နိုင်စွမ်း ● “ဇီးကွက်က” ကပြသူ
(မိုးမခ) မတ်လ ၂၅၊ ၂၀၁၉

အနုပညာမျိုးရိုးအားဖြင့် တိုင်းသိ ပြည်သိ နိုင်ငံသိ အနုပညာရှင်များ မဟုတ်သော်လည်း ကျနော်၏ဦးကြီး ဦးဖိုးရနှင့် ကျနော့် အဖေ ဦးရွှေလှတို့မှာ ရမည်းသင်းမြို့နယ် တောင်ကန်ကြီးအုပ်စုအပါအ၀င် အနီးနား ကျေးရွာများနှင့် ပဲခူးရိုးမတောင်ခြေရှိ လွှစင်၊ ကျွန်းကျင်း၊ အိုင်ပုတ်၊ အိုင်တို စသည့် ရွာများအထိ လူသိများ ထင်ရှားခဲ့သည့် အနုပညာရှင်များ ဖြစ်ခဲ့ကြပါသည်။

ကျနော့် အဖေသည် နှဲဆရာ၊ ပုလွေဆရာ တစ်ဦး ဖြစ်ပြီး၊ ဦးကြီးဖြစ်သူ ဦးဖိုးရသည် “ဇီးကွက်က’ ကပြသူ” ဟု လူသိများ ပါသည်။ ထိုခေတ် ထိုအခါ ၁၉၆၀ ခုနှစ်ကျော်ကာလများက လမ်းပန်းဆက်သွယ်ရေး မလွယ်ကူသော ဝေးခေါင်လှသည့် ကျနော်တို့ ရွာတွင် ဖျော်ဖြေရေး အစီစဉ်ဟူ၍ မရှိ၊ အပျင်းပြေကြည့်ရှုခံစားစရာ ဟူ၍လည်း နတ္ထိ၊ ရေဒီယို တီဗွီ ဟူ၍ လည်း ဘယ်နားမှာမှန်း မသိ။ လူစုစု စုစုဖြင့် စိတ်ဝင်စားစရာဟူ၍ “နားပန်းဆံ” သီချင်းကို အမြဲသီဆိုတတ်သူ ကျနော့် ဦးကြီး ဦးဖိုးရ၏ သီချင်းသံပင်ဖြစ်ပြီး တခါတရံ ကျနော့်အဖေ ဦးရွှေလှ၏ပုလွေသံတို့သာ နားမထောင်သော်လည်း ကြားနေကျ ဖျော်ဖြေရေး အသံလောက်သာ ရှိခဲ့ပါသည်။

သို့သော်… ဦးဖိုးရ၏ သီချင်းသံနှင့် ကျနော့် အဖေ ဦးရွှေလှ၏ ပုလွေသံတို့ လသာသာ ညပိုင်းတွင် တွဲဖက်ကြားရပြီ ဆိုပါက အပျင်းပြေ ကြည့်စရာ၊ ပျော်စရာဖျော်ဖြေပွဲဟု မည်သူ့… မည်သူ့ကိုမျှ လက်တို့စရာ မလိုအောင်ပင်…၊ တခါတလေ ရွာ အရှေ့ပိုင်း ဦးလေးအုန်းမောင်ဝိုင်း၊ သို့မဟုတ် တခါတခါ ရွာမြောက်ပိုင်း အမေဒေါင်းဝိုင်း၊ မဟုတ် တခါတခါ ရွာတောင်ပိုင်း ဦးကျော်မောင်ဝိုင်းကို ရွာထဲမှ ကလေးသူငယ်နဲ့ လူအများအပြား လာရောက်ကြည့်ရှုကြပါသတဲ့။ အထူးသဖြင့် ကျနော့် ဦးကြီး ဦးဖိုးရ၏ “ဇီးကွက်က”ကို အူလှိုက်သည်းလှိုက် ရယ်ရွှင်ကြိုက်နှစ်သက်သောကြောင့် ဟူ၏။ ထို့ကဲ့သို့ ကျနော့် ဦးကြီး ဦးဖိုးရ၊ ကျနော့် အဖေ ဦးရွှေလှတို့ ကိုယ့်ရပ်ရွာထဲမှာ အပျော်အပြက် ဖျော်ဖြေတင်ဆက်ခဲ့သည်မှာ ကျနော် မမွေးမီ ၁၀ နှစ် ၁၂ နှစ်ခန့်က ဖြစ်ပါသည်။

