လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၅၁)

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ –  ဆောင်းပါးအမှတ် (၅၁)
(မိုးမခ) မတ်လ ၂၆၊ ၂ဝ၁၉
ဖက်ဆစ်တော်လှန်ရေးနဲ့ ဖေဖေ


၁။ ဂျပန်နဲ့ဆုံရတဲ့ရေစက်။
“ခင်ဗျား ဗမာပြည်လွတ်လပ်ရေးအတွက် ဘာမဆိုလုပ်မယ်မဟုတ်လား”
“လုပ်ပါ့မယ်”
“အင်္ဂလိပ်ကိုတိုက်ဖို့စစ်ပညာကို ဂျပန်ကသင်ပေးမယ်ဆိုလို့ ဂျပန်ပြည်ကို မျိုးချစ်လူငယ်တွေစေလွှတ်မယ်။ ခင်ဗျားလိုက် သွားပါ”

၁၉၄၁ ဧပြီလဆန်း ၈ ရက်။ နေရာက ကြည့်မြင်တိုင် မအူပင်လမ်းနဲ့ ရှမ်းလမ်းမကြီးဆုံတဲ့နေရာ။

ဒေါ်မမကျောင်းကပြန်လာတဲ့ဖေဖေကို ဦးမောင်ကြီးရဲ့ရဲတပ်မှာ စစ်လေ့ကျင့်ရေးသင်တန်းတက်စဉ်က ရင်းနှီးသိကျွမ်းခဲ့တဲ့ ဆရာကိုညို (နောင် ဘီဒီအေခေတ်မှာ ဗိုလ်ချူပ်အောင်ဆန်းရဲ့ကိုယ်ရေးအတွင်းဝန် ဗိုလ်မှူးသူရ) က လာရောက်ပြောဆိုပြီး တာဝန်ပေးလိုက်လို့ ဖေဖေဂျပန်ပါသွားပါတယ်။

ဒီလိုနဲ့မြန်မာလူငယ် (၃ဝ) လွတ်လပ်ရေးအတွက်ဆိုပြီး ကမ်းမမြင် လမ်းမမြင် စွန့်စွန့်စားစားနဲ့ဂျပန်ရောက်ပြီး စစ်ပညာ တွေသင်ယူခဲ့ကြပါတယ်။

၁၉၄၁ ဒီဇင်ဘာ၂၆ ရက်နေ့မှာတော့ ဒီလူငယ်ရဲဘော် (၃ဝ) (နောင်ရဲဘော်သုံးကျိပ်လို့ အမည်တွင်ခဲ့ပါတယ်။) ကိုအမြုတေ ပြုပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်ကြီး (ဘီအိုင်အေ) ကို တည်ထောင်လိုက်ကြပါတယ်။ ဒီတနှစ် မပြည့်တပြည့် ကာလ လေးအတွင်း ဂျပန်များနဲ့ဆက်ဆံရေး အတက်အကျအကြာင်းတွေကို ဖေဖေက သူ့စာအုပ်မှာ အတော်ပြည့်ပြည့်စုံစုံရေးထားပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ၊ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့(ယဉ်မျိုးစာပေ) နှာ ၅၄-၅၅)

ဂျပန်ရောက်စတိုကျိုမြို့တော်တွင်းလည်ပတ်ခဲ့စဉ်ကတွေ့ရတဲ့ ဂျပန်ပြည်သူအချင်းချင်းအကြား ဆက်ဆံရေးတွေမှာရော၊ ဖေဖေတို့ ပညာသင်အုပ်စုအပေါ် ဂျပန်တာဝန်ခံများက ဆက်ဆံရာမှာရော အလွန်ယဉ်ကျေးပျူငှာချိုသာကြတယ်—လို့ရေး ထားတာတွေ့ရပါတယ်။ ဟိုင်နန်ကျွန်းမှာ စစ်ပညာသင်ကြတဲ့အခါမှာတော့ စခါစကသာ ဧည့်သည်တွေလို ဆက်ဆံခဲ့ပေ မယ့် နောက်ပိုင်းမှာ တင်းမာကြမ်းတမ်းလာတယ်လို့ ရေးထားတာလည်းတွေ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖေဖေက ဒီလိုမှတ်ချက်ရေးထားပါတယ်။
… ဖက်ဆစ်တွေဆိုတာ အမျိုးသားအရေးမှာ မိမိလူမျိုးများမှတပါး အခြားလူမျိုးများအပေါ် လူသားအချင်းချင်းလို့ သဘောမ ထားကြဘူး။ မိမိတို့ ဂျပန်လူမျိုးတွေသာ မြင့်မြတ်တဲ့မဟာလူမျိုးကြီ်းဖြစ်တယ်လို့ ယုံကြည်ထားသူတွေဖြစ်တယ်ဆို တာ သိ လာရပါတယ်။ သူတို့ဟာ ဖက်ဆစ်စိတ်ဓာတ် မဟာလူမျိုးကြီးစိတ်ဓာတ်နှင့် ကမ္ဘာကိုလွှမ်းရမယ်ဆိုတဲ့စိတ်ဓာတ် တွေအတော် များများ အထူးသဖြင့် စစ်ဝါဒီသမားတွေထဲမှာ စွဲမြဲနေကြတာလို့ ကျွန်တော်သဘောပေါက်မိတယ် … တဲ့။

