နိုလှိုင်း ● အ​ပျော်​ကို အရည်​​ဖျော်​ ​နွေထဲ​ ရေနည်း ​လေနဲ့​ခြွေတဲ့ ပိ​တောက်

March 24, 2019

နိုလှိုင်း ● အ​ပျော်​ကို အရည်​​ဖျော်​ ​နွေထဲ​ ရေနည်း ​လေနဲ့​ခြွေတဲ့ ပိ​တောက်
(မိုးမခ) မတ်လ ၂၄၊ ၂၀၁၉

၁။
ဒီတစ်​နှစ်​လည်း ဘယ်​လိုအ​ဆွေးဓာတ်​မျိုးနဲ့ အသက်​တစ်​နှစ်​ထပ်​ကြီးသွား​​ရဦးမယ်​မသိဘူး။ ဒီဘက်​နှစ်​ပိုင်း​တွေမှာ သင်္ကြန်​ရက်​​တွေကို ဘယ်​လို​လွမ်းဆွတ်​တမ်းတမှုမျိုးနဲ့စတင်​ရဦးမလဲဆိုတာကိုပဲ နှစ်​တိုင်း​တွေး​​နေမိတယ်​။ ​သင်္ကြန်​ရက်​ရုံးပိတ်​ရက်​ရှည်​​တွေကို ​မွေး​နေ့တစ်​​နေ့နဲ့သာ စတင်​ရတတ်​​တယ်​ဆို​ပေမဲ့ အဲဒီ​မွေး​နေ့တစ်​ရက်​​ကြောင့်​ပဲ နွေဟာပိုပိုပြီး ခြောက်​​ခမ်း​နေတတ်​ပါလားဆိုတာကို နွေ​ရောက်​တိုင်း ကိုယ့်​မှာသက်​​သေပြမိလျက်​သားဖြစ်​​နေတတ်​ပြန်​တယ်​။ ​နွေရာသီရဲ့ခြောက်​​သွေ့လွန်​ကဲပုံကို ​နွေ​ရောက်​တိုင်း အ​ကြောင်းအရာတစ်​ခုမဟုတ်​တစ်​ခုနဲ့ အမြဲချပြ​​နေမိသလိုဖြစ်​​နေတတ်​လို့ ​နွေ​ရောက်​မှာကို​တောင်​​တွေး​ကြောက်​လာမိသလိုပါပဲ။ ဘာ​ကြောင့်​လဲဆို​တော့ ဒီဘက်​နှစ်​​တွေထဲသင်္ကြန်​ပိတ်​ရက်​​တွေဆိုရင်​ အလွမ်းအ​ဆွေးနဲ့သာ တစ်​​နေရာရာမှာ အားကုန်​နွမ်းလျ ​ငေး​မော့​နေမိသလိုလိုသာ ထိုင်​​​​နေ​ဖြစ်​မယ်​။ ဒီလိုမှမဟုတ်​ပဲ ​ပျော်​ဖို့ကြိုးစားမိတာနဲ့ အလွမ်း​ရေချိန်​ကိုပိုတိုး အ​ဆွေးဓာတ်​ကိုပြန်​နှိုးဆွ ကိုယ့်​ကိုတွင်းဆုံး​ရောက်​သည်​အထိ​ထောက်​ပံ့​ပေးမယ့်​အရာတစ်​မျိုးမျိုးနဲ့သာ အမြဲကြုံ​တွေ့ရင်​ဆိုင်​​နေရ​တော့တာကိုး။ အဲဒါ​ကြောင့်​မို့လည်း အသက်​တစ်​နှစ်​ထပ်​ကြီးလာမှာကိုပို​ကြောက်​​နေမိသလို သင်္ကြန်​ပိတ်​ရက်​​တွေရောက်​လာမှာကြို​တွေးပြီး လန့်​​နေမိ​တော့တာ​​ပေါ့။ ​နောက်​ထပ်​တစ်​ခုက သင်္ကြန်​ပြီးသွားခဲ့ပြီဆိုရင်​​တောင်​မှ အဲဒီလိုဖြစ်​​နေတတ်​ကြုံ​နေရတတ်​တဲ့အ​ဆွေးဓာတ်​ထဲက​နေ ဘယ်​လိုရုန်းထလွတ်​​မြောက်​​အောက်​လုပ်​ရမလဲဆိုတာကို ပြန်​ပြန်​​တွေးယူ​နေရ​သေးတယ်​ ဆို​တော့​လည်း သင်္ကြန်​ကိုပျော်​ရဖို့အားခဲ ကြိုရင်​ခုန်​​နေရတယ်​ဆိုတာထက်​ စိတ်​ကိုဘယ်​လိုအ​ကြောင်းကများ တွင်းထဲဆွဲချ​ခေါ်သွားလိမ့်​ဦးမလဲလို့သာ ကြိုတင်​ဘုရားတ​နေရတော့တာ​ပါပဲ။