ယင်း အကြောင်းများကို ကျနော် သတိပြုမိသည်မှာ ကျနော် ၈ တန်းနှစ်က ဖြစ်ပါသည်။ ကျနော်ကား မြို့ကျောင်းတက် နေဆဲကာလ။ ကျနော့် ဦးကြီး ဦးဖို့ရနှင့် အဖေ ဦးရွှေလှတို့ ဖျော်ဖြေတင်ဆက်မှုကို ကြားဖူးနားဝသာ ရှိခဲ့ပါသည်။ သို့ဖြင့်…
တစ်ရက်တွင် ကျနော့်တို့ ဖွားလေး ဒေါ်ငွေရှင်နှင့် ဒေါ်ငွေစိန်တို့ စကားပြောနေကြပါသည်။

“မမငွေရှင်ရယ်… သားငယ် မောင်ထွန်းတင်က ဒီတခါတော့ တကယ့်ကို ကြက်သွန်စိုက်တဲ့ အလုပ်ကြိုးစား လုပ်မယ် ပြော တယ် မမရဲ့။ စိုက်ပျိုးနည်းတွေကိုလည်း မြောက်ကန်ကြီးက သူ့အသိ ကိုအောင်သိန်းတို့လည်း လာပြီး အားပေးကူညီမယ် ပြောတယ်။ အဲဒါကြောင့်… ကြက်သွန်စိုက်ဖို့ အရင်းအနှီးတချို့ မမက ကူညီပေးပါလို့ပြောတာ” ဟု ဖွားလေး ဒေါ်ငွေစိန်က ပြောပါတယ်။

“ဟုတ်ပါပြီ ငွေစိန်မရယ်…၊ မမက နင့်သား မောင်ထွန်းတင် တကယ်လုပ်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ့်ညီအစ်မတွေပဲလေ လုပ်ပေးမှာပေါ့။ တော်ကြာ မောင်ထွန်းတင်က တို့မောင်ကြီး ကိုဖိုးရ “ဇီးကွက်က” ကသလို မျိုးဖြစ်နေရင်…” ဟု ဖွားလေး ဒေါ်ငွေရှင်က ပြောရင်း ရယ်မောနေပါသည်။ ဖွားလေး ဒေါ်ငွေစိန်ကလည်း ဟက်ဟက်ပက်ပက် ရယ်မောနေပြန်ပါသည်။

ဖွားလေးနှစ်ဦး ရယ်မောနေတဲ့အချိန်မှာ ကျနော်က သူတို့ကို မြို့ပြန်လက်ဆောင်တချို့နှင့် ကန်တော့ဖို့ မလှမ်းမကမ်းက စောင့်နေတာကြောင့် သူတို့ပြောသည့်စကားများ အားလုံးကိုကြားနေရပါသည်။ ဖွားလေးနှစ်ဦးမှာ ဖွားလေးငွေရှင်၏ နှစ်ထပ် အိမ်ကြီး၏အောက်တွင် မြေပဲအတူဆွတ်နေကြရင်း ပြောနေကြခြင်း ဖြစ်ပါသည်။

ခဏနေတော့မှ ကျနော်ရောက်နေသည်ကို ဖွားလေးတို့ မြင်သွားပြီး “ဟဲ့… မောင်ပု လာလေ၊ ဘာလုပ်နေတာလဲ” ဆိုကာ ကျနော့်ကို ခေါ်ပါသည်။ အပြုံးအရယ် ရပ်မရသေးသည့် ဖွားလေး နှစ်ယောက်ကို ကြည့်ရင်း ကျနော် မည်သို့မည်ပုံ ပျော်မှန်း မသိအောင် ပျော်သွားပါသည်။ ထို့အပြင် ဦးကြီးဖိုးရ၏ “ဇီးကွက်က” အကြောင်း ကြားလိုက်ရသည့်အတွက် ပိုပျော်သွားခြင်း လည်း ဖြစ်နိုင်ပါသည်။

ကျနော်သည် အဖွားလေး နှစ်ယောက်အား စားစရာ လက်ဖက်နှင့် မုန့်ကြွပ်ထုပ်များကို ရိုရိုသေသေ လက်ကမ်းပေးပြီး ဦးချ ကန်တော့သည့်အခါ ဖွားလေးနှစ်ယောက်က တစ်ယောက်တစ်မျိုး ဆုအမျိုးမျိုးပေးနေသည်ကို ကျနော့်ရင်ထဲတွင် မည်သို့မျှ မေ့လို့ရမည်မဟုတ်ပါ။ ထို့ထက်ပို၍ …