ဂျပန်လူမျိုးများရဲ့ အလွန်လူသားဆန်လှတဲ့ အခြေခံအမျိုးသား ယဉ်ကျေးမှုနဲ့ စစ်ဝါဒီသမားတွေတင်သွင်းလာတဲ့ ဖက်ဆစ်ဝါဒ ကိုခွဲခြားပြလိုက်တာပါ။ ဒါ့အပြင်ဂျပန်မှာ စစ်ပညာသင်ခဲ့ရစဉ်က ရရှိချက် အကောင်းအဆိုးတွေကိုလည်း ရေးထားတာတွေ့ရ ပါတယ်။
… စစ်ရေးမှာ ကောင်းမွန်တဲ့ အဓိကအချက်လည်း သင်ကြားခံရတယ်။ ၎င်းမှာ စစ်ရေးတွင် အမိန့်နာခံမှု ဇွဲလုံ့လနှင့် အပင်ပန်း အဆင်းရဲခံနိုင်မှုနှင့် လုံးပန်းအားထုတ်ဖို့ သတ္တိဗျတ္တိရှိဖို့ ဂျပန်သူရဲကောင်းများ “ဘူရှီဒို” စိတ်ဓာတ် စစ်သားကောင်းစိတ်ဓာတ် မွေးမြူတည်ဆောက်ဖို့ကိုလည်း သင်ကြားသွတ်သွင်းတာခံရပါတယ်။

ဖက်ဆစ်အတွေးအခေါ် နည်းပညာများလည်း သင်ကြားခံရပါတယ်။
(က) ဥပမာ စစ်တပ်မှူးတစ်ဦးရဲ့မျက်နှာဟာ မိုးကောင်းကင်လို အကဲခတ် ရခက်ပြီး သူများက ကြောက်ရွံ့လေးစားရမယ်ဆိုတဲ့ ဒီမိုကရေစီနဲ့ ဆန့်ကျင်မှုတွေကိုလည်း သင်ကြားပေးတယ်။
(ခ) စစ်ပရိယာယ်မှာ အတက်အဆုတ်ရှိပေမယ့် သူတို့မှာ အဆုတ်ဆိုတာမရှိ။
(ဂ) ဂျပန်တို့က စစ်ပညာသင်ကြားရေးတွင် စစ်သားကောင်းစိတ်ဓာတ်ကိုသွင်းရာ ဂျပန်စစ်တပ်တွင် သင်ကြားသွတ်သွင်းပေး သလို ဖက်ဆစ်ဝါဒစိတ်ဓာတ် အခြေခံများကိုပါ သွတ်သွင်းပေးသဖြင့် ရဲဘော်သုံးကျိပ်ဝင်စိတ်ဓာတ်တွင် ဖက်ဆစ်ဝါဒစိတ် သဘောထားတချို့ အနည်းငယ်မသိမသာ ပါရှိနေကြသည်။ … စတာတွေ ရေးထားတာတွေ့ရပါတယ်။

နောက်ဆုံးစစ်သင်တန်း အဆုံးသတ်ကာနီးအကြောင်းအရာတွေ ရေးထားရာမှာတော့ ….
… … ဂျပန်ဆရာတွေနဲ့ ကျွန်တော်တို့ ပဋိပက္ခတွေဖြစ်လာခဲ့ကြပေမယ့် အရှေ့တိုင်းယဉ်ကျေးမှုတရပ်လို့ ထင်ပါသည်။ ကျွန်တော် တို့ပြန်ရခါနီးတဲ့အခါ ၎င်းဂျပန်ဆရာတို့က မိမိတို့တပည့်တွေအပေါ် ချစ်ခင်ကြင်နာတဲ့ သံယောဇဉ် စိတ်တချို့ ဝင်လာပုံကို ကျွန်တော်တို့ အကဲခတ်မိကြသည်။ သို့ရာတွင် ၎င်းတို့၏ နယ်ချဲ့ဖက်ဆစ်ဇာတိစိတ်အပေါ် ကျွန်တော်တို့ နာ ကြည်းမုန်းတီးစိတ်ကိုတော့ မဖျောက်နိုင်ပေ။ ကျွန်တော်တို့များစွာရင်လေးပြီး ၎င်းတို့၏နောက်က ဂျပန်ဖက်ဆစ်အစိုးရကို ရှေ့မှာ ကျွန်တော်တို့ ဆန့်ကျင်တိုက်ခိုက်မှုနှင့် စာရင်းရှင်းကြရဦးမည်ဟု စိတ်တွင်ထင်မြင်ယူဆထားကြသည်။ အမှန်တော့ ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးမျိုးစေ့ဟာ အဲဒီကတည်းက ချခဲ့ပြီးဖြစ်ပါသည် …တဲ့။