၂။
ဖြစ်​​နေတာက ​နွေရာသီအပူ​ငွေ့ထဲ ကိုယ်​မှမဟုတ်​ အရာအားလုံး​ ပိုပြီး​ခြောက်​ခမ်းလွယ်​လာတယ်​လို့ပဲ ဆိုပါ​တော့။ အသက်​ကြီးလာတယ်​လို့မဆိုနိုင်​​သေး​ပေမဲ့ လူ့သက်​တမ်းတစ်​ဝက်​​ကျော်​လာတာ​ကြောင့်​လား​တော့ မသိဘူး။ အရင်​က​လောက်​လည်း ​ပျော်​ချင်​ပါးချင်​ လည်​ချင်​ပတ်​ချင်​စိတ်​မရှိ​တော့သလို ​ပျော်​ပါးဖို့ထက်​ ဘဝကိုစိတ်​​အေးသက်​သာစွာ​နေရဖို့ပဲ ပိုအလိုရှိ​နေမိ​တယ်​။ အဲဒီလိုဆို​တော့ ခန္ဓာကိုယ်​ထဲကအ​ပျော်​​ဓာတ်​ဟာပျက်​သွား စိတ်​ထဲမှာအ​ပျော်​​ပျောက်​ပြီး တစ်​ဘဝလုံးအ​ဆွေးနဲ့သာ​နေ​တော့မယ်​လို့ ဆိုလိုချင်​တာ​တော့လည်း မဟုတ်​ဘူး​​ပေါ့။ ဒီနှစ်​အပိုင်းအခြား​တွေ​လောက်​မှ ဒီရက်​​တွေ​ရောက်​လာမှသာ သူ့အလိုလိုဖြစ်​လာတာ​တွေပါ။ ကြားဖူးတာတစ်​ခုကလည်း လူတစ်​​ယောက်​ကို လမ်း​ပေါ်မှာချည်း အမြဲမြင်​​နေရပြီဆို အဲဒီလူဟာသူ့အိမ်​မှာမ​ပျော်​​တော့လို့ပါပဲတဲ့။ အိမ်​မှာစိတ်​မ​ပျော်​ရွှင်​​တော့လို့ကို လမ်းမ​ပေါ်ကိုပဲ ရည်​ရွယ်​ချက်​မရှိ​ရောက်​လာရတယ်​​ဆိုပါ​တော့။ ပြီးရင်​ ဦးတည်​ရာမရ ​လျှောက်​သွား​နေတတ်​တယ်​ပေါ့​လေ။ ကိုယ်​တိုင်​ကလည်း အခုအချိန်​​တွေကျမှလမ်း​ပေါ်မှာချည်း ​​ရှိ​နေမိတယ်​။ ကိုယ်​ဖြစ်​​နေတာကတခြား အဲဒီလို​ပြောကြ​သေးတယ်​ဆိုတာလည်းရှိ​တော့ ပိုပြီး​ကိုယ့်​စိတ်​ကိုယ်​​ပျော်​​အောင်​​နေပြရ အရာရာကိုလုံးဝအရသာ​လျော့ကျမသွားအောင်​သာ ပြုံးပြုံးပြ​နေရ​သေးတာ​ပေါ့။ ဒါက​လည်း ရေဘုံယျအမြင်​တစ်​ခု​ဖြစ်​မှာပါ။ အမြင်​နဲ့သတ်​မှတ်​လိုက်​တဲ့ အယူအဆ​တစ်​ခု​​ပေါ့​လေ။ အဲဒီလိုပဲ ပြန်​​ဖြေ​လျော့​နေမိတယ်​။

လူကသာ လမ်း​ပေါ်ရည်​ရွယ်​ချက်​မရှိ​လျှောက်​သွား​နေတတ်​​ပေမယ့်​ ကိုယ်​ဟာ ကိုယ့်​​နေအိမ်​မှာမ​ပျော်​မရွှင်​ဖြစ်​​နေတဲ့သူတစ်​​ယောက်​​တော့လည်း မဟုတ်​​ပြန်​ပါဘူး​။ ​ဖြစ်​နိုင်​ရင်​အိမ်​ထဲမှာပဲ မိသားစုနဲ့ချစ်​ခြင်း​မေတ္တာကိုမျှားယူ ​မိသားစုအ​ပျော်​မှာအရာရာပြန်​မျှလို့ ​အေး​အေးလူလူ​နေ​နေချင်​ခဲ့တာ​ပေါ့။ ဒါ​ပေမယ့်​ အခု​လော​လောဆယ်​ အိမ်​မှာမိသားစုထဲကတစ်​စုံတစ်​​ယောက်​မှကိုရှိမ​နေ အိမ်​မှာပြန်​​ရောက်​လာရင်​တံခါးဖွင့်​ကြိုဆိုမယ့်​ မိသားစုဝင်​တစ်​ဦးမှအဆင်​သင့်​ရှိမ​နေဘူး ဖြစ်​​နေပြန်​တယ်​။ အခုရက်​ပိုင်း​တွေ​မှာ ပိတ်​ရက်​ကလည်းများ​နေ ရန်​ကုန်​မြို့ကြီးရဲ့​ခြောက်​ကပ်​တိတ်​ဆိတ်​လာမယ့်​လမ်း​တွေကို ​ရှောင်​ရှားချင်​ကြတာနဲ့ လူ​တွေအားလုံးခရီးရက်​ရှည်​ထွက်​ဖို့ကိုချည်း အားခဲ​နေကြ​တာမဟုတ်​လား။ ကိုယ့်​မိသားစု​မှာလည်း ကျန်​တဲ့သူအားလုံးတစ်​​နေရာရာထွက်​သွား ကိုယ်​တိုင်​က​တော့ဘာ​ကြောင့်​မှန်းမသိ ကျန်​​နေရစ်​ခဲ့တာ​ပါပဲ။ အဲဒီလိုအဖြစ်​အပျက်​မှာ ကိုယ်​ကလမ်း​တွေပါ်​ရောက်​မလာလို့ အိမ်​ထဲအသင့်​ရှိ​နေတတ်​တဲ့ အလွမ်းမှာမွန်းပိတ်​ပြီး တစ်​​ယောက်​တည်း ဘယ်​​နေ​နေချင်​ပါ့မလဲ။ ကိုယ့်​စိတ်​နဲ့ကိုယ်​ အိမ်​ထဲမှာတစ်​​ယော်​တည်း ဘယ်​လိုမှ​ပျော်​​အောင်​​နေလို့မရ အ​ပျော်​မှာကံမပါဘူးလို့သာ​တွေး​နေရသလိုပါပဲ။ အဲဒါ​ကြောင့်​မို့ ကိုယ့်​ကို​ပျော်​လားလို့လား​မေးရင်​ အခု​ဆိုရင်​​တော့ ပျော်​မ​နေဘူးဆိုတာ​လောက်​​တော့ ပြန်​​ဖြေရ​တော့မှာပေါ့။ မဟုတ်​ဘူးလား။

၃။
ထူး​တော့လည်း မထူးပါဘူး။ လမ်း​ပေါ်​ရောက်​လာ​တော့လည်း လမ်းမ​တွေဟာ ​နွေ​နေအ​ဆွေးဓာတ်​နဲ့ ပူ​လောင်​​ခြောက်​​သွေ့​နေခဲ့တာပဲ။ ပိတ်​ရက်​​တွေကပ်​လာလို့ပဲလား​တော့မသိဘူး။ လမ်း​ပေါ်​တွေ့သမျှလူ​တွေလည်း အဲဒီပိတ်​ရက်​အတွက်​ကိုအားခဲ အ​လောတကြီးဖြတ်​သန်းသွားလာ​နေကြ​လေရဲ့။ အ​ရေးတကြီးလှုပ်​ရှား​နေကြ ဝယ်​​နေခြမ်း​နေ အ​ပျော်​ဓာတ်​ကိုမျှား​ခေါ်​နေကြတယ်​။ လက်​ထဲကအထုပ်​ကိုပစ်​ချ အ​ပျော်​ရဖို့​ဖြေချ​နေကြတယ်​။ ကိုယ်​ကသာပူ​လောင်​မွန်းကျပ်​ပြီး အထီးကျန်​ဖြစ်​​နေတာ လမ်း​ပေါ်မှာ​တွေ့တဲ့လူ​တွေက​တော့ ​ပျော်​ဖို့အတွက်​ကြိုတင်​ပြင်​ဆင်​ပြီး ရင်​ခုန်​စိတ်​လှုပ်​ရှား​ အ​ပျော်​အတွက်​တာစူ​နေကြသူ​တွေချည်းပဲ။ အဲဒီလို မြင်​​နေ​တွေ့​နေရ​ပြန်​​တော့လည်း သူတို့​ပျော်​ဖြစ်​ကြ​တော့မှာကို သူတို့​နေရာက​နေ ကြို​တွေး​မိပြီး အများအ​ပျော်​မှာ ဝမ်းသာလှိုက်​လှဲဖြစ်​​နေမိ​ပြန်​တယ်​။ ဒါ​ပေမဲ့ ကိုယ်​ကဘာတတ်​နိုင်​ ဘာလုပ်​လို့ရမှာမို့လဲ။ ကိုယ်​လည်းသူတို့ဖြစ်​​နေသလို အ​ပျော်​ကိုကြိုတွက်​ ကြိုစဉ်းစားလို့ရ​နေရင်​​တောင်​ တစ်​ခုမဟုတ်​တစ်​ခုကိုအ​ပျော်​အတွက်​တပါတည်းယူ​ဆောင်​သွားဖို့ လိုက်​စဉ်းစားနေမိမှာ​ပေါ့။ အခု​ကျ​တော့ အဲဒီလိုမဟုတ်​ တစ်​ခုခုမှကိုမဟုတ်​ဘူး​လေ။ အ​ပျော်​အတွက်​ကို ဘယ်​လိုစိတ်​အကြံအစည်​မှမရှိ​တော့တဲ့ ဟာလာဟင်းလင်းဖြစ်​​နေပုံမျိုး​နဲ့သာ ​လျှောက်​သွား​နေမိ​တော့တာ။ အများတကာဖြစ်​​နေတဲ့ အ​ပျော်​စိတ်​ကိုသာ လိုက်​​ငေး​နေမိတတ်​တာ အရာရာလွှတ်​ချကွဲ​ကြေလိုက်​​တော့မယ်​ဆိုတဲ့ ဆွေး​မြေ့​နေပုံမျိုးနဲ့သာ ရှိ​နေခဲ့တာ​ပေါ့။ အဲဒီ​နေ့​တွေကို ရင်​ဆိုင်​ရဖို့ဆိုတာကလည်း။

ရက်​ကသိပ်​မကျန်​​တော့ဘူး။ ဒီတစ်​ရက်​နှစ်​ရက်​အတွင်းမှာမှ ဒီအခမ်းအ​ခြောက်​မြို့ကြီးကမထွက်​ခွာဖြစ်​ခဲ့ရင်​ ပိတ်​ရက်​​တွေထဲ ဒီပတ်​ဝန်းကျင်​က​နေ အ​လောတကြီးထွက်​သွားနိုင်​ဖို့ဆိုတာ ဘယ်​လိုမှလွယ်​ကူ​တော့ဘူး​​။ ကိုယ်​လည်းတစ်​​ယောက်​တည်းကျန်​ခဲ့တယ်​ဆို​ပေမယ့်​ ​လက်​ကျန်​ရက်​​တွေထဲနောက်​ကလိုက်​သွားနိုင်​​သေးတယ်​ဆိုတဲ့အ​တွေးမှာ စိတ်​​ပေါ့​လျော့​နေမိတာလည်းပါပါတယ်​။ ဒီထက်​ပို​နောက်​ကျသွားရင်​​တော့ ဘယ်​လိုမှလိုက်​သွားဖို့မဖြစ်​နိုင်​​တော့ဘူး​ပေါ့။ အမှန်​တကယ်​​တော့ ကိုယ်​လည်းတစ်​ခါတည်း စိတ်​လိုလက်​ရကြိုတင်​စိတ်​ကူးမှာ မိသားစုနဲ့အတူ​ပျော်​ဖို့ကြိုတွက်​ခဲ့မိ​သေးတာ​ပါပဲ။ ဒါ​ပေမယ့်​ အဲဒီရက်​​တွေမှာ ဘာ​ကြောင့်​မှန်းမသိ စိတ်​အ​နှောက်​အယှက်​တစ်​စုံတစ်​ရာနဲ့ ကိုယ်​ကကျန်​ခဲ့ရပြီး အခုလို​နေ​နေမိတယ်​။ အဆိုးကကြုံချင်​ပြီဆို ဒီရက်​​တွေတိုင်းတိုက်​ဆိုင်​စွာကြုံ​နေရတတ်​တယ်​။ အခုလိုအချိန်​​တွေဆို ဖြစ်​​နေကျပုံစံအတိုင်း ​ဆွေး​မြေ့​ကြေကွဲဖို့ကိုပဲ အလိုလိုဦးတည်​​နေမိ​တာပဲလားဆိုတာ​တော့ မ​ပြောတတ်​ဘူး​ပေါ့။ မှန်​တာ​ပြောရရင်​ မသွားခင်​က​လေးပဲ စကားများရန်​ဖြစ်​ကြတယ်​။ အ​ကြောင်းအရာက ဘာမှမဟုတ်​ပဲပြီးသွားခဲ့​ပေမယ့်​ စိတ်​ထဲက​တော့ထိခိုက်​နာကျင်​မှုနဲ့ ​​သူ့အလိုလိုနေခဲ့မယ်​ဆိုတဲ့အ​တွေးကို​တွေးမိလျက်​သား