ဖွားလေးနှစ်ယောက်က ကျန်းမာပါစေ… ချမ်းသာပါစေ… ပညာတတ်ကြီးဖြစ်ပါစေဟု ကျနော့်အား ဆုပေးနေသည်ကို ကျ နော် စိတ်မ၀င်စား၊ “ဖွားလေးတို့ပေးတဲ့ဆုနဲ့ ပြည့်လိုပါ၏” ဟု ခပ်မြန်မြန်ပြောကာ ဦးချကန်တော့ကာ ကျနော်သိချင်သည့် အကြောင်းအရာကို မေးမြန်းပါသည်။

“ဖွားလေးတို့ခင်ဗျ… ကျနော့်ကို ဦးကြီးဖိုးရ “ဇီးကွက်က” ကတဲ့အကြောင်းလေး ပြောပေးပါလား။ ဦးကြီး “ဇီးကွက်က” ကတာ အရမ်းကောင်းတယ်လို့ ပြောသံကြားဖူလို့ခင်ဗျ” ဟု ကျနော့် အမေးကို ဖွားလေးနှစ်ယောက်အား မေးမြန်းမိပါသည်။ ဖွားလေးနှစ်ယောက်သည် မုန့်ကြွပ်ကိုယ်စီစားနေရင်းမှ မည်သို့မျှထိန်းမရအောင် အူလှိုက်သည်းလှိုက် ရယ်ပါတော့သည်။ ကျနော်ကား… ဘာမှမသိ။ ဘာကြောင့် ရယ်မောနေကြသည်ကိုလည်း မသိ။

ကျနော်က ဖွားလေးတို့ ဦးကြီးရဲ့ “ဇီးကွက်က” အကြောင်း ပြောပြပေးပါလို့ ထပ်ပြီးပြောသည့်အခါ “မောင်ပုရယ်… ဟင်း ဟင်း ဟင်း မင့်ဦးကြီး “ဇီးကွက်က” ကတဲ့အကြောင်းကို သူ့ကိုသာမေးပါကွယ်… ဟီးဟီးဟီး” ဟု ပြောကာ ဖွားလေး နှစ်ဦး လည်း အပြုံးအရယ် မရပ်နိုင်အောင် ဖြစ်နေပါတော့သည်။ ထို့အပြင် ဖွားလေးတို့ ဘာကြောင့်ရယ်မောပျော်ရွှင်နေသည် ကို လည်း စဉ်းစားမရနိုင်အောင် ရှိနေခဲ့ပါသည်။

သို့ဖြင့် ကျနော့်ဦးကြီး ဦးဖိုးရ “ဇီးကွက်က” အကြောင်း အခြားတဦးထံ သွားရောက်မေးမြန်ရန် ဆုံးဖြတ်လိုက်ပါသည်။ ထိုစဉ် က ကျနော့်အဖေရော ဦးကြီးဖိုးရတို့ မကွယ်လွန်သေးပါ။ သို့သော် ကျနော့် အနေဖြင့် အဖေ့ကိုရော ဦးကြီးကိုရော တိုက်ရိုက် မမေးမြန်းရဲ။ အခြားသောသူများကို မေးမြန်းသည့် အခါတွင်လည်း ထိုကဲ့သို့ပင် အူတက်မတတ် ရယ်မောကာ ဦးကြီး ဦးဖိုးရ ၏ “ဇီးကွက်က” အကြောင်း မပြောနိုင်ကြပါ။

ကျနော် မသိမမီသည့် ကျနော့်ဦးကြီး ဦးဖိုးရ၏ “ဇီးကွက်က” အကြောင်း အမေ့အား မေးမြန်းကြည့်ပါသည်။ အမေက ဦးကြီးဖိုးရ၏ “ဇီးကွက်က” ဟု ကြားကတည်းကပင် တဟင်းဟင်း တဟီးဟီး ရယ်မောကာ ကျနော့်အား “အမေ ကောင်း ကောင်း မပြောတတ်ဘူး သားရေ… မင့်ဘကြီးအုန်းကို မေးကွဲ့” ဟုသာ ပြန်ပြောပါသည်။

ထိုစဉ်က လူကြီးတွေက “ဇီးကွက်က” ဟု ပြောလိုက်တိုင်း ဘာမှမပြောဘဲ ရယ်မောနေသည့်အတွက် ကျနော့်စိတ်တွင် “ဇီးကွက်က” အကြောင်း မဖြစ်မနေ သိချင်လာပါသည်။ သို့ဖြင့် ဘကြီးအုန်း၊ ဘကြီးဒေါန၊ ဦးကြီး ဦးသောင်းရွှေတို့ထံ သွား ရောက် မေးမြန်းစုံစမ်းသော်လည်း မည်သူမျှ တိတိပပမပြောဆိုနိုင်ကြဘဲ အူမြူးရယ်မောနေကြပါတော့သည်။ ကျနော့်ကို လည်း မေးမြန်းစရာ တခြား တဦးဦး အမည်ကိုသာ ပြောပြပါသည်။ သို့ဖြင့်…