ဒီလိုနဲ့ဖေဖေတို့တတွေ (ဘီအိုင်အေတပ်ဖွဲ့ကြီး) ဂျပန်တပ်များနဲ့ပူးပေါင်းပြီး ဗမာပြည်တွင်းဝင်လာရာမှာ ၁၉၄၂ ခုနှစ် နှစ် ဆန်းပိုင်း (မတ်လအတွင်း) မှာ တပ်ဖွဲ့အားလုံးနီးပါး ရန်ကုန်မြို့ကို တသုတ်ပြီးတသုတ် ပြန်ရောက်လာခဲ့ကြပါတယ်။

၂။ ဂျပန် တော်လှန်ရေးအစနဲ့ ဖဆပလသန္ဓေတည်ခန်း။
ဗမာပြည်သမိုင်းမှာ ၁၉၄၂-၁၉၄၅ (၃) နှစ်ကာလကို ဂျပန်ခေတ်လို့ အလွယ်ခေါ်ဝေါ်ပြောဆိုကြပါတယ်။ ဂျပန်တွေက ဗမာပြည်ပြန်ရောက်ရင် လုပ်ဆောင်ပေးပါ့မယ်လို့ ပေးထားတဲ့ကတိတွေ ဘာမှမတည်လို့ရော၊ ဗမာပြည်သူတွေအပေါ် ဆက်ဆံရာမှာ မောက်မာရက်စက်မှုတွေကြောင့်ရော ဗမာပြည်က နိုင်ငံရေးအစု အဖွဲ့တွင်းတွေမှာ ဂျပန်ကို ပြန်တော်လှန်မှု ပေါ်လာပါတယ်။

ဒီအဖွဲ့အားလုံးကို (ဖက်ဆစ်ဂျပန်တော်လှန်ရေး) ဆိုတဲ့ အလံတခုတည်းအောက်ရောက်အောင် မြေအောက်တပ်ပေါင်းစု အဖွဲ့အစည်းတရပ် (ဖတပလ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် နောင်ဖဆပလ) ကို ၁၉၄၄ သြဂုတ် လမှာ အလွန်လျှို့ဝှက်စွာဖွဲ့စည်းခဲ့ပါတယ်။

ဒီအဖွဲ့ကြီးမှာ ဂျပန်တွေဝင်မလာခင်ကတည်းက ဂျပန်တော်လှန်ရေးအတွက် အခြေခံနိုင်ငံရေးသင်တန်းတွေကို (အလွန် ကြီးမားတဲ့အန္တရာယ်များကြားက) ဗမာပြည်အရပ်ရပ်က လူငယ် လူရွယ် တက်ကြွလှုပ်ရှားသူများကို ပို့ချပေးနေတဲ့ …

၁။ သခင်စိုး ကနိုင်ငံရေးခေါင်းဆောင်၊ (ဂျပန်ခေတ်အစိုးရဝန်ကြီးနှစ်ဦးဖြစ်တဲ့)
၂။ (ဗမာ့ကာကွယ်ရေးတပ်မတော်) စစ်သေနာပတိနဲ့စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊
၃။ လယ်ယာဝန်ကြီး သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံလို့ တာဝန်ခွဲဝေထားခဲ့ပါတယ်။

(အဲဒီကာလတွေအတွင်း ဖေဖေက ဗိုလ်ချုပ်ဆက်သားအဖြစ် သူပါဝင်ခဲ့ရတဲ့အဖြစ်အပျက်တွေကို သူ့စာအုပ်မှာ အပြည့်အစုံ ရေးထားပြီးပါပြီ။ အဲဒီကာလမှာ (၁၉၄၄ သြဂုတ်လ) မှာ ဖေဖေ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်သွားပါတယ်။ —အထက်ပါ စာအုပ်နှာ ၇ဝ-၁၁၄) အခြားဘက်အသီးသီးကလည်း ပြင်ဆင်မှုများရှိပါတယ်။ မဟာမိတ်တပ်များနဲ့ အဆက်အသွယ် လုပ် ငန်းများ။ ဥပမာ ဦးသိန်းဖေမြင့်ဦးစီးတဲ့ အိန္ဒိယရောက်ရဲဘော်များ (နောင်လေထီးဆင်းရဲဘော်များလို့ ကျော်ကြားပါတယ်။)ကတဆင့်လုပ်ဆောင်ထားမှုများကလည်း အချိန်ကိုက်လှုပ်ရှားနေကြပါပြီ။