တကယ်​လည်း​နေခဲ့ဖြစ်​သွားခဲ့တယ်​​ပေါ့။ ဘာမှ​ပြောပ​လောက်​တဲ့ကိစ္စမဟုတ်​ဘူးဆိုရင်​​တောင်​ ကိုယ့်​အထီးကျန်​မှုကို ကိုယ်​တိုင်​ဆွဲ​ခေါ်သလိုဖြစ်​သွားခဲ့တာကို အခုအချိန်​ဘယ်​လိုမှကို နားမလည်​​ဘူးဖြစ်​​နေတယ်​။ ငါဘာ​တွေလုပ်​မိ​နေတာလဲဆိုတာထက်​ ဒီအချိန်​ကျမှ ဘယ်​လိုအ​ကြောင်းတိုက်​ဆိုင်​မှု​တွေက ဘဝထဲလာလာဖြစ်​​နေရတာလဲဆိုတာကို ပို​တွေး​နေဖြစ်​​ခဲ့တာ​ပေါ့။ လူဆိုတာကိုယ့်​အဆိုးတရားကို​တွေး​မိဖို့ထက်​ ကံကြမ္မာကိုသာယိုးမယ်​ဖွဲ့အပြစ်​ပုံချပစ်​တတ်​ကြတာပဲ မဟုတ်​လား။ အခုလည်း ဒီအတိုင်းပါပဲ။

၎။
ကိုယ်​အိမ်​မှာ​နေ​ပျော်​​ပါတယ်​ဆိုတဲ့အ​ကြောင်းကို အိမ်​ထဲမှာ​တစ်​​ယောက်​တည်း အထီးကျန်​စွာနေ​နေရင်း အလွမ်းနဲ့အတူသက်​​သေပြ ​ငေး​မော့​နေရပြန်​​တော့တာပေါ့​လေ။ ဘာမှမတတ်​နိုင်​ပါဘူး။ ​လေးငါးရက်​တစ်​ပတ်​ဟာ သူ့အလိုလိုကုန်​ဆုံးသွားမှာပါပဲလို့​ ကိုယ့်​စိတ်​ကိုပြန်​ဖြေ​တွေးပြီး အသဲကိုအရည်​စိမ်​ စိတ်​ပြန်​​ပျော်​ဖို့ကို ဦးလှည့်​ရ​တော့တာ​ပေါ့။ ဒါ​ပေမယ့်​ အဲဒီလိုလွတ်​​​နေတဲ့စိတ်​နဲ့ ​နေရာ​တွေလပ်​​သွားတဲ့​အသဲမှာ ခဏတာပျော်​ရွှင်​မှုမျိုးဆိုတာမျိုးကလည်း တစ်​ရက်​နှစ်​ရက်​အပြင်​ တာရှည်​စွာမခံ​​တတ်​ဘူး​မဟုတ်​လား။ အိမ်​ထဲမှာတစ်​​ယောက်​ထဲ ​ပျော်​သလိုဖြတ်​သန်း​နေရတယ်​ဆိုတာ နှစ်​ရက်​​လောက်​ကြာရင်​ ပျင်း​စရာ​ကောင်းလာတတ်​ပြန်​​ရောဆိုပါ​​တော့။ ဆို​တော့ အရင်​ကလည်း ဒီလိုပုံစံခံစားချက်​မျိုးနဲ အလွမ်းကိုသီတံမှာသီထားသလို စာတစ်​ပုဒ်​​ရေးဖြစ်​ခဲ့ဖူး​သေးတယ်​။ မှတ်​မိမလား​တော့မသိဘူး။ အချစ်​ဆိုတာ တစ်​နှစ်​​ကြာလည်း တစ်​သက်​စာနောက်​ကျမသွား ​နောက်​ထပ်​စကား​ထပ်​ပြောသွား ထပ်​လွမ်း​စေပြန်​တာပဲဆိုတာ​လေ။ ကိုယ်​ကသာ ​နောက်​အဖြစ်​အပျက်​တစ်​ခုနဲ့ ​နောက်​အ​တွေ့အကြုံတစ်​ခုကိုချ​ရေး​နေမိတာ အားလုံးကအဲဒီအ​ကြောင်းကိစ္စတစ်​ခုတည်းကိုပဲ ပြန်​ပြန်​​ကျော့​ရေး​နေတယ်​ထင်​မှာလို့လည်း ကြို​တွေး​မိ​ပါသေးတယ်​။ ဒါ​ပေမယ့်​ အခုလည်းတကယ်​ထပ်​ဖြစ်​​နေပြန်​တာပဲ မဟုတ်​လား။ အ​ဝေးတစ်​​နေရာ မိသားစုကိုလွမ်းတဲ့စိတ်​ဆိုတာ စာတစ်​ပုဒ်​တည်းနဲ့​တော့ အပြည့်​အစုံဘယ်​ပါ​နိုင်​ပါ့မလဲ။ တစ်​ခါတည်းတစ်​ထိုင်​တည်း ဘယ်​​ပြောပြလို့ပြီးနိုင်​ ကိုယ်​ခံစား​နေရတာ​တွေကိုအများသိ​စေပါ့မလဲ။  အလွမ်းဆိုရင်​လည်း စံပယ်​​တွေလိုသီထား ကိုယ်​တိုင်​က​တော့ အလွမ်းသီတံမှာ ကပ်​နား​နေတဲ့ယင်​ပမာ အညှီမကုန်​​သေးတဲ့အထိ​တော့ ကပ်​ပြီးလွမ်း​နေရ​တော့တာပဲ​ပေါ့။

သစ္စာ​လေးပါးတရားထဲမှာမှ ဒုက္ခကိုလည်း သစ္စာတရားတစ်​ခုအ​နေနဲ့​တောင်​ သတ်​မှတ်​ထား​နေရ​သေး​တယ်​ ဆိုမှ​တော့ ဘယ်​လိုအရာမဆိုဒုက္ခ အရာရာဟာဒုက္ခတရားလို့​တောင်​ ဆိုလို့ရ​သေးတာ​ပေါ့။ ရုပ်​ခန္ဓာဖြစ်​လာပြီဆိုကတည်းကိုက ​ဆင်းရဲခြင်းရဲ့အ​ကြောင်းလို့လည်း ဗုဒ္ဓကဆိုပါတယ်​။ ​ပျော်​ရတာလည်းဒုက္ခ ​နေရတာလည်းဒုက္ခ စည်းစိမ်​ချမ်းသာရရှိခြင်းဆိုတာက​တောင်​ ဒုက္ခလို့ဆိုထားမှ​တော့ ကိုယ့်​ဦး​နှောက်​နှပ်​တစ်​ညှစ်​စာနဲ့မစဉ်းစားတတ်​​သေး သ​ဘောမ​ပေါက်​နိုင်​​သေးတဲ့ အဲဒီသိမ်​​မွေ့နက်​နဲတဲ့တရား​တော်​​တွေကိုထားလိုက်​ဦး။ ​လော​လောလတ်​လတ်​ထင်​ရှားပြ​နေတဲ့ ​ကွေကွင်းခြင်းဆင်းရဲဒုက္ခဆိုတဲ့ အကြမ်းစားဒုက္ခမှာတင်​ကိုယ်​ဟာ မခံမရပ်​နိုင်​​လောက်​​အောင်​ဖြစ်​​နေပါပြီ။ ​မေ့​ဖျောက်​ပစ်​လို့ဘယ်​လိုမှမရ​ဘူးဖြစ်​​နေခဲ့ပြီ​။ အခုလိုဆို​တော့လည်း သင်္ကြန်​တွင်းမှာ ​ကောင်း​သောစကား​တွေသာဆို ​ကောင်းမှုကုသိုလ်​​တွေချည်းလုပ်​​နေတယ်​လို့လည်း တလွဲမထင်​​စေချင်​​ဘူး။ သတိရစိတ်​​တွေနှိပ်​စက်​​နေပြီဆိုမှ​တော့ ကိုယ်​နှုတ်​အမူအရာ ဘာလုပ်​လုပ်​မ​ကောင်းမှုချည်းဖြစ်​​နေတတ်​တာက သဘာဝတရားပဲ​​ မဟုတ်​လား။ ကိုယ်​လည်းမလွန်​ဆန်​နိုင်​ပဲ လူ​ကသာမ​လောက်​​လေးမ​လောက်​စားအသိဥာဏ်​​လောက်​နဲ့ ပါးစပ်​က​​တော့နတ်​စကား​​တွေပြောထွက်​​ချင်​​ပြောထွက်​ဖြစ်​​နေတယ်​။ လုပ်​​နေတာ​တွေက​တော့ လွမ်းတယ်​ဆိုတာနဲ့ဘယ်​​အချိန်​မဆိုလိုက်​ဖက်​​နေတတ်​တဲ့ ​သေရည်​မူးတယ်​ဆိုတဲ့အလုပ်​​လောက်​ပဲ။ ဒီလိုရက်​မျိုးမှာ စိတ်​ဒဏ်​ရာကိုတရားဓမ္မနဲ့​ဆေးဖို့ဆိုတာကလည်း ကိုယ်​လိုအသိဥာဏ်​​လောက်​နဲ့​မလွယ်​ အလှမ်း​ဝေး​နေ​သေးတယ်​မဟုတ်​လား။ ကိုယ်​ကလည်းလွမ်းစရာဆို ဝါသနာနဲ့​ဖြေဖို့ဝန်​​လေးတတ်​သူမဟုတ်​ဘူးဆို​တော့ သူ့ဟာနဲ့သူ​တော့ ကိုက်​​နေ​တော့တာ​ပေါ့။ ကိုယ့်​ဝါသနာကလည်း လူလစ်​ပြီဆို ​သေရည်​မူး​နေမယ်​ဆိုတဲ့အစားထဲကကိုး။ ဟန်​​တောင်​ကျ​နေပါ​သေးတယ်​။