သို့ဖြင့်… ကျနော်၏ လက်ဦးဆရာ အနောက်ကျောင်းဆရာတော် ဦးကေလာသထံ သွားရောက်မေးမြန်းပါသည်။ ထိုနေ့မှာ ဥပုသ်နေ့နှင့် တိုက်ဆိုင်နေသည့် အတွက် ကျောင်းတွင်းနှင့် ဇရပ်များတွင် သီတင်းသီလ ဆောက်တည်သူ ဥပုသ်သည်များ အများအပြား ရှိနေပါသည်။ ဆွမ်းစားပြီးချိန်၌ ကျနော်သည် ဆရာတော်ထံသွားရောက်ကာ မည်သူမျှ ကောင်းကောင်း မွန်မွန် မဖြေကြားပေးသည့် ဦးကြီးဖိုးရ “ဇီးကွက်က” အကြောင်း တိတ်တဆိတ်သွားရောက် မေးမြန်းလျှောက်ထားပါသည်။
တရားဟောပြီး၍ ဆွမ်းစားပြီးစအချိန် ခဏတာနားနေမည့် အလွန်အိနြေ္ဒကြီးမားသည့် ဆရာတော်သည် ကျနော် မေးမြန်း သည့် “ဇီးကွက်က” အကြောင်း ပြောသည်နှင့် တဟင်းဟင်း တဟားဟား ရယ်မောကာ… “ဟေ့… မောင်စိန်အောင် လာစမ်း ဒီကို” ဟု ကပ္ပိယကြီး ဦးစိန်အောင်အား လှမ်းခေါ်ပါသည်။ ဆရာတော် ဘာကြောင့် ရယ်မောသည် ဟု မစဉ်းစား နိုင်သေးခင် ဦးစိန်အောင် ရောက်လာပြီး “အမိန့်ရှိပါဆရာတော်” ဟု လျှောက်တင်သည့် အချိန်အထိ ဆရာတော်က ရယ်ရွှင်နေသည့် အမူအယာကို မရပ်နိုင်သေးသည်ကို တွေ့ရပါသည်။

ဆရာတော်က ရယ်စရာကို မထိန်းနိုင်သေးဘဲ “ဟင်း ဟင်း ဟင်း… မောင်စိန်အောင်ရေ… မင့်တူက ကိုဖိုးရ “ဇီးကွက်က” အကြောင်းမေးနေ့လို့ကွဲ့… ဟင်း ဟင်း ဟင်း … မင်းပြောပြလိုက်စမ်းကွာ” ဟုပြောကာ အရယ်ကိုမသတ်နိုင်သေးဘဲ ဆက်၍ ရယ်မောနေပါသည်။

ဦးကြီးဖိုးရ၏ “ဇီးကွက်က” ဟု ကြားလိုက်သည့်အခါ ကပ္ပီယကြီး ဦးစိန်အောင်သည် မည်သို့မျှမထိန်းနိုင်ဘဲ တဟားဟား ဖြင့် ဗိုက်နှိပ်၍ ရယ်မောနေပါတော့သည်။ ကျနော်ကား အူကြောင်ကြောင်ဖြစ်ကာ ပြုံးရွှင်ရယ်ရွှန်းနေသည့် ဆရာတော့်၏ မျက်နှာ ကို တစ်လှည့်… အူနာလောက်သည်အထိ ရယ်မောနေသည့် ဦးစိန်အောင်ကိုတလှည့် ကြည့်နေမိပါသည်။

ခဏနေမှ ဦးစိန်အောင်သည် သူ၏ ရယ်မောနေသည့်အဖြစ်ကိုထိန်းကာ ရယ်ချင်နေသေးသည့် အသံဖြင့် – “ဒီလိုကွ… မောင်ပုရ… မင်းဦးကြီးက တကယ့်ကို “ဇီးကွက်က” ကရာမှာ အလွန်တော်တယ်သူကွဲ့…၊ အဟီး..ဟီး…။ ဘယ်လိုတော်သလဲ ကောင်းသလဲဆိုတော့…” ဟု ဆိုကာ ဦးစိန်အောင်သည် စကားကိုဆက်မပြောနိုင်သေးဘဲ မရယ်ဘဲမနေနိုင်သကဲ့သို့ ဆက် ပြီး ရယ်နေပါသည်။