၁၉၄၄ ဂျပန်များ အင်ဖာစစ်မြေပြင်မှာ အရှုံးကြီးရှုံး အဆုတ်ကြီး ဆုတ်နေရချိန် ဗိုလ်ချုပ်ဆလင်းဦးစီးတဲ့ မဟာမိတ်တပ်များ (အင်္ဂလိပ်တပ်များအပြင် အမေရိကန်တပ်များရော၊ အိန္ဒိယတပ်များလည်းပါ) က ဗမာပြည်မြောက်ပိုင်းဝင်လာချိန်—(နိုင်ငံ တကာအခြေအနေကလည်း ၁၉၄၄ ဇွန် ၆ ရက်မှာ မဟာမိတ်တပ်များက နော်မန်ဒီကမ်းခြေကတက်ပြီးဥရောပကို ဂျာမန်များ လက် ထဲကတိုက်ယူနေရာမှာ ဂျပန်မဟာမိတ်ဂျာမန်များအထိနာနေချိန်) စတာတွေကို ဗိုလ်ချုပ်အောင်ဆန်းက အချိန်အခါ အခွင့်ကောင်းအဖြစ် အသုံးချနိုင်ခဲ့ပါတယ်။

မဟာမိတ်တပ်များ ဗမာပြည်တွင်းဝင်လာတာကို ခုခံတိုက်ခိုက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဗိုလ်ချုပ်ကဂျပန်တွေဆီက ရသမျှ လက်နက်ခဲယမ်းများတောင်းဆိုပြီး ဗမာ့တပ်မတော်ကို တောင့်တင်းခိုင်မာအောင် တပ်ဆင်တယ်။ ဒါ့အပြင် ဗိုလ်ချုပ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကရဲဘော်များ (အများအားဖြင့် သခင်စိုးသင်တန်းဆင်းများ) ကိုတပ်တွင်းသွင်းပြီး နိုင်ငံရေးသင် တန်းများပို့ချပေးစေပါတယ်။ ဒီလုပ်ရပ်ဟာ အလွန်အချက်အချာကျခဲ့ပါတယ်။

ဖေဖေက ဒီလိုပြောဖူးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်တည်ဆောက်ရေးကိုသိပ်အရေးထားတယ်။ ဘီအိုင်အေ နာမည်ပျက်လိုက်လာတော့ (ဂျပန် ကလည်း တပ်သားဦးရေများလာတာအပေါ် မကျေမနပ်ဖြစ်လာတာကြောင့်ရော) ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်)လို့အမည်ပြောင်းဖွဲ့စည်းခဲ့ပေမယ်လို့ မကြာခင်မှာပဲ ပြန်စည်းကမ်းလျော့ရဲလာ ထိမ်းရသိမ်းရခက်လာပြန်တယ်။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်ဂျပန်ကို တော်လှန်တော့မယ်ဆိုတော့ နိုင်ငံရေးအရယုံကြည်ချက်ပြည့်ဝတဲ့ စည်းကမ်းအရကျစ်လျစ်ခိုင်မာတောင့်တင်းတဲ့ တပ်မတော်တရပ်လိုအပ်တာဖြစ်လို့ ဖတပလဖွဲ့အပြီးမှာ တပ်ထဲကို နိုင်ငံရေးသမားတွေ ကွန်မြူနစ်ပါတီက ကေဒါတွေသွင်းပြီး နိုင်ငံရေးသင်တန်းတွေပေးခိုင်းတာ။ သိပ်အံ့သြဖို့ကောင်းတာပဲ။ နိုင်ငံရေးသင်တန်းတွေ စပေးပြီး တပတ်နှစ်ပတ် လောက်အတွင်းမှာပဲ တပ်ကြီးဟာ ငြိမ်ကျသွားတာပဲ။ ဒီလိုနဲ့ တလနှစ်လ အတွင်းတိုင်းပြည်အတွက် ဘာမဆိုပေးဆပ်မယ်ဆိုတဲ့ စိတ်ဓာတ်အပြည့်အဝနဲ့ စည်းကမ်းတကျ သေဝပ်တက်ကြွတဲ့ တိုက်ခိုက်ရေး စိတ်ဓာတ်ပြည့် ဝနေတဲ့တပ်ကြီးဖြစ်လာတော့တာပဲ …တဲ့။

ဒါတွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန်တော်လှန်ရေးအတွက် တပ်မတော်ကို တည်ဆောက်ပြင်ဆင်တဲ့ဖြစ်စဉ်ပါ။

ဂျပန်တော်လှန်ရေးကို ဂျပန်တွေမျက်စိအောက်မှာပဲ နည်းပရိယာယ် ပေါင်းစုံနဲ့ အဲဒီခေတ်အဲဒီအခါက အစုအဖွဲ့အသီးသီးက နိုင်ငံရေးခေါင်းဆောင် အသီးသီးနဲ့ ဗမာပြည်အရပ်ရပ်က တပ်မတော်တပ်မှူးများ တညီတညွှတ် တည်း စုပေါင်းလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဥပမာ  ၁၉၄၅-မတ်လ(၁-၂-၃) ရက်နေ့ သုံးရက်တိုင်တိုင် ရန်ကုန် နတ်မောက်လမ်းက ဗိုလ်ချုပ်အောင်ဆန်းနေအိမ်မှာ ပြုလုပ်ခဲ့တဲ့ အစည်း အဝေးကြီးကိုကြည့်ပါ။ ဗမာပြည်တွင်းဝင်လာတဲ့ မဟာမိတ်တပ်များကိုတိုက်ဖို့ ဆိုတဲ့အမည်အောက်မှာ တကယ်ကတော့ဂျပန်တော်လှန်ရေးအတွက် စုဝေး တိုင်ပင်ကြတာဖြစ်ပြီးဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကိုပြင်ဆင်ဖွဲ့စည်းတာ၊ စစ်တိုင်းများဖွဲ့ပြီး စစ်ရေးခေါင်းဆောင်တွေ နိုင်ငံရေး ခေါင်းဆောင်တွေ ရွေးချယ်ခန့်အပ်တာ စတာတွေကို စနစ်တကျ လျှိ့ဝှက်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ (အထက်ပါစာအုပ် နှာ ၉၄-၉၆)