၅။
မေ့​မေ့​ပျောက်​​ပျောက်​ဆို​ပေမယ့်​ ​မေ့ပြီးရင်​​ပျောက်​မသွားတတ်​တာအဲဒီလွမ်းတဲ့စိတ်​ပဲရှိတာကိုး။ ​မေ့ချင်​​ပျောက်​ချင်​​ပေမယ့်​ စိတ်​ဟာမပြတ်​သား ဒီအ​ကြောင်းကိုချည်း​တွေး​နေမှ​တော့ ပုံရိပ်​​တွေကသူ့အလိုလို​ပေါ်​လာ​တော့တာ​ပေါ့။ သတိ​တွေချည်းရ​နေတယ်​။ အမြန်​ထလိုက်​သွားချင်​​ပေမယ့်​ တစ်​ခုခုကလိုက်​လံပိတ်​ဆို့​နေသလို ဖြစ်​​နေပြန်​တယ်​။ လွယ်​လွယ်​ကုန်​လွန်​သွားမယ်​ထင်​ရတဲ့ရက်​​တွေကလည်း ​တော်​​တော်​နဲ့ကို မကုန်​နိုင်​ပြီးဆုံးဖို့ခဲ့ယဉ်းလွန်း​နေပြန်​တယ်​။ မခက်ဘူးလား။ ကိုယ့်​မျက်​ကွယ်​အ​ဝေးမှာရှိ​နေလို့လည်း သူတို့တစ်​စုံတစ်​ခုဖြစ်​မလားအစိုးရိမ်​လွန်​ ပူ​နေရတာကလည်း နှိပ်​စက်​တဲ့အ​ကြောင်းတရားတစ်​ခုပဲ​ပေါ့။ ဆို​တော့ လူကဘယ်​လိုမှကိုစိတ်​​အေးသက်​သာစွာ​နေလို့ကို မရ​တော့ဘူး။ ဒီရက်​​တွေကို ​အေး​ဆေးစွာ​ကျော်​လွှားလို့ မဖြစ်​နိုင်​​တော့ဘူး။ အစွဲအလန်းရှိ​နေလို့လား​တော့ မ​ပြောတတ်​ဘူး​ပေါ့။ ဒီရက်​​တွေ​ရောက်​တိုင်း လွမ်း​နေ​ဆွေး​နေလိုက်​​တော့မယ်​လို့သာ မသိစိတ်​မှာကြိုတင်​ကြံစည်​​နေခဲ့သလိုပါပဲ။ ကိုယ့်​အပြစ်​နဲ့ကိုယ်​ ကိုယ့်​ရူးစိတ်​နဲ့ကိုယ်​ပဲ​ဆိုပါ​တော့​လေ။ သင်္ကြန်​​ရောက်​တိုင်းဖြစ်​​ပေါ်လာတတ်​တဲ့ စာ​ရေးမယ်​စာဖတ်​မယ်​ဆိုတဲ့အ​တွေးကိုလည်း အခုထက်​ထိအ​ကောင်​အထည်​​ဖော်​မရ​သေးဘူးဖြစ်​​နေတယ်​။ အိမ်​ထဲမှာပဲကိုယ့်​ကိုကိုယ်​အ​မှောင်​ချ ​သောက်​စားမူးရစ်​​နေ​မိတယ်​။ ရည်​ရွယ်​ချက်​မရှိ​ကြောင်​​ငေး​တွေ​ဝေ အထီးကျန်​​နေဖြစ်​တယ်​။ အိမ်​ထဲက​နေဘယ်​မှမသွား​ပေမယ့်​ အိမ်​ထဲမှာ​နေ​တော့လည်း ဘာမှအရာမထင်​ပြန်​ဘူး။ တစ်​ခုခုထလုပ်​ဖို့ တစ်​​နေရာရာထသွားလိုက်​ဖို့ကိုလည်း စိတ်​မပါလက်​မပါဖြစ်​​နေ ​တစ်​နေရာတည်းမှာထိုင်​​နေရတာကိုလည်းပျင်းစရာ​ကောင်းတယ်​လို့ထင်​​နေပြန်​တယ်​။