ကျနော်သည် ဦးစိန်အောင်၏ စကားကို လေးလေးနက်နက် နားထောင်နေပါသည်။ သို့သော်.. ဦးစိန်အောင်က မျက်နှာပိုး သတ်လိုက်ပြီး – “မင့်ဦးကြီး ဦးဖိုးရက “ဇီးကွက်က” ကဖို့ဆိုပြီး… တတဲနှယ် တူနှယ့်ဗြောင်… ဆိုပြီး အတောလေး စတော လိုက်တာနဲ့ မင့်ကြီးက ဘာလုပ်လဲသိလား… ချက်ချင်းပဲ ထခုန်ပြီး ခါးတောင်းကျိုက်တော့တာပဲကွ…၊ ဟင်း ဟင်း ဟင်း။ ပြီးတော့ အဆိုပိုဒ်တွေ အတီးပိုဒ်တွေပြီးတဲ့အထိ မင့်ဦးကြီးက ခါးတောင်ကျိုက်တာ မပြီးသေးဘူး…၊ ဒါနဲ့ နောက်ဆုံး အပိုဒ် မှာတော့ “ဇီးကွက်က” ကတော့မယ်လို့ကြည့်နေတော့လည်း ကုန်းကုန်းကွကွ လှုပ်လှုပ်ရွရွနဲ့ စည်းချက်နဲ့အညီ လုပ်နေ ပေမယ့် သူကတော့… ခါးတောင်ကျိုက်တာ မပြီးသေးဘူး… ဟီး ဟီး ဟီး… အဲသလိုနဲ့ သီချင်းတပုဒ်လုံးသာ ပြီးသွားတယ်… မင်းဦးကြီးက ခေါင်းတောင်းကျိုက်တာ မပြီးလိုက်ဘူးကွဲ့… ဟားဟား” ဟု ရယ်မောပြောပြပါတော့တယ်။

“အဲဒီ သီချင်းတပုဒ်ပဲ မဟုတ်ဘူးကွဲ့။ နောက်ထပ် သီးချင်းဆိုလည်း ဒီအတိုင်းပဲ… ဟင်းဟင်းဟင်း … သီးချင်းတွေသာ ပြီးပြီး သွားတယ် … ခါးတောင်းကျိုက်တာမပြီးဘူး ကွဲ့… ဟား ဟား ဟား”

ရယ်ရယ်မောမောဖြင့်…  ပြောပြနေသည့် ကပ္ပီယကြီး ဦးစိန်အောင်ပြောပြသည့် ကျနော့်ဦးကြီး ဦးဖိုးရ၏ ဂန္ထ၀င်”ဇီးကွက်က” အကြောင်းသိလိုက်ရသည့်အခါ ကျနော်သည် မပြုံးဘဲနှင့် ၀ါးလုံးကွဲ အူနှိပ်ရယ်မောမိပါတော့သည်။ ထိုနေ့ ဥပုသ်နေ့ တစ်ရက်လုံး ဥပုသ်သည်များ တအုံးအုံးနှင့် ရယ်မောနေကြပါတော့သည်။

အနုပညာမျိုးရိုးအားဖြင့် တိုင်းသိ ပြည်သိ နိုင်ငံသိ အနုပညာရှင်များ မဟုတ်သော်လည်း ကျနော်၏ ဦးကြီး ဦးဖိုးရနှင့် ကျနော့် အဖေ ဦးရွှေလှတို့မှာ ရမည်းသင်းမြို့နယ် တောင်ကန်ကြီးအုပ်စု အပါအ၀င် အနီးနား ကျေးရွာများနှင့် ပဲခူးရိုးမတောင်ခြေရှိ လွှစင်၊ ကျွန်းကျင်း၊ အိုင်ပုတ်၊ အိုင်တို စသည့် ရွာများအထိ လူသိများ ထင်ရှားခဲ့သည့်အနုပညာရှင်များ ဖြစ်ခဲ့ကြပါသည်။

မိတ်ဆွေတို့ ခင်ဗျား…၊ ကျနော်တို့ဖြတ်သန်းနေရတဲ့ခေတ်ကာလထဲမှာ အဖြစ်အပျက်တချို့၊ မျှော်လင့်ချက်တချို့က ကျနော့် ဦးကြီး ဦးဖိုးရရဲ့ “ဇီးကွက်က” ကပြမယ့် ပုံစံလိုမျိုးများ ဖြစ်နေကြပြီလားခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