၃။ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ့-၁၉၄၅-မတ်လ-၂၇ ရက်။
ဖက်ဆစ်ဂျပန်များကို တပြည်လုံး တော်လှန်တိုက်ခိုက်ရမယ့်အချိန်ကို ဧပြီလ (၂) ရက်နေ့လို့ ဗိုလ်ချုပ်အောင်ဆန်းက သတ် မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဖေဖေတို့ ပဲခူးကတပ်များကို ဂျပန်က လက်နက်ဖြုတ်ဖို့ တကဲကဲလုပ်လာတာကြောင့် တော် လှန်မယ့်ရက်ကို မတ်လ (၂၇) ရက်နေ့ကိုပြောင်းပေးဖို့ ဖေဖေက ဗိုလ်ချုပ်ဆီ ဆက်သားလွှတ်တောင်းဆိုတာ ခွင့်ပြုမိန့်ရ လိုက်ပါတယ်။ ကျန်တိုင်းအသီးသီးကိုလည်း အချိန်မီသတင်းပို့လိုက်နိုင်ပါတယ်။

အဲဒီကာလအဖြစ်အပျက်များကို ဖေဖေက (၁၉၄၅ သြဂုတ်လ (၁၉) ဂျပန်တော်လှန်ရေးအပြီးကျင်းပခဲ့တဲ့) နေသူရိန်အစည်း အဝေးမှာ ဒီလိုပြန်ပြောခဲ့ပါတယ်။

…. ကျွန်တော်တို့ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်တိုက်ခိုက်မယ့်ရက်ဟာ ၁၉၄၅ မတ်လ (၂၇) ရက်နေ့ဖြစ်တယ်။ ဂျပန် တပ်ကလည်း ကျွန်တော်တို့်လှုပ်ရှားမှုကို စောင့်ကြည့်နေကြတယ်။ မတ်လ (၂၃) ရက်ကစပြီး ကျွန်တော်တို့တပ်မှူးတွေဟာ ဘယ်သူမှ ညမအိပ်ရဘူး။ မိမိတို့ရဲ့တော်လှန်ရေးရက်မရောက်မီ ဂျပန်လက်ဦးမှာစိုးလို့ အမြဲအသင့်ပြင်ထားရတယ်။ ဒီ တုန်းကသာ တဦးတယောက်က သစ္စာဖောက်လိုက်ရင် ဘယ်လောက်ဆိုးဝါးသွားမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။…

… ကျွန်တော်တို့ဟာ အင်္ဂလိပ်ကိုတိုက်ဖို့ တပ်ထွက်တော့မယ် ဟန်ဆောင်ပြီး တပ်ထဲမှာ တော်လှန်ရေးရက်နီးလာတော့ ပွဲ တခြိမ့်ခြိမ့် ညစဉ်ခံနေရတယ်။ နောက်မတ်လ (၂၈) ရက်နေ့မှာ  တပ်ထွက်နုတ်ဆက်ထမင်းစားပွဲကြီးတခု ကျင်းပရန် ဟန်ပြစီစဉ် ခဲ့ရသေးတယ်။… (အထက်ပါစာအုပ် နှာ ၁ဝ၃-၁ဝ၄)

အဲဒီမတ်လ (၂၇) ရက်နေ့ကအဖြစ်အပျက်နဲ့ ခံစားမှုတွေကိုလည်း ဖေဖေက ဒီလိုပြန်ပြောထားပါသေးတယ်။

… ၁၉၄၅ မတ်လ (၂၇) ရက်နေ့ ညဦး ၇ နာရီမှာ ပဲခူးမှာရှိတဲ့ စစ်ရေးပြကွင်းထဲမှာ တော်လှန်ရေးထွက်ကြမယ့် ပဲခူးဒေသက တပ်ဖွဲ့အသီးသီးဟာ တပ်ထွက်ဖို့ တန်းစီစုဝေးနေကြပါတယ်။ ကျွန်တော်က အဲဒီတပ်ဖွဲ့ကြီးကို တော်လှန်ရေးကောင်စီ (ရှင်းလင်းချက် ၁၉၄၅ ဂျပန်တော်လှန်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းဖွဲ့ခဲ့သည့်အဖွဲ့။) က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂျပန် ကိုစစ်ကြေညာတဲ့ကြေညာချက်ကိုဖတ်ပြပြီး ဂျပန်ကို ဒီနေ့ဒီအချိန်တပြည်လုံးတော်လှန်တော့မယ့်အကြောင်းကို မိန့်ခွန်းတို လေးပေးပြီး တပ်ဖွဲ့အသီးသီး တာဝန်ကျတဲ့ တော်လှန်ရေးနယ်မြေတွေဆီကို စတင်ချီတက်သွားကြတာကို မြင်ယောင်နေ မိပါတယ်။…