နောက်​ဆုံး​တော့ရထားဟာ ဒီဘူတာချည်းပဲဆိုက်​ရလွန်းလို့ ရိုး​နေသလို​တောင်​ဖြစ်​​နေခဲ့ပါပြီ။ လွမ်းတယ်​​ဆွေးတယ်​ဆိုတဲ့စကားကလည်း နှစ်​ခွန်းသုံးခွန်း​ကျော်​လာရင်​ လူ​တွေသိပ်​လက်​မခံချင်​​တော့ဘူးဆို​တော့​လေ။ ကိုယ်​​ပျော်​ပါတယ်​လို့ကိုယ်​က ​​ပြောင်းပြောရ​တော့မှာ​ပေါ့။ ​ဆွေးတဲ့ကြားထဲ လွမ်း​နေလျက်​သားနဲ့ကို ဒီလိုအမြဲကြုံလာလိမ့်​မယ်​ဆိုတာ ကြိုတင်​ပြီးသိ​နေခဲ့တာ​ပေါ့လို့ဟာသလုပ်​​ပြောလိုက်​လည်း ရတာ​ပေါ့။ ရယ်​ရယ်​​မော​မော​ပြောပြီး ကိုယ့်​စိတ်​ကူးနဲ့ကိုယ်​​မျော​နေရုံပဲ​ပေါ့။ ဘာမှမတတ်​နိုင်​ပါဘူး။ ဒီဘက်​နှစ်​​တွေမှာ သင်္ကြန်​ပိတ်​ရက်​​တွေအရင်​​လောက်​မများ​တော့တာကိုပဲ ​ကျေးဇူးတင်​ရမလိုပါ။ မဟုတ်​ရင်​ ​တစ်​ကမ္ဘာတည်းမှာ​အတူရှိ​နေဆဲပဲဆို​ပေမယ့်​ တစ်​ကမ္ဘာတည်းဟာ ပြော​တော့သာလွယ်​တာ​လေ။ ဆုတ်​ကပ်​တစ်​ကပ်​တည်းမှာကိုပဲ ကိုယ်​​တွေဘယ်​​လောက်​​တောင်​များသံသရာလည်​ခဲ့ပြီးပြီလဲ။ ဗြဟ္မာ့ဦး​ခေါင်းကြီးလို လက်​​ပြောင်း​ပေးလိုက်​လို့လည်းမရ ဖြစ်​​နေတဲ့ခံစားချက်​က ဘာနဲ့မှကိုမတူဘူးရယ်​။ ပင်​လယ်​ပြင်​ကျယ်​ကြီးလို မိုးကုပ်​စက်​ဝိုင်းတစ်​ခြမ်းစာ ဟိုဘက်​ထိပ်​ဒီဘက်​ထိပ်​လက်​ပစ်​ကူးသွားဖို့ဆိုတာ လွယ်​တာမှမဟုတ်​တာ။ ကဗျာဆရာညီလင်းနိုင်​အ​ပြောနဲ့ဆို ထွက်​ခွာသွားတဲ့သ​င်္ဘောကိုရပ်​​စေချင်​လို့ ပင်​လယ်​​ရေကိုခပ်​ထုပ်​​နေမိသလို ဟုတ်​တယ်​ အဲဒီလိုမင်းကိုငါချစ်​တယ်​ ဆိုသလိုမျိုးပဲ။ ကိုယ့်​အဖြစ်​ကလည်း အာ​ခေါင်​သာခြစ်​​အော်​​နေရတယ်​ ငရဲကအသံဆိုတာ အိပ်​မက်​ထဲမှာပဲ ကြားရတတ်​တယ်​ဆိုရမှာပေါ့။ အဲဒီလိုဆို​တော့ ကိုယ်​ကသာသူတို့ကိုလွမ်း​နေရတယ်​။ အမြဲကြုံ​နေရတယ်​ဆိုတဲ့ ဒီရက်​​တွေထဲဖြစ်​​နေကျအ​ဆွေးဓာတ်​ဟာ တ​ဖြေး​ဖြေးနဲ့သာရှည်​ကြာလာခဲ့တယ်​။ ဝဋ်​ဟာ အခုထက်​ထိလည်း မြဲ​နေခဲ့တာပဲလို့​တောင်​​ထပ်​ပြီးပြောရမလိုပါ။ ခုနက ကိုညီ့စကားလို​ပေါ့။ ဟုတ်​တယ်​ ကိုယ်​လွမ်းတယ်​ ကိုယ့်​​ကျောကို ကိုယ်​ဒဏ်​ရာနဲ့ ပြန်​သပ်​​နေမိတယ်​​ပေါ့။ ဒီ​လောက်​ပါပဲ။     ။

နိုလှိုင်း
၂၀၁၈ ဧပြီ ၂၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

Archives