မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄ဝ၆)

March 25, 2019

မောင်အောင်မွန် ● ကျွန်တော်တွေးမိသလိုရေးပါမည် (၄ဝ၆)
(မိုးမခ) မတ်လ ၂၅၊ ၂၀၁၉
မီ Han Suyin နှင့် ဝတ်စားဆင်ယင်မှု အကယ်ဒမီဆု


(၁)
မီ သည် ၁၉၄၉ ခု၊ ဇွန်လထုတ် ရှုမဝမ္မဇင်းထဲတွင် ပါရှိသော ကြည်အေး၏ ပထမဆုံး ဝတ္ထုရှည်ဖြစ်သည်။ ကျွန်တော်သည် ကြည်အေးရေးသော စာဟူသမျှ အကုန်လုံးနီးပါးကြိုက်၍ မီ လည်းပါသပေါ့။ ဝတ္ထုကို အရသာခံ ဖတ်လိုသောကြောင့် အပြစ်အဆာအနာ ရှာလေ့မရှိပါ။ ထိုကိစ္စသည် စာပေဝေဖန်ရေး ပညာရှင်တို့အလုပ်ဟုလည်း နားလည်ထားပါ၏။

(၂)
စာရေးဆရာမ ကြည်အေးနှင့် လွန်ခဲ့သည့် နှစ်(၅ဝ) ကျော်က ဆရာထင်လင်းအိမ်တွင် လူချင်းဆုံ အသိဖြစ်ခင်မင်ကြပြီး ၁၉၉၅ ခု၊ နှစ် ကျွန်တော် အမေရိကန်ရောက်လာတော့ အငြိမ်းစား စိတ်ရောဂါ အထူးကူးဆရာဝန်မကြီး အဖြစ်ဆုံကြပြန်၏။ ထိုအခါ သူ့စာ ကိုယ့်စာ၊ ရှုမဝမဂ္ဂဇင်း၊ ကိုသန်းဆွေ စသဖြင့် စာပေလောကအကြောင်း ပြောဖြစ်သည်။ ပိုမိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ၏။ မီ ဝတ္ထု အကြောင်း စပ်စုမိတော့ ကြည်အေးက ကဗျာစပ်၊ ဝတ္ထုတိုလေးတွေ ရေးနေရာကနေ ဝတ္ထုရှည် ရေးချင်၍ မကြာသေးမီက ကြည့်ထားသည့် Dead Reckoning ကလည်း ခေါင်းထဲရှိဆဲမို့ စိတ်ကူးမိသလို ရေးလိုက်ခြင်းဟု ခပ်အေးအေးပြောပြဖူးသည်။ မီ ဝတ္ထုတွင် နိုင်ငံခြားအငွေ့အသက်လုံးဝမပါပါ။ မီလိုဗမာအမျိုးသမီး မရှိနိုင်–ရှိလျှင်လည်း အင်မတန်ရှားပါလိမ့်မည်ဟု ကြည်အေးကိုယ်တိုင်ကဆို၏။

စာဖတ်နာသော အင်္ဂလိပ်စာစကားကို ကြည်အေးသည် ကျွမ်းကျင်နိုင်နင်းသူ စာရေးဆရာပါ။

(၃)
Han Suyin သည် အဖေတရုတ်၊ အမေ ဥရောပသူတို့ကမွေးသော အာရှ-ဥရောပကပြားဖြစ်သည်။ အင်္ဂလိပ်လိုအရေးအသား ကောင်းလွန်း၍ ကမ္ဘာကျော်စာအုပ်များအနက် A Many Spledoured Thing လည်းပါဝင်၏။ သူ့ကိုယ်ရေး ဒုတိယ ဝတ္ထုကြီး ရန်ကုန်မြို့တွင် ရုပ်ရှင်အဖြစ်လာပြသောအခါ Love is a Many-Splendored Thing ဟုနာမည်ပေးထား၏။ကြိုက်လွန်း၍ ချက်ချင်း (၂)ခါပြန်ကြည့်လိုက်၏။ ဤဆောင်းပါးရေးချိန် (၇) ကြိမ်ထက်မနည်း ကြည့်ဖူးခဲ့ပြီ။