… ကျွန်တော်ကတော့ တိုင်း (၄) စစ်ဌာနချုပ်တပ်ဖွဲ့နဲ့ ပဲခူးခရိုင် ဝေါမြို့နယ်ဘက်ကိုချီတက်ကြပါတယ်။ လရောင်လင်းနေတဲ့ အောက်မှ တပ်ဖွဲ့တွေချီတက်နေကြတာကို ကျွန်တော်က မြင်းပေါ်ကထိုင်လိုက်ရင်း စိတ်ထဲမှာလည်း ကြည်နူးရွှင်လန်းနေ မိတာကို သတိရမိပါတယ်။…

…  ကျွန်တော်တို့တချိန်လုံး ဂျပန်တော်လှန်ရေးကိစ္စကြီး ပေါက်ကြားပြီး ဂျပန်တွေလက်ဦးမှာကို အမြဲစိုးရိမ်သောကရောက်ပြီး ရင်တတိတ်တိတ်နဲ့နေရတာပါ။ အခုတော့ ကျွန်တော်တို့က လက်ဦးမှုရပြီး စတင်တော်လှန်နိုင်ပြီဖြစ်လို့ များစွာဝမ်းသာမိခဲ့ပါ တယ်။ အဲဒီညဟာ တန်ခူးလပြည့်ညပါ။ … (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော သတင်းဌာနများနဲ့အင်တာဗျူး (နေရီရီစာပေ) နှာ ၉၈-၉၉)

ဒီလိုနည်းနဲ့ တပြည်လုံးပြည်သူများရဲ့ ပါဝင်ထောက်ခံမှုနဲ့ ဂျပန်တော်လှန်ရေးကြီးကို ဗမာပြည်သူတွေအောင်မြင်အောင်ဆင်နွှဲနိုင်ခဲ့ပါတယ်။

၎။ ဂျပန်တော်လှန်ရေးအောင်မြင်ရတဲ့အကြောင်းရင်းများ
ဖေဖေကတော့ ဒီအကြောင်းတွေကိုသူ့စာအုပ်မှာရော၊ တွေ့ဆုံမေးမြန်းခန်းတွေမှာရော အတော်ပြည့်ပြည့်စုံစုံရေးထားပြောထားတာတွေ ရှိပါတယ်။

အကျဉ်းချုပ်ကတော့ …
(က)။ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ခေါင်းဆောင်မှု အနေနဲ့ သေနင်္ဂဗျူဟာနဲ့ နည်းပရိယာယ်လမ်းစဉ်များ ရဲရင့်မှန်ကန် ကောင်းမွန်လို့။
(ခ)။ တတိုင်းပြည်လုံးစည်းလုံးညီညွှတ်စွာဖြင့် (ဖတပလ) တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးဖွဲ့စည်းပြီး နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တဦးချင်းပုဂ္ဂိုလ်များ၊ ရဟန်းသံဃာများနဲ့ ဘာသာရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ   အား လုံးအားလုံးသော လူထုကြီးတရပ်လုံး ပါဝင်လာအောင်စည်း ရုံးနိုင်လို့။
(ဂ)။ စစ်ရေးတွင် ပြည်သူ့စစ်ပွဲသဘောတရား နည်းနာများကို လုပ်ဆောင်နိုင်လို့ (ဖက်ဆစ်ဝါဒကိုမုန်းတီးရွံရှာတဲ့ ကိုယ်ပိုင်အသိစိတ်ဓာတ်နဲ့တက်ကြွနေတဲ့) ပြည်သူတရပ်လုံးက အဖက်ဖက်က အလွန်ရဲရင့်ပြတ်သားစွာ ပါဝင်ကူညီတဲ့အတွက် ကြောင့်။
(ဃ)။ ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးရေစီးကြောင်းထဲမှာ တစိတ်တပိုင်းအဖြစ်ပါဝင်တာဖြစ်လို့ နိုင်ငံခြားအကူအညီများရခဲ့လို့… ဖြစ်ပါတယ်။

(၅)။ ဂျပန်တော်လှန်ရေးကပေးတဲ့ သင်ခန်းစာများ
ဒီဂျပန်တော်လှန်ရေးအောင်ပွဲအရှိန်ကြီးကိုစီးပြီး ဗမာပြည်သူတွေဟာ နောက်တဆင့်အောင်ပွဲဖြစ်တဲ့ လွတ်လပ်ရေးကို ၁၉၄၈ မှာ အင်္ဂလိပ်များလက်က တောင်းဆိုရယူနိုင်ခဲ့ပါတယ်။

