဘီးအပိုင်းအစများကို စက်ဘီးတစီးဖြစ်အောင်သေချာတပ်ဆင်ကာပြုလုပ်ခဲ့သောဘီးလေးဖြစ်သည်။ အစိတ်အပိုင်းများကိုစနစ်တကျတပ်ဆင်ပေးတတ်သော စက်ဘီးပြင်ဆရာကောင်းတယောက်နှင့် အသိအကျွမ်းဖြစ်၍ ခင်မင်ခဲ့ရသည့်အကျိုးကျေးဇူးကြောင့်လည်းဖြစ်သည်။ သုံးမရဟုထင်နေသောအစိတ်အပိုင်းများကို အကောင်းဆုံးစက်ဘီးတစီးဖြစ်စေရန် သူကိုယ်တိုင်တပ်ဆင်ပြင်ဆင်ပေးခဲ့သည်။ နေရာတိုင်းတွင် ထိုကဲ့သို့ စနစ်တကျတပ်ဆင်တတိသောဆရာများရှိရန်လိုအပ်သည်ဟု တွေးမိသည်။ စက်တပ်ယာဉ်တွေများပြားလာသောခေတ်တွင် ကာယအား ကိုးစက်ဘီးလေးဝယ်သောအခါ သူငယ်ချင်းများကလှောင်ပြောင်ခဲ့ကြသည်။ သို့သော် စက်ဘီးစီးလေးစီးရ၊ နင်းရသည်ကို သူပျော်သည်။

အဲလ်ဘတ်အိုင်းစတိုင်ပင်လျှင် “ဘဝဟူသည် စက်ဘီးစီးနေသည်နှင့်တူသည်။ အရှေ့သို့ချီတက်ရန်အတွက် ဟန်ချက်ညီဖို့ လိုသည်” ဟု ပြောခဲ့ကြောင်းဖတ်ခဲ့ဖူးသည်။ ဘီးနှစ်ဘီးပေါ်တင် လက်ကိုင်ကိုဟန်ချက်ညီအောင်ထိန်းရန်ကာ အလွန်အရေး ကြီးသည်။ ထို့အတူ အရာရာတိုင်းတွင် ဟန်ချက်ညီရန်လည်းလိုအပ်သည်ဟု ထင်မိသည်။ မြေဆွဲအား၊ လေအဟုန် အစရှိသည်တို့ကိုဖြတ်ကျော်ပြီ စီးနင်းရသော စက်ဘီးတွင် ကျွမ်းကျင်မှုသည်က ဟန်ချက်ကိုထိန်းရန် အဓိကအချက်တခုဖြစ် သည်ဟု ထင်မိသည်။ ထိုအပြင် မိမိနိုင်သောအားနှင့် စီးနိုင်နင်းနင်းနိုင်သောစက်ဘီးကို ဟန်ချက်ညီညီရွေးချယ်တတ်ရန် လည်းလိုမည်ထင်သည်။ စက်ဘီးမှာ အလွန်ကြီး၍ မိမိမှာ ထိုစက်ဘီးနှင့်မမှီလျှင် ဖင်မနိုင်ဘဲပဲကြီးဟင်းစားသောအဖြစ်ကဲ့သို့ လူရယ်စရာများသာဖြစ်မည်ထင်သည်။

နေရောင်ခြည်တဖြည်းဖြည်းပိုတောက်ပလာသည်။ အအေးဓာတ်လျော့နည်းလာသည်။ နှင်းစက်လေးများ အရည်ပျော်စပြု လာသည်။ ချွေးစက်လေးများ ချွဲချွဲစိုထနေသည်။ လမ်းဘေးဝဲယာမှမြင်ကွင်းများတွင် အလုပ်ဝင်ရန်တာစူနေသော အလုပ် သမားများကိုတွေ့နေရလေပြီ။ သူလည်းအလုပ်သွားရန် ပြင်ဆင်စရာများအတွက် အိမ်ကိုစက်ဘီးလေးပြန်နင်းခဲ့သည်။ အိမ်ပြန်လမ်းဘေးတွင်ရှိသော ဘောလုံးကွင်းထဲတွင်မူ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲတော်ဟု စာတန်းနှင့် ဆိုင်းဘုတ် ထောင်ထားသည်။ စောစောက ဘေးနားကဖြတ်သွားသောလူတန်းကြီးသည် ထိုကွင်းထဲတွင် လေ့ကျင့်ခန်းလုပ်နေသည်။ ကွင်းဘေးတွင် မြန်မာ့အားကစားကမ္ဘာကိုလွှမ်းရမည် သီချင်းသံက ညံညံဆူနေတော့သည်။

မောင်နောင်မွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

Archives