The Purple Plane, The Wind Cannot Read, The Teahouse of the August Moon တို့လို ကမ္ဘာကျော်သော ရုပ်ရှင်တို့၏ မူရင်းဝတ္ထုများကို ဘာသာပြန်ခဲ့၍လည်း ကျွန်တော်သည် A Many SpledouredS Thing By Han Suyin ကိုဘာသာပြန်ရန် အထပ်အထပ်ဖတ် ပြင်ဆင်နေစဉ် စာပေစိစစ်ရေးဌာက အရာရှိကြီးတစ်ယောက်ကသူဘာသာပြန်နေဟုလာပြော၏။ စာပေကင်ပေတိုင် တန်ခိုးကြီး၍ ပြီးအောင်ဆက်ပြန်လည်း ထုတ်ခွင့်ရမည်မဟုတ်ပါ။ကျွန်တော့်စာအုပ်ကို တစ်နည်းနည်နှင့် အပြစ်ရှာမှာ အသေအချာ။

(၄)
ထွန်းတောက်လာသော မီ ရုပ်ရှင် အကြောင်းပြေကြရာ၌ ယခင်ကကျွန်တော်ရေးခဲ့သည့်ထဲ ပါသော Dead Reckoning ဇာတ်ကားကို မီ ရုပ်ရှင် ဖြစ်မြောက်အောင် ကြိုးပမ်းကြသော လူငယ်များ ကြည့်ဖူးဖို့ဝေးစွ၊ ကြားပင်ကြားဖူးမည်မထင်။ အသက် (၈၃) နှစ်ကျော်ပြီး အမေရိကန်တွင် (၂၃)နှစ် ကျော်နေထိုင်သူ ကျွန်တော်ပင်လျှင် မကြည့်ဖူးပါ။ စာရေးဆရာမကြီး ကြည်အေးစိတ်ထဲတွင်လည်း မီဝတ္ထုရေးပြီးနောက် ထိုရုပ်ရှင်ရှိတော့မည်မထင်ပါ။

အကယ်ဒမီရခဲ့ကြသော ရတနာပုံ၊ ဖြေလျှော့ခွေ၊ အရိုင်းစပယ် စသောကားများလည်း နိုင်ငံခြားမှီး များမဟုတ်ပါလား။ အဒယ်ဒမီဆုပေးချိန်၌ မီ ရုပ်ရှင် ရသင့်ဟု ပြောကြ၍လည်း ကျွန်တော့်မှာ ဆက်ရေးချင်စိတ်ပေါ်လာပြီ။

(၅)
Love is a Many-Splendored Thing ကိုရိုက်တော့မည်ဆိုတော့ Han Suyin အဖြစ် Jennifer Jones ကိုစွန့်ပြီးရွေးသည်။ ၁၉၄၉ ခု၊ တရုတ်ပြည်တွင် လင်အသတ်ခံရ၍ Britis Hong Kong သို့ပြေးလာသူ ဆရာဝန်မ လူတစ်ကိုယ် စရိုက်(၂)မျိုး (Split Character) သြဇာကြီးမားသော အင်္ဂလိပ်များအားအာခံ ရန်တွေ့ရသည်မှာ ဘာမှမခက် သော်လည်း တရုတ်စိတ် တရုတ်ဟန် တရုတ်သဏ္ဍန် အထူးသဖြင့် တကယ့်တရုတ် ဇာတ်ပို့ဇာတ်ရန်တွေကြား Jennifer Jones တစ်သားတည်းဖြစ်ရန် နည်းလမ်းရှာရ၏။ တရုတ်မတို့၏အလှကိုပေါ်လွင်စေသည့် ဆင်ယင်မှုကိုထည့်သွင်းမည့် အခန်းများကို ဇာတ်ညွှန်းမှာခွဲပြီး Costume Designer လက်အပ်ရသည်။

Jennifer Jones ကိုယ်လုံးကိုယ်ထည်ကို တိုင်းတာ လှုပ်ရှားစေပြီးမှ အဝတ်အစားကိုချုပ်ရသည်။ ထို့ပြင် မင်းသားနှင့်စတွေ့ခန်း Romantic ဖြစ်စေရန် အပြာနု– နောက်ပိုင်း ချစ်ခရီးပေါက်တော့ လမ္မော်ရောင်-စသဖြင့် အရောင်၏သဘောကိုလည်း အားယူရသည်။ ဒါရိုက်တာသည် Photography, Music စသည်တို့နှင့်ပေါင်းစပ် အားယူလိုက်သောအခါ Love is a Many-Splendored Thing ကြည့်သူတို့အဖို့ Jennifer Jones ပျောက်ကာ Han Suyin အဖြစ်သာရှုမြင်ကြရဟု ရုပ်ရှင်ဝေဖန်သူ ကြီးငယ်တို့က ရှင်းလင်းရေးသားကြ၏။