ဂျပန်တော်လှန်ရေးအပြီး (၁၉၄၅-သြဂုတ်လ ၁၉ ရက်နေ့မှာ) ကျင်းပတဲ့ နေသူရိန်အစည်းအဝေးမှာ ဖေဖေက ဒီလိုထည့် ပြောခဲ့ပါတယ်။ ဖေဖေက သူတို့တိုင်း (၄) က ဂျပန်တော်လှန်ရေးတွင်းတိုက်ခဲ့ရတဲ့ ဘီလင်း ဖာပွန်လမ်း ဆည် တော်ရွာ အနီးတိုက်ပွဲများအကြောင်းပြောရင်း ထည့်ပြောတာတခုက …

…. အဲဒီတိုက်ပွဲတွေမှာ ကျွန်တော်တို့တိုက်ပုံခိုက်ပုံတွေကို လိုက်ကြည့်ရှုသည့် မဟာမိတ် ၁၃၆ လေထီးဆင်းတပ်မှ တပ်မှူး များသည် ကျွန်တော်တို့တပ်တိုက်ခိုက်ကြပုံကို ချီးကျူးပါတော့သည်… တဲ့။ အဲဒီ နေသူရိန်မိန့်ခွန်းကောက်နုတ်ချက်လေး တွေကိုထည့်သွင်းဖော်ပြခဲ့တဲ့ ဖေဖေရဲ့(၂ဝဝ၃-၂ဝဝ၇) မှာရေးသားထုတ်ဝေခဲ့တဲ့ ကိုယ်တိုင်ရေးအတ္ထုပွတ္တိမှာတော့ ဒီလိုမှတ် ချက်လေး ထပ်ရေးထည့်ခဲ့ပါတယ်။ (နှာ ၁ဝ၅)

… (ဤသည်များကို တွေ့မြင်သိရှိခဲ့ကြသည့် ဗြိတိသျှတို့သည် ဗမာ့လွတ်လပ်ရေးတိုက်ပွဲကို စစ်ပွဲဖြင့် ဆက်၍မဖိတော့ဘဲ ဆွေးနွေးပြီးပေးခဲ့ရတာ ဖြစ်ပါသည်။)… တဲ့။

ဒါဟာ ပြည်သူတရပ်လုံးအနေနဲ့(ဖက်ဆစ်ဝါဒကိုတိုင်းပြည်အတွက် အန္တရာယ်ကြီးဆိုတဲ့) ကိုယ်ပိုင်အသိစိတ်ဓာတ် ကိုယ် ပိုင်နိုးကြားတက်ကြွမှုနဲ့ ဘက်ပေါင်းစုံကပါဝင်ဆင်နွှဲကြရင်ဖြင့် ဘယ်လောက်အင်အားကြီးတဲ့ ရန်သူကိုမဆို ရင်ဆိုင်တိုက်ခိုက် နိုင် အောင်ပွဲရနိုင်တယ်ဆိုတဲ့ အလွန်ကြီးမားတဲ့နိုင်ငံရေးအသိဉာဏ်ကိုရစေခဲ့ပါတယ်။

အဲဒီခေတ်အဲဒီအခါက နိုင်ငံရေးခေါင်းဆောင်များအနေနဲ့  နိုင်ငံရေး ရေချိန်အမျိုးမျိုး အယူဝါဒအမျိုးမျိုးနဲ့ရှိနေကြတဲ့ တိုင်းချစ် ပြည်ချစ်ပုဂ္ဂိုလ်အားလုံးကို (ဂျပန်ဖက်ဆစ်ဝါဒဆန့်ကျင်သူမှန်သမျှကို) အလံတခုတည်းအောက် စုစည်းနိုင်ခဲ့တဲ့အတွေ့ အ ကြုံကလည်း အလွန်အဖိုးတန်ပြီး အခုခေတ်နိုင်ငံရေးသမားများအတွက်လည်း လေ့လာသင်ခန်းစာယူစရာပါ။

ဒါကြောင့်ပဲ အခုလို ဗမာပြည်သူတွေအနေနဲ့ ဗမာပြည်ကြီးတရပ်လုံးကို ဘေးဒုက္ခအန္တာရာယ်တွင်း ဆင်းရဲတွင်းနက်ရှိုင်းစွာ ကျရောက်စေခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အဆက်မပြတ် ဆန့်ကျင်တိုက်ပွဲဆင်နေတဲ့ အချိန် အောင်ပွဲပြတ်ပြတ် သားသား မရနိုင်သေးချိန်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူများအားလုံး (စွန့်ပြီးမစားရရှာတဲ့ အောက်ခြေ တပ်မတော် သားများအပါ) ဂျပန်တော်လှန်ရေးကာလက ဖော်ပြခဲ့တဲ့ စည်းလုံးညီညွတ်မှုမျိုးနဲ့ နည်းသဏ္ဌာန်ပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဆင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်းနဲ့ ဒီဆောင်းပါးကိုရေးရပါတယ်။

ဒီအချိန်မှာဒီဆောင်းပါးရေးရတာ  နောက်တကြောင်းကလည်း  အဲဒီ ၁၉၄၅ မတ်လ (၂၇)  ရက်နေ့မှာ စတင်တော်လှန်ဆင်နွှဲခဲ့ တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ အဓိကအင်အားတရပ်အဖြစ်ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဗမာ့လွတ် လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ မျိုးချစ်တပ်မတော် BIA, BDA, PBF ဘဝမှ စစ်အုပ်စုမင်းဆက်ရဲ့ တလက်ကိုင် ပြည်သူဆန့်ကျင်ရေး ကြေးစားတပ်အဖြစ် ပြောင်းလဲသွားတဲ့ လက်ရှိဗမာ့တပ်မတော်ကို သတိပေးချင်တာလည်း ပါပါတယ်။

အဲဒီဂျပန်တော်လှန်ရေးအတွင်းက ဗမာ့တပ်မတော်သားများအပေါ် ပြည်သူတွေကထားရှိခဲ့တဲ့ မေတ္တာစေတနာတွေဟာ တောင်လိုပုံခဲ့ပါတယ်။ ပင်မတပ်ဖွဲ့တွေနဲ့ကွဲသွားတဲ့ တပ်သားတွေပဲဖြစ်ဖြစ်၊ ဒဏ်ရာရလို့ ရွာသားတွေထံ အပ်ထားခဲ့ရတဲ့ တပ်သားတွေကိုပဲ ဖြစ်ဖြစ်၊ ပြည်သူတွေဟာ မိမိတို့ အသက်တောင်စွန့်ပြီး ကာကွယ်ပေးခဲ့ကြပါတယ်။ နယ်စိမ်းဝင်တိုက်ရတဲ့ တပ်သားတွေကို လမ်းပြတာ၊ ကင်းထောက်တာ၊ စားနပ်ရိက္ခာထောက်ပံ့တာ စတဲ့ပုံပြင်တွေကလည်းမနည်းမနောပါ။

တပ်မတော်သားများအနေနဲ့ အဲသလိုမျိုးပြည်သူတွေရဲ့မေတ္တာကိုပြန်လည်ရယူချင်ရင်ဖြင့် ပြည်သူသာအမိ-ပြည်သူသာအဖ ဆိုတဲ့အခြေခံစိတ်ဓာတ်ကိုမွေးမြူပြီး ပြည်သူ့အကျိုးဆောင်ဖို့တိုက်တွန်းလိုပါတယ်။ အခုလို တပြည်လုံးပြည်သူတွေရဲ့ သွေး တွေချွေးတွေနဲ့ရင်းပြီးအရယူနိုင်ခဲ့တဲ့ ဖက်ဆစ်တော်လှန်ရေးအောင်ပွဲကို မောင်ပိုင်စီးပြီး တပ်မတော်နေ့ အဖြစ်ပြောင်း လဲ ကျင်းပတဲ့ အခြေခံစိတ်ဓာတ်ကိုက မိမိတို့ တပ်မတော် သာ လျှင် ဘာမဆိုထိပ်ကနေရမယ်ဆိုတဲ့ အခွင့်ထူးခံစိတ်ကိုပြသနေတာ ဖြစ်ကြောင်းလည်းထောက်ပြချင်ပါတယ်။

ဂျပန်ဖက်ဆစ်တော်လှန်ရေးအပါအဝင်ဗမာ့လွတ်လပ်ရေးတိုက်ပွဲစဉ်တလျှောက်ပါဝင်ခဲ့ကြတဲ့ပြည်သူတွေကိုအလေးပြုရင်း အခုထိမလွတ်မြောက်နိုင်သေးတဲ့ တိုင်းရင်းသားများအပါ ဗမာပြည်သူများအားလုံး မိမိတို့လိုချင်တဲ့ ငြိမ်းချမ်းတဲ့ တန်းတူညီမျှ တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီရှိတဲ့ဗမာ့နိုင်ငံသစ်ကြီးကို အားလုံးညီညီညွတ်ညွတ်နဲ့ဝိုင်းဝန်းတည်ဆောက်ကြပါစို့လို့ တိုက် တွန်းနှိုဆော်လိုက်ရပါတယ်။

လှကျော်ဇော
၂ဝ-၃-၂ဝ၁၉

မှတ်ချက် ။ ။ ဓာတ်ပုံရည်ညွှန်း
၁၉၄၅ ဇန်နဝါရီ ရန်ကုန်မှာ (ဂျပန်တော်လှန်ရေးမစမီ) တွေ့ရတဲ့ ဗမာ့တပ်မတော်တပ်မှုးများ။
နောက်တန်း ဝဲမှယာ –  ဗိုလ်မှူးမြင့်အောင်၊ မြောက်ပိုင်းတိုင်းမှူးဗိုလ်ဗထူး။
ရှေ့တန်း ဝဲမှယာ  – ဗိုလ်မှုးရန်အောင်၊ ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးရဲထွဋ်။