(၆)
ကဲ မီ ဘက်ပြန်လှည့်ကြရအောင်။ဇာတ်တည်ရာ ကာလဖြစ်သည့် ၁၉၄၉ ခု။ လောက်တွင် ဗမာအမျိုးသမီးများ အင်္ကျီ လက်ပြတ်ဝတ်ပုံနှင့် ဆံပင်ပုံစသည်များကို လေ့လာပြီး အလေးထားခြင်း ကို ချီးကျူးရပေမည်။

နောက်တစ်ချက်က မီ စီးကရက်သောက်ခြင်းသည် ဇာတ်လမ်းတွင် အလွန်အရေးပါသောကြောင့် မီ အဖြစ်သရုပ်ဆောင်သူ သည် လှပစွာသရုပ်ပေါ်စွာ သောက်ပြပုံများကြည့်ရသောအခါ ဘယ်မင်းသမီးမှ မမီသော တင်တင်မူ၏ စီကရက်သောက်ဟန် မီသူပေါ်လာပြီလားဟု တွေးတောစရာဖြစ်လာပြီ။ ထိုကိစ္စများကို သီးသန့်တစ်ဦးအား တာဝန်ပေးထားခြင်းဖြင့် လူငယ်စုက အလေးထားသည်။ ထို့ကြောင့် တင်တင်မူပုံနှင့် မီအဖြစ်သရုပ်ဆောင်သော မင်းသမီး စီးကရက်သောက်ပုံချင်း စာဖတ်သူတို့ ကိုယ်တိုင် ခံစားကြည့်ကြပါ။

(၇)
၁၉၅၆ ခုနှစ် အော်စကာဆုပေးပွဲတွင် Love is a Many-Splendored Thing ဇာတ်ကားသည် Academy Award for Best Costume Design ဆုရသည်။ တဝကြီးကြည့်ကြဖို့ ပုံတွေပါ။ ရုပ်ရှင် တစ်ကားဖြစ်မြောက်ရေး လူတွေရာနှင့်ချီကာ စုပေါင်းပါဝင် ကြိုးပမ်းကြရသည်။ ဒေါ်လာငွေသန်း ပေါင်းများစွာကုန်ကြပြီး ရုံတင်ပြသတော့လည်း ထို့ထက်မက ပြန်ရသောကြောင့်သာ ရုပ်ရှင်လုပ်ငန်း အသက်ရှင်နေခြင်းဖြစ်သည် မဟုတ်ပါလား။

ကမ္ဘာပေါ်တွင် ရုပ်ရှင်ပေါ်စကတည်းက ရှိလာအောင်မြင်လာခဲ့သော မြန်မာရုပ်ရှင်သည် ၁၉၆၂ ခု၊ နောက်ပိုင်းဘက်ဆုံကျ ဆင်းလာခဲ့သည် ကျွန်တော်တို့မျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်။ ယခုအခါ ထိုးဖေါက် ထွန်သစ်လာသည့် လူငယ်တို့ခမျာ အဘယ်မှာလဲ ငွေကြေး–၊ သို့သော် နည်းပညာ– အထူးသဖြင့် စိတ်ကူးစိတ်သန်း– စသည်တို့ကမူ အားရစရာပါ။ အထူးသဖြင့် ငါဒါရိုက်တာ၊ ငါ့ဇာတ်လမ်း၊ ငါပဲဇာတ်ညွှန်း–တစ်ကားလုံး ငါ–ငါ– ကနေခွဲထွက်ကာ ဝတ္ထုကောင်းများ ရှာဖွေလာ၍ ဤစာကိုလည်းဖတ်၊ ပုံတွေလည်းကြည့်၊ ထင်မြင်ချက်လည်းပေးခြင်းဖြင့် မြန်မာရုပ်ရှင်ပြန်လည် ရှင်သန်လာရေး ကြိုဆိုအားပေးသင့်ဟု တွေးမိကြောင်းပါ။

၂ဝ၁၉ ခု။ မတ်လ (၂၄) ရက်နေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, မောင်အောင်မွန်

Comments are closed.

